လူရိုးလူဖြောင့် ကျင်ယွင်ရှန်း
Vol. 106 Ch. 1471
မန်ဟို မှန်ကွဲစထံ လှမ်းလိုက်သည့်အချိန်မှာပဲ အာကာပြင်ကျယ်ဂြိုဟ်၏ အုပ်စိုးသူလေးဦးဖြစ်သော ပိုင်ဝူချိန်၊ ရှကျုံတုံး၊ ဂိုဏ်းချုပ်နှင့် ကျင်ယွင်ရှန်းတို့အားလုံး အတူတကွ တိုက်ခိုက်လိုက်ကြသဖြင့် သဲကန္တာရ၏အပြင်မှ ထစ်ချုန်းသံများ ကြားလိုက်ရသည်။
သူတို့၏ပူးပေါင်းတိုက်ကွက်က ပြင်းထန်သောဖိအားကို ဖြစ်ပေါ်လာစေသည်။ ဤသည်မှာ တိုက်ကွက်တစ်ကွက်၏ စွမ်းအားမဟုတ်၊ တိုက်ကွက်လေးကွက်၏ ပေါင်းစည်းမှု ဖြစ်ချေသည်။ တန်ခိုးရှင်အဆင့်ဟု မဆိုနိုင်သော်လည်း အလွန်နီးကပ်နေသော လေရူးမုန်တိုင်းတစ်လုံး လည်လာသည်။
ထိုကဲ့သို့အင်အားတစ်ရပ်က တစ္ဆေပင်လယ်တစ်စင်းလုံးကို မတုန်လှုပ်နိုင်သော်လည်း ထိုးခွင်းနိုင်သည်အထိ ထက်မြလေသည်။
အစွမ်းထက်ပညာရှင်လေးဦးတိုက်ကွက်သည် ဝါးကို ဖြတ်လိုက်သော ဓားသွားသဖွယ် ထိုးခွင်းရင်း သဲကန္တာရဧရိယာနှင့် နီးသထက် နီးလာ၏။
မန်ဟိုက ထစ်ချုန်းသံများကို အဖက်မလုပ်ဘဲ သူ့လက်ဝါးကို ဖြည်းညင်းစွာ ဆုပ်လိုက်သည်။ ထိုအခါ မှန်ကွဲစသည် လက်ချောင်းတစ်ချောင်းအရွယ်အထိ ကျုံ့ရင်း သူ့ဆီ ပျံသန်းလာ၏။
မှန်ကွဲစကား ဘာဆိုဘာမှမထူးခြားဘဲ သာမန်မှန်ကွဲစသယောင်ပင်။ သို့သော် ဤအရာဝတ္ထုသည် အဖိုးအထိုက်ဆုံးရတနာများထက်ပင် များစွာကျော်လွန်ကြောင်း ခံစားသိရှိနိုင်၏။ တန်ခိုးရှင်အရှိန်အဝါကိုပင် ရိုးတိုးရိပ်တိပ် ပိုင်ဆိုင်ထားလေသည်။
မန်ဟိုသည် ၎င်းကို ထိလိုက်လျှင်ချင်း မှန်ကွဲစပေါ်၌ သက်ဝင်လှုပ်ရှားနေသော ချုပ်နှောင်စွမ်းအားအနည်းငယ်ကို ခံစားလိုက်ရ၍ အတွေးများဖြင့် ပြုံးလိုက်မိ၏။
ဤမှန်ကွဲစသည် အင်မတန်အသုံးဝင်သော်လည်း ၎င်း၏စွမ်းရည်များကို နားလည်ဖို့ ၎င်းကို ရရှိလိုက်သည့် မည်သူမဆို ထဲထဲဝင်ဝင်လေ့လာဖို့ လိုလိမ့်မည်။ မန်ဟိုမှလွဲ၍။ သူစဉ်းစားရသရွေ့ လေ့လာခြင်းမှတစ်ဆင့် ဆုံးဖြတ်နိုင်သော ထိုအသုံးများမှာ မှန်ကန်မည်မဟုတ်ပေ။
