← Chapters

ကြေးမုံ၏ မှန်ကွဲစ

Vol. 106 Ch. 1470

ကြေးမုံ၏ မှန်ကွဲစ

Vol. 106 Ch. 1470

မန်ဟိုသည် ဒုတိယမြေထု၏မျက်နှာပြင်တစ်လျှောက် လျင်မြန်စွာ သွားနေ၏။ အလွန်မြန်လွန်း၍ ဝုန်းခနဲ ဝါးတားတားအတန်းတစ်တန်း ဖြတ်သွားသည်ကိုသာ မြင်ရလိမ့်မည်။

သူတစ်ယောက်တည်းသာ သူ့ကို ဝန်းရံနေသော တစ္ဆေအုပ်ကြီးကို မြင်ရနိုင်သည်။ ၎င်းတို့သည် စွဲလမ်းမှုနှင့် အမျက်ဒေါသတို့အပြင် လေးစားကြည်ညိုမှုကိုလည်း ထုတ်လွှတ်နေ၏။ မန်ဟိုကား စစ်တပ်ကြီးကို ဦးဆောင်လျက် မြေပြင်များကို ဖြတ်သွားနေသော ဘုရင်မင်းမြတ်တစ်ပါးပမာပင်။

ထိုစစ်တပ်ကြီးထဲ ဝင်ရောက်လာသည့် တစ္ဆေများမှာ မိုးနှင့်မြေနှစ်ခုလုံးအပြည့် ဖုံးလွှမ်းနေသည့်တိုင်အောင် တစတစများပြားလာတော့သည်။ အအေးဓာတ်ကလည်း အလွန်ပြင်းထန်လှ၍ အောက်ရှိအရာအားလုံး အေးခဲကုန်ကြသည်။

ထိုမြင်ကွင်းက ကြီးကျယ်ခမ်းနားပေ၏။ သူသည် ဒုတိယမြေထု၏အလယ်ပိုင်းကို အတားအဆီးမရှိ ဖြတ်သန်းလာခဲ့ကာ နယ်စပ်နှင့် တတိယမြေထုဆီ တန်းတန်းမတ်မတ် သွားနေ၏။

သူ၏အမြန်နှုန်းက မြင့်မားလာပြီး သူ့အောက်ရှိ ရေခဲမြေပြင်များမှာ အရိပ်များသဖွယ် ဖြစ်နေသည်။

သူ၏အနောက်ရှိ အင်မော်တယ်ပိုင်ဝူချိန်မှာ စိတ်နှလုံးတုန်လှုပ်သွားလေသည်။ မန်ဟိုသည် မွန်းတည့်ချိန်၌ အလျှံတညီးညီးတောက်ပနေသော လျှမ်းလျှမ်းတောက် နေတစ်စင်းအလားပင်။ ပုံမှန်ဆိုလျှင် သူမအနေဖြင့် ထိုကဲ့သို့လူတစ်ယောက်ကို ရန်စမည်မဟုတ်သော်လည်း သူ၏ပန်းတိုင်က သူမနှင့်တူနေသည့်အတွက် သူ့ကို တားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ အိမ်ပြန်နိုင်မည့် အခွင့်အရေးနှင့် ပတ်သက်လာပါက မည်သူ့ကိုမှ နှောင့်ယှက်ခွင့်မပေးနိုင်သည်သာ။

ပိုင်ဝူချိန်သည် သတ်ဖြတ်လိုစိတ်တို့ မျက်ဝန်းများတွင် တောက်ပနေလျက် အရှိန်မြန်အောင် တင်လိုက်၏။ သူမအနောက်၌ ဂိုဏ်းချုပ်၊ ရှကျုံတုံးနှင့် ကျင်ယွင်ရှန်း။ သူတို့သုံးယောက်လုံး အရှေ့ရှိ ပိုင်ဝူချိန်နှင့် မန်ဟို့ကို ကြည့်ရင်း တစ်ယောက်ကိုတစ်ယောက် တီးတိုးတီးတိုးပြောလျက် တစ်တန်းတည်း ပျံသန်းနေကြသည်။

