← Chapters

အလင်းအမှောင်ရတနာပစ္စည်း

Vol. 43 Ch. 601

အလင်းအမှောင်ရတနာပစ္စည်း

Vol. 43 Ch. 601

အခန်း (၆၀၁) အလင်းအမှောင်ရတနာပစ္စည်း

အဘိုးအို’မော့’ ၏ ဇာစ်မြစ်က အလွန်လျှို့ဝှက်ဆန်းကျယ်သည်။ နှစ်ပါင်းများစွာကြာသည့်တိုင် အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မည်သူမှ သူ၏ နောက်ခံသမိုင်းကြောင်းကို မသိခဲ့ကြပေ။

သို့သော် သူက အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အသက်အကြီးဆုံး သိုင်းသူတော်စင်သာမက သိုင်းပညာအမွေအနှစ် အကောင်းဆုံးများကိုလည်း ပိုင်ဆိုင်ထားသူ ဖြစ်သည်။ ထိပ်သီးသိုင်းဂိုဏ်းကြီး (၆) ဂိုဏ်းမှ သိုင်းပညာအမွေအနှစ်များနှင့် နှိုင်းယှဉ်ပါက အဘိုးအို’မော့’ ၏ သိုင်းပညာအမွေအနှစ်က ယုတ်ညံ့ခြင်း မရှိပေ။

အဘိုးအို’မော့’ က အမြဲတမ်းတစ်ယောက်တည်းနေထိုင်လေ့ရှိပြီး အခြားသူများနှင့် ခိုက်ရန်ဖြစ်ပွားခြင်းမရှိသဖြင့် သူ၏ သိုင်းပညာအခြေခံအုတ်မြစ်ကို မည်သူမှ မခန့်မှန်းနိုင်ခဲ့ကြပေ။

အဘိုးအို’မော့’ ၏ သိုင်းပညာရပ်များစွာကို အနည်းနှင့်အများ ခွဲခြားသိမြင်နိုင်သော ရန်ကျောက်ကဲသည်ပင် ထိတွေ့မှုနည်းပါးသည့်အတွက် သူ၏ သိုင်းပညာအခြေခံအုတ်မြစ်ကို သိရှိရန် ခက်ခဲသည်။

မမျှော်လင့်ပါဘဲ ယနေ့ အဘိုးအို’မော့’ က သူ မည်သူမည်ဝါဖြစ်ကြောင်း အစပြုထုတ်ဖော်ပြောကြားလာသည့်အခါ ရန်ကျောက်ကဲ အံ့အားသင့်ခဲ့ရသည်။

သို့သော် ဖြစ်ရပ်များကို ပြန်လည်စဉ်းစားကြည့်မည်ဆိုလျှင် လွန်ခဲ့သောတစ်နှစ်က နေသူတော်စင်ဂိုဏ်း အထက်ဘုံကမ္ဘာနှင့် ဆက်သွယ်နေကြောင်း သိရသည့်အခါ အဘိုးအို’မော့’ က အံ့အားသင့်သွာဟန်ရှိသည့်တိုင် အထက်ဘုံကမ္ဘာ၏ တည်ရှိမှုကို သိရှိထားပုံရသည်။

ရန်ကျောက်ကဲ အဘိုးအို"မော့" ကို ကြည့်လိုက်သည်။

သူက ကွမ်းမင်ဂိုဏ်းသားများကို သတ်ဖြတ်လိုက်သောကြောင့် အဘိုးအို’မော့’ က သူ့ကို အမြင်သဘောထားပြောင်းလဲသွားသည်လား ၊ ဒါမှမဟုတ် အဘိုးအို’မော့’တွင် အခြားသောရည်ရွယ်ချက် ရှိလေသည်လား။

မည်သို့ပင်ဖြစ်စေ အစဉ်အမြဲ လျှို့ဝှက်စွာနေတတ်သော အဘိုးအို’မော့’ က သူ့အကြောင်းအမှန်တရား အစပြုထုတ်ဖော်သည်မှာ ရှားပါးဖြစ်ရပ်သာပင်။

“ဆရာကြီး... အခု အဲဒီ အထက်ဘုံကမ္ဘာကိုပြန်ဖို့ အစီအစဉ်ရှိလား”

ရန်ကျောက်ကဲက မေးသည်။

အဘိုးအို’မော့’ က ခေါင်းခါယမ်းရင်း...

