← Chapters

မင်းရဲ့ဒီပုံစံလေးကို သဘောကျတာပါ

Vol. 43 Ch. 604

မင်းရဲ့ဒီပုံစံလေးကို သဘောကျတာပါ

Vol. 43 Ch. 604

အခန်း (၆၀၄) မင်းရဲ့ဒီပုံစံလေးကို သဘောကျတာပါ

ရန်တိဆီမှ ပြန်လာပြီးနောက် ဖန်းယွင်ရှန်းက စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အနည်းငယ် အမူအရာပိုစွာဖြင့် သူမရင်ဘတ်ကိုပင် လက်ဖြင့် ဖိထားလိုက်သေး၏။

ရန်ကျောက်ကဲက သူမကို ဘေးမှကြည့်ရင်း ပြုံးလိုက်သည်။

ရန်ကျောက်ကဲမျက်ဝန်းများထဲမှ အဓိပ္ပါယ်ကို သတိထားမိသွားတော့ ဖန်းယွင်ရှန်းက စကားဆိုသည်။

“ရှင့်အဖေက ဝါဒတောင်ဂိုဏ်းချုပ်လေ ၊ ပြီးတော့ အစွန်းရောက်ရှစ်ပါးကမ္ဘာမှာ လောကပထမသိုင်းသူတော်စင်လည်း ဖြစ်တယ် ၊ သူ့ရောင်ဝါတွေကို ကျွန်မလိုလူတစ်ယောက်မပြောနဲ့ သိုင်းသူတော်စင်တွေတောင် ခံနိုင်ရည်မရှိဘူး ၊ ကျွန်မ ဒီလောက်လန့်နေတာ သဘာဝကျပါတယ်”

“ဟုတ်လား...”

ထိုမျှသာမေးလိုက်ပြီး ရန်ကျောက်ကဲက မည်သည့်စကားမှမဆိုဘဲ သူမကို ရယ်မောရင်း ကြည့်နေသည်။

မည်သို့မှမတတ်နိုင်စွာ ဖန်းယွင်ရှန်းက ပခုံးတစ်ချက်တွန့်ရင်း...

“ပြီးတော့... အဓိကအချက်က သူက ရှင့်အဖေလေ...”

ရန်ကျောက်ကဲက ပြုံးရင်း...

“အရုပ်ဆိုးတဲ့ ဇနီးလေးက တစ်ချိန်ချိန်မှာတော့ ယောက္ခမနဲ့ တွေ့ရမှာပဲလေ”

ထိုစကားကြောင့် ဖန်းယွင်ရှန်းက အော်ဟစ်ရယ်မောလိုက်ပြီး ရန်ကျောက်ကဲကို စိုက်ကြည့်လိုက်သည်။

“ဘာလဲ... ကျွန်မက အတော်လေး ရုပ်ဆိုးနေလို့လား”

ရန်ကျောက်ကဲက နှုတ်ခမ်းကိုလက်ဖြင့်အသာပွတ်လိုက်ရင်း...

“ရုပ်မဆိုးပါဘူး ၊ လုံးဝ ရုပ်မဆိုးဘူး...”

သူ့စကားကြောင့် ဖန်းယွင်ရှန်း ကျေနပ်စွာ ခေါင်းညိတ်လိုက်စဉ် ရန်ကျောက်ကဲက ဆက်ပြောသည်။

“မျက်နှာက နည်းနည်းပြဲတာရယ်... ၊ နားရွက်ကားတာရယ်... ၊ မျက်ခုံးမွှေးကလည်း ထူသေး... အရပ်က နည်းနည်းပု...”

“ဟုတ်ပါတယ် ဟုတ်ပါတယ် ၊ အမှန်ပဲ ...”