မိုးထစ်ချုန်းသံကဲ့သို့ တဂျုန်းဂျုန်းမြည်သံများ မိုးနှင့်မြေတွင် ဆူညံနေသည်။ မန်ဟို တဟုန်ထိုးသွားနေစဉ် တစ္ဆေများသည် သူ့ကို ဝန်းရံလျက်ရှိ၏။ နယ်စပ်သို့ ရောက်သည့်အခါ မန်ဟိုက တခဏလေးပင် မရပ်ဘဲ ခပ်စူးစူးတစ္ဆေအော်သံများနှင့်အတူ တတိယမြေထုဆီ သွားလိုက်သည်။

မန်ဟိုနှင့် တစ္ဆေအုပ်ကြီး တတိယမြေထုထဲ ဝင်ရောက်သွားပြီးရှေးမနှောင်းမှာပဲ ပိုင်ဝူချိန်သည် အံတင်းတင်းကြိတ်လျက် ပေါ်လာ၏။ သူမလည်း မရပ်ဘဲ မြူများဖြင့် သူမခန္ဓာကိုယ်အား  ဝေဝါးစေလိုက်ကာ တတိယမြေထုထံ ပျံသန်းသွားတော့သည်။

ဂိုဏ်းချုပ်၊ ရှကျုံတုံးနှင့် ကျင်ယွင်ရှန်းတို့လည်း နောက်မှလိုက်ပါလာသည်။ သူတို့သည် ခေတ္တတွန့်ဆုတ်နေကြသော်လည်း နောက်ဆက်လိုက်ဖို့ နတ်ဘုရားစွမ်းရည်အမျိုးမျိုး ထုတ်လွှတ်လိုက်ကြ၏။ ဤအချိန်ရောက်မှတော့ မန်ဟိုနှင့် ပိုင်ဝူချိန်၏ပန်းတိုင်က တတိယမြေထုနှင့်ပတ်သက်နေကြောင်း သူတို့ သဘောမပေါက်ဘဲ နေမည်လော။

ထိုပန်းတိုင်က ဘာလဲ၊ သူတို့နှစ်ယောက် ဘာကြောင့် ထိုမျှအလေးအနက်ထားနေသလဲ .... ဂိုဏ်းချုပ်တို့ မသိကြပေ။ ပိုင်ဝူချိန်၏အပြုအမူများကို လက်ခံပေးနိုင်သော်လည်း မန်ဟိုကမူ အစကတည်းက နဝမပါရာဂွန်မဟုတ်ခဲ့သလို၊ ဤနေရာသို့လည်း တစ်ကြိမ်သာ ရောက်ခဲ့ဖူးသည်။ သို့သော် ပထမဆုံးအကြိမ်ကတည်းက အသစ်တစ်ခုခုကို သူ တွေ့ရှိခဲ့ကြောင်း သိသာလေ၏။

အချိန်တွေ ကုန်လွန်သွားသည်။ မန်ဟိုက တစ်ချိန်လုံး အရှိန်တင်လျက် ၊ တစ္ဆေစစ်တပ်ကြီးဖြင့် ခြံရံလျက် ရှေ့ဆုံးမှာ ဦးဆောင်နေဆဲပင်။ မကြာမီ သူသည် တတိယမြေထု၏မျက်နှာပြင်တစ်လျှောက် တဟုန်ထိုး သွားနေလေပြီ။ သူ့အနောက်မှ ပိုင်ဝူချိန် လိုက်လာနေမှန်း သိသော်လည်း မန်ဟိုကား အေးစက်စက်သာ နှာမှုတ်၍ သူမကို အဖက်မလုပ်ဘဲ သွားလိုသည့်နေရာသို့ အမြန်ဆုံး ဆက်သွားနေသည်။

မန်ဟို ထိုအရပ်မျက်နှာသို့ အရှိန်တင်လိုက်သည်နှင့်တစ်ပြိုင်နက် ပိုင်ဝူချိန်၏သူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။ မန်ဟို့တွင် သူမပစ်မှတ်၏ တည်နေရာသို့ အမှန်တကယ် ဦးတည်နေကြောင်း သူမ သေချာသွား၏။

