← Chapters

အင်မော်တယ်မြက်

Vol. 7 Ch. 95

အင်မော်တယ်မြက်

Vol. 7 Ch. 95

အခန်း(၉၅) - အင်မော်တယ်မြက်

"အရင်ဆုံးတစ်စေ့လောက် စမ်းဝယ်ကြည့်ရအောင်"

ယဲ့ရှောင်ချန်းသည် လက်တွန့်မနေဘဲ အင်မော်တယ် လေမြက် မျိုးစေ့တစ်စေ့ကို တန်းဝယ်ခဲ့ပါသည်။

မျိုးစေ့က သေးငယ်သည်။ နှမ်းစေ့လောက်ထက် အများကြီးသိပ်မကြီးပါ။ တစ်ကိုယ်လုံးကလည်း အနက်ရောင်ဖြစ်သည်။

အင်မော်တယ် လေမြက်ပင် စိုက်ပျိုးနည်းကို သူပြန်ကြည့်လိုက်၏။

"အင်မော်တယ် လေမြက်ပင်က ရေဂုဏ်သတ္တိ အင်မော်တယ်အပင်မျိုးစုထဲ ပါဝင်တယ်။ ကံကောင်းစွာနဲ့ ဒီလို အင်မော်တယ် မြက်ပင်မျိုးမှာ ဝိညာဥ်အသွင်ပြောင်းခြင်း ဝိသေသလက္ခဏာရှိတယ်။ ရေဂုဏ်သတ္တိ ပတ်ဝန်းကျင် မရှိရင်တောင် ကြီးထွားနိုင်တုန်းပဲ။ ဒါပေမယ့် ဖွံ့ဖြိုးနှုန်းကတော့ အရမ်းနှေးလိမ့်မယ်။"

မျိုးစေ့ကို သေသေချာချာ ကြည့်ပြီး ယဲ့ရှောင်ချန်းက စိတ်အေးလက်အေး သက်ပြင်းချလိုက်မိတော့သည်။

အင်မော်တယ်အပင် ၁၀ သန်းကျော်တွင် ကိုယ်ပိုင် ထူးခြားသည့် ဝိသေသလက္ခဏာများ ရှိနေသည်။

အင်မော်တယ် မုန်လာဥနီများ၊ အင်မော်တယ် မုန်လာဥဖြူများလို ဂုဏ်သတ္တိမဲ့အင်မော်တယ် အပင်များက အင်မော်တယ်မြေရှိရုံနှင့် စိုက်ပျိုးနိုင်သည်။

အင်မော်တယ် ပဲစေ့များကို မတူညီသော ဂုဏ်သတ္တိများအရ အမျိုးအစားပေါင်းစုံ ခွဲခြားထားသည်။ အင်မော်တယ် အဝါရောင် ပဲစေ့များက မြေဂုဏ်သတ္တိပိုင်ဆိုင်သည်။ အနီရောင် အင်မော်တယ် ပဲစေ့များက မီးဂုဏ်သတ္တိ ပိုင်ဆိုင်သည်။ တိကျသည့် ပတ်ဝန်းကျင်တွင် စိုက်ပျိုးမှသာ ဖြစ်မည်။

အနီရောင် အင်မော်တယ် ပဲစေ့များကို မီးပတ်ဝန်းကျင်တွင်သာ စိုက်ပျိုးနိုင်သည်။ မဟုတ်လျှင် အမြစ်မကုပ်ဘဲ ဖွံ့ဖြိုးလာမည် မဟုတ်ပါ။

ထိုကဲ့သို့ အင်မော်တယ် အပင်များသည် ပြင်ပ ပတ်ဝန်းကျင် ဂုဏ်သတ္တိများ၏ အကူအညီကို လိုအပ်ပြီး အသွင်မပြောင်းနိုင်သော အင်မော်တယ်အပင် အမျိုးအစားများထဲတွင်ပါဝင်သည်။

ဝိညာဥ်အသွင်ပြောင်းခြင်းဆိုတာ ဘာလဲ။ ဂုဏ်သတ္တိ မရှိသည့် အင်မော်တယ်ချီကို ကိုယ်ပိုင် ဂုဏ်သတ္တိ ရှိသည့် အင်မော်တယ်ချီအဖြစ် ပြောင်းလဲနိုင်စွမ်းဖြစ်သည်။