ဖန်းယွင်ရှန်းက မဲ့ရွဲ့လျှက် ခေါင်းညိတ်လိုက်ပြီး ရန်ကျောက်ကဲကို မျက်စောင်းထိုးကာ ကြည့်လိုက်သည်။

ဖန်းယွင်ရှန်းက မန်ဝမ်နှင့် စစ်ခုန်ချင်းတို့ကဲ့သို့ ဘဲဥပုံသဏ္ဌန် သွယ်လျသော မျက်နှာကျမျိုး မရှိပေ။ သူမမျက်နှာက ငန်းဥပုံစံ ပြည့်ပြည့်ဖောင်းဖောင်းနှင့် ဖြစ်သည်။ ရုပ်ဆိုးပန်းဆိုးမဟုတ်သည့်တိုင် ခပ်ပြည့်ပြည့်လေးဖြစ်သည်ဟု ဆိုနိုင်သည်။

နေ့စဉ်နေ့တိုင်းကျင့်ကြံနေသောကြောင့်သာ ဖန်းယွင်ရှန်း၏ ခန္ဓာကိုယ်နှင့် အသွင်အပြင် ပုံမှန်အတိုင်း ထိန်းသိမ်းထားနိုင်ခြင်းပင်။ မဟုတ်ပါက တဖြည်းဖြည်း ဝ လာပြီး မျက်နှာသည်လည်း ပုံပျက်ပန်းပျက် ပြဲကွဲလာနိုင်ပေသည်။

ဖန်းယွင်ရှန်းက မန်ဝမ်နှင့် စစ်ခုန်ချင်းတို့ကဲ့သို့ မြင်မြင်ချင်း မူးမေ့သွားရလောက်အောင် ချောမောလှပသည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသူ မဟုတ်ပေ။ သို့သော် သူမက တစိမ့်စိမ့်ကြည့်လေ ချောမောလှပလေဆိုသော အကြည့်ခံသည့် အလှတရားမျိုးကို ပိုင်ဆိုင်ထားသည်။

သူမ၏မျက်ခုံးများက အခြားမိန်းကလေးများထက် ပိုမိုထူထဲနက်မှောင်သည့်အတွက် သူမ၏ထက်ရှပြတ်သားသောမျက်ဝန်းများနှင့်ပေါင်းစပ်လိုက်သည့်အခါ နူးညံ့သောအလှတရား ပျောက်ကွယ်သွားပြီး ထက်မြက်မှုနှင့်သတ္တိရှိခြင်းအသွင်သဏ္ဌန်က လွန်ကဲလာသည်။

သူမ၏ အလှတရားတွင် တစ်ခုတည်းသော အားနည်းချက်မှာ နားရွက်အနည်းငယ်ကားနေခြင်းပင် ဖြစ်သည်။

ထို့ကြောင့် ဖန်းယွင်ရှန်းက သူမဆံပင်များကို ပခုံးနှင့်နောက်ကျောထက်အမြဲတမ်းချထားပြီး ရည်ရွယ်ချက်ရှိရှိဖြင့် နားရွက်ကို ဖုံးကွယ်ထားလေ့ရှိသည်။

အမြဲတမ်း ရွှင်လန်းတက်ကြွနေပြီး ရဲရင့်ဖျတ်လတ်နေသော မိန်းမပျိုလေးတွင် ဤသို့ ဘာမဟုတ်သည်ကို ရှက်ရွံနေတတ်သော စိတ်ထားမျိုး ရှိပါသေးသလား။

သူမ အရပ်ပုသည်ဆိုခြင်းကတော့ ရန်ကျောက်ကဲက တမင်သက်သက် ပြဿနာရှာနေခြင်း ဖြစ်သည်။

ဖန်းယွင်ရှန်း၏ အရပ်အမြင့်က သာမန်မိန်းကလေးများကဲ့သို့ ပုံမှန်ပင် ဖြစ်သည်။ သို့သော် ဖူအန်းစု ၊ စစ်ခုန်ချင်းနှင့် ယင်လျိုဟွားတို့ထက်တော့ အရပ်နိမ့်သည်အမှန်ပင်။ အထူးသဖြင့် ဆရာဖြစ်သူ ဖူအန်းစုနှင့်ယှဉ်လျှင် သူမအရပ်ပုသည်က အတော်လေး သိသာသွားသည်။

ရန်ကျောက်ကဲက ဤအချက်များကို အပြစ်ရှာပြီး သူမကို လှောင်ပြောင်စနောက်နေလေရာ ဖန်းယွင်ရှန်း စိတ်ပျက်လက်ပျက်ဖြင့် မျက်လုံးတစ်ချက်လှန်လိုက်မိသည်။

ရန်ကျောက်ကဲက သူမကို ပြုံးကာကြည့်ရင်း...

