မီးလောင်ပြင်ဓားသိုင်းကို သရုပ်ပြခြင်း
Vol. 3 Ch. 37
အကြောင်းပြချက်တစ်ချို့ကြောင့် တစ်နှစ်ခန့် ပျောက်ဆုံးနေသော အပြင်စည်းဂိုဏ်းသား ကျိယွမ်၏ဓားသည် ဓားစံအိမ်သို့ ရောက်လာသည်။
ထိုဓားထံမှ ဟန်မူယဲ့သည် ကျိယွမ် ကမ်းပါးပေါ်မှ ပြုတ်ကျခြင်းနှင့် သူ့ညီမငယ် ဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ခံရခြင်းတို့ကို မြင်သည်။
ပြင်းထန်ရက်စက်သော လောကဓံကို ကြုံတွေ့ခဲ့ရသော ထိုလူငယ်သည် ယခု သူ၏တစ်ဂိုဏ်းတည်းသား လူ ၁၃ယောက်ကို သတ်ဖြတ်ခဲ့၏။
ထို့အပြင် အပြင်စည်းဂိုဏ်းသားဖြစ်သော ကျိယွမ်သည် အတွင်းစည်းဂိုဏ်းသား တစ်အုပ်စုကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်။
‘ဒီနောက်ကွယ်က ထူးဆန်းမှုက ဘာများလဲ’
ဓား ၁၃လက်မှ ပုံရိပ်များမှာ အတူတူဖြစ်သည်။
မီးဓာတ်မျိုးဆက်များမှာ ဆုတ်ယုတ်နေခဲ့ပြီဖြစ်သည်။ ကျင့်ကြံဆင့် အနည်းငယ်မြင့်သော စီမံခန့်ခွဲရေးမှူးများသည် မီးဓာတ်မျိုးဆက်နှင့် ခပ်ကင်းကင်းနေကြရာ မီးဓာတ်မျိုးဆက်တပည့်များမှာ မိမိကိုယ်ကို အားကိုးကြရသည်။
မပြည့်စုံသော မျိုးဆက်ပညာရပ်များကြောင့် တပည့်များမှာ တိုက်ခိုက်ရေးစွမ်းရည်များလည်း နိမ့်ကျလာခဲ့ကြရသည်။
ဓား ၁၃လက်ကို စာရင်းမှတ်ပြီးသောအခါ အနက်ရောင်ဝတ်တပည့်များ ပြန်ထွက်သွားကြသည်။
နေဝင်လျှင် ဟွမ်လောင်လျှိုသည် သေရည်တစ်အိုးဖြင့် ပြန်ရောက်လာ၏။ သူ၏အမူအရာက သိပ်မကောင်းပါ။
“မကြာခင် ဂိုဏ်းမှာ ကြီးကြီးမားမားတစ်ခုခုဖြစ်တော့မှာ စိုးရတယ်”
ဟွမ်လောင်လျှိုက ဓားစံအိမ်ထဲကို ရောက်သောအခါ ပြောပြသည်။
“ကျင့်ရှန်းဓားဂိုဏ်းက ချင်ယွမ်ဟယ်ကို လိုက်သတ်တဲ့အခါ မီးဓာတ်မျိုးဆက်ဟာ အကြီးအကျယ် ဆုံးရှုံးခဲ့တယ်ကြားတယ်။ အကြီးအကဲတွေဟာ ဒေါသထွက်ပြီးတော့ တိုက်ခိုက်ရေးခန်းဆောင်ကို အသုံးမကျတဲ့အတွက် ဆူပူကြိမ်းမောင်းခဲ့တယ်လို့ ကြားတယ်”
ဟွမ်လောင်လျှိုက ခေါင်းယမ်းကာ တောင်ခြေမှ အခြေအနေကို သုံ့သပ်ပြသည်။ ထို့နောက် သူက ခိုင်မာစွာ ပြောသည်။
“ချင်ယွမ်ဟယ်က အမြုတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံသူ ဖြစ်လိမ့်မယ်။ မဟုတ်ရင် သူက ဒီလို မုန်တိုင်းထန်အောင် လုပ်နိုင်မှာ မဟုတ်ဘူး”
