ကျွန်တော်သဘောကျတဲ့မိန်းကလေးရှိနေပြီ
Vol. 43 Ch. 602
အခန်း (၆၀၂) ကျွန်တော်သဘောကျတဲ့မိန်းကလေးရှိနေပြီ
ထိုပစ္စည်းက တစ်ချိန်က ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ပိုင်ဆိုင်ခဲ့သော ပစ္စည်းဖြစ်သော်လည်း ယိုးမင်ဂိုဏ်း နှစ်ခြမ်းကွဲသွားသည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပေပြီ။ ကွမ်းမင်ဂိုဏ်းနှင့် ယိုးမင်ဂိုဏ်းတို့က တစ်ချိန်လုံး ပဋိပက္ခဖြစ်နေကြသော်လည်း ယင်ထျန်းရှကျန်ရစ်ခဲ့သောပစ္စည်းကို ရယူရန် မည်သူမှ လက်မလျှော့ခဲ့ကြပေ။
နှစ်ဦးနှစ်ဘက် ညှိနှိုင်းနိုင်လျှင် အခြေအနေက တစ်မျိုးဖြစ်သွားနိုင်သော်လည်း ဖြစ်နိုင်ချေ နည်းပါးလွန်းသည်။
မည်သို့ပင်ဖြစ်စေ သူတို့ရှေ့မှ ရတနာပစ္စည်းသည် အလွန်တရာ တန်ဖိုးကြီးသလို လျှို့ဝှက်ချက်များလည်း ရှိနေနိုင်သည်။
ယင်ထျန်းရှက ဘိုးဘေးများအားလုံးထက်သာလွန်သော တန်ခိုးစွမ်းအားရှင်တစ်ယောက်ဖြစ်ပြီး မဟာကပ်ဘေးကြီးအလွန်ကာလမှာပင် ယိုးမင်ဂိုဏ်းကို မကြုံစဖူး မြင့်မားသောအခြေအနေသို့ ပို့ဆောင်ပေးခဲ့သည်။
မဟာကပ်ဘေးကြီးပြီးဆုံးသည့်နောက် ယိုးမင်ဂိုဏ်း၏ သိုင်းပညာအမွေအနှစ်များ ကြီးမားစွာ ထိခိုက်ခဲ့သည်။ သို့သော် အခြားသိုင်းဂိုဏ်းများထက်ကံကောင်းသည်မှာ အမွေအနှစ်များ ပျောက်ပျက်သွားခြင်းမရှိဘဲ ဆက်လက်တည်ရှိနေခြင်းပင်။
အခြေအနေများစွာအောက်တွင် ယိုးမင်ဂိုဏ်းက ကြံ့ကြံ့ခံလျှက် အမြင့်သို့တက်ရောက်နိုင်ခဲ့ခြင်းအား ရန်ကျောက်ကဲ အတော်လေး သဘောကျမိသည်။
နောက်သို့ခြေတစ်လှမ်းဆုတ်ခဲ့ရသည်ဆိုလျှင်တာင်မှ မဟာကပ်ဘေးကြီးကြောင့် ရင်ဆိုင်ခဲ့ရသော ဆုံးရှုံးမှုများကို အလျှော့မပေးဘဲ ဘိုးဘေးများထက်သာလွန်အောင် စွမ်းဆောင်ရန်မှာ လွယ်ကူသည့်ကိစ္စ မဟုတ်ပေ။
ကွမ်းမင်ဂိုဏ်းက သတ္တုအပိုင်းအစလေးတစ်ခုအတွက် အဘိုးအို’မော့’ ၏ မိသားစုတစ်ခုလုံးကို သတ်ဖြတ်ပစ်ခြင်းမှာ ဤရတနာပစ္စည်း၏ဇစ်မြစ်က ရိုးရှင်းခြင်းမရှိကြောင်း သက်သေပြနေသည်။
ရန်ကျောက်ကဲက ခဏမျှစဉ်းစားပြီး ဖခင်ဖြစ်သူကို လှမ်းကြည့်လိုက်တော့ ရန်တိသည်လည်း သူ့ကို ပြန်ကြည့်နေကြောင်း တွေ့ရသည်။ သူတို့သားအဖနှစ်ယောက်တွင် တူညီသောအတွေးအမြင်များ ရှိခဲ့ဟန်ပင်။