“အင်း... ဒါပေမဲ့ အဲဒီလို မျက်နှာပြဲပြဲ ၊ နားရွက်ကားကား ၊ မျက်ခုံးထူထူ ၊ အရပ်ပုပုလေးကိုမှရွေးပြီး ချစ်နေတဲ့သူတစ်ယောက် ရှိတယ်တဲ့ဗျာ”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲအမူအရာကို အတုခိုးရင်း ပခုံးတစ်ချက်တွန့်ရင်း ရွဲ့ပဲ့ကာ ပြောလိုက်သည်။

“အမလေး... ကျွန်မက ကံကောင်းလိုက်တာနော် ၊ အဲဒီလူသာမရှိရင် ဒီလောကမှာ ကျွန်မကိုကြိုက်တဲ့ယောကျ်ား မရှိနိုင်လောက်တော့ဘူး”

ရန်ကျောက်ကဲက ပြုံးရင်း ပုဝါရှည်တစ်စကိုထုတ်ယူကာ ဖန်းယွင်ရှန်းအနားသို့ ရောက်လာသည်။

ဖန်းယွင်ရှန်းအနည်းငယ် အံ့အားသင့်သွားချိန် ရန်ကျောက်ကဲက လည်ပင်းနောက်မှ သူမ၏ဆံနွယ်လေးများကို အသာသိမ်းယူလိုက်ပြီး ပုဝါရှည်ဖြင့် စည်းနှောင်ပေးလိုက်သည်။

“အာ... ကျွန်မ ဆံပင်မစည်းချင်ဘူး”

ဖန်းယွင်ရှန်းက တားဆီးသည့်တိုင် ရန်ကျောက်ကဲက သူမဆံနွယ်များကို ခပ်မြင့်မြင့်လေးစည်းနှောင်ပေးလိုက်သည်။ ထို့နောက် ဖန်းယွင်ရှန်း၏ နားရွက်ကားကားလေးနှစ်ဖက် ပေါ်လာသည်ကိုကြည့်ရင်း ရန်ကျောက်ကဲက ပြုံးလိုက်၏။

“ဒီလောက်လှတဲ့နားရွက်လေးတွေကို ဘာလို့ ဆံပင်နဲ့ ဖုံးထားတာလဲ ၊ အခုလို ဆံပင်လေးစည်းထားတော့ မင်းက ပိုတောင်လှလာသေးတယ် ၊ မျက်နှာလေးပေါ်ပြီး နုသွားတာပဲ ၊ အသက် (၁၆)နှစ် (၁၇)နှစ်လားပဲ ထင်ရတော့တယ်”

ထိုစကားကြောင့် ဖန်းယွင်ရှန်း ငိုရမလား ရယ်ရမလားမသိ။

“ရှင်က ကျွန်မကို အသက်ကြီးနေပြီလို့ ပြောချင်တာလား”

ရန်ကျောက်ကဲက ဆံပင်လေးများကို စည်းပေးနေရင်း...

