← Chapters

ပုံမှန်မဟုတ်တဲ့’ရန်ဝူတိ’

Vol. 43 Ch. 603

ပုံမှန်မဟုတ်တဲ့’ရန်ဝူတိ’

Vol. 43 Ch. 603

အခန်း (၆၀၃) ပုံမှန်မဟုတ်တဲ့’ရန်ဝူတိ’

“မင်း သဘောကျတဲ့မိန်းကလေး ရှိနေပြီ... ဟုတ်လား”

ရန်တိမှာ သားဖြစ်သူ၏စကားကြောင့် ခဏမျှအံ့အားသင့်သွားပြီး ရန်ကျောက်ကဲကို အကဲခတ်ကြည့်လိုက်သည်။

“ဘယ်သူများလဲ”

ရန်ကျောက်ကဲက ပြုံးရင်း...

“အဖေလည်း သူ့ကိုသိပါတယ် ၊ ဆရာဒေါလေး’ဖူ’ ရဲ့တပည့် ... ဂိုဏ်းတူညီမလေး’ဖန်းယွင်ရှန်း’ လေ”

ရန်တိ မည်သို့မှ မတတ်နိုင်စွာ ပြုံးလိုက်သည်။

ထိုမိန်းကလေးကို သိရှိရုံတင်မက သူနှင့်ပင် အတော်လေး ရင်းနှီးသည် မဟုတ်လား။ ရန်တိက ဝါဒတောင်၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သလို ယခင်က သိုင်းပညာဆက်ခံသူခန်းမ၏ ပထမအဆင့်ထိပ်တန်းအကြီးအကဲလည်း ဖြစ်လေရာ ဝါဒတောင်၏ ပင်မတိုက်ရိုက်တပည့်တိုင်းကို သိရှိလေသည်။

ဖန်းယွင်ရှန်းက ထူးကဲယင်မိန်းမပျိုတစ်ယောက်ဖြစ်ပြီး ဝါဒတောင်၏ အထူးတပည့်တယောက်ဖြစ်သည်။ ထို့ကြောင့် ရန်တိအနေဖြင့် သူမနှင့် ရင်းနှီးသည်မှာ မဆန်းပေ။

“အင်း... သူက တကယ်တော်တဲ့ မိန်းကလေးတစ်ယောက်ပဲ ၊ အရည်အချင်းလည်းရှိတယ် ၊ စိတ်ထားနဲ့အကျင့်စရိုက်လည်း မဆိုးဘူး ၊ ပြောရရင် အဆင်းရောအချင်းရော ပြည့်စုံတယ်လို့ ဆိုရမယ်”

ခေါင်းတစ်ချက်ညိတ်ရင်း ရန်တိကဆိုသည်။

သို့သော် သူက ချက်ချင်းပင် စကားဦးတည်ချက်ပြောင်းသွားသည်။

“နေပါဦး... မင်းကသာ သဘောကျတာ .. ကောင်မလေးကရော မင်းကိုပြန်ကြိုက်ရဲ့လား”

“……”

ရန်ကျောက်ကဲက ဖခင်ဖြစ်သူကို မျက်လုံးပြူးကာ ကြည့်ရင်း...

“အဖေ... ကျွန်တော့်ကို အထင်သေးတာလား ၊ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ အနောက်ဘက်သဲကန္တာရကနေ အရှေ့ပင်လယ်အထိ အဖေ့သားကိုလိုချင်တဲ့ မိန်းမပျိုတွေမှ ဝိုင်းဝိုင်းလည်နေတာဗျ...”

ရန်တိက သားဖြစ်သူကို ကြည့်ရင်း...

“ဘာတွေလာပြောနေတာလဲ ကောင်စုတ်လေး ၊ ငါသိသလောက်တော့ မင်း တစ်ယောက်ရရင်တောင်ကံကောင်း...”

စောစောက စကားက နည်းနည်းများသွားကြောင်းတွေးလိုက်မိပြီး ရန်ကျောက်ကဲ ရယ်မောလိုက်သည်။ သို့သော် သူ့မျက်ဝန်းထဲမှ ညစ်ကျယ်ကျယ် အငွေ့အသက်များကတော့ ပျောက်ကွယ်မသွားပေ။

ရန်တိမှာ သားဖြစ်သူကိုကြည့်ရင်း ရယ်လည်းရယ်ချင် အမြင်လည်းကပ်ဖြင့် ခေါင်းတွင်တွင်ခါယမ်းမိပြီး...