ယခုဆိုလျှင် ဝါဒတောင်က ကွမ်းမင်ဂိုဏ်းနှင့် နောက်ပြန်မဆုတ်နိုင်သည့် ရန်ငြိုးရန်စ မီးမွှေးခဲ့ပြီ ဖြစ်သည်။ ဤပစ္စည်းလေးတစ်ခုအတွက်ဖြင့် သူတို့က ကြောက်ရွံ့နေမည် မဟုတ်ပေ။
လက်ထဲတွင် လျှို့ဝှက်ချက်များကိုင်ဆောင်ထားပြီး ရန်သူကို မောင်းနှင်ရန် စဉ်းစားရပေမည်။
တစ်ခုတည်းသောပြဿနာမှာ ယိုးမင်ဂိုဏ်းသည်လည်း ဤရတနာပစ္စည်းနှင့်ပတ်သက်ပြီး မည်သို့သဘောထားမည်ကို မသိရခြင်းပင်။ အဘိုးအို’မော့’ ပြောသည့်အတိုင်း ဤ ရတနာပစ္စည်းက အရေးပါသည့်တိုင် အန္တရယ်များလေ၏။
ရန်တိက...
“မင်းက ထွေထွေထူးထူးပစ္စည်းတွေကို လေ့လာရတာ ကျွမ်းကျင်တယ် ၊ မင်းပဲဒီပစ္စည်းကိုယူထားပြီး သေသေချာချာ သုတေသနလုပ်ပါ”
ရန်ကျောက်ကဲက သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်ပြီး အဘိုးအို’မော့’ ကို လက်နှစ်ဖက်ဆုပ် ဂါရဝပြုလိုက်သည်။
“ကျေးဇူးအများကြီးတင်ပါတယ် ဆရာကြီး”
အဘိုးအို’မော့’ က ခေါင်းခါယမ်းရင်း...
“ဘာလို့ ဒီလိုပြောရတာလဲ ၊ ကွမ်းမင်ဂိုဏ်းကကောင်တွေကို သတ်လိုက်ကတည်းက မင်းတို့ဝါဒတောင်ကိုသာ ငါက ကျေးဇူးတင်ရမှာပါ ၊ သူတို့သေသွားတာက ဒီအဘိုးကြီးစိတ်ထဲက အမျက်ဒေါသကို နည်းနည်းလောက် လျော့ပါးသွားစေတယ်လေ”
“အင်း... အမှန်ပြောရရင် ဒီအဘိုးကြီးက ထက်ထက်မြက်မြက်မရှိဘဲ လိပ်လိုခေါင်းဝှက်နေဖို့ပဲ သိတာပါ ၊ ကွမ်းမင်ဂိုဏ်းကို ထိပ်တိုက်ရင်ဆိုင်ပြီး ဂလဲ့စားချေဖို့ ယုံကြည်ချက် မရှိခဲ့ဘူး ၊ မင်းတို့သားအဖက လေးစားစရာကောင်းတယ် ၊ မင်းတို့ကိုတွေ့တော့ ဒီအဘိုးကြီး ဘိုးဘေးတွေအပေါ် တာဝန်မကျေဘဲ အပြစ်ရှိသလို ခံစားရတယ်”
ရန်ကျောက်ကဲနှင့် ရန်တိတို့က အဘိုးအို’မော့’ ကို နှစ်သိမ့်ပေးကြပြီး အဘိုးအို’မော့’ သည်လည်း ပြန်လည် တည်ငြိမ်သွားသည်။
ထို့နောက် အဘိုးအို’မော့’ ပြောပြသော အထက်ဘုံကမ္ဘာ၏ ဒေသဆိုင်ရာအခြေအနေများနှင့် ဓလေ့ထုံးတမ်းများအကြောင်း နားထောင်ရင်း စကားစမြည်ပြောဆိုကြသည်။
အဘိုးအို’မော့’ က သက်ပြင်းတစ်ချက်ချရင်း...