“အဲဒီတုန်းက ကောင်းကင်ဘုံအက်ကွဲကြောင်းကို ကျော်ဖြတ်ဖို့ကူညီပေးခဲ့တဲ့ ရတနာပစ္စည်းတွေက ကုန်ဆုံးသွားပြီ ၊ သိုင်းသူတော်စင် စတုတ္ထအဆင့်ရောက်အောင် မကျင့်ကြံနိုင်ဘူးဆိုရင် အထက်ဘုံကမ္ဘာကိုပြန်နိုင်တော့မယ် မထင်ဘူး”

သူက ခဏနားပြီးမှ ဆက်ပြောသည်။

“ပြီးတော့ ဒီအဘိုးကြီးကလည်း အထက်ဘုံကမ္ဘာကိုပြန်ဖို့ အစီအစဉ် မရှိဘူး”

“ကွမ်းမင်ဂိုဏ်းက အင်အားကြီးမားတဲ့အတွက် ဒီအဘိုးကြီးက တခြားသိုင်းဂိုဏ်းတွေဆီမှာ မခိုလှုံချင်ဘူး ၊ ဒါကြောင့် သူတို့ကိုရှောင်တိမ်းပြီး ဒီကမ္ဘာမှာ ပုန်းအောင်းနေရတာကိုပဲ ကျေနပ်မိပါတယ်”

ထို့နောက် အဘိုးအို’မော့’က သူတို့သားအဖကို စိမ်းလန်းဆေးလုံးကျွန်းသို့ အတူလိုက်ပါရန် ဖိတ်ခေါ်လေရာ ရန်ကျောက်ကဲနှင့် ရန်တိတို့ကလည်း သဘောတူခဲ့ကြသည်။ ဝါဒတောင်မှလူများကို ဆက်သွယ်သတင်းပို့ပြီးနောက် သူတို့နှစ်ယောက် အဘိုးအို’မော့’ နှင့်အတူ စိမ်းလန်းဆေးလုံးကျွန်းသို့ လိုက်ပါသွားကြသည်။

စိမ်းလန်းဆေးလုံးကျွန်းသို့ရောက်သည့်အခါ အဘိုးအို’မော့’ ၏ တပည့်များက ကြိုဆိုကြသည်။ အဘိုးအို’မော့’ ပြန်ရောက်လာသဖြင့် သူ့တပည့်များကလည်း အလွန်ပျော်ရွှင်သွားကြသည်။

ထိုသူများက ယခင်က ကြားသိခဲ့ရသောသတင်းများကို အဘိုးအို’မော့’ ထံ တင်ပြကြသည်။

နေသူတော်စင်ဂိုဏ်းနှင့် ကောင်းကင်မိုးကြိုးခန်းမ ပျက်ဆီးသွားပြီး ဝါဒတောင်တွင် ကြောက်မက်ဖွယ်ရာ တိုက်ပွဲကြီးဖြစ်ပွားခဲ့ကြောင်း သတင်းများကို ပြောဆိုလေရာ အရင်က ရန်ကျောက်ကဲ ပြောခဲ့သောသတင်းများနှင့် ထပ်တူပင်ဖြစ်ကြောင်း အဘိုးအို’မော့’ သိရှိခဲ့သည်။

ဧည့်ခန်းဆောင်တွင် အတူတကွ ထိုင်ကြပြီးနောက် အဘိုးအို’မော့’ က ခဏမျှစဉ်းစားပြီး မေးခွန်းထုတ်လာသည်။

“ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာနဲ့ ကွမ်းမင်ဂိုဏ်းအကြောင်း မင်း ဘယ်လောက်သိသလဲ”

ရန်ကျောက်ကဲက...

“ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာက ဒီစကြာဝဠာမှာ တစ်ခုတည်းတည်ရှိတဲ့ ကမ္ဘာတစ်ခု မဟုတ်ဘူး ၊ ဒီလိုကမ္ဘာတွေ ဘယ်လောက်များများရှိမလဲ မသိပေမယ့် အလားတူကမ္ဘာတွေ ရှိနေတယ်ဆိုတာတော့ သိထားပါတယ် ၊ ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာက အဲဒီ ကမ္ဘာတွေအားလုံးထက် မြင့်မားတဲ့နေရာတစ်ခုမှာ တည်ရှိပုံရတယ်”

သူက ဆက်ပြောသည်။

“ကြည့်ရတာ ... မဟာကပ်ဘေးကြီးမတိုင်ခင်က ကောင်းကင်ဘုံကိုးထပ်အထက်မှာတည်ရှိတဲ့ နတ်ဘုရားတို့စံပျော်ရာနယ်မြေ ‘ကောင်းကင်ဘုံနန်းတော်’ နဲ့ သေမျိုးလူသားလောကလိုပဲ ခံစားရတယ် ၊ အဲဒီလိုပဲ ဖြစ်မယ်ထင်တယ်”

အဘိုးအို’မော့’ က ခေါင်းညိတ်ရင်း...

“အမှန်ပဲ... အဲဒီလိုခပ်ဆင်ဆင်တူပါတယ် ၊ ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာမှာ အစွန်းရောက်ရှစ်ပါးကမ္ဘာထက် ဝိညာဉ်စွမ်းအားတွေ အရမ်းကြွယ်ဝများပြားတဲ့အတွက် သိုင်းကျင့်ကြံသူတွေအတွက် ပိုမိုလွယ်ကူစေတယ်”

“ဒါပေမဲ့ ကမ္ဘာများစွာအလွန်က ထက်ဘုံကမ္ဘာက အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ အထက်မှာရှိနေတာတော့ မဟုတ်ဘူး ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာကနေ အထက်ဘုံကမ္ဘာကိုတက်ဖို့အတွက် သိုင်းသူတော်စင် တတိယအဆင့်ကို ကျော်လွန်သွားမှ ဖြစ်နိုင်တယ်ဆိုပေမယ့် တကယ်တမ်းအထက်ဘုံကမ္ဘာမှာ သိုင်းသူတော်စင် တတိယအဆင့်ထက် ကျော်လွန်တဲ့ သိုင်းသူတော်စင်တွေချည်းပဲ နေထိုင်ကြတာ မဟုတ်ဘူး”

“အဲဒီမှာ သိုင်းဆရာသခင်တွေ ၊ သိုင်းပညာရှင်တွေ ၊ သာမန်သိုင်းကျင့်ကြံသူတွေ အများကြီးရှိနေတယ် ၊ မရေမတွက်နိုင်အောင် များပြားလွန်းပါတယ် ၊ ဒီအဘိုးကြီးက အထက်ဘုံကမ္ဘာမှာ မွေးဖွားလာတဲ့လူတစ်ယောက်ပါ ၊ အန္တရယ်ရှောင်ရှားဖို့အတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာကို ရောက်လာခဲ့တာ”

အဘိုးအို’မော့’ က ပြုံးရင်း...

“အစွန်းရောက်ရှစ်ပါးကမ္ဘာလိုကမ္ဘာမျိုးက တစ်ခုထက်မက ရှိနေတာတော့ သေချာတယ် ၊ ဒီအဘိုးကြီးသိသလောက် ဒီလိုကမ္ဘာမျိုးတွေ ရာနဲ့ထောင်နဲ့ချီပြီး ရှိနေပါတယ်”

ရန်ကျောက်ကဲနှင့် ရန်တိတို့က မျက်နှာအမူအရာပြောင်းလဲသွားခြင်းမရှိဘဲ ခေါင်းညိတ်လိုက်ကြသည်။

