စကားပြောခန်း
Vol. 7 Ch. 96
အခန်း(၉၆) - စကားပြောခန်း
ရှရှီမြို့တော်၊ တရုတ်ယဥ်ကျေးမှု အမွေအနှစ် သုတေသန စာကြည့်တိုက်။
လီထျင်ထျင်က စာအုပ်စင်တွင် စာအုပ်တစ်အုပ် ရှာဖွေနေသည်။
ရုတ်တရက် သူမ၏ ဖုန်းတုန်ခါလာသည်။ သူမသည် ဖုန်းကို ထုတ်ကြည့်လိုက်ပြီး လက်တစ်ဖက်တည်းနှင့် ခပ်မြန်မြန် ပတ်စ်ဝေါ့ကို ရိုက်နှိပ်ကာ ဝီချက်ဖွင့်လိုက်သည်။
ယဲ့ရှောင်ချန်းထံမှ စာပို့ထားသည်ကိုမြင်လိုက်ရသောအခါ သူမ၏ နှုတ်ခမ်းထောင့်များ အနည်းငယ် တွန့်သွားပြီး သိမ်သိမ်မွေ့မွေ့ဖြင့် ခနဲ့လိုက်သည်။ "ဝီချက်မှာတောင် ဒီလောက်ကြာမှ စာပြန်တယ်ပေါ့လေ၊ ထားလိုက်ပါတော့။ ဒီကောင်မလေးက သဘောကောင်းလို့ ဒီတစ်ခေါက်တော့ ခွင့်လွှတ်ပေးလိုက်ပါ့မယ်။"
ယဲ့ရှောင်ချန်းကို အေးတိအေးစက် သူမ မဆက်ဆံချင်ပါ။ သူ ပျောက်သွားပါက သူမ စိတ်ဓာတ်ကျကာ သေသွားနိုင်သည်။
လီထျင့်ထျင့်သည် ဝီချက်တွင် စာပြန်ရဖို့ စောင့်ရင်း အသည်းကွဲနေခဲ့သည်။
"အင်း ဘာကိစ္စလဲ။"
စာအုပ်စင်တွင် ကျောမှီကာဖြင့် စာအမြန်ပို့လိုက်သည်။
တဖက်တွင် ယဲ့ရှောင်ချန်းက လီထျင်ထျင်၏ မက်ဆေ့ချ်ကို မြင်ကာ ချက်ချင်း စာပြန်လိုက်၏။ "ကျွန်တော် အနှောင့်အယှက်များ ပေးမိသလို ဖြစ်သွားလား။"
"ပြောစရာရှိတာသာပြော။ ဒီက အရမ်းအလုပ်များနေတယ်..."
လီထျင်ထျင်က ထိုသို့မက်ဆေ့ချ်ကိုရိုက်ပြီး ပို့မည် အကြံတွင် ရုတ်တရက် ခေါင်းခါလိုက်ပြီး မက်ဆေ့ချ်ကို အမြန်ပြန်ဖျက်ကာ ပြန်ရိုက်လိုက်သည်။ "အနှောင့်အယှက် မဖြစ်ပါဘူး။ ကျွန်မ စာဖတ်ရတာ ပင်ပန်းလို့ နားမလို့ လုပ်နေတာ၊ ရှင်ကော ဘာလုပ်နေလဲ။"
"ကျွန်တော်က အခုမှ ဟင်းသီးဟင်းရွက်တွေ စိုက်ပြီးတာလေ။"
ယဲ့ရှောင်ချန်းက စာပြန်လိုက်၏။
"ဟင်းသီးဟင်းရွက် စိုက်တယ် ဟုတ်လား။ ရှင်နေတဲ့နေရာမှာ လယ်ကွင်းတွေရှိလို့လား။"
လီထျင်ထျင်က အလွန်အံ့အားသင့်သွားသည်။
သူမ ငယ်စဥ်ကတည်းက မြို့ကြီးပြကြီးတွင် နေထိုင်ခဲ့သဖြင့် ကျေးရွာဘက်က အခြေအနေကို သိပ်ပြီး မသိပါ။ ရှေးဟောင်းသုတေသနပညာကို လေ့လာသင်ယူခဲ့ပြီး သူမ အဘိုးနောက်သို့ တစ်ကောက်ကောက် လိုက်ကာ ရှေးဟောင်းတည်နေရာများကို သွားခဲ့ရတာတောင် ဗဟုသုတ မကြွယ်ဝခဲ့ပေ။
"ဒါပေါ့။ ကျွန်တော်က ရွာမှာနေတာဆိုတော့ မြေတွေ အများကြီးရှိတယ်လေ။ လောလောဆယ် ကျွန်တော် စိုက်ပျိုးရေးခြံတစ်ခုကို စီမံနေတယ်။"
ယဲ့ရှောင်ချန်းက လီထျင်ထျင်၏ စာကိုမြင်သောအခါ မနေနိုင်ဘဲ ရယ်မောလိုက်မိ၏။
"မဟုတ်တာ၊ ရှင်က စိုက်ပျိုးရေးခြံကို စီမံနေတာလား။ ရှင်က ရုက္ခဗေဒပညာရှင် မဟုတ်ဘူးလား။ ဘာလို့ သုတေသနမလုပ်ဘဲ အပင်တွေ စိုက်နေတာလဲ။"
လီထျင်ထျင်က ယဲ့ရှောင်ချန်းအကြောင်း အလွန်သိချင်လာသည်။
ဒီလောက်ငယ်ငယ်လေးနှင့် ရုက္ခဗေဒနယ်ပယ်တွင် အောင်မြင်မှု ကြီးကြီးမားမား ရထားတာတောင်...