“အိမ်း... အထက်ဘုံကမ္ဘာနဲ့ဝေးကွာခဲ့တာ နှစ်ပေါင်းရာနဲ့ချီနေပြီဆိုတော့ အဲဒီမှာ ကြီးကြီးမားမား ဘာတွေပြောင်းလဲသွားမလဲ ခန့်မှန်းရခက်ပါတယ် ၊ ဒီလိုအပြောင်းအလဲတွေဖြစ်ခဲ့ရင်တော့ ဒီအဘိုးကြီးပြောပြတာတွေနဲ့ ကွဲလွဲမှုတွေရှိနေရင် မင်းတို့သားအဖ နားလည်မယ်လို့ မျှော်လင့်ပါတယ်”
ရန်ကျောက်ကဲနှင့် ရန်တိက...
“ဆရာကြီးက အားနာနေပြန်ပြီ ၊ တကယ်တော့ ကျွန်တော်တို့က ဆရာကြီးကို ကျေးဇူးတင်ရမှာပါ”
အဘိုးအို’မော့’ ကို နှုတ်ဆက်စကားဆိုပြီးနောက် ရန်ကျောက်ကဲနှင့် ရန်တိတို့ စိမ်းလန်းဆေးလုံးကျွန်းမှ ထွက်ခွာလာခဲ့ကြသည်။
ဝါဒတောင်သို့ပြန်ရာလမ်းတွင် မြေကမ္ဘာနယ်မြေကို ဖြတ်သန်းသွားကြရသည်။
ထိုနေရာတွင် တိုက်ပွဲကျဆုံးခဲ့ကြသော ဝါဒတောင်မှ သိုင်းသမားများနှင့် အချိန်နှင့်ဗလာနယ်စီးကြောင်းအတွင်း ပျောက်ဆုံးသွားခဲ့သော ယွမ်ကျန်းဖုန်းအကြောင်း တွေးမိသည့်အခါ ရန်တိနှင့် ရန်ကျောက်ကဲတို့ရင်ထဲ လေးလံစွာ ခံစားကြရသည်။
မြေကမ္ဘာနယ်မြေတိုက်ပွဲ အသေးစိတ်အကြောင်းအရာများကို ရန်ကျောက်ကဲထံမှ ကြားသိရသောအခါ ရန်တိမျက်ဝန်းများက အေးစိမ့်သည့်အလင်းရောင်များ ထွက်ပေါ်လာသည်။
ချန်လီက ရန်ကျောက်ကဲလက်ချက်ဖြင့် သေဆုံးသွားပြီဖြစ်ကြောင်း စဉ်းစားမိတော့မှ သူ့မျက်ဝန်းများ ပျော့ပြောင်းသွားပြီး သားဖြစ်သူကို ကျေနပ်မှုအပြည့်ဖြင့် ကြည့်လိုက်သည်။
အချိန်အတန်ကြာပြီးမှ သူက သက်ပြင်းချရင်း...
“ဆရာ ဘာမှမဖြစ်ဘဲ အန္တရယ်ကင်းဖို့ မျှော်လင့်ပါတယ်”
ရန်ကျောက်ကဲလည်း တိတ်ဆိတ်စွာ ခေါင်းညိတ်လိုက်စဉ် ရန်တိက ဆက်ပြောသည်။
“ရွှီဖေးနဲ့ ရှီကျွင်းကို ရှာတွေ့တဲ့နည်းလမ်းနဲ့ ဆရာ့ကို ရှာကြည့်လို့မရဘူးလား”
ရန်ကျောက်ကဲက မချိပြုံးတစ်ချက်ပြုံးရင်း...