ဖူဆန်သစ်ပင်လိုဖြစ်ပြီး ဖူဆန်သစ်ပင်ကလည်း ဒီအပင်အမျိုးအစားထဲ ပါဝင်သည်။

အင်မော်တယ် လေမြက်ပင်ကလည်း ဒီအမျိုးအစားထဲပါဝင်သည်။

ထို့ကြောင့် ဝိညာဥ်အသွင်ပြောင်းခြင်းတန်ဖိုးက အသွင်မပြောင်းနိုင်သော အမျိုးအစားများထက် ပိုမြင့်ပါသည်။

ဂုဏ်သတ္တိမရှိသော အင်မော်တယ် အပင်များကတော့ အနိမ့်ဆုံးအင်မော်တယ် အပင်များတွင် ပါဝင်သည်။

အင်မော်တယ် မုန်လာဥနီများ၊ အင်မော်တယ် မုန်လာဥဖြူများလိုဖြစ်ပြီး ၎င်းတို့ကို စားသုံးဖို့ကလွဲ၍ တခြား ဘာအသုံးဝင်မှုမှ မရှိသလောက် ဖြစ်ပါသည်။

ထိုအထိ စဥ်းစားပြီး ယဲ့ရှောင်ချန်းက အင်မော်တယ် လေမြက်မျိုးစေ့ကို ဘွိုင်လာအိုးထဲ ထည့်လိုက်ပြီး အင်မော်တယ်ဆေးရည်စိမ်လိုက်သည်။

အားလုံးပြီးသွားသောအခါ သူက စိတ်အေးလက်အေး သက်ပြင်းချလိုက်ပြီး ရှန်းနုန်စနစ်မိတ်ဆက် လမ်းညွှန်ကို ပြန်ကိုင်ကာ အင်မော်တယ် လေမြက်အကြောင်း ဆက်ဖတ်ဖို့ လုပ်လိုက်သည်။

အသေးစိတ် အချက်အလက်ကို ပိုသိထားမှသာ သူ ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်မည် ဖြစ်ပါသည်။

ဒီကိစ္စက ဝမ်ရှင်းယီကို သူ ကုသပေးနိုင်ခြင်း မပေးနိုင်ခြင်းနှင့် သက်ဆိုင်နေသဖြင့် သူ သတိမဲ့လို့ မဖြစ်ပေ။

သူ အချိန်အကြာကြီး ဖတ်ကြည့်လိုက်သည်။

ယဲ့ရှောင်ချန်းသည် သန်းဝေလိုက်ပြီး ရုတ်တရက် အိပ်ငိုက်လာ၏။ ဖုန်းကိုကောက်ကိုင်ပြီး ကြည့်လိုက်တော့ ၁ နာရီတောင် ထိုးနေပြီဖြစ်ကြောင်း မြင်လိုက်ရသည်။

"ဟ... ဝီချက်နိုတီဝင်နေပါလား။"

ယဲ့ရှောင်ချန်းသည် အံ့သြသွားပြီး ဝီချက်ကို ဖွင့်ကာ ကြည့်လိုက်တော့ လီထျင်ထျင်တစ်ယောက် ပြန်စာပို့ထားခြင်း ဖြစ်ကြောင်း တွေ့လိုက်ရသည်။

အချိန်ကိုကြည့်လိုက်သောအခါ ပို့ထားတာ နှစ်နာရီပင်ကျော်နေပြီဖြစ်သည်။

ယဲ့ရှောင်ချန်းသည် ကူကယ်ရာမဲ့စွာ မဲ့ပြုံး ပြုံးလိုက်မိသည်၊ သူ ဒါကို လုံးဝ သတိမထားမိခဲ့ပါ။ ဟိုဘက်က အိပ်ပျော်နေလောက်ပြီဟု ခန့်မှန်းမိကာ ယခုအချိန်မှ ဝီချက်တွင် စာပို့ခြင်းက အဓိပ္ပာယ်မဲ့လိမ့်မည်။

သို့သော်လည်း စာတော့ ပြန်လိုက်ပါသေးသည်။ သူ အလုပ်များနေပြီး စာမမြင်ခဲ့ခြင်းဖြစ်သည်ဟု ပြောလိုက်ပြီး တောင်းပန်ပါတယ် ဘာညာ ဆက်ပြောလိုက်သည်။