“ကဲ... ဆိုပါဦး... မင်း သူ့ကို ဘယ်ကဘယ်လို သဘောကျသွားတာလဲ”

ရန်ကျောက်ကဲကပြုံးလိုက်ပြီးနောက် တည်ကြည်လေးနက်စွာဖြင့်...

“အဖေလည်းသိပါတယ်... ကျွန်တော်က မိန်းက‌လေးတိုင်းကို စိတ်ဝင်စားနေတဲ့သူ မဟုတ်ရပါဘူး ၊ သမုဒ္ဒရာကမ္ဘာမှာ ရှိနေတုန်း ကျွန်တော် သူ့ကို ချစ်မိနေပြီဆိုတာ သေသေချာချာ သိခဲ့ရတယ်”

သူက ပြုံးရင်း...

“ကျွန်တော်တို့နှစ်ယောက် အရင်က ချစ်သူတွေမဟုတ်ပေမယ့် သမုဒ္ဒရာကမ္ဘာမှာ ရှိနေတဲ့အချိန်တွေ သူ့ကို အရမ်းသတိရလွမ်းဆွတ်ခဲ့တာ ၊ အချိန်နဲ့ဗလာနယ်ကိုဖြတ်သန်းပြီး မတူညီတဲ့ကမ္ဘာနှစ်ခုမှာ ရှိနေတာတောင် ကျွန်တော် သူ့အတွက် ရင်ခုန်နေခဲ့တယ်”

“ပြီးတော့... အဲဒီတုန်းက ယွင်ရှန်း အန္တရယ်ကျရောက်မှာကို တစ်ချိန်လုံး စိုးရိမ်နေခဲ့တယ် ၊ ဒါပေမဲ့ စိုးရိမ်တာနဲ့အတူ စိတ်လည်းလှုပ်ရှားနေမိတယ်”

“ဒီခံစားချက်က အရမ်းထူးဆန်းပြီးတော့ အစစ်အမှန်လား အတုအယောင်လားဆိုတာ ခွဲခြားသိဖို့ နည်းနည်းခက်တယ် ၊ ဒါကြောင့် ကျွန်တော့်စိတ်ထဲ ထင်ယောင်ထင်မှားဖြစ်နေတာလားလို့ မကြာခဏတွေးမိတယ်”

စကားပြောနေရင်း ရန်ကျောက်ကဲက ရယ်မောလိုက်ပြီး...

“ဒါပေမဲ့ ကျွန်တော် ဒီကိုပြန်ရောက်လာပြီး ယွင်ရှန်းနဲ့ပြန်ဆုံရတဲ့အခါ သူ့မျက်ဝန်းထဲက အကြည့်တွေကို မြင်လိုက်တာနဲ့ ကျွန်တော် သူ့ကို တကယ်ချစ်နေပြီဆိုတာ သိခဲ့ရတယ် ၊ ပြီးတော့... သူလည်း ကျွန်တော့်ခံစားချက်တွေကို နားလည်ပေးတယ်လေ”

ရန်တိက ငြိမ်သက်စွာနားထောင်နေသည်။

ထိုစကားပြောနေချိန် ပုံမှန်အားဖြင့် လွှမ်းမိုးနိုင်စွမ်းရှိသော စူးရှထက်မြက်သည့် ရန်ကျောက်ကဲ၏မျက်ဝန်းများက ထူးထူးခြားခြား နူးညံ့သိမ်မွေ့နေသည်။

သူက ရန်ကျောက်ကဲကို ခဏမျှ အကဲဖြတ်ပြီးနောက် ပြုံးလိုက်ရင်း...

“ဒါပေမဲ့ ဂိုဏ်းတူအစ်မ’ဖူ’ က သူ့တပည့်နဲ့ မင်းကို သဘောတူပါ့မလား ၊ မင်းကို ကြိုပြောထားမယ်နော် ၊ သူက သဘောမတူဘူးဆိုရင် ငါလည်းဘာမှ ကူညီမပေးနိုင်ဘူး ၊ ငါကကူညီပေးရင်တောင် သူက ပိုဆိုးသွားမှာကွ... ၊ အင်း... ကြည့်ရတာ ဒီကိစ္စနဲ့ပတ်သက်ပြီး မင်း မျက်နှာပျက်အောင် မလုပ်လောက်ဖူးလို့တော့ ထင်တာပဲ ၊ သူကိုယ်တိုင်လည်း အရင်တုန်းက သူ့အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အကြီးအကဲတွေ ဝင်ရောက်စွက်ဖက်တာကို သဘောမကျခဲ့ဘူးလေ”

ထိုစကာကိုကြားတော့ ရန်ကျောက်ကဲက ရယ်မောပြန်ရင်း...