“ဘယ်သူက အသက်ကြီးလို့လဲ ၊ ငါတို့သိုင်းကျင့်ကြံသူတွေက အမြဲတမ်း နုပျိုအောင်လုပ်ထားလို့ ရတာပဲလေ ၊ ဘယ်အသက်အရွယ်ပဲရောက်ရောက် အမြဲတမ်း ငယ်ရွယ်တဲ့အသွင်အပြင်ကို ထိန်းထားလို့ရတယ် ၊ ဒါပေမဲ့... ငါပြောတာကို ယုံစမ်းပါ ၊ ဒီလိုဆံပင်လေးစည်းထားတာ ပိုကြည့်လို့ကောင်းတယ် ၊ နားရွက်လေးတွေပေါ်နေတာ အရမ်းလှတယ် ၊ မင်းအမြဲတမ်းနားရွက်တွေကို ဖုံးကွယ်ပြီး ဆံပင်ကြီးချထားတာ အဓိပ္ပါယ်မရှိဘူး”

ဖန်းယွင်ရှန်းက ရန်ကျောက်ကဲကို အတန်ကြာအောင် တိတ်ဆိတ်စွာစူးစိုက်ကြည့်နေပြီးမှ နူးညံ့စွာပြုံးလိုက်ရင်း...

“ပြီးရော... ဒီတစ်ခါတော့ ရှင့်စကား နားထောင်လိုက်မယ်”

ရန်ကျောက်ကဲက ခါးထောက်လျှက် ကျေနပ်စွာပြုံးရင်း ဖန်းယွင်ရှန်းကို တစ်ချက်အကဲဖြတ်လိုက်သည်။

“အခုမှ အရမ်းကြည့်ကောင်းသွားတာ...”

ထိုစဉ်...

“ဂိုဏ်းတူ... ဂိုဏ်းတူအစ်ကိုကြီး ‘ရန်’”

အံ့အားသင့်စွာဖြင့် ချီတုံချတုံ ခေါ်လိုက်သောအသံတစ်သံ ဘေးနားမှ ထွက်ပေါ်လာသည်။ လှည့်ကြည့်လိုက်တော့ သူ့နံဘေးရောက်လာသည့်လူငယ်တစ်ယောက်အား ရန်ကျောက်ကဲ တွေ့လိုက်ရသည်။

“အိုး... ဂိုဏ်းတူညီလေး’လန်’”

မတွေ့တာကြာပြီဖြစ်သည့်တိုင် ရန်ကျောက်ကဲ ထိုလူငယ်ကို ချက်ချင်း မှတ်မိသည်။

အရှေ့ထန်နိုင်ငံ ၊ နဂါးချုပ်လှောင်ချောက်နက်သို့သွားရောက်သော တပည့်ငယ်အုပ်စုများထဲတွင် တစ်ယောက်အပါအဝင်ဖြစ်သော “လန်ဝမ်ယန်” ဖြစ်၏။

အရှေ့ထန်နိုင်ငံတွင် လန်ဝမ်ယန်က ရန်ကျောက်ကဲအတွက် တရားမျှတသည့်ဘက်မှ ကာကွယ်ပြောဆိုခဲ့သောကြောင့် ရီကျင်း၏ ရိုက်နှက်ခြင်းကို ခံခဲ့ရဖူးသည်။ ကံကောင်းစွာပင် တောင်ပေါ်ပြန်ရောက်လာပြီး ဆေးကုသမှုခံယူရသဖြင့် တဖြည်းဖြည်း ပြန်လည်သက်သာလာခဲ့သည်။

နှစ်အတန်ကြာ ဖြတ်သန်းခဲ့ပြီးသည့်နောက် လန်ဝမ်ယန်သည်လည်း သိုင်းညာရှင်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်လာပေပြီ။

ယခု ရန်ကျောက်ကဲက သူ့ကိုမှတ်မိနေသဖြင့် လန်ဝမ်ယန် အပျော်လွန်သွားလျှက် သူ့လက်ထဲမှဓားကို ပိုမိုတင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ ထိုဓားက အလယ်ဆင့် ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး ရန်ကျောက်ကဲ သူ့အတွက် လက်ဆောင်ပေးထားခြင်းပင်။