မန်ဟိုသာလျှင် မှန်ကွဲစကို ၎င်းရည်ရွယ်ချက်အတိုင်း အသုံးပြုနိုင်သည်။ မှန်ကွဲစသည် တစ်ခါတုန်းက ကြေးမုံ၏တစ်စိတ်တစ်ပိုင်း ဖြစ်ခဲ့သည့်အပြင် ထိုကြေးမုံ၏ပိုင်ရှင်က ... မန်ဟိုပင် မဟုတ်ပါလော။
ကြေးမုံကို ဆုံးရှုံးလိုက်ရပြီး ကြက်တူရွေးလည်း ၎င်း၏အသိစိတ်ကို၎င်း ဖယ်ရှားခဲ့လျှင်တောင်မှ မပြောင်းလဲမည့်အချက်တစ်ချက် ရှိသည်.... မန်ဟိုက ဤခေတ်တွင် ကြေးမုံ၏သခင်ပင်။
မိုးကောင်းကင်သော်လည်းကောင်း၊ မြေကြီးသော်လည်းကောင်း ထိုအချက်ကို မပြောင်းလဲနိုင်။
မန်ဟိုသည် မှန်ကွဲစကို ကြည့်၍ သူ၏နတ်ဘုရားအာရုံကို စုစည်းပြီးနောက် ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ကာ မှန်ကွဲစအပေါ် ဖိချလိုက်၏။
လက်ချောင်းထိပ်မှ သွေးစက်တစ်စက်ကိုလည်း ချလိုက်သည်။ ၎င်း မှန်ကွဲစနှင့်တစ်သားတည်း ဖြစ်သွားသောအခါ သူ၏အသိစိတ်သည် တုန်လှုပ်သွားပြီး မှန်ကွဲစထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ သူ၏ပတ်ပတ်လည်ရှိ အရာအားလုံး တဝုန်းဝုန်းမြည်နေလေသည်။ သို့သော် ဤအခိုက်အတန့်တွင် သင်္ချိုင်းအပြင်တစ်နေရာရာမှ တချို့သောအငွေ့အသက်များကို ခံစားလိုက်ရကြောင်း သူ သတိထားမိသွားသည်။
၎င်းတို့သည် အလွန်ဝေဝါးသော်လည်း ရှိတော့ရှိနေ၏။ ၎င်းတို့က .. ကြေးမုံ၏အငွေ့အသက်၊ ကြက်တူရွေး၏အရှိန်အဝါဖြစ်ကြောင်း မန်ဟို ချက်ချင်း သိလိုက်လေသည်။
မန်ဟိုမှာ တဆတ်ဆတ် တုန်သွားပြီး အသက်ပြင်းစွာ ရှူလိုက်မိသည်။ သူသည် ဆင့်ခေါ်ဖို့ ကြိုးစားသော်လည်း မှန်ကွဲစက အစွမ်းလုံလုံလောက်လောက် မရှိသေးပေ။ မည်သည့်စမ်းကြည့်စမ်းကြည့် မအောင်မြင်။
“တစ်ခုတည်းနဲ့ မလုံလောက်ဘူး။ ဒါပေမဲ့ မှန်ကွဲစအကုန် စုနိုင်ရင်တော့ သေချာပေါက် ကြေးမုံကို ဆင့်ခေါ်နိုင်လိမ့်မယ်” သူ၏မျက်လုံးများသည် လင်းလက်တောက်ပနေ၏။ သူက အသက်ပြင်းပြင်းရျူလျက် ကြေးမုံအား ဆင့်ခေါ်နေသည်ကို ရပ်ကာ ဘေးဘီဝဲယာအား တိတ်ဆိတ်စွာ ကြည့်လိုက်သည်။