နောက်တစ်နေ့မနက် လီထျင်ထျင် အိပ်ရာနိုးလာတော့ ယဲ့ရှောင်ချန်း ပို့ထားသည့် မက်ဆေ့ချ်ကိုမြင်ကာ အနည်းငယ် သရော်လိုက်မိ၏။ သူမကို အချိန်အကြာကြီး စောင့်ခိုင်းထားသဖြင့် သူမ မကျေနပ်သေးပေ။

"ရှင့်ကိုလည်း စောင့်ခိုင်းလိုက်ဦးမယ်။"

လီထျင်ထျင်က ကလဲ့စား ပြန်ချေဖို့ ဆုံးဖြတ်လိုက်ပြီး ချက်ချင်း စာမပြန်ခဲ့ပါ။

ယဲ့ရှောင်ချန်း သူမကို စာထပ်ပို့ဖို့သာ စောင့်နေမိသည်။

ယဲ့ရှောင်ချန်းကတော့ လီထျင်ထျင်၏ အတွေးများကို မသိချေ။ မနက်နိုးလာသောအခါ လီထျင်ထျင်ထံသို့ မက်ဆေ့ချ်ပို့ခဲ့သည်ကိုပင် မေ့သွားသည်။

ယဲ့ရှောင်ချန်းသည် ဟင်းသီးဟင်းရွက်များနှင့် အသီးအနှံများ ရိတ်သိမ်းရင်း အလုပ်ရှုပ်နေပြီး ယန်ရှစ်စျေးထဲသို့လည်း ပို့ဆောင်ရသေးသည်။ ထို့နောက် လမ်းတွင် ဝမ်ရှင်းယီထံသို့ သွားခဲ့၏။

စိုက်ပျိုးရေးခြံသို့ ပြန်ရောက်သောအခါ နေ့လည်ခင်း ဖြစ်နေပြီ။

ဝမ်ရွှေရှန့်၏ ဗီလာတွင် နေ့လည်စာ စားခဲ့ပါသေးသည်။

သို့သော်လည်း ဝမ်ရွှေရှန့်က အိမ်တွင်မရှိပါ။ ဝမ်ရှင်းယီကိုယ်တိုင် သူ့အတွက် ချက်ပြုတ်ပေးခဲ့သဖြင့် ယဲ့ရှောင်ချန်းသည် အပျော်ကြီးပျော်နေခဲ့သည်။

အိမ်ပြန်ရောက်သော်လည်း ဝမ်ရွှေရှန့်ဗီလာက ပုံရိပ်များကို ပြန်လည်တွေးမိနေဆဲဖြစ်ပါသည်။ လူနှစ်ယောက်က မျက်နှာချင်းဆိုင် ထိုင်ပြီး စားသောက်နေခဲ့ကြသည်။

တစ်ခုတည်းသော အားနည်းချက်ဆိုလို့ ဝမ်ရှင်းယီ ချက်ပြုတ်သော အစားအစာများမှာ တကယ်ဆိုးရွားလှသည်။ ထမင်းက ရေများလွန်းပြီး ဆန်ပြုတ်လိုဖြစ်နေသည်။

ဟင်းးသီးဟင်းရွက်များကလည်း ဆားများလွန်းသည်။

ဘာပဲဖြစ်ဖြစ် တစ်ခါမှ ဟင်းမချက်ဖူးသည့် မိန်းကလေးတစ်ယောက်အတွက်တော့ ဒါက ကောင်းမွန်တယ်လို့ ဆိုနိုင်ပါသေးသည်။

အနည်းဆုံး သူမက သူ့အတွက် ချက်ပြုတ်ပေးချင်စိတ်ရှိ၏။

ထိုအချက်နဲ့ပင် လုံလောက်ပါပြီ။

နေ့လည်ခင်းတွင် အင်မော်တယ် မုန်လာဥဖြူမျိုးစေ့များ၊ အင်မော်တယ် ပဲစေ့များကို အင်မော်တယ်မြေတွင် စိုက်ပျိုးရင်း ယဲ့ရှောင်ချန်းမှာ အလုပ်များနေခဲ့သည်။

အရင်တစ်ခေါက်ကလိုပဲ သူ လုပ်ခဲ့သည်။ သဘာဝမြေသြဇာများကို မျိုးစေ့တချို့တွင် ထည့်ပြီး တချို့တွင် ဓာတ်မြေသြဇာထည့်ကာ တချို့တွင်တော့ ဘာမှမထည့်ပါ။