ထိုစဉ်က ရီကျင်းလက်ချက်ဖြင့် လန်ဝမ်ယန် ဒဏ်ရာအပြင်းအထန်ရရှိခဲ့ပြီး ရန်ကျောက်ကဲက ဂိုဏ်းသားတစ်ယောက်မှတစ်ဆင့် သူ့ထံသို့ ဆေးဝါးများပို့ပေးရင်း  ဤအလယ်ဆင့် ဝိညာဉ်လက်နက်ကို လက်ဆောင်ပေးခဲ့ခြင်း ဖြစ်သည်။

ယခု သူက ချီစွမ်းအားကို ကြယ်တာရာချီစွမ်းအားအဖြစ် သန့်စင်ပြီး သိုင်းပညာရှင်အဆင့် တက်ရောက်နိုင်သည့်အခါ ဤ အလယ်ဆင့်ဝိညာဉ်လက်နက်က သူ၏လက်နက် ဖြစ်လာခဲ့သည်။

အလယ်ဆင့် ဝိညာဉ်လက်နက်ဆိုသည်က အပြင်ပိုင်းကြယ်တာရာချီအဆင့် သိုင်းပညာရှင်များ ကိုင်ဆောင်လေ့ရှိကြသည်။ လက်ရှိတွင် ထိုသို့သောလက်နက်မျိုးက ရန်ကျောက်ကဲအတွက် အရေးမပါတော့သော်လည်း အတွင်းပိုင်းကြယ်တာရာချီအဆင့်သာရှိသေးသော လန်ဝမ်ယန်အတွက်တော့ အလွန်တရာ တန်ဖိုးရှိလှသည်။

လန်ဝမ်ယန်အတွက်တော့ ဤဓားက အခြားလက်နက်များနှင့်ယှဉ်လျှင် အတော်လေး တန်ဖိုးကြီးသည်။

သူက သူ့ရှေ့တွင်ရှိနေသော ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကိုကြည့်ရင်း မှင်တက်လျှက် ရှိ၏။

သူလည်းအရင်ကနှင့်မတူဘဲ ကျင့်ကြံခြင်းအဆင့်မြင့်တက်လာသည့်တိုင် သူ့အရှေ့မှ ဝါဒတောင်သခင်လေး ‘ရန်ကျောက်ကဲ’ ၏ ပြောင်းလဲမှုများကတော့ သူ့ထက် အဆပေါင်း ရာနှင့်ချီပြီး ကျော်လွန်သွားခဲ့သည်။

တစ်ချိန်က ရန်ကျောက်ကဲသည် မျိုးဆက်တူသူများထဲတွင် ထူးချွန်သောပါရမီရှင် ဂိုဏ်းတူအစ်ကိုကြီးတစ်ယောက် ဖြစ်ခဲ့ပြီး အားလုံးအတွက် စံနမူနာ ဖြစ်ခဲ့သည်။

ထို့နောက်မှာတော့ အံ့သြဖွယ်ရာ လုပ်ဆောင်ချက်များစွာဖြင့် ရန်ကျောက်ကဲသည် ဝါရင့်အကြီးအကဲများဖြင့်ပင် ရင်ပေါင်တန်းနိုင်လာပြီး မျိုးဆက်တူတပည့်များစွာသည် သူ့ကို မျိုးဆက်တူတစ်ယောက်အဖြစ် သတ်မှတ်ရှုမြင်ရန်ပင် ခက်ခဲသွားသည်။

ရန်ကျောက်ကဲ၏တန်ခိုးစွမ်းအားက အဆက်မပြတ်မြင့်တက်လာပြီး သူက ဝါဒတောင်၏ ဆုံးဖြတ်ချက်ချနိုင်သူ အကြီးအကဲများထဲမှတစ်ယောက် ဖြစ်လာခဲ့သည်။

နေသူတော်စင်ဂိုဏ်း ၊ ကောင်းကင်မိုးကြိုးခန်းမနှင့် ကွမ်းမင်ဂိုဏ်းမှလူများကို သတ်ဖြတ်ခဲ့ပြီးနောက် ရန်ကျောက်ကဲသည် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဒဏ္ဍာရီသဖွယ်ဖြစ်လာခဲ့ပြီး ဤအချက်က လန်ဝမ်ယန်ကို အတော်လေး အံ့အားသင့်စေခဲ့သည်။