တဖြည်းဖြည်း အာကာပြင်ကျယ်စကြဝဠာ၏အတွင်း၌ ... သူ့ကို ဆွဲဆောင်နေသော အရှိန်အဝါများဖြင့် နေရာရှစ်နေရာရှိကြောင်း အာရုံရလိုက်သည်။
တစ်နေရာက ကြေးမုံအမှန်တကယ် ရှိသောနေရာပင်။ သူနှင့်အဝေးဆုံးလည်း ဖြစ်၏။ ဝေးလွန်း၍ ၎င်း၏တည်နေရာအတိအကျကို ဆုံးဖြတ်ရန် ခက်ခဲလေသည်။ ကျန်နေရာခုနစ်နေရာနှင့်ပတ်သက်၍မူ ဝေးလံသောနေရာများကိုလည်း အတိအကျ ခံစားနေရသည။
“မှန်ကွဲစတစ်စကို တောင်ပင်လယ်လောကမှာ ငါ တွေ့ခဲ့တယ်” သူက ခပ်တိုးတိုး ရေရွတ်သည်။ “အဲဒီအချိန်တုန်းက ငါ့ကျင့်ကြံအဆင့်က ကျန်တဲ့မှန်ကွဲစတွေရဲ့ တည်နေရာကို ဆုံးဖြတ်ဖို့ အစွမ်းမထက်ခဲ့ဘူး” မန်ဟိုသည် သူ၏နတ်ဘုရားအာရုံကို သုံးရင်း ... အနီးဆုံးမှန်ကွဲစ၏တည်နေရာကို စိုက်ကြည့်လိုက်၏။
သူက ၎င်း၏အပေါ်တည့်တည့်ရောက်နေသကဲ့သို့ ထိုမှန်ကွဲစသည် လွန်စွာနီးကပ်နေလေသည်။
“မှန်ကွဲစအကြောင်း သူ သိတာလည်း အံ့ဩစရာမရှိဘူး” သူက တွေးသည်။ “သူ့မှာ မှန်ကွဲစတစ်စ ရှိနေတာကိုး” ကျန်မှန်ကွဲစခုနစ်ခုအနက် အနီးဆုံးတစ်ခုသည် တတိယမြေထု၏အပေါ်၊ တစ္ဆေပင်လယ်၏အတွင်းထဲရှိ ... ပိုင်ဝူချိန်၏လက်ထဲတွင် ဖြစ်ကြောင်း သဘောပေါက်လိုက်သဖြင့် မန်ဟို၏မျက်လုံးများ လင်းလက်တောက်ပလာတော့သည်။
မန်ဟို နတ်ဘုရားအာရုံအား မှန်ကွဲစထဲ ထည့်သွင်းလိုက်သည့်အခိုက်အတန့်မှာပင် သူ့ထံ လျှပ်စီးလိုပြေးဝင်လာသော လူလေးယောက်ပေါ်လာသဖြင့် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။
သူတို့သည် အစွမ်းကုန်တိုက်ခိုက်ရင်း တစ္ဆေပင်လယ်ကြီးကို ထိုးခွင်းကာ သဲကန္တာရနှင့် မန်ဟို့ထံ ချဉ်းကပ်လာနေ၏။ မန်ဟို သူတို့ဘက် လှည့်၍ မျက်နှာချင်းဆိုင်လိုက်သောအခါတွင် မန်ဟို့လက်ထဲရှိ မှန်ကွဲစကို သူတို့ မြင်လိုက်လေသည်။
“ကျေးဇူးပြုပြီး ဗွေမယူပါနဲ့ နဝမပါရာဂွန်....” ဂိုဏ်းချုပ်က သက်ပြင်းချရင်း ပြောသည်။ သူသည် လက်ယှက်နှုတ်ဆက်ရင်း ခြေလှမ်းကြဲကြဲလျှောက်လာ၏။
ရှကျုံတုံးက ဘာမှမပြော။ ကျင်ယွင်ရှန်းကမူ လက်အကြောများ ထောင်နေဆဲဖြစ်ပြီး အပြုံးအရယ်မရှိ။