သူက ပြောပြီးသည့်တိုင်အောင် ဟန်မူယဲ့၏အမူအရာ မပြောင်းလဲသည်ကိုမြင်လျှင် ဟွမ်လောင်လျှို အံ့အားသင့်သွားသည်။
“မင်း သိပြီးသားလား”
ဟန်မူယဲ့ ခေါင်းညိတ်ကာ စားပွဲပေါ်မှ စာအုပ်ကို လက်ညိုးထိုးပြသည်။
“မီးဓာတ်မျိုးဆက်တပည့် ၁၃ ယောက် သေဆုံးသွားတယ်။ ဓားတွေကို ဓားစံအိမ်သို့ ပြန်လာပို့လို့ စာရင်းမှတ်ထားတယ်”
ဟွမ်လောင်လျှိုက ပါးစပ်ဟကာ မည်သည့်စကားမှ မဆိုတော့ချေ။
နောက်တစ်နေ့ နံနက်တွင် ဓားစံအိမ်တံခါးဖွင့်ပြီး သိပ်မကြာခင် အစေခံတပည့် လုကောသည် ဓားစံအိမ်အပြင်သို့ ရောက်လာခဲ့သည်။
သူသည် ဓားစံအိမ်အပြင်တွင် ရပ်နေကာ အတွင်းသို့ မဝင်ရဲပေ။ ဟန်မူယဲ့က သူ့အား မြင်လျှင် ပြုံးလျှက် နှုတ်ဆက်သည်။
လုကောသည် ဟန်မူယဲ့နှင့် ရင်းနှီးလို၍သာ လာခြင်း ဖြစ်သည်။ သူက ဟန်မူယဲ့နှင့် စကားပြောကာ ဂိုဏ်း၏အတွင်းအပြင် သတင်းများအား ပြောပြသည်။
မီးဓာတ်မျိုးဆက်တပည့် ၁၃ယောက် သေဆုံးသွားသည့်သတင်းမှာ ဂိုဏ်းတစ်ခုလုံး ပျံ့နှံ့သွားပြီးဖြစ်သည်။ အစေခံတပည့် လုကောသည်ပင် သိသည်။
“ချင်ယွမ်ဟယ်ဟာ ကောင်းကင်အဆင့်တန်ခိုးရှင်တဲ့။ သူက အတွင်းစည်းဂိုဏ်းသား ၁၃ယောက်ကို လက်တစ်ဖက်ဝှေ့ယမ်းပြီး သတ်ပစ်လိုက်တယ် ကြားတယ်။ အစ်ကို… ခင်ဗျား သတိထားသင့်တယ်”
လုကောက အနီးအနားကို ကြည့်ကာ တီးတိုးပြောသည်။
ချင်ယွမ်ဟယ်သည် မည်သည့်အချိန်က ကောင်းကင်အဆင့်သို့ ရောက်သွားသနည်း။
ဟန်မူယဲ့ ပြုံးလိုက်ကာ ခေါင်းယမ်းသည်။
အကယ်၍ ချင်ယွမ်ဟယ်သာ သူ့အား မြင်ပါက သေချာပေါက် နောက်တစ်ခေါက် ထွက်ပြေးပေလိမ့်မည်။
“အစ်ကို… သိပ်ပြီး အထင်မသေးနဲ့… ကောင်းကင်အဆင့်တန်ခိုးရှင်တွေ တိုက်ခိုက်ရင် တောင်ကုန်းတွေ ပင်လယ်တွေ ပြိုပျက်တယ် ကြားဖူးတယ်။ ကျုပ်တို့လို သာမန်လူတွေ ခံနိုင်တဲ့အရာတွေ မဟုတ်ဘူး”
ဟန်မူယဲ့ ဂရုမစိုက်သည်ကိုမြင်လျှင် လုကောက လေးနက်စွာ ပြောသည်။
“ပြီးတော့ ဂိုဏ်းက မီးဓာတ်မျိုးဆက်ကို ဖျက်သိမ်းဖို့ ကြံစည်နေကြတယ်။ မနေ့ညက အကြီးအကဲတွေ အသေအလဲ ဆွေးနွေးငြင်းခုံကြတယ် ကြားတယ်”
“ဘယ်လိုပြောပြော ဒါက ဂိုဏ်းခွဲတစ်ခုဖြစ်ပြီးတော့ သူတို့လက်ထဲမှာ အရင်းအမြစ်တွေ အများကြီးရှိတယ်။ ဂိုဏ်းခွဲတစ်ခု ဖျက်သိမ်းရင် တခြားဂိုဏ်းခွဲမျိုးဆက်တွေက သေချာပေါက် အရင်းအမြစ်တွေ ခွဲဝေပြီး ယူကြမှာ”
လုကောသည် အစေခံတပည့်သာဖြစ်သော်လည်း သူ့တွင် အမှန်တကယ် သတင်းများ စုံလင်၏။