“မျှော်လင့်ချက်နည်းတယ် ၊ ဘာလို့လဲဆိုတော့ ဆရာဘိုးဘိုး ဘယ်နေရာရောက်သွားလဲဆိုတာ သဲလွန်စတစ်ခုတောင် မကျန်ခဲ့ဘူး ၊ ဒါကြောင့် ကျွန်တော်တို့ဘက်က မျက်စိစုံမှိတ်ပြီး ရှာဖွေနေတာထက် ဆရာဘိုးဘိုးက ကျွန်တော်တို့နေရာကို ပြန်ရှာနိုင်ဖို့ မျှော်လင့်ချက်ပိုရှိတယ်”
ရန်တိ ခဏမျှစဉ်းစားရင်း...
“ဒီလိုဆိုရင်တော့... ဆရာကိုယ်တိုင်ပြန်လာတာကိုပဲ စောင့်ရမှာပေါ့ ၊ မဟုတ်ရင်လည်း တစ်ချိန်ချိန် အထက်ဘုံကမ္ဘာမှာ ငါတို့အားလုံး ပြန်ဆုံနိုင်ခြေ ရှိပါတယ်”
ရန်ကျောက်ကဲက...
“အမှန်ပါပဲ ၊ ဒါပေမဲ့... ဆရာဘိုးဘိုးကို ရှာဖွေဖို့တော့ ကျွန်တော် ဇွဲမလျှော့ဘဲ အမြဲတမ်း ကြိုးစားနေမှာပါ”
ရန်တိ ဖြည်းညင်းစွာခေါင်းညိတ်လိုက်သည်။
ထို့နောက် သူ့ ခြေထောက်အောက်မှ မြေကမ္ဘာနယ်မြေကို ငုံ့ကြည့်ရင်း အချိန်အတန်ကြာ တိတ်ဆိတ်နေသည်။ ဆရာဖြစ်သူ ‘ယွမ်ကျန်းဖုန်း’ က သူ့ဘဝကို အလွှမ်းမိုးနိုင်ဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည်။
ရှီတိ ၊ ဖန်ကျွင်းနှင့် ဖူအန်းစုတို့ကဲ့သို့ပင် ရန်တိသည်လည်း ငယ်စဉ်ကပင် ယွမ်ကျန်းဖုန်းထံ ပညာသင်ယူခဲ့လေရာ ဆရာလည်းဖြစ်သလို ဖခင်တစ်ယောက်သဖွယ်လည်း ဖြစ်သည်။
အတန်ကြာမှ ရန်တိက သူ့အကြည့်များကို ရုတ်သိမ်းလိုက်ပြီး ရှေ့ဆက်ထွက်ခွာသွားသည်။
“ဂဠုန်နဂါးလှံရှည်က မင်း အသစ်သွန်းလုပ်ထားတဲ့ အထွတ်ထိပ်မှော်ဝင်ပစ္စည်းလား”
ရန်ကျောက်ကဲက ပြုံးရင်း ခေါင်းညိတ်လိုက်ပြီး...
“နဂါးသင်္ချိုင်းကနေ အကျိုးအမြတ်တွေ အများကြီးရခဲ့တယ် ၊ အထွတ်ထိပ်မှော်ဝင်ပစ္စည်း သွန်းလုပ်နိုင်တာထက်တောင် ပိုသေးတယ် ၊ နဂါးချီစွမ်းအားတွေကို အဖေ့ရဲ့ အစစ်အမှန်သိုင်းအဇ္စျတ္တနဲ့ ပေါင်းစပ်ကျင့်ကြံဖို့ ကြိုးစားကြည့်သင့်တယ်”
ရန်တိက ခေါင်းညိတ်ရင်း...