ဂိုဏ်းချုပ်က ပိုင်ဝူချိန်၏အနောက်တွင် ဖြစ်သည်။ သူ့ဘေးတွင် ရှကျုံတုံး။ ဟိုးနောက်ဆုံးတွင်တော့ ကျင်ယွင်ရှန်း။ သူတို့သည် မြားလေးစင်းသဖွယ် မန်ဟို့ထံ ပြေးဝင်လာနေကြ၏။
မန်ဟိုက သူတို့အားလုံး တိုက်ခိုက်နေသည်ကို မြင်လိုက်ရ၍ အံ့အားသင့်သွားဟန်မတူပေ။ သူသာ ပိုင်ဝူချိန်ဖြစ်၍ သင်္ချိုင်းထဲရှိ မှန်ကွဲစကို ခံစားခဲ့ရလျှင် ကျန်အနှစ်သာရ ၉ ခုအထွတ်အထိပ်အဆင့် ပါရာဂွန်များ ကူညီအောင် ဖိအားပေးနိုင်မည့် နည်းလမ်းအပါအဝင် ပြင်ဆင်မှုများစွာ လုပ်ထားခဲ့လိမ့်မည်။
“ဒီမှန်ကွဲစတွေကို ဘာအတွက် မင်းလိုချင်တာလဲ ငါ မသိဘူး” သူက အေးစက်စွာ ပြောသည်။ “ဒါပေမဲ့ မင်းလက်ထဲကတစ်ခုကို ရှာဖို့ အချိန်မကုန်အောင် လုပ်ပေးလို့ ကျေးဇူးတင်ပါတယ်” သူသည် လာနေသော ပါရာဂွန်လေးယောက်ကို ဣန္ဒြေမပျက် ရင်ဆိုင်၏။ သူက လက်ဝှေ့ယမ်းလိုက်ရာ တစ္ဆေပင်လယ်ကြီးသည် ဟိန်းဟောက်အော်မြည်လျက် သူ၏ရန်သူလေးယောက်အား ရိုက်ခတ်တော့မည့် လေပွေတစ်လုံးဖြစ်လာသည်။
စောစောက ဤလေးယောက် တိုက်ခိုက်ထိုးခွင်းခဲ့သည်မှာ ထိုဧရိယာကို စောင့်ကြပ်နေသော တစ္ဆေပင်လယ်၏တစ်စိတ်တစ်ပိုင်းသာ ဖြစ်ခဲ့လေသည်။ ယခုတွင် သူတို့သည် တစ္ဆေအားလုံး၏ ပူးပေါင်းအင်အားကို ရင်ဆိုင်နေရလေပြီ။
တစ္ဆေများ သူတို့ထံ ပြေးဝင်သွားနေစဉ် အအေးဓာတ်က ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အေးခဲလာစေသည်။ သို့သော် ပိုင်ဝူချိန်၏မျက်လုံးများသည် လင်းလက်တောက်ပလာ၏။ သူမက လေကို လှမ်းဖမ်းလိုက်ရာ ရုတ်တရက်ဆိုသလို သူမ၏မှန်ကွဲစကား သူမလက်ထဲတွင် ပေါ်လာတော့သည်။
၎င်းသည် မန်ဟို ရရှိခဲ့သည့် မှန်ကွဲစထက် အတန်ငယ်ပိုကြီး၏။ ၎င်းပေါ်လာလျှင်ချင်း ပိုင်ဝူချိန်က ၎င်းအပေါ်သို့ အသက်ဓာတ်အနှစ်သာရတချို့ ထွေးထုတ်ပြီးနောက် ခေါင်းပေါ် မြှောက်လိုက်လေသည်။
မှန်ကွဲစသည် မိုးကောင်းကင်နှင့်မြေကြီး လှုပ်ခတ်စေနိုင်သော အရောင်အဝါတို့ဖြင့် ပြိုးပြိုးပြက်ပြက် တောက်ပနေ၏။ ၎င်း ဖြတ်သွားသည့်နေရာတိုင်းတွင် တစ္ဆေများ တုန်ရီလာပြီး ငေးကြောင်နေသည့်အမူအရာများဖြင့် တုံ့ခနဲ ရပ်သွားကြသည်။