မုန်လာဥရွက်များနှင့် အင်မော်တယ်ပဲ အပင်ပေါက်များစွာ ကျန်တိုင်း သဘာဝမြေသြဇာ လုပ်ဖို့ အကောင်းဆုံးဖြစ်သောကြောင့် ဖြစ်ပါသည်။

အရင်တစ်ခေါက် အပင်စိုက်ခြင်း အတွေ့အကြုံမှ အင်မော်တယ်အပင်များအပေါ် သဘာဝမြေသြဇာ၏ အာနိသင်က အလွန်ကောင်းမွန်ကြောင်း ပြသခဲ့သည်။

ယဲ့ရှောင်ချန်းတစ်ယောက် အပင်များကို စိုက်ပျိုးနေစဥ် အင်မော်တယ်မြေ ပမာဏအနည်းငယ်ကို အလွတ်ချန်ထားခဲ့သည်။ ထိုမြေနေရာလွတ်ကို အင်မော်တယ် လေမြက်ကို စိုက်ပျိုးရန် အထူးအသုံးပြုဖို့ ဖြစ်၏။

အင်မော်တယ် လေမြက်ပင်တွင်လည်း နေရာသိမ်းပိုက်ခြင်း ဂုဏ်သတ္တိ ရှိသဖြင့် အခြားအင်မော်တယ် အပင်များနှင့် ဝေးဝေးစိုက်ပျိုးဖို့ လိုအပ်ပါသည်။

ကံကောင်းစွာဖြင့် ယဲ့ရှောင်ချန်းတွင် ယခု အင်မော်တယ် မြေကွက် ငါးကွက် ရှိနေပြီ ဖြစ်သည်။ သူ့ရွေးချယ်နိုင်ခွင့်က ကျယ်ပြန့်လာပါပြီ။

မလွယ်ကူခဲ့ပါ။

လွန်ခဲ့သော လအနည်းငယ်အတွင်း သူ စုဆောင်းခဲ့သည့် အရာများကို ကြည့်ရင်း သူအနည်းငယ် ဘဝင်မြင့်သွားမိသည်။

တဖက်တွင် စိုက်ပျိုးထားသော အင်မော်တယ်ပဲပင် ၂၆ပင်ကို ကြည့်လိုက်၏။

ပဲတောင့်များဖြင့် ပြည့်နှက်နေကြလေပြီ။

ဘာပဲဖြစ်ဖြစ် ကွာခြားမှုကိုတော့ မြင်နိုင်ပါသေးသည်။ စတိုးဆိုင်မှ ဝယ်သော အင်မော်တယ် ပဲစေ့များက ပိုကြည့်ကောင်းပါသည်။

အဝါရောင် အင်မော်တယ် ပဲစေ့များက စိုက်ပျိုးပြီးနောက် ယိုယွင်းသွားတတ်သည်။ အထွက်နှုန်းက လေးပုံတစ်ပုံလောက် လျော့ကျသွားပြီး ပဲတောင့်များလည်း နည်းပါးသွားသည်။

ထို့ကြောင့် စတိုးဆိုင်မှ ပဲစေ့များကို ဝယ်ရဦးမည်ဖြစ်သည်။ သူ့ကိုယ်ပိုင် စိုက်ပျိုးနည်းမှ ပဲစေ့များကို တိုးတက်အောင် မလုပ်နိုင်ပါက မတန်ပါ။

သို့သော်လည်း ဒါက အချိန်အကြာကြီး ယူရပါဦးမည်။ အမြဲတမ်း စတိုးဆိုင်ကိုသာ အားကိုးနေပါက ရှန်းနုန်ဘွဲ့နှင့် ထိုက်တန်မည် မဟုတ်ပါ။

တစ်နေ့နေ့ ကိုယ်ပိုင်အစွမ်းအစ ရှိလာရမည်။

ရုတ်တရက် သူ့ဖုန်းသံမြည်လာ၏။ ထုတ်ကြည့်လိုက်တော့ လီကျန့်ရမ်ထံမှဖြစ်သည်။

အရင်တစ်ခေါက်က လီကျန့်ရမ်နှင့် ပြောခဲ့သော အကြောင်းအရာများကို သူမှတ်မိသွားသည်။

အလုပ်အရမ်းရှုပ်နေသဖြင့် သူမေ့သွားခဲ့၏။

လီကျန့်ရမ်က သူ့ကို ဘယ်လိုသဘောရသလဲ မေးမြန်းဖို့ ဖြစ်ရပါမည်။

တကယ်တော့ ယဲ့ရှောင်ချန်းကလည်း သူတို့နှင့်အတူတူ အလုပ်တွဲလုပ်ရခြင်းက မဆိုးလောက်ပါဘူးဟု ခံစားမိသည်။