“အင်း ... လုပ်ကြည့်ရမှာပေါ့”
ရန်ကျောက်ကဲက ဆက်ပြောသည်။
“ပြီးတော့ နဂါးသင်္ချိုင်းမှာ ရတနာပစ္စည်းတစ်ခုလည်း ရခဲ့တယ် ၊ သိုင်းသူတော်စင် စတုတ္ထအဆင့်မရောက်သေးပေမယ့် ကမ္ဘာများစွာကိုကျော်လွန်ပြီး အထက်ဘုံကမ္ဘာကိုသွားနိုင်တဲ့ ပစ္စည်းတစ်ခုပဲ”
သူက ယိုးမင်ဂိုဏ်း ၊ အနက်ရောင်ဝတ်ကျင့်ကြံသူထံမှ ရရှိလာသော စက္ကူယပ်တောင်လေးကို ရန်တိအားပြလိုက်သည်။ ရန်တိက ယပ်တောင်လေးကို အသာပွတ်သပ်ရင်း အတွေးထဲ နစ်မျောသွား၏။
ရန်ကျောက်ကဲ အထက်ဘုံကမ္ဘာသို့ သွားရောက်ရန်စီစဉ်နေသည်ကို ရန်တိ မအံ့သြမိတော့ပေ။
သူတို့သားအဖနှစ်ယောက်လုံးက လုပ်ရပ်တိုင်းတွင် လက်ဦးမှုကို ရယူချင်သလို စိတ်ဓာတ်ပြင်းထန်သူများ ဖြစ်ကြသည်။ ထို့ကြောင့် ရန်ကျောက်ကဲ၏ ရည်ရွယ်ချက်များသည် ရန်တိနှင့် ထပ်တူကျသည်။
“မင်း ထူးကဲယန်စည်းတံဆိပ်ကို ပြန်အသုံးပြုလို့ ရပြီလား”
ခဏမျှ စဉ်းစားပြီးနောက် ရန်တိက မေးခွန်းထုတ်သည်။
ရန်ကျောက်ကဲက ပခုံးတစ်ချက်တွန့်ရင်း...
“လောလောဆယ်တော့ အသုံးပြုလို့မရသေးဘူး ၊ အဲဒီပစ္စည်းက အသုံးပြုရ အရမ်းခက်တယ် ၊ ထူးကဲယင်သရဖူလိုမျိုး မဟုတ်ဘူး ၊ ထူးကဲယင်သရဖူကျတော့ ထူးကဲယင်မိန်းမပျိုတစ်ယောက်က ကိုင်ဆောင်လိုက်ရင် စွမ်းအားထွက်ပေါ်လာပြီး ကျင့်ကြံခြင်းကိုလည်း မြင့်တက်စေတယ်”
“ဒါပေမဲ့ ထူးကဲယင်စည်းတံဆိပ်က အရမ်းပြင်းထန်ပြီး ထိန်းချုပ်ရခက်တယ် ၊ သူ့ရဲ့ စွမ်းအားကို အစွန်းရောက်ရှစ်ပါးကမ္ဘာ အကန့်အသတ်အထိ ဖိနှိပ်ထားဖို့က ခက်ခဲတယ်”
ရန်တိက ခဏမျှ စဉ်းစားရင်း...
“ကွမ်းမင်ဂိုဏ်း နောက်တစ်ကြိမ်ထပ်ရောက်လာရင် မင်းရဲ့ ထူးကဲယန်စည်းတံဆိပ်က အချိန်မီမှာမဟုတ်ဘူး ၊ အချိန်မီတယ် ထားပါဦး... နောက်တစ်ကြိမ်ပြန်ပြီး ငြိမ်သက်သွားရင် အဲဒီအချိန်အတွင်း ရန်သူက ထပ်ရောက်လာမယ်ဆိုရင် အလုပ်မဖြစ်တော့ဘူး”
ရန်တိက ခေါင်းခါယမ်းရင်း...