ဟန်မူယဲ့ ခေါင်းညိတ်သည်။
ဂိုဏ်းအကြီးအကဲများက ထိုကိစ္စကို ဖုံးကွယ်ထားခြင်း မရှိကြပေ။ ဂိုဏ်းအစေခံများသည်ပင် သိကြသည်။ ကြည့်ရသည်မှာ ထိုသတင်းက မမှားနိုင်ပေ။
ဒါပေမဲ့ လက်ရှိ ဂိုဏ်းရဲ့ အရေးအကြီးဆုံးကိစ္စဟာ ချင်ယွမ်ဟယ်ကို လိုက်သတ်ဖို့ပဲ”
“မနေ့က ဂိုဏ်းရဲ့ ကင်းထောက် ၃၀၀၀ လောက်က နေ့ချင်းထွက်သွားကြပြီး ကီလိုမီတာ ၃၀၀၀ ဝန်းကျင်က တပည့်တွေ အကုန်လုံးကို စုစည်းခဲ့တယ်။ ဒီတစ်ခေါက် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းက အင်အားကုန်ထုတ်သုံးပြီပဲ”
လုကော ထွက်သွားသောအခါ ဟန်မူယဲ့သည် ပြုံးလျှက် သူ့အား နောင်တွင်လည်း လာခဲ့ရန် ပြောလိုက်သည်။
သူ၏ဖိတ်ကြားမှုက လုကောအား ဝမ်းသာအားရ ဖြစ်စေသည်။
လုကော ထွက်သွားပြီးသည်တွင် ဟန်မူယဲသည် ဓားစံအိမ်သို့ ပြန်ကာ ဟွမ်လောင်လျှိုအား ပြောသည်။
“အစ်ကို… ကျုပ် အပြင်သွားဦးမယ်”
ဟွမ်လောင်လျှိုက စားပွဲတွင်ထိုင်ကာ လက်ဝှေ့ယမ်းပြသည်။ ရုတ်တရက် သူက မော့ကြည့်ကာ ပြောသည်။
“မင်းက ဆိုင်ရှင်ပိုင်ကို သွားတွေ့မယ်လို့တော့ မပြောနဲ့နော်။ ဂျူနီယာညီမလေးမူက မင်းအတွက် အများကြီး လုပ်ပေးခဲ့တယ်။ မင်းက သူ့ကို စိတ်ပျက်စေလို့ မရဘူး”
‘ပိုင်စုကျန်းကို တွေ့ရန်လား’
ဟန်မူယဲ့ကား အမှန်တကယ် စုကျန်းဆေးဆိုင်သို့ သွားရန် စိတ်ကူးထားသည်။
“အဟမ်း… ကျုပ်က စီနီယာအစ်ကိုကျောက်ဖူကို သွားရှာမလို့။ သူက အမှတ်အသားတံဆိပ်ကို ထားခဲ့တယ်မလား”
ဟန်မူယဲ့က ကျောက်ဖူ၏တံဆိပ်ပြားကို ပြကာ ကျယ်လောင်စွာ ပြောသည်။
“အိုး… သွား…သွား…”
ဟွမ်လောင်လျှိုက ထိုင်ခုံတွင် ပြန်ထိုင်ကာ မျက်လုံးများအား မှိတ်လျှက် အနားယူသည်။
ဓားထိန်းများ လုပ်စရာမရှိသောအခါ ယခုကဲ့သို့ အားလပ်ပေသည်။
သို့သော်လည်း သူတို့၏အလုပ်မှာ အမှန်တကယ်လည်း အချိန်ဖြုန်းခြင်းဖြစ်ကာ အသက်ဓာတ်ကို ထိခိုက်စေသည်။
ကျောက်ဖူ၏တံဆိပ်ပြားကို အကြောင်းပြခဲ့သော်လည်း ဟန်မူယဲ့သည် ကျောက်ဖူကို တိုက်ရိုက်သွားမရှာခဲ့ပါ။ သူသည် သရုပ်ပြခန်းဆောင်သို့ အရင်ဆုံး သွားလိုက်သည်။
ကျောက်ဖူမှာ ထိုနေရာတွင် ရှိကောင်း ရှိနိုင်သည်။
သူသည် သရုပ်ပြခန်းဆောင်သို့ ရောက်သောအခါ ဟန်မူယဲ့သည် အခန်းတစ်ခု ယူကာ ကျောက်စိမ်းနံရံ၌ စာသားတချို့ ရေးလိုက်သည်။