“စိတ်မပူပါနဲ့ အဖေရာ... ကျွန်တော် ဆရာဒေါ်လေး’ဖူ’ ကို အပီအပြင် ချုပ်ပြီးပါပြီ”

ရန်တိက ခေါင်းညိတ်ရင်း ဖြည်းညင်းသည့်လေသံဖြင့်...

“ဒါဖြင့် ပြီးတာပဲ ၊  ဒါပေမဲ့ ဖြေရှင်းရမယ့်ကိစ္စတစ်ခု ရှိသေးတယ်”

ထိုစကားကြောင့် ရန်ကျောက်ကဲ ဆံပင်များထောင်သွားသလို ခံစားရသည်။

ဖခင်ဖြစ်သူက အမြဲတမ်းထက်မြက်သွက်လက်ပြီး လွှမ်းမိုးနိုင်စွမ်း အပြည့်ရှိသူ ဖြစ်သည်။ ဤသို့ ခပ်လေးလေးပုံစံမျိုး တွေ့ရသည်မှာ ရှားပါးသည်။

ရန်ကျောက်ကဲက ကမန်းကတန်း မေးလိုက်သည်။

“ယွင်ရှန်းက မိဘမဲ့မို့လို့ အဖေက သဘောမတူနိုင်လို့လား”

ရန်တိက ခေါင်းခါယမ်းရင်း...

“ဟ... တူမလေး’ဖန်း’ က ဒီလောက်တော်တာ အဖေက သဘောမတူဘဲ နေမလား ၊ မင်းတို့နှစ်ယောက် ချစ်သူတွေဖြစ်သွားပြီဆိုတော့ အဖေက အရမ်းပျော်နေတာ”

ရန်ကျောက်ကဲစိတ်ထဲမှ အလုံးကြီးကျသွားချိန်  ရန်တိက ဆက်ပြောသည်။

“ဒါပေမဲ့... ဒါက မင်းရဲ့ မင်္ဂလာကိစ္စဆိုတော့ မင်းအမေရဲ့ သဘောထားကိုလည်း မေးမြန်းကြည့်ရဦးမယ်”

“......”

ရန်ကျောက်ကဲ မှင်တက်သွားသည်။

သူက အူကြောင်ကြောင်ဖြင့် ပြုံးလိုက်ရင်း...

“အမေက... အခု... ဒီမှာမှ ... မ ရှိ တာ...”

ရန်တိက ပေါ့ပေါ့ပါးပါးလေသံဖြင့်...

“သူ ဒီမှာမရှိလဲ မင်း ခရီးထွက်ပြီး လိုက်ရှာလေ...”

ရန်ကျောကက်ကဲက မျက်ခုံးတစ်ချက်ပင့်ရင်း...

“အင်း အင်း... ဒါဆိုလည်း ကျွန်တော် ခရီးထွက်ရမှာပေါ့”

မိခင်ဖြစ်သူ အနားတွင်မရှိသည့်တိုင် ဖခင်ဖြစ်သူက သူ့ရှေ့တွင် သူမကို မည်မျှချစ်ခင်ကြင်နာ အလေးထားကြောင်း ပြသနေသေးသည်။

အမြဲတမ်းလွှမ်းမိုးနိုင်စွမ်းမြင့်မားသော ဖခင်ဖြစ်သူကို မိခင်ဖြစ်သူက ထိုမျှ လွှမ်းမိုးနိုင်လိမ့်မည်ဟု ရန်ကျောက်ကဲ တကယ် မျှော်လင့်မထားခဲ့ပေ။

ပြီးတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံးတွင် ပြိုင်ဘက်ကင်း’ရန်’ “ရန်ဝူတိ” ကို ဒီလိုပုံစံမျိုး တွေ့မြင်ရသူမှာ သားဖြစ်သူ ရန်ကျောက်ကဲတစ်ယောက်သာ ရှိနိုင်သည်။

ရန်ကျောက်ကဲက မဲ့ရွဲ့လျှက်...

“အဘိုးရဲ့ခွင့်ပြုချက်တောင်မစောင့်ဘဲ အဖေနဲ့အမေက အဲဒီတုန်းက မိတ်ဆွေသူငယ်ချင်းတွေကို ဖိတ်ကြားပြီး အကျယ်တဝင့် လက်ထပ်ပွဲကျင်းပခဲ့ကြတာ မဟုတ်လား ၊ အဲဒီမင်္ဂလာပွဲက နောင်တရစရာမရှိပေမယ့် အဖေက ကျွန်တော့်ကိုကျတော့ အမေခွင့်ပြုတဲ့အထိ စောင့်စေချင်တာပေါ့လေ”

နောက်ဆုံးတော့ သူက အသားပိုထူတာကြောင့် ရန်တိက ပင်ပန်းနွမ်းနယ်နေတဲ့ပုံပန်းသဏ္ဍာန်ကြောင့် ရယ်မောပြီး သူ့ကိုထိဖို့ လက်ကိုမြှောက်ပြီး

"မင်းပါးစပ်က အခုတကယ် အသုံးမဝင်တော့ဘူး!"