“မကောင်းတော့ဘူး” သူမက သတ်ဖြတ်လိုစိတ်ဖြင့် မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် တွေးသည်။ သူမသည် အံတင်းတင်းကြိတ်ရင်း အရှိန်ထပ်တင်ဖို့ အသက်ဓာတ်ကိုပင် ထုတ်ယူလိုက်၏။ ထို့နောက် လျှာထိပ်ကို ကိုက်ကာ သွေးတစ်ပွက်ထွေး၍ သူမကိုယ်သူမ မြူများ ဖြစ်လာစေသည်။ ထိုမြူများသည် ကြောက်ခမန်းလိလိ အသတ်အဖြတ်အရှိန်အဝါအဖြစ် တဟုန်ထိုးထွက်သွားသော သွေးမြူများအသွင် ပြောင်းသွား၏။

ချက်ချင်းဆိုသလို သူမနှင့် မန်ဟို့အကြား အကွာအဝေးက အံ့မခန်းလိလိ ကျုံ့သွားလေပြီ။ ထို့နောက် သူမသည် နေရာရွှေ့ပြောင်းပြီးနောက် မန်ဟို၏အရှေ့တည့်တည့်၌ ပေါ်လာ၏။ ထိုနေရာတွင် သူမက မျက်လုံးများမီးဝင်းဝင်းတောက်နေလျက် သူ့အား တွန်းထုတ်လိုက်လေသည်။

“ပြန်ဆုတ်စမ်း”သူမက အေးစက်စွာ ပြောသည်။ တစ်ချိန်တည်းမှာပင် သူမသည် ကျင့်ကြံခြင်းအခြေခံစွမ်းအားကို ထုတ်လွှတ်လိုက်ရာ မိုးမြေပျက်စီးခြင်းစွမ်းအားက သူမ၏လက်ဝါးထက်၌ စုဝေးလာလေသည်။ ရလဒ်အနေဖြင့် သူမအရှေ့ရှိ မြူများကား မန်ဟို့ကို ရိုက်ချလိုက်သော ဧရာမလက်ဝါးကြီးပုံစံဖြစ်သွားတော့သည်။

မန်ဟို၏မျက်လုံးများ သွေးအေးစွာ လက်သွားသည်။ ယခုတွင် ပိုင်ဝူချိန်၏ရည်ရွယ်ချက် သူနှင့်တူညီကြောင်း သူ ပြောနိုင်သွားချေပြီ။

“ဒါဆို သူက အဲဒီမှန်ကွဲစအတွက် ဒီသင်္ချိုင်းကို လာခဲ့တာလား” အတွေးရထား ဤဘူတာဆိုက်သော် မန်ဟိုက အေးစက်စက်နှာမှုတ်၍ တစ္ဆေများအား မြူလက်ထံ စေစားလိုက်သည်။ ၎င်းတို့ လက်ဝါးကြီးကို ဝင်တိုက်လိုက်သည့်အခါ ၎င်းတို့၏ဟိန်းဟောက်သံများက အရာအားလုံးကို တုန်ခါလာစေ၏။

အဝေးမှကြည့်ပါက တစ္ဆေများကို မမြင်ရသော်လည်း လက်ကြီးသည် မန်ဟို့အနားမကပ်နိုင်တော့ဘဲ တုံ့ခနဲ ရပ်သွားသည်ကို မြင်ရလိမ့်မည်။ ထို့နောက် ပြိုကွဲသွား၍ အင်မော်တယ်ပိုင်ဝူချိန် မျက်နှာပျက်သွားသည်။ သူမသည် မြူငွေ့များအသွင်ပြောင်းလျက် လျင်မြန်စွာ နောက်ဆုတ်ကာ တစ္ဆေပင်လယ်ကြီး၏ အသေတိုက်ကွက်ရှေ့မှောက်တင် ပျောက်ကွယ်သွား၏။

မန်ဟိုက မီးဝင်းဝင်းတောက်နေသည့် မျက်လုံးများဖြင့် သူမပျောက်ကွယ်သွားခဲ့သောနေရာကို လှည့်ကြည့်ကာ ပြောသည်။ “ငါ့လမ်းကို နောက်တစ်ခေါက် ပိတ်ရဲပိတ်ကြည့်။ ဘာကိုပဲပေးဆပ်ပေးဆပ်ရ မင်းကို သတ်ပစ်မယ်”

ထို့နောက် သူက လှည့်၍ ပျံထွက်သွားတော့သည်။

ပိုင်ဝူချိန်ကို သူ မသတ်လိုခြင်းမဟုတ်ပေ။ ကံဆိုးစွာနှင့် သူမ၏သိုင်းကွက်များသည် ကျင်ယွင်ရှန်းထက် အလွန်ဆန်းပြား၏။ မန်ဟို ခံစားရသရွေ့ သူမနှင့်ပတ်သက်၍ တစ်စုံတစ်ခုက အင်မတန် အန္တရာယ်များလေသည်။