“ထိုက်ယီချိုးဖျက်အစီအရင်က ရရှိခဲ့တဲ့ အသိပညာတွေနဲ့ မင်းပြောတဲ့ နဂါးချီစွမ်းအား ပေါင်းစပ်လိုက်မယ်ဆိုရင် ငါ အချိန်တိုအတွင်း အဆင့်တက်နိုင်မယ်ထင်တယ်”
“ကမ္ဘာများစွာအလွန်က အထက်ဘုံကမ္ဘာကိုသွားဖို့ကိစ္စက မင်းပခုံးပေါ်ရောက်နေပြီ ၊ မင်းအထက်ဘုံကမ္ဘာကိုသွားရင် ငါက အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ နေခဲ့ပြီး အအခြေအနေတည်ငြိမ်အောင်ထိန်းထားရမယ် ၊ ဒါမှ ရန်သူတွေ ဆင်းလာပြီးပြဿနာရှာရင် ကာကွယ်နိုင်မှာ”
“ကံကောင်းတာက မင်းက အရင်ကလို မဟုတ်တော့ဘူး ၊ ကျင့်ကြံခြင်းအဆင့်လည်း မြင့်မားလာသလို ကိုယ်ပိုင် သိုင်းသူတော်စင်ကိုယ်ပွားကိုတောင် သန့်စင်နိုင်ခဲ့ပြီ ၊ မင်း သတိရှိနေသရွေ့ ဘယ်သူမှ မင်းကိုတားဆီးနိုင်မှာ မဟုတ်ဘူး”
ရန်တိ အနည်းငယ် ဝမ်းနည်းနေမိသည်။
တကယ်တော့ သူသည်လည်း အထက်ဘုံကမ္ဘာသို့ သွားရောက်နိုင်ရန် အလွန်မျှော်လင့်ထားခဲ့သည်။
မိုးမြေတစ်ခွင်တွင် သူ့အားစောင့်မျှော်နေသော အခွင့်အရေးနှင့် စိန်ခေါ်မှုများ ပိုမိုကျယ်ပြန့်လာသည်နှင့်အမျှ အထက်ဘုံကမ္ဘာတွင် ချစ်ရသူနင့် ပြန်လည်ဆုံစည်းနိုင်မည်လားဟု မျှော်မှန်းခဲ့သည်။
သို့တိုင် လူတစ်ဦးသည် မိမိထမ်းဆောင်ရမည့်တာဝန်များကို ထမ်းဆောင်ရမည်သာ။ ထို့ကြောင့် ရန်တိ သူ၏စိတ်ခံစားချက်များကို ထိန်းထားနိုင်ခဲ့သည်။
ဖခင်၏ဆုံးဖြတ်ချက်က အမှန်ကန်ဆုံးနှင့် အသင့်လျော်ဆုံးဖြစ်ကြောင်း သိလိုက်ရသဖြင့် ရန်ကျောက်ကဲသည်လည်း သက်ပြင်းချမိသည်။
သားအဖနှစ်ယောက် အတူတူ ခရီးဆက်ခဲ့ကြပြီးနောက် သူတို့မျက်စိရှေ့တွင် ဝါဒတောင်ကို တွေ့မြင်လာရသည်။
ဝါဒတောင်ကိုမြင်တာ့ ရန်ကျောက်ကဲက မျက်တောင်တစ်ချက်ခတ်ရင်း...
“ဒါနဲ့... အဖေ့ကို ပြောစရာတစ်ခုရှိသေးတယ်”
ရန်တိက သားဖြစ်သူကို စူးစိုက်ကြည့်ရင်း...
“ဘာများလဲ”
ရန်ကျောက်ကဲက...
“ကျွန်တော် သဘောကျရတဲ့ မိန်းကလေး ရှိနေပြီ...”