အဘိုးအို‌’မော့’ က ဆက်ပြောသည်။

“အရွယ်အစားအရဆိုရင်တော့... အထက်ဘုံကမ္ဘာက အစွန်းရောက်ရှစ်ပါးကမ္ဘာထက် အများကြီး ကြီးမားကျယ်ပြန့်တယ် ၊ အဆပေါင်း ဘယ်လောက်ကြီးမားကျယ်ပြန့်သလဲ ဘယ်သူမှ မသိနိုင်ဘူး ၊ ဒီအဘိုးကြီး နေထိုင်ခဲ့တဲ့ဒေသကို ‘ကျူတောပင်လယ်’ ဒေသလို့ ခေါ်တယ် ၊ အဲဒီဒေသဆိုရင် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးထက်တောင် ပိုကြီးသေးတယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲနှင့် ရန်တိတို့ အကြည့်ချင်းဖလှယ်လိုက်ကြသည်။

“ကျူတောပင်လယ်” ဆိုသော အမည်က ကောင်းကင်ဘုံ (၃၆)ခုမှ ‘ကျူတောပင်လယ်ကောင်းကင်ဘုံ” ကို အမှတ်ရမိစေသည်။

ရန်ကျောက်ကဲက မနေနိုင်ဘဲ ပြုံးလိုက်ရင်း...

“ဒါဆို အဲဒီ ကျူတောပင်လယ်ဒေသမှာ သာယာလှပတဲ့ ထန်ယောင်းတောင်နဲ့ သွမ့်ကျင်းတောင်ကြားတွေများ ရှိသလား”

အဘိုးအို’မော့’ က ရယ်မောရင်း...

“အဲဒီနာမည်တွေတော့ အရင်က မကြားဖူးဘူး ၊ တကယ်တော့ ကျူတောပင်လယ်ဆိုတဲ့နာမည်က ‘ကျူတောပင်လယ်ကောင်းကင်ဘုံ’ ကို အစွဲပြုပြီး လူတွေပေးထားတဲ့နာမည်ပါ”

အဘိုးအို’မော့’ က ဆက်ပြောသည်။

“ကွမ်းမင်ဂိုဏ်းကို မင်း ဘယ်လိုနားလည်သလဲ”

ရန်ကျောက်ကဲက...

“ကွမ်းမင်ဂိုဏ်းက ဟိုးရှေးယခင်ကတည်းက တည်ရှိခဲ့တဲ့ ယိုးမင်ဂိုဏ်းနဲ့ ဆက်စပ်နေမယ်ထင်တယ် ၊ အထက်ဘုံကမ္ဘာမှာ ကွမ်းမင်ဂိုဏ်းအပြင် ယိုးမင်ဂိုဏ်းလည်း ရှိနေသေးတယ်ဆိုတာ ကျွန်တော် သိထားပါတယ်”

အဘိုးအို’မော့’ က ချီးကျူးစကားဆိုလိုက်သည်။

“အမှန်ပဲ အမှန်ပဲ ၊ တော်လိုက်တဲ့ လူငယ်...”

သူက ဆက်ပြောသည်။

“တစ်ချိန်တုန်းက ယိုးမင်ဂိုဏ်းဟာ သူတို့ဂိုဏ်းချုပ်ဖြစ်တဲ့ ယိုးမင်ဧကရာဇ်ရဲ့ ဦးဆောင်မှုအောက်မှာ အတော်လေး တန်ခိုးစွမ်းအားကြီးမားခဲ့တယ် ၊ ဒါပေမဲ့ ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ကွယ်လွန်သွားပြီးတဲ့နောက် ယိုးမင်ဂိုဏ်းလည်း ယိုယွင်းလာပြီး အတွင်းပိုင်းပဋိပက္ခတွေ ဖြစ်လာတယ် ၊ နောက်ပိုင်းမှာတော့ ကွမ်းမင်ဂိုဏ်းနဲ့ ယိုးမင်ဂိုဏ်းဆိုပြီး နှစ်ခြမ်းကွဲသွားပြီး မကျေလည်တဲ့ရန်ငြိုးတွေနဲ့ တိုက်ခိုက်ခဲ့ကြတယ်”

ရန်ကျောက်ကဲက မျက်တောင်တဖျတ်ဖျတ်ခတ်ရင်း...