သို့သော်လည်း အမြတ်ခွဲယူခြင်းက အရေးကြီးပါသည်။

သူက စီးပွားရေးတွင် အတွေ့အကြုံ နည်းပါးသဖြင့် လီကျန့်ရမ်၏ ပြိုင်ဘက် မဖြစ်နိုင်ပါ။ သူက စဥ်းစားပေးမည်ဟု ပြောထားသော်လည်း တကယ်တော့ သူ့ဗျူဟာပဲဖြစ်သည်။ သူ သဘောမတူပါက သူတို့ အစီအစဥ်များကို ဆောင်ရွက်နိုင်မည် မဟုတ်ပါ။

ဒီနည်းအားဖြင့် အားသာချက်က သူ့လက်ထဲတွင် ဆုပ်ကိုင်ထားနိုင်မှာ ဖြစ်သည်။

အမှန်ပင် သူတို့နှင့် စကားတစ်ခေါက် ပြောကြည့်ဖို့တော့ လိုအပ်ပါသည်။

ယဲ့ရှောင်ချန်းက ချက်ချင်း ဖုန်းဖြေခလုတ်ကို နှိပ်လိုက်ပြီး လီကျန့်ရမ်နှင့် ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စအကြောင်း များစွာ ပြောခဲ့သည်။

"ညီအစ်ကိုလီ၊ နောက်နှစ်ရက်လောက်ကျရင် တစ်နေရာမှာ ဒီအကြောင်းပြောဖို့ ချိန်းကြရအောင်။"

လီကျန့်ရမ်က ယဲ့ရှောင်ချန်း စကားများကို နားထောင်ပြီး အံ့အားသင့်ကာ ချက်ချင်း ပြန်ပြောလိုက်သည်။ "ကောင်းတာပေါ့ ညီအစ်ကိုယဲ့။ ငါအခြားသူတွေကို အကြောင်းကြားလိုက်မယ်။ အချိန်က မနက်ဖြန်လို့ပဲ သတ်မှတ်လိုက်မယ်နော်။ တည်နေရာကတော့ လင်မိသားစု ကိုယ်ပိုင်မီးဖိုချောင်ကိုပဲ သတ်မှတ်လိုက်ကြတာပေါ့။”

"ကောင်းပြီ။"

ယဲ့ရှောင်ချန်းက စကားအများကြီး သိပ်မပြောခဲ့ပါ။

သူတို့နှစ်ယောက်သား ခဏလောက် စကားပြောခဲ့ကြပြီး ဖုန်းချလိုက်၏။

ယဲ့ရှောင်ချန်းက မနက်ဖြန် တွေ့ဆုံပွဲတွင် ဘာတွေဖြစ်လာမလဲမသိသဖြင့် ခေါင်းခါလိုက်မိသည်။

ယဲ့ရှောင်ချန်းသည် အနည်းငယ် စိတ်လှုပ်ရှားနေ၏။ သူက စီးပွားရေးလုပ်ရာတွင် သိပ်မတော်ပါ။

သို့သော်လည်း အမြဲတမ်း ပထမဆုံးအကြိမ်ဆိုတာ လူတိုင်းမှာ ရှိတတ်ကြပါသည်။

သူ စဥ်းစားနေစဥ် အရေးကြီးသည့် အရာတစ်ခုကို သတိရသွားသည်။

သူ လီထျင်ထျင်နှင့် မဆက်သွယ်ရသေးပေ။

လီထျင်ထျင်နှင့် ဆက်သွယ်ခြင်းကိုလည်း မေ့ထားလို့မရပေ။ အခြေအနေကို တိုးတက်လာအောင် လုပ်ရဦးမည်။

ချက်ချင်းဆိုသလိုပင် ယဲ့ရှောင်ချန်းသည် လီထျင့်ထျင့်ထံသို့ မက်ဆေ့ချ်တစ်စောင်ပို့လိုက်၏။

All Chapters