စောစောက ရန်ကျောက်ကဲကို နှုတ်ဆက်ရန်အတွက် သူ့စိတ်ထဲ အရာရာကို ပြင်ဆင်ထားသော်လည်း ယခု ရန်ကျောက်ကဲရှေ့သို့ရောက်လာသည့်အခါ တုန်တုန်ယင်ယင်ဖြစ်နေပြီး ဘာပြောရမှန်းမသိတ‌တော့ဘဲ အာခေါင်များပင် ခြောက်လာသည်။

ရန်ကျောက်ကဲ လန်ဝမ်ယန်ကို ကြည့်လိုက်သည်။

သူက အပြာရောင်အနားသတ်ပါရှိသော အပြာရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး သာမန်တပည့်တစ်ယောက်မဟုတ်တော့ဘဲ လက်ရွေးစင်တပည့်အဖြစ် ရွေးချယ်ခံထားရပြီဖြစ်ကြောင်း သိရှိနိုင်သည်။

ရန်ကျောက်ကဲက...

“ဒီအပြာရောင်ဝတ်ရုံဝတ်ဆင်ရဖို့ လွယ်တာမဟုတ်ဘူး ၊ မင်း အနက်ရောင်အနားသတ်နဲ့ အပြာရောင်ဝတ်ရုံကို ဝတ်ချင်တယ်ဆိုရင် တခြားသူတွေထက်သာအောင် ဇွဲလုံ့လအပြည့်နဲ့ ကြိုးစားရလိမ့်မယ်”

လန်ဝမ်ယန်ကိုကြည့်ရင်း ရန်ကျောက်ကဲက စိတ်ခံစားချက်အပြည့်ဖြင့် ပြုံးလိုက်သည်။

“လူတစ်ဖက်သား ကြိုးစားချင်စိတ်ပေါက်အောင် ဆုလာဘ်ပေးပြီး မျှားခေါ်ရတာ မကောင်းပါဘူး ၊ ဒါပေမဲ့ ငါက မင်းရဲစရိုက်ဘယ်လိုရှိသလဲနားလည်သလို ငါတို့က ကံကြမ္မာလည်း ဆက်စပ်နေတယ် ၊ ဒါကြောင့် မင်းအတွက် အလယ်ဆင့်မှော်ဝင်လက်နက်တစ်ခု ငါလုပ်ပေးမယ် ၊ မင်း သိုင်းဆရာသခင်အဆင့်ကိုရောက်ရင် အဲဒီပစ္စည်းက မင်းအတွက်ပဲ”

ဘေးနားတွင်ရှိနေသည့် ဖန်းယွင်ရှန်းက မည်သည့်စကားမှမဆိုဘဲ ပြုံးလိုက်သည်။

အလယ်ဆင့်မှော်ဝင်လက်နက်က အဓိကအချက်မဟုတ်ကြောင်း သူမ အသေအချာ သိရှိသည်။ အဓိကအချက်ဖြစ်နေလျှင်ပင် သာမန်ဆိုလျှင် ရန်ကျောက်ကဲက လန်ဝမ်ယန်အတွက် တကူးတက ပြုလုပ်ပေးမည် မဟုတ်ပေ။

သို့သော် ဤသည်က ဂိုဏ်းတူညီအစ်ကိုအချင်းချင်းကြားမှ အားပေးမှုတစ်ခုဖြစ်ကြောင်း ခံစားသိရှိနိုင်သည်။

လန်ဝမ်ယန်က တုန်တုန်ယင်ယင် ဖြစ်မနေတော့ဘဲ ခန္ဓာကိုယ် မတ်မတ်ရပ်လိုက်ပြီး ဆုံးဖြတ်ချက်ပြတ်သားစွာဖြင့်...

“ကျွန်တော် သေချာပေါက် ကြိုးစားပါ့မယ် ဂိုဏ်းတူအစ်ကိုကြီး’ရန်’”

All Chapters