မျက်စိတစ်မှိတ်အတွင်း အရောင်အဝါသည် အရပ်လေးမျက်နှာသို့ ဖြာထွက်သွားရာ တစ္ဆေအားလုံးကို ရပ်တန့်သွားစေတော့သည်။
ပိုင်ဝူချိန်၏ပါးစပ်မှ သွေးများပန်းထွက်သွား၏။ သိသိသာသာပင် မှန်ကွဲစကို ထိုသို့သုံးဖို့ ကြီးကြီးမားမား ပေးဆပ်ရလိမ့်မည်။ သို့သော် တခဏကြာသော် သူမကား မန်ဟို့ထံ ထပ်မံပြေးဝင်လာလေပြီ။
ဂိုဏ်းချုပ်သည် ရှကျုံတုံး၊ ကျင်ယွင်ရှန်းနှင့်အတူ တိတ်ဆိတ်စွာ လျှောက်လာ၏။ လေးယောက်လုံးက ရပ်တန့်နေသောတစ္ဆေများကြားမှ မန်ဟို့ထံ တန်းတန်းမတ်မတ် လာနေကြသည်။
ထိုမြင်ကွင်းအရ မန်ဟိုက တတိယမြေထု၏ စောင့်ရှောက်သူဖြစ်ပြီး ဤလေးယောက်ကား ဓားတောင်နှင့်မီးပင်လယ်ကို ဖြတ်ပြီးနောက် ဤနေရာသို့ ဝင်ရောက်လာကာ ဆုကြေးရဖို့ မန်ဟို့အား သတ်တော့မည့် ကျူးကျော်သူများနှင့် တူနေသည်။
“မှန်ကွဲစကို အဲဒီလိုသုံးရတာမဟုတ်ဘူး” မန်ဟိုက မပြောင်းလဲသောအမူအရာဖြင့် ပြောသည်။ သူသည် ခေါင်းမော့၍ ညာလက်သီးကို ဆုပ်ကာ အင်မော်တယ်ပိုင်ဝူချိန်အား ထိုးချလိုက်၏။
သူက နတ်ဘုရားသုတ်သင်ခြင်း၊ ခန္ဓာစတေးခြင်းနှင့် အသက်နုတ်လက်သီးတို့ကို ပေါင်းစည်းထားသော စတုတ္ထလက်သီး နတ်ဆိုးဇီဝိန်ချုပ်လက်သီးကို ချက်ချင်း အသုံးပြုလိုက်လေသည်။ လက်ကြီးတစ်ချက်သည် မိုးနှင့်မြေအပါအဝင် အရာအားလုံးကို တဝုန်းဝုန်း တုန်ခါသွားစေသည်။
အုန်းခနဲ အင်မော်တယ်ပိုင်ဝူချိန် တုန်ရီသွားသည်။ သူမမှာ နှုတ်ခမ်းထောင့်မှ သွေးများစီးကျလျက် နောက်လွင့်ထွက်သွားသည်။ သို့သော် မန်ဟိုလည်း နောက်ကန်ထွက်သွားပြီး မျက်နှာအတန်ငယ် နီမြန်းသွား၏။ ရှကျုံတုံးကမူ သဲလေပွေတစ်လုံးအသွင်ပြောင်းကာ မန်ဟို့အား ဝုန်းဒိုင်းကြဲ ဝင်တိုက်လိုက်သည်။