“အခန်း ၁၃၄… သံမဏိနွားသိုးကျင့်စဉ်ရဲ့ ဒုတိယအဆင့်ကို သင်ယူရန်… ဆုကြေး… ဝိညာဉ်ကျောက်တုံး ၅တုံး”
သံမဏိနွားသိုးကျင့်စဉ်၏ဒုတိယအဆင့်ကို ကျောက်ဖူနှင့် သူ့ဂိုဏ်းခွဲမှ လူများသာ သိနိုင်သည်။
ကျောက်ဖူသာ မြင်ပါက သေချာပေါက် ဟန်မူယဲ့ထံ လာပေမည်။
ကံမကောင်းစွာဖြင့် မည်သူမှ ထိုစာသားကို မတုန့်ပြန်ပါ။
စာသားကို ပြန်ဖျက်လိုက်ပြီးနောက်တွင် ဟန်မူယဲ့သည် ကျောက်စိမ်းနံရံ၌ နောက်ထပ် စာသားတချို့ကို မြင်သည်။
၎င်းတို့အထဲတွင် ရေပြာလှိုင်းဓားသိုင်း၏တတိယအဆင့်ကို သင်ယူရန်လည်း ပါဝင်၏။ ဆုကြေးမှာ အကျိုးဆောင်မှတ် ၂၀ အထိ တိုးမြှင့်ထား၏။
ဟန်မူယဲ့က ထိုတာဝန်ကို လက်ခံရန် ပြုလုပ်ပြီးမှ အံ့အားသင့်သွားသည်။
“အခန်း ၁၁… မီးလောင်ပြင်ဓားသိုင်းကို သင်ယူရန်… ဆုကြေး… အကျိုးဆောင်မှတ် ၁၀၀၀”
အကျိုးဆောင်မှတ် ၁၀၀၀ မှာ ကြီးမားသော ဆုကြေးဖြစ်သည်။
အကျိုးဆောင်မှတ် တစ်ခုမှာ ဝိညာဉ်ကျောက်တုံး ၁၀၀ တန်ဖိုးရှိသည်။ အကျိုးဆောင်မှတ် ၁၀၀၀ သည် ဝိညာဉ်ကျောက်တုံး ၁၀၀၀၀၀ ရှိသည်။
ထို့အမြင် စာသားမှာ အချိန်ကြာမြင့်စွာ ရှိနေပြီဖြစ်ကြောင်း ပြသနေ၏။ သိသာစွာပင် မည်သူမှ ထိုတာဝန်ကို လက်မခံခဲ့ကြပါ။
မော့ယွမ်က ကျင့်ကြံခြင်းဗဟုသုတများကို သင်ပြပြီးနောက်တွင် ဟန်မူယဲ့မှာ အတော်အတန် နားလည်နေပြီ ဖြစ်သည်။
နံပါတ် ၅ အဆင့် အံ့ဖွယ်ဓားသိုင်းများမှာ ဂိုဏ်း၏ထိပ်သီးပညာရပ်များ ဖြစ်ကြသည်။
နံပါတ်၅ နောက်ပိုင်းတွင် နောက်ထပ် အဆင့်များ ရှိနိုင်သေးသော်လည်း ကောင်းကင်အဆင့် ကျင့်ကြံသူမရှိခြင်းက ထိုပညာရပ်များ ကွယ်ပျောက်သွားသည်နှင့် အတူတူဖြစ်သည်။
မီးလောင်ပြင်ဓားသိုင်းသည် နံပါတ်၅ အံ့ဖွယ်ဓားသိုင်း ဖြစ်သည်။
၎င်းသည် အကြီးအကဲတောက်ရင် လက်ဆင့်ကမ်းပေးခဲ့သော မီးဓာတ်ဓားသိုင်းလည်း ဖြစ်၏။
ခရမ်းမီးတောက်ဓားကို ရရှိပြီးနောက်တွင် ဟန်မူယဲ့သည် ဓားထံမှ မီးဓာတ်မျိုးဆက်ပညာရပ်များအား သင်ယူရရှိခဲ့သည်။
သူက လက်မြှောက်ကာ ထိုစာတန်းကို ထိတွေ့လိုက်၏။
အခန်းနံပါတ် ၁၁ တွင် အသက် ၃၀အရွယ် ဓားသမားတစ်ဦးသည် မူလက အိပ်မောကျနေသော်လည်း ရုတ်တရုတ် မျက်လုံးဖွင့်လိုက်သည်။
“လူတစ်ယောက်က ဆရာစီစဉ်ထားတဲ့ တာဝန်ကို လက်ခံခဲ့တယ်”