ဒါက ပါရမီရှိရုံနှင့် ရရှိနိုင်သော အောင်မြင်မှုမျိုးမဟုတ်ဘဲ အလုပ်များစွာ ကြိုးစားဖို့လည်း လိုပါသေးသည်။
ဒီစကားက မည်သည့်နယ်ပယ်၏ ကျွမ်းကျင်သူအားလုံးအတွက်မဆို မှန်ကန်သည့် စကားပဲ ဖြစ်ပါသည်။
သူမကိုယ်သူမပဲ ဥပမာ ထားကြည့်လိုက်ပါဦး။ သူမ၏ မိသားစုနောက်ခံက ကောင်းမွန်သည်။ သူမ၏ အဘိုးက စီနီယာ ရှေးဟောင်း သုတေသန ပညာရှင်ကြီးဖြစ်ပြီး ထိုနယ်ပယ်တွင် အလွန်စိတ်ဝင်စားမှုရှိသည်။ သူမကလည်း ရှေးဟောင်းသုတေသနမေဂျာယူခဲ့ပြီး ယခု ဘွဲ့ရပြီးနောက် သူမ၏ အဘိုးနှင့်အတူတူ ရှေးဟောင်း သုတေသန လုပ်ငန်းများကို ဆောင်ရွက်နေသည်။
သူမ၏ ပြည့်စုံသော ရှေးဟောင်းသုတေသန ပတ်ဝန်းကျင်တွင် သူမမှာ သင်ယူစရာ အများကြီး လိုအပ်နေပါသေးသည်။
"ကျွန်တော်က ရုက္ခဗေဒ ပညာရှင်လို့ ဘယ်သူပြောတာလဲ။ ကျွန်တော့်ရဲ့ အဓိကစီးပွားရေးလုပ်ငန်းက လယ်စိုက်တာလေ။ ပြောရမယ်ဆိုရင် လယ်သမားပေါ့။"
ယဲ့ရှောင်ချန်းက စာပြန်လိုက်၏။
"လယ်သမား ဟုတ်လား။"
လီထျင်ထျင်က မနေနိုင်ဘဲ ရယ်မောလိုက်၏။
သူတို့နှစ်ယောက်သား တဖြည်းဖြည်းနှင့် စာများ စတင်ပို့လာကြပြီဖြစ်သည်။
"ရှင်လိမ်နေတာ သာမန်ဘွဲ့ကြိုကျောင်းသား တစ်ယောက်က ရုက္ခဗေဒနယ်ပယ်မှာ ဘာဘွဲ့မှ ရမထားဘဲ စိုက်ပျိုးရေးမှာပဲ အားထားရင်း တစ်ယောက်တည်းနဲ့ ကျွမ်းကျင်သူ ဖြစ်လာတယ်ပေါ့။ ရှင်က ဘယ်သူ့ကို လာလိမ်နေတာလဲ။"
ယဲ့ရှောင်ချန်း၏ မက်ဆေ့ချ်ကိုမြင်သောအခါ လီထျင်ထျင်သည် ယဲ့ရှောင်ချန်းက သူမကို အရူးလုပ်နေသည်ဟု ထင်ခဲ့၏။
"အင်းး အမှန်တိုင်း ပြောပါ့မယ်။ ကျွန်တော်က တောင်ပိုင်းသိပ္ပံပညာ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ ထိပ်တန်းအဆင့်မှီသူတစ်ယောက်လေ။ ပြီးတော့ ပေကျင်းတက္ကသိုလ်မှာ ကျောင်းတက်ခဲ့တယ်။ ပြီးတော့ ကမ်းဘရေ့ဂျ်တက္ကသိုလ်ကြီးကိုရောက်သွားပြီး ဘွဲ့လွန်ကျောင်းသား တစ်ယောက်အဖြစ်နဲ့ စိုက်ပျိုးရေးသိပ္ပံအပိုင်းမှာ လေ့လာသင်ယူခဲ့တာပေါ့ဗျာ။"
ယဲ့ရှောင်ချန်းက မျက်စပြစ်ပြီး ချက်ချင်းဆိုသလိုပင် စာပိုဒ်ရှည်ကြီးတစ်ပိုဒ်ကို ရေးပို့လိုက်သည်။