မန်ဟိုသည် လက်နှစ်ဖက်လုံးကို လေပေါ်မြှောက်လျက် အေးစက်စက် နှာမှုတ်၏။ တစ်ချိန်တည်းမှာပင် သူက ရှကျုံတုံးထံ ပြေးဝင်သွားသော မိုးပြာရောင်သိမ်းငှက်တစ်ကောင် အသွင်ပြောင်းသွားသည်။ တဝုန်းဝုန်းပေါက်ကွဲသံများ ပဲ့တင်ထပ်နေစဉ် ရှကျုံတုံးမှာ သဲထဲမှ ထွက်လာပြီး ခြေလှမ်းအနည်းငယ် ယိုင်သွား၏။ မန်ဟိုလည်း ပါးစပ်မှသွေးများစီးကျလျက် နောက်ယိုင်သွားသည်။ ထို့နောက် သူသည် ဂိုဏ်းချုပ်အား မော့ကြည့်၏။ ဂိုဏ်းချုပ်မှာ ခံစားချက်များ ရှုပ်ထွေးနေသောအမူအရာဖြင့် မန်ဟို့နဖူးဆီ လက်တောက်လိုက်လေသည်။
ထိုလက်ချောင်းတိုက်ကွက်ကား မိုးကောင်းကင်၏အင်အားအလား ကြောက်ခမန်းလိလိဖိအားကြီးကို သက်ရောက်လာစေသည်။ သို့သော် ထိုအခိုက်အတန့်တွင် မန်ဟိုက ညာလက်ဖြင့် မုဒြာလက်ကွက်ဖော်ရင်း အဋ္ဌမမန္တန် အာကာသအနှစ်သာရအား ထုတ်လွှတ်လိုက်၏။ ချက်ချင်းပင် သီးခြားဒိုင်မန်းရှင်တစ်ခု ခွဲထွက်သွားသည့်အလား ထင်ရပေသည်။
ဂိုဏ်းချုပ်၏ လက်ချောင်းက မန်ဟို့နဖူးပေါ် သိသိသာသာ ကျရောက်သွားသည့်တိုင် မန်ဟိုသည် တစ်လက်မလေးပင် မလှုပ်ပေ။ ဆန့်ကျင်ဘက်တွင် ဂိုဏ်းချုပ်မှာ လွင့်ထွက်သွား၏။ သူသည် မျက်နှာအမူအရာရိပ်ခနဲ ဖြစ်သွားပြီး အင်္ကျီလက်စခါလိုက်သည်။ အာကာသ၏အနှစ်သာရကို ရှောင်လိုက်စဉ်မှာပဲ ဂိုဏ်းချုပ်က နောက်တိုက်ကွက်တစ်ကွက် ထုတ်လွှတ်ပြင်သော်လည်း ရုတ်တရက် ကျင်ယွင်ရှန်းသည် စူးစူးဝါးဝါးကြွေးကြော်ကာ မန်ဟို့ဆီ ဘီလူးသရဲစီးသကဲ့သို့ ပြေးဝင်သွား၏။
သူ မန်ဟို့ကို တိုက်ခိုက်တော့မည်ဟု လူတိုင်း ယူဆလိုက်ကြသော်လည်း ကျင်ယွင်ရှန်းက ချာခနဲ လှည့်လိုက်သည်။ မန်ဟို့အနားရောက်သည်နှင့် သူသည် ဂိုဏ်းချုပ်ဆီ လက်ရွယ်၍ ဆုတ်ဖြဲဟန် လုပ်လိုက်၏။
၎င်းက သူ၏ကောင်းကင်စုတ်ဖြဲခြင်းတိုက်ကွက်မှတစ်ပါး အခြားမဟုတ်ပေ။
အုန်းခနဲ မြည်ဟည်းသွားပြီး ဂိုဏ်းချုပ် မျက်မှောင်ကြုတ်သွားသည်။ သူ့လက်နှစ်ဖက်သည် မုဒြာလက်ကွက်တစ်ကွက်ဖော်လိုက်ရာ အစွမ်းထက်လှိုင်းဂယက်များအား အကာအကွယ်သဖွယ် ဖြာထွက်သွားစေ၏။ ယခုလို တိုက်ပွဲအခြေအနေ ပြောင်းလဲသွားမှုက လွန်စွာမထင်မှတ်ထားဖွယ်ကောင်းသည့်အတွက် ဂိုဏ်းချုပ်အနေဖြင့် နောက်ဆုတ်ရုံအပြင် မရှိတော့ပေ။ ရှကျုံတုံးလည်း မတိုက်ခိုက်နိုင်တော့သလို၊ အင်မော်တယ်ပိုင်ဝူချိန်လည်း နိုးနိုးကြားကြား သတိကပ်သွားသည်။