“ခဏလေး... ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ လို့ ပြောလိုက်တာလား”

အဘိုးအို’မော့’ က ခေါင်းညိတ်လိုက်တော့ ရန်ကျောက်ကဲက ဆက်ပြောသည်။

“ရှေးဟောင်းကျမ်းစာတွေအရ ယိုးမင်ဂိုဏ်းက မဟာကပ်ဘေးမတိုင်ခက်တည်းက တည်ရှိခဲ့တယ်ဆိုပေမယ့် မဟာကပ်ဘေးကြီးပြီးဆုံးတဲ့နောက်မှာ ကိုယ့်ကိုယ်ကိုယ် “ဧကရာဇ်” လို့ ဘွဲ့ပေးခေါ်ဝေါ်နိုင်တဲ့သူ ဘယ်သူမှ ထွက်ပေါ်မလာသေးဘူး မဟုတ်လား”

အဘိုးအို’မော့’  က ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ယင်ထျန်းရှက မဟာကပ်ဘေးကြီးအလွန်ကာလမှာ ထွက်ပေါ်လာတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပဲ ၊ ဒါပေမဲ့ မဟာကပ်ဘေးကြီးမတိုင်ခင်က ဘိုးဘေးတွေထက် သာလွန်ခဲ့တယ် ၊ ဒီအဘိုးကြီးသိသလောက် သူက “ဧကရာဇ်” ဆိုတဲ့နာမည်ကို ခံယူခဲ့တဲ့အတွက် လှောင်ပြောင်တာတွေနဲ့ မထီမဲ့မြင်ပြုတာတွေ ခံခဲ့ရတယ် ၊ ဒါပေမဲ့ သူ့ရဲ့ တန်ခိုးစွမ်းအားအရ “ဧကရာဇ်” လို့ တကယ်ပဲ ခံယူထိုက်ပါတယ်”

“အထွတ်ထိပ်ပုံရိပ်တစ်ခုဖြစ်တဲ့ သူ့လိုလူမျိုး ကြွေလွင့်သွားရတာကတော့ စိတ်မကောင်းစရာပါပဲ ၊ ဒီအဘိုးကြီးမှာ တခြားနှိုင်းယှဉ်လိုတဲ့ရည်ရွယ်ချက်မရှိပေမယ့် မင်းတို့ ဝါဒတောင်က ဟန်ထျန်းပုဂ္ဂိုလ်မြတ် ကျန်းဒေါင်ဂီကို တွေ့တဲ့အခါ ဒီအဘိုးကြီး ယိုးမင်ဧကရာဇ်အကြောင်း စဉ်းစားမိခဲ့တယ်”

ရန်ကျောက်ကဲနှင့် ရန်တိတို့က ခေါင်းညိတ်ရင်း...

“ဂိုဏ်းချုပ် ’ယင်ထျန်းရှ’ ဂိုဏ်းချုပ်က တကယ့်ကို ထူးခြားရှားပါးတဲ့ လူတစ်ယောက်ပါပဲ”

ထို့နောက် အဘိုးအို’မော့’ က လက်ခုပ်တစ်ချက်တီးလိုက်ရာ သူတို့ (၃)ယောက်ရှိနေသည့် ခန်းမကြီးထဲတွင် အလင်းရောင်များ ထွက်ပေါ်လာပြီး အလင်းတန်းတိုင်လုံးကြီးတစ်ခု ဖြစ်တည်လာသည်။

အလင်းတိုင်ထဲတွင် သတ္တုအပိုင်းအစတစ်ခုကဲ့သို့ အရာဝတ္ထုတစ်ခု ငြိမ်သက်စွာတည်ရှိနေ၏။

ထိုသတ္တုအပိုင်းအစက အဖြူရောင်တစ်ဝက် အနက်ရောင်တစ်ဝက်ဖြစ်ပြိး အလင်းနှင့်အမှောင်ကြား ပြောင်းလဲခြင်းတရားများကို ပြသထားသည်။

အဘိုးအို’မော့’ က သက်ပြင်းချရင်း...