ထို့ကြောင့် မလိုအပ်သရွေ့ သူမအား ဖိအားမပေးချင်ပေ။

မန်ဟို ထွက်သွားပြီးနောက် သူ ကြည့်ခဲ့သောနေရာတွင် မြူများပြန်ပေါ်လာကာ မိန်းမတစ်ယောက်အသွင် လျင်မြန်စွာ ပြန်ဖြစ်သွား၏။ သူမကား ပိုင်ဝူချိန်မှတစ်ပါး အခြားမဟုတ်ပေ။ သူမမျက်နှာသည် အတန်ငယ်ဖြူဖျော့နေသော်လည်း လက်မလျှော့နိုင်သေးပုံရ၏။ ကံ‌ဆိုးစွာနှင့် သူမအတွက် ရွေးချယ်စရာမရှိပေ။

မန်ဟို မည်မျှအင်အားကြီမားသည့်အပြင် တိုက်ခိုက်ဖို့ပင် မလိုကြောင်း သူမ ခံစားရသည်။ သူက တစ္ဆေများအား ခိုင်းစေနိုင်လေသည်။

“ငါပြင်ဆင်ခဲ့တာ နှစ်ပေါင်းများစွာရှိခဲ့ပြီ။ စောင့်ပြီးရင်း စောင့်နေခဲ့ရတယ်။ နောက်ဆုံးတော့ ဒီနေရာမှာ ငါ့အတွက် အခွင့်အရေးပေါ်လာခဲ့ပြီ။ အဲဒီဒုတိယမှန်ကွဲစက ငါ့အပိုင်ပဲ။ ငါနဲ့ပြိုင်လုဖို့ ကြိုးစားရဲတဲ့ ဘယ်သူမဆို သေရမယ်” သူမသည် အမျက်ဒေါသတို့ကြောင့် မျက်လုံးများစူးရဲတောက်ပလာသည့်အပြင် အသက်ရှူမြန်လာ၏။ ထို့နောက် ချာခနဲလှည့်လိုက်ရာ ဂိုဏ်းချုပ်နှင့်အခြားသူများ ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။

သူတို့ကို မြင်လျှင် သူမ၏မျက်လုံးများ လင်းလက်သွားပြီး သူတို့သုံးယောက်ထံ သီးသန့်စာတစ်စောင် ပို့လိုက်သဖြင့် သူမနှုတ်ခမ်းများ လှုပ်သွားသည်။

“တကယ်လား”

“မင်း အခု ဘာပြောလိုက်တာလဲ”

“အဲဒါက တကယ်လား”

ဂိုဏ်းချုပ်တို့မှာ တစ်ပြိုင်တည်းဆိုသလို ရေရွတ်မိလိုက်ကြသည်။ ပထမဆုံးတုံ့ပြန်မှုက အသက်ပြင်းပြင်းရှူနေသော ဂိုဏ်းချုပ်ထံမှ လာသည်။ သူသည် အင်မော်တယ်ပိုင်ဝူချိန်ကို ကြည့်ရင်း မျက်လုံးများတောက်ပလာ၏။

ဒုတိယတုံ့ပြန်မှုကတော့ ရှကျုံတုံးထံမှ လာသည်။ သူ့တစ်ကိုယ်လုံး တုန်ရီသွားပြီး အင်မော်တယ်ပိုင်ဝူချိန်ကို စိုက်ကြည့်ရင်း သူကား တခြားလူတစ်ယောက်သဖွယ် ပြောင်းလဲသွားသယောင်ပင်။ သူခံစားနေရသည့် အရာကို ဖုံးကွယ်ထားသော်လည်း သူ၏မျက်လုံးများ သွေးချင်းနီနေပြီး သူ့မှာ အတိုင်းထက်အလွန် တုန်လှုပ်နေပုံပေါ်သည်။

တတိယတုံ့ပြန်မှုကတော့ ကျင်ယွင်ရှန်းထံမှလာသည်။ သူသည် မယုံကြည်နိုင်သောအမူအရာဖြင့် အသက်ရှူမြန်နေ၏။