စာကြည့်တိုက်ထဲတွင် လီထျင်ထျင်က မထိန်းနိုင်ဘဲ သူမ၏ ရယ်သံကို ဖုံးဖို့အတွက် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ရသည်။ သူမက ဒါကို မယုံကြည်ပါ။ သေချာပေါက် ယဲ့ရှောင်ချန်းက စနောက်နေတာ ဖြစ်နိုင်ပါသည်။
"ဆက်ကြွားပါဦး။"
လီထျင်ထျင်က မက်ဆေ့ချ်ပို့လိုက်၏။
"ကြည့်ပါဦး။ ကျွန်တော် အများကြီး ပြောပြီးတာတောင် မယုံဘူး။ အဲ့တာဆို ကျွန်တော် ဘာပြောပြော ယုံမှာမဟုတ်လို့ ကျွန်တော့်ကို ဘာပြောစေချင်တာလဲ။"
ယဲ့ရှောင်ချန်းက မတတ်နိုင်ဘဲ စာပြန်လိုက်သည်။
"အဲ့လိုမပြောပါနဲ့။ ဒါနဲ့ စကားမစပ် ပညာရှင်ကြီးယန်နဲ့ အခြားသုတေသနပညာရှင်တွေက ရှင့်ဆီလာပြီး ရုက္ခဗေဒပညာအကြောင်း ဆွေးနွေးမယ်လို့ အဘိုးဆီက ကြားခဲ့ရတယ်။ ရှင် သူတို့ဆီက ဘာသတင်းကြားသေးလဲ။"
လီထျင်ထျင်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
ထိပ်တန်း ရုက္ခဗေဒ ပညာရှင်များက ဦးစွာ အကြံဉာဏ်လာတောင်းခြင်းမျိုးက ကမ္ဘာပေါ်တွင် ရှားပါးသော အခွင့်အရေးတစ်ခု ဖြစ်ပါသည်။
ပညာရှင်ကြီးယန်နှင့် အခြားသူများက လေ့လာရေးခရီးထွက်ခြင်း မဟုတ်ဘဲ လူငယ်တစ်ယောက်ထံသွားပြီး အကြံဉာဏ်သွားတောင်းမှန်း ပေါ်သွားပါက ကမ္ဘာကြီးတစ်ခုလုံး လှုပ်ခါသွားနိုင်သည်။
ထိုကဲ့သို့ မြင်ကွင်းမျိုးကို သူမ မြင်ယောင်ကြည့်သောအခါ သူမရင်ထဲတွင် နက်နက်ရှိုင်းရှိုင်း နေရာယူထားသော လူတစ်ယောက်ကို သွားတွေ့လိုစိတ်များ ပေါ်လာခဲ့သည်။ ထိပ်တန်းရုက္ခဗေဒပညာရှင် ဘယ်လောက်များများက သူ့အိမ်ရှေ့ထိလာပြီး အကြံဉာဏ်တောင်း၊ စကားစမြည်ပြောကြပြီး ဟာသများ ပြောကြမည်လဲ။
ကံမကောင်းစွာဖြင့် သူမက ရှေးဟောင်းသုတေသနနယ်ပယ်ပိုင်းမှ ဖြစ်သဖြင့် စိုက်ပျိုးရေးနယ်ပယ်နှင့် လုံးဝခြားနားပြီး တစ်ခုနှင့်တစ်ခု ဆက်နွယ်မှုမရှိပါ။
ရင်ထဲတွင်တော့ စိတ်ပျက်မှုတချို့ ပေါ်လာခဲ့သည်။ သူမသာ အစကတည်းက စိုက်ပျိုးရေး နယ်ပယ်ကို ရွေးချယ်ခဲ့ပါက ဘယ်လိုဖြစ်နိုင်မလဲ။
ဧကန္တ သူနဲ့ပင် တိုက်ရိုက်ဆုံတွေ့နိုင်ပါသည်။
"ဟင့်အင်း၊ ကျွန်တော့်ကို ဘာမှ မပြောပါဘူး။"
ယဲ့ရှောင်ချန်းက စာပြန်လိုက်၏။
ပညာရှင်ကြီးယန်နှင့် အခြားသူများက သူ့ဆီကို လာနေသည်တဲ့လား။ ယဲ့ရှောင်ချန်း စိတ်ပျက်သွားသည်။
သူတို့အားလုံးက သူ့ထံသို့ တခမ်းတနားကြီး ရောက်လာကြပါက သူ ပြဿနာ မတက်နိုင်ဘူးလား။