ရန်ကျောက်ကဲ စကားဆက်မပြောရဲတော့ပေ။

ရန်တိက လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး...

“တိုတိုပြောရရင် မင်းအမေသဘောထားက ငါ့သဘောထားပဲ ၊ ဒီတော့ အထက်ဘုံကမ္ဘာတက်ပြီးတော့သာ ကြိုးကြိုးစားစားနဲ့ မင်းအမေဆီက ခွင့်ပြုချက်ရအောင် တောင်းပေတော့”

“ဒါပေါ့ ဒါပေါ့...”

ရန်ကျောက်ကဲ အူကြောင်ကြောင်ပင် ပြုံးလိုက်မိရင်း...

“အဖေစိတ်ချမ်းသာဖို့ ၊ ကျွန်တော်စိတ်ချမ်းသာဖို့ ... လုပ်ရမှာပေါ့ဗျာ”

ရန်တိခေါင်းညိတ်လိုက်ပြီး လက်နှစ်ဖက်နောက်ပစ်ကာ ဝါဒတောင်ရှိရာသို့ ‌အေးအေးဆေးဆေးပင် ထွက်ခွာသွားတော့သည်။

စောစောက သူပြောခဲ့သောစကားများက သားဖြစ်သူကို တမင်သက်သက် နောက်ပြောင်ပြောဆိုခဲ့ခြင်းဖြစ်သော်လည်း ယခုအချိန်တွင် ဇနီးဖြစ်သူကို လွမ်းဆွတ်တမ်းတမိသည်ကတော့ အမှန်ပင်။

ရန်ကျောက်ကဲက ပိုမိုရင့်ကျက်လာပြီး ကိုယ်ပိုင်ဘဝတစ်ခုထူထောင်ရန် ခြေလှမ်းနေပြီဖြစ်ကြောင်း သိရသည့်အခါ ရန်တိ အတော်လေး စိတ်သက်သာရာရပြီး ခြေလှမ်းများပင် ဖျတ်လတ်နေသလို ခံစားရသည်။ သူ့စိတ်ထဲတွင်လည်း ပုံမှန်မဟုတ်စွာပင် ပျော်ရွှင်နေမိလေသည်။

***

တောင်ပေါ်ပြန်ရောက်တော့ ရန်တိက ပုံမှန်အတိုင်းပင် တည်ငြိမ်နေပြီဖြစ်သော်လည်း ရန်ကျောက်ကဲက ဖန်းယွင်ရှန်းကို သူနှင့်တွေ့ဆုံရန် ခေါ်လာသည့်အခါ အနည်းငယ် မျက်နှာပူနေမိသေးသည်။

“ဂိုဏ်းချုပ်တစ်ယောက်အနေနဲ့ ပြောချင်တာကတော့... တူမလေး’ဖန်း’ က သိုင်းပညာမှာ ပါရမီရှိသလို စိတ်ဓာတ်လည်းခိုင်မာတယ် ၊ အနာဂတ်မှာ သေချာပေါက် အောင်မြင်မှာပါ”

ရန်တိက ဖန်းယွင်ရှန်းကိုကြည့်ရင်း တည်ငြိမ်စွာဆိုသည်။

“မင်းရဲ့ စိတ်ဓာတ်ခိုင်မာမှုနဲ့ လက်မလျှော့တတ်တဲ့စိတ်ထားတွေကြောင့် ငါ မင်းအပေါ် ယုံကြည်မှုအပြည့်ရှိပါတယ် ၊ ပြီးတော့ မင်းလိုမိန်းကလေးမျိုးက ယောကျ်ားတစ်ယောက်ရဲ့နောက်ကွယ်မှာ မင်းရဲ့ ထက်မြက်မှုတွေကို ဖုံးကွယ်ထားမှာ မဟုတ်ဘူး ၊ အဲဒီယောကျ်ားက ငါ့သားဖြစ်နေရင်တောင်မှ မင်းက အဲဒီလိုလုပ်မှာ မဟုတ်ဘူး”