“ကျွန်မပြောတာ မှန်လားမမှန်ဘူးလား ရှင်တို့သုံးယောက် မကြာခင် သိရမှာပါ” ထို့နောက် သူမသည် လက်ဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြားသုံးပြား ပျံထွက်သွား၏။ တစ်ပြားစီတွင် မတူညီသောအချက်အလက်များ ပါဝင်လေသည်။ ဂိုဏ်းချုပ်နှင့် ကျန်နှစ်ယောက်က ၎င်းတို့အား ဖမ်းယူလိုက်သည်။

ကျောက်စိမ်းပြား လက်ထဲရောက်လျှင်ချင်း ဂိုဏ်းချုပ်က ၎င်းကို လေ့လာပြီးနောက် သုန်မှုန်သွား၏။ တခဏကြာသော် သူသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး ဆုံးဖြတ်ရခက်နေသောအမူအရာကို သူ၏မျက်ဝန်းများ၌ မြင်ရနိုင်သည်။ ထို့နောက် ကျောက်စိမ်းပြား ပျောက်ကွယ်သွားကာ သူ၏အမူအရာသည် လွန်စွာတင်းမာလာ၏။

ရှကျုံတုံးကမူ ကျောက်စိမ်းပြားကို လေ့လာပြီးသောအခါ ဘာစကားတစ်ခွန်းမှမပြောပေ။ သို့သော် သူ၏မျက်လုံးများက ပို၍ပင်နီရဲလာပြီး ကျေနပ်အားရနေသောအလင်းရောင်ကိုပင် ထုတ်လွှတ်နေသည်။

ထို့နောက် ကျင်ယွင်ရှန်း။ သူက ကျောက်စိမ်းပြားကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားသဖြင့် သူ့လက်၌ သွေးကြောများပင် ထောင်နေသည်။

“တာအိုရောင်ရင်းတို့” ပိုင်ဝူချိန်က ပြောသည်။ “ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးနိုင်မလား။ သူ့ရဲ့တစ္ဆေကို နှစ်နာရီလောက် ငြိမ်သွားအောင် လုပ်နိုင်မယ့် နည်းလမ်း ကျွန်မမှာ ရှိတယ်” ပိုင်ဝူချိန်က သူမ၏ကမ်းလှမ်းမှုကြောင့် စိတ်လှုပ်ရှားသွားမည်ဟု အပိုင်တွက်ထားပြီး မျှော်လင့်နေသောအမူအရာဖြင့် ပါရာဂွန်သုံးဦးအား ကြည့်နေသည်။ မှန်ကွဲစကို ရဖို့ သူမသည် ခက်ခက်ခဲခဲ အချိန်ပေးပြင်ဆင်ခဲ့ရသလို၊ ကြိုးစားပမ်းစားလည်း အားထုတ်ခဲ့၏။ မူလက ပါရာဂွန်များ မှန်စကွဲကို မလုအောင် ဟန့်တားဖို့အတွက် ထိုကျောက်စိမ်းပြားများအား ပြင်ထားခြင်းဖြစ်သည်။

သို့သော် မန်ဟိုက အရာအားလုံးကို ပြောင်းလဲခဲ့၍ ယခုတော့ သူမမှာ စီစဉ်ထားသည့်အချိန်ထက်ပို၍ မဖြစ်မနေ အကောင်အထည်ဖော်ရတော့သည်။

စကားပြောပြီးနောက် သူမက လက်ယှက်၍ ဦးညွတ်လိုက်သည်။ ကျန်သုံးယောက်ထံမှ တုံ့ပြန်မှုကို မစောင့်တော့ဘဲ သူမသည် လှည့်ထွက်သွား၏။ မန်ဟို့ကို ကိုင်တွယ်ဖို့ သူတို့ သူမကို ကူညီလိမ့်မည်ဟု သူမ ရာနှုန်းပြည့်ယုံကြည်လေသည်။

သူမထွက်သွားပြီးနောက် ရှကျုံတုံးက မျက်ထောင့်နီများဖြင့် အသတ်အဖြတ်စိတ်ဆန္ဒကို ထုတ်ဖော်လျက် သူမအနောက်သို့ ဦးစွာလိုက်ပါသွားသည်။

ထို့နောက် ကျင်ယွင်ရှန်း။ သူ့လက်အကြောများ ထောင်နေဆဲဖြစ်သော်လည်း သူ၏မျက်နှာသည် တည်ငြိမ်နေ၏။

နောက်ဆုံးတော့ ဂိုဏ်းချုပ်။ သူက အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏မျက်လုံးများ အတန်ငယ်မှေးမှိန်သွားသည်။ သူ့အမူအရာသည် အေးစက်လာကာ သူသည် တိုးညင်းစွာ ရေရွတ်လိုက်၏။ “ကျေးဇူးပြုပြီး ခွင့်လွှတ်ပါ တာအိုရောင်ရင်းမန်...”