“ကျင်ယွင်ရှန်း နင် ရူးနေလား” သူမက ဒေါသတကြီး အော်သည်။ စောစောက ကျင်ယွင်ရှန်းကို သူမကမ်းလှမ်းခဲ့သည့်အရာမှာ အလွန်မယုံနိုင်ဖွယ်ကောင်းလွန်း၍ သူ မပူးပေါင်းဘဲ နေမည်မဟုတ်ဟု သူမယုံကြည်ခဲ့လေသည်။
“အာကာပြင်ကျယ်စကြဝဠာမှာ ကိုးအနှစ်သာရပြန်လည်စစ်ထုတ်ခြင်းသစ်သီးတွေ ရှားတယ်” ကျင်ယွင်ရှန်းက ပြောသည်။ “မင်းသာ တစ်လုံး ထုတ်ပြီး ပေးခဲ့ရင်တော့ ငါ အထင်ကြီးကောင်း ကြီးခဲ့မိမှာပေါ့။ ဒါပေမဲ့ မင်းက သစ်သီးတစ်လုံးကို ရအောင် ဘယ်လိုယူရမလဲပဲ ပြောခဲ့တာ။ မင်းရဲ့အချက်အလက်က တိကျကောင်းတိကျလိမ့်မယ် ၊ နောက်ဆုံးတော့ ကိုးအနှစ်သာရပြန်လည်စစ်ထုတ်ခြင်းသစ်သီးကို ငါရကောင်းရလိမ့်မယ်။ ဒါပေမဲ့.... ငါက အဲဒီလိုလူစားမျိုး မဟုတ်ဘူးကွ။ ငါဟာ အမြဲတမ်း ရိုးဖြောင့်ခဲ့တဲ့လူ။ တာအိုရောင်းရင်းမန်နဲ့ ရန်ငြိုးရန်စတွေ ချေဖို့ သဘောတူပြီးသား။ အဲဒီကတိကို ငါ အလေးအနက်ထားတဲ့အတွက် ဘာကြောင့် ငါ့စကားကိုငါ ပြန်ရုပ်သိမ်းရမှာလဲ” ကျင်ယွင်ရှန်းသည် အလွန်မာနကြီးသောပုံစံဖြင့် မေးကို မေ့ထား၏။
တကယ်တော့ စိတ်ထဲတွင် ကြိတ်ဆဲနေလေသည်။
“မင်းကမှ ရူးနေတာ ပိုင်ဝူချိန်” သူက မန်ဟို့ဘေးတွင် ရပ်နေစဉ် တွေးသည်။ “မန်ဟို့ကို သတ်နိုင်မယ်လို့ မင်း ရာနှုန်းပြည့် အာမ,မခံနိုင်သရွေ့ သူ့အရူးစရိုက်ကို ထည့်တွက်ရင် သူက ငါ့ကို ကိုးအနှစ်သာရပြန်လည်စစ်ထုတ်ခြင်းသစ်သီးရအောင် ယူခွင့်ပေးမယ်ထင်လား လီးလိုပဲ။ ကျင့်ကြံသူလောကမှာ ကတိဆိုတာ မယုံကြည်ရဆုံးအရာကွ။ ကျန်တဲ့နှစ်ယောက် ဘာကြောင့်သဘောတူခဲ့မှန်း ငါ နားကိုမလည်နိုင်ဘူး။ ဂိုဏ်းချုပ်မှာ အာကာပြင်ကျယ်ကျောင်းတော်ရှိတယ်။ ရှကျုံတုံးက ခေါင်းမာတယ်။ ဒါပေမဲ့ ငါ ကျင်ယွင်ရှန်းကတော့ အလွယ်တကူ အရူးလုပ်လို့ရတဲ့ လူစားမျိုးမဟုတ်ဘူး”
(မန်ဟိုက မှန်ကွဲစတစ်စကို အပိုင်း ၆၁၉ မှာ ရခဲ့ဖူးပါတယ်)