“ဒါက ဘယ်လိုဖြစ်နိုင်မှာလဲ။ ဒီတာဝန်ကို ဘယ်သူမှ လက်မခံတာ နှစ်ပေါင်း ဘယ်လောက်ကြာပြီလဲ။ အခု မီးဓာတ်မျိုးဆက်ဟာ ဆုတ်ယုတ်နေပြီ။ ဘယ်သူက ဒီတာဝန်ကို လက်ခံတာလဲ”
သူက ထရပ်ကာ အခန်းပြင်ကို ထွက်ရန် ပြင်လိုက်စဉ် လူတစ်ယောက် အခန်းထဲကို ဝင်လာသည်။
ထိုလူသည် အဖြူရောင်ဝတ်စုံကို ဝတ်ထားကာ ကြေးနီရောင်မျက်နှာဖုံးကို တပ်ထား၏။
“ခင်ဗျားက မီးလောင်ပြင်ဓားသိုင်းကို သရုပ်ပြတာ ကြည့်ချင်တာလား”
“ခင်ဗျားဓားကိုပေး…”
‘ကျုပ်ဓားလား’
တစ်ဘက်လူက မီးလောင်ပြင်ဓားသိုင်းကို ပြသရန် သူ၏ဓားကို တောင်းလျှင် အသက် ၃၀အရွယ်ဓားသမားက အလျင်အမြန် ဦးညွှတ်ကာ ပြောသည်။
“ကျုပ်နာမည် ရှန်မုယန်ပါ။ တာဝန်ဟာ ကျုပ်ဆရာ ဂိုဏ်းစီမံခန့်ခွဲရေးမှူးစုယွမ် ချန်ထားခဲ့တာပါ”
“တာဝန်ကို မင်း ထုတ်ပြန်ထားတာ မဟုတ်ဘူးပေါ့”
ဟန်မူယဲ့ စိတ်ပျက်သွားသည်။ သူက ရှန်မုယန်အား ဆက်မေးလိုက်သည်။
“ခင်ဗျားက မီးလောင်ပြင်ဓားသိုင်း သရုပ်ပြတာ ကြည့်ချင်သေးလား”
‘ပြရမလား… မလိုဘူးလား’
ရှန်မုယန်ကား မှင်တက်နေကာ မည်သို့ ပြန်ဖြေရမည်ကို မသိချေ။
လွန်ခဲ့သော နှစ်အနည်းငယ်က သူ၏ဆရာသည် မီးလောင်ပြင်ဓားသိုင်း၏သရုပ်ပြမှုကို လိုက်လံရှာဖွေခဲ့၏။ နောက်ပိုင်းတွင် သူသည် လက်လျှော့ကာ သူ့တပည့်များကိုသာ ရံဖန်ရံဖန် သရုပ်ပြခန်းဆောင်သို့ စေလွှတ်လေ့ရှိသည်။
အမှန်တကယ်အားဖြင့် မီးဓာတ်မျိုးဆက်၏ နံပါတ်၅ အံ့ဖွယ်ဓားသိုင်းများမှာ ဂိုဏ်းခွဲအကြီးအကဲ သစ္စာဖောက်သွားပြီးကတည်းက ပြတ်တောက်သွားပြီးဖြစ်ကြောင်း လူတိုင်း သိကြသည်။
သူ့ရှေ့မှ လူသည် မျက်နှာဖုံးတပ်ထားသော်လည်း သူ၏အသံမှာ ငယ်ရွယ်ဟန်ရ၏။ သူက ထိုဓားသိုင်းကို မည်သို့ သိမည်နည်း။
တခြားမျိုးဆက်များက လာရောက်စမ်းသပ်သည်များလား။
ထိုသို့တွေးမိလျှင် ရှန်မုယန်၏မျက်နှာက တင်းမာသွားသည်။ သူက လက်ထဲမှ ဓားကို ဟန်မူယဲ့ထံ ကမ်းပေးလိုက်၏။
“ကောင်းပြီ… ကျုပ်အတွက် မီးလောင်ပြင်ဓားသိုင်းကို သရုပ်ပြပေးပါ”
ထိုသို့ပြောလျှင် ဟန်မူယဲ့က ဓားကို လှမ်းယူသည်။
“ကလင်…”
သူက ဓားကို ထုတ်လိုက်၏။
ဟူး…
ဓားအလင်း ဝင်းလက်သွားကာ မီးဓာတ်အလင်းများ ဖြစ်ပေါ်လာ၏။ ပူပြင်းသော ဓားချီများသည် ဖြာထွက်လာလျှင် ရှန်မုယန်၏မျက်နှာအမူအရာ ပြောင်းလဲသွားကာ နောက်ကို ဆုတ်လိုက်၏။
“မီးလောင်ပြင်ဓားသိုင်း…”