ထို့နောက် သူ၏စွမ်းအားသည် မြင့်တက်လာပြီး သူက အခြားသူများနောက် လိုက်ပါပျံသန်းသွားတော့သည်။

သုံးယောက်သား ပိုင်ဝူချိန်နှင့်အတူ မန်ဟို့နောက်မှ ထပ်ကြပ်မကွာလိုက်သွားသည်။

မန်ဟိုကား သိပ်မလှမ်းမကမ်းတွင် သူ၏ပန်းတိုင်ကို လှမ်းမြင်လိုက်ပြီဖြစ်သည်။

၎င်းသည် လေရူး၏မွှေနှောက်မှုကြောင့် သဲမှုန်များ ပျံ့လွင့်နေသော သဲကန္တာရတစ်ခုဖြစ်၏။ မန်ဟိုက အနားရောက်လာသည့်အခါ အသက်ပြင်းပြင်းတစ်ချက်ရှူပြီးနောက် နတ်ဘုရားအာရုံကို ဖြန့်ကျက်ရင်း သူ၏လက်နှစ်ဖက်လုံးအား အရှေ့သို့ ဝှေ့ယမ်းလိုက်သည်။

မရေမတွက်နိုင်သော တစ္ဆေများ ထိုဧရိယာကို အဝင်အထွက်ပိတ်ဖို့ နေရာယူနေစဉ် မန်ဟို့မျက်နှာထက်ရှိ စိတ်လှုပ်ရှားမှုနှင့် မျှော်လင့်မှုသည် ကြီးထွားလာ၏။

သူက သဲကန္တာရထံ လက်ဝှေ့ယမ်းလိုက်ရာ ဝုန်းခနဲ မြည်ဟည်းသွားသည်။ အရာအားလုံး တုန်ခါနေစဉ် သဲများသည် မြောက်တက်လာပြီး တောင်တစ်လုံးအသွင် ဖြစ်လာ၏။

တောင်၏ပုံစံ ထင်ရှားလာသည်နှင့်မျှ သဲကန္တာရ၏ဧရိယာမှာ ကျုံ့လာသည်။ သဲတောင်သည် မိုးထိနှင့်လုသည့်တိုင်အောင် မြင့်သထက်မြင့်မားလာကာ တိမ်တိုက်များကို ထိလေပြီ။ မကြာမီ သဲကန္တာရဟူ၍ မရှိတော့။

မန်ဟို့အရှေ့၌ သဲကန္တာရအောက်တွင် ဝပ်နေခဲ့သော အပျက်အစီးပြင်ကြီး ပေါ်လာသည်။ ထို့အပြင် ထိုအပျက်အစီးများ၏အလယ်တွင် ကန်တစ်ကန် ရှိနေ၏။

သေချာကြည့်လိုက်သည့်အခါ ကန်မဟုတ်ဘဲ ... မှန်တစ်ချပ်၏ အကွဲစတစ်စဖြစ်နေသည်။ သို့သော် ၎င်းက ကြီးမားလွန်းသည့်အတွက် ပထမဆုံးတစ်ချက်ကြည့်လိုက်လျှင် ကန်တစ်ကန်နှင့် တူလေသည်။

မန်ဟိုမှာ မှန်ကွဲစကို မြင်လျှင် ရင်တဒိန်းဒိန်းခုန်လာသည်။ ကြက်တူရွေး၊ ကြေးမုံနှင့် တခြားအရာများစွာကို သူ တွေးမိလိုက်သည်။ ထို့နောက် သူသည် အသက်ပြင်းပြင်းရှူလျက် လှမ်း၍ ဖမ်းဆုပ်ဟန် လုပ်လိုက်၏။

All Chapters