“အရင်တုန်းက ဒီပစ္စည်းကြောင့် ငါတို့တစ်မိသားစုလုံး အန္တရယ်နဲ့ရင်ဆိုင်ရပြီး ကြေကွဲဖွယ် အသက်ဆုံးခဲ့ကြရတယ်”

သူက ဆက်ပြောသည်။

“ဒီအဘိုးကြီး နှစ်ပေါင်းများစွာ လေ့လာစမ်းစစ်နေပေမယ့် ဒီပစ္စည်းအကြောင်း အခုထိ နားမလည်သေးဘူး ၊ ဒါပေမဲ့ ဒီပစ္စည်းက ကွယ်လွန်သူ ယင်ထျန်းရှနဲ့ ဆက်စပ်နေတာကိုတော့ သတိထားမိတယ် ၊ ဒါကြောင့် ကွမ်းမင်ဂိုဏ်းက အရမ်းလိုချင်နေခဲ့တာပဲ”

“ဒီပစ္စည်းက ဒီအဘိုးကြီးအတွက် ကံဆိုးမှုရင်းမြစ်ဖြစ်လို့ အပြီးတိုင် ဖယ်ရှားပစ်ချင်ခဲ့တယ် ၊ ဒါပေမဲ့ ဒီအဘိုးကြီးရဲ့ မိသားစုကို ကွမ်းမင်ဂိုဏ်းက သတ်ဖြတ်ပစ်ခဲ့တာမို့လို့ သူတို့လက်ထဲတော့ အပါမခံနိုင်ဘူး”

ထိုစဉ်အချိန်က အဘိုးအို’မော့’ သည် ဤပစ္စည်းကို မရမက သိမ်းဆည်းယူငင်ခဲ့ပြီး ကွမ်းမင်ဂိုဏ်းမှ တပည့်များစွာကိုလည်း သတ်ဖြတ်ပစ်ခဲ့သည်။

ယနေ့ ကွမ်းမင်ဂိုဏ်းက အစွန်းရောက်ရှစ်ပါးကမ္ဘာသို့ ဆင်းသက်လာချိန် ဝါဒတောင်ကို သုတ်သင်နိုင်ခဲ့ပါက သူ့အကြောင်းကိုပါ သိရှိသွားမည်ဖြစ်ပြီး သူ့အတွက်လည်း အဆုံးသတ်လှမည် မဟုတ်ပေ။

ရန်တိက...

“ဆရာကြီးက ဘာလို့ ယိုးမင်ဂိုဏ်းဆီ မသွားခဲ့တာလဲ”

အဘိုးအို’မော့’ က မချိပြုံးပြုံးလိုက်ရင်း...

“အဲဒီတုန်းက ငါ့မှာ ရန်သူတွေဝိုင်းနေတာ ၊ အခုလို လွတ်မြောက်နိုင်တာတောင် ကံကောင်းလို့..”

ရန်ကျောက်ကဲနှင့် ရန်တိတို့ ခေါင်းညိတ်လိုက်ကြသည်။

အဘိုးအို’မော့’ က ရန်ကျောက်ကဲကို ကြည့်ရင်း...

“ဒီပစ္စည်းက အရမ်းအသုံးဝင်တယ်ဆိုပေမယ့် မင်းတို့သားအဖကိုလည်း ထိခိုက်စေနိုင်တယ်”

ရန်ကျောက်ကဲကတော့ သတ္တုအပိုင်းအစလေးကိုကြည့်ရင်း အတွေးထဲနစ်မျောလျှက် ရှိလေသည်။

All Chapters