“သူရဲကောင်းဆန်တဲ့မိန်းကလေးတစ်ယောက်အနေနဲ့ အနာဂတ်အောင်မြင်ဖို့အတွက် တိုက်ပွဲဝင်လိုစိတ် အမြဲရှိတယ် ၊ ဒါကြောင့် ပတ်ဝန်းကျင်က လူတွေနဲ့ အရာဝတ္ထုတွေကြောင့် အတားအဆီးမဖြစ်စေဘဲ ကိုယ့်ကိုယ်ကိုယ် တော်သည်ထက်တော်အောင် ကြိုးစားပါ ၊ ငါ့အမြင်မမှားဘူးဆိုရင် မင်းက အရမ်း အရည်အချင်းရှိတဲ့သူပါ”

ရန်တိက ပြုံးရင်း...

“အဖေတစ်ယောက်အနေနဲ့ဆိုရင်တော့... ကျောက်ကဲက မင်းလိုလက်တွဲဖော်တစ်ယောက် ရှာတွေ့တဲ့အတွက် အရမ်းပျော်ပါတယ်”

ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက ပြုံးနေလေသည်။

ဖခင်ဖြစ်သူက သူနှင့်စကားပြောစဉ် စ နောက် နေသော်လည်း ဖန်းယွင်ရှန်းနှင့် တွေ့ဆုံသည့်အခါမှာတော့ သူ့သဘောထားကို ချက်ချင်းပင် ထုတ်ဖော်ပြောဆိုလေသည်။

အခြားသူများရှေ့တွင် ရန်ကျောက်ကဲနှင့်အတူ လက်တွဲရပ်နေရသည်က ဖန်းယွင်ရှန်းအတွက် လွယ်ကူသော်လည်း ရန်ကျောက်ကဲ၏ဖခင်ဖြစ်သော ရန်တိရှေ့တွင်တော့ ဖန်းယွင်ရှန်းမျက်နှာက အနည်းငယ် ရှက်ရွံ့နေဟန်ပင်။

သူမက ရန်တိအား ဦးညွှတ်ရင်း...

“ဂိုဏ်းချုပ် သွန်သင်ချက်အတိုင်း လိုက်နာပါ့မယ်”

ဘေးနားတွင် ရပ်နေသော ဖူအန်းစုက...

“ငါက ခေါင်းမာတဲ့သူတစ်ယောက်ဆိုပေမယ့် ကျောက်ကဲရဲ့ အရှိန်အဝါကို လွှမ်းမိုးနိုင်ဖို့ဆိုတာ အတော်ခက်ခဲတယ်ဆိုတာ ဝန်ခံရမယ် ၊ ရန်တိ... မင်းလည်း အဲဒါကို ခံစားရတယ်မဟုတ်လား”

ရန်တိက ရယ်မောရင်း...

“အပြာရောင်က အပြာရောင်ဖြစ်နေတာ အကောင်းဆုံးပါပဲ ၊ ဒါက ကောင်းတဲ့အချက်ပဲလေ”

ဖူအန်းစုက ခေါင်းညိတ်ရင်း...

“အမှန်ပဲ ၊ ယွင်ရှန်းက အနာဂတ်မှာ ငါ့ထက်ပိုပြီးအောင်မြင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်”

ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ သူတို့ကို နှုတ်ဆက်ထွက်ခွာသွားတော့မှ ဖူအန်းစုက ရန်တိကိုကြည့်ရင်း မေးခွန်းထုတ်သည်။

“ရွှယ်ချူးချင်ကိုရှာဖို့ အထက်ဘုံကမ္ဘာကိုသွားမှာလား”

ရန်တိက...

“ကျောက်ကဲသွားလိမ့်မယ် ၊ ကွမ်းမင်ဂိုဏ်းက နောက်တစ်ကြိမ်လာတိုက်ရင် တားဆီးဖို့အတွက် ကျွန်တော်က အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ နေခဲ့ရမယ်လေ”

ဖူအန်းစု တိတ်ဆိတ်စွာပင်ခေါင်းညိတ်လိုက်ပြီးနောက် ထွက်ခွာသွားသည်။

ခန်းမအပြင်ဘက်ရောက်သည့်အခါ သူမက အဝေးတစ်နေရာမှ ကောင်းကင်ပြင်နှင့် မိုးသားတိမ်တိုက်များကို သတိလက်လွတ်ဖြင့် ငေးမျှော်ကြည့်ရင်း အချိန်ကြာမြင့်စွာ ငြိမ်သက်လျှက် မတ်တတ်ရပ်နေခဲ့လေသည်။

All Chapters