ခင်ဗျားတို့တွေ သိုသိုဝှက်ဝှက် မနေနိုင်ကြဘူးလား။
ထိုကဲ့သို့ ထိပ်တန်း ရုက္ခဗေဒ ကျွမ်းကျင်ပညာရှင်များစွာက လာလည်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် သတင်းများ ထွက်ပေါ်နေသဖြင့် ထိုသတင်းများကို ကြားသောအခါ လူဘယ်လောက်များများ တုန့်ပြန်လာလိုက်မလဲ မသိတော့ပါ။
ထိုအချိန်တွင် ပညာရှင်ကြီးယန်နှင့် အခြားသူများက သူ့ထံ ရောက်လာပါက သူ သိုသိုဝှက်ဝှက် ဆက်နေနိုင်ပါဦးမလား။
ယဲ့ရှောင်ချန်း စိတ်ဓာတ်ကျသွားသည်။
ပထမဆုံး စာပို့ခြင်း ပြီးဆုံးသွားပြီး လီထျင်ထျင်က သူမ တစ်ခုခုကြောင့် အလုပ်များနေသည်ဟု ဆိုသည်။
ယဲ့ရှောင်ချန်းက လည်ဆွဲအကြောင်း မေးချင်သော်လည်း အရင်ဆုံး အခြေအနေတည်ငြိမ်အောင် လုပ်လျှင် ပိုကောင်းမည်ဟု တွေးလိုက်မိသည်။
ကျင်းကောင်တီ။
ဒီအစည်းအဝေးပွဲမှာ ရည်ရွယ်ချက်တစ်ခုတည်းကြောင့် ခေါ်ယူခြင်းဖြစ်သည်။ ပညာရှင်ကြီးများ အသင်းကို ကျင်းကောင်တီသို့လာကာ ၎င်းတို့၏ စိုက်ပျိုးရေး တည်ဆောက်ပုံကို ဆန်းစစ်စေအောင် ကြိုးစားဖို့ဖြစ်သည်။
ကျင်းကောင်တီကို အဆင့်မြှင့်တင်ဖို့ အခွင့်ကောင်းဖြစ်၏။
ကျင်းကောင်တီကို စိုက်ပျိုးရေးခရိုင်မြို့ဟု မယူဆသော်လည်း လယ်ယာသုံး စက်ယန္တရားပိုင်းတွင်တော့ အခြားမြို့များထက် ဦးဆောင်နေသည်ဟု ဆိုနိုင်သည်။
ယခုကျင်းကောင်တီတွင် လူသိရှင်ကြား ကြော်ငြာများနှင့် ဆောင်ပုဒ်များစွာဖြင့် အားကောင်းသော လယ်ယာသုံးစက်ပစ္စည်း ခရိုင်မြို့တစ်ခု ဖြစ်လာအောင် ကြိုးစားနေကြသည်။
ယန်မြို့တော်က တိုင်း၏ စီရင်စုနယ်ပယ် အဆင့်မြို့တော်ဖြစ်ပြီး ၎င်း၏ လက်အောက်တွင်တော့ ခရိုင်သုံးခု၊ မြို့ငယ်နှစ်မြို့နှင့် ကျေးရွာနှစ်ခုရှိသည်။
စီးပွားရေး အင်အားတွင် ကျင်းကောင်တီက ထင်သလောက် မကောင်းပါ။
ထို့ကြောင့် ပညာရှင်အသင်းကို ဆန်းစစ်လေ့လာဖို့အတွက် ကျင်းကောင်တီသို့ ခေါ်ယူဖို့က မလွယ်ကူပါ။
ကောင်တီအစိုးရက ပထမအဖွဲ့ကို ပို့ပြီးပြီဖြစ်သော်လည်း ပြိုင်ဆိုင်မှုက ကြမ်းတမ်းလွန်းသည်။
ကောင်တီတိုင်းက ၎င်းတို့၏ အထူးပါရမီများကို ထုတ်ပြနေကြ၏။
နောက်ဆုံးတော့ ဆုံးဖြတ်ချက်ချပြီးနောက်တွင် ကောင်တီ၏ ဒုခေါင်းဆောင်ကိုယ်တိုင် သူ့အဖွဲ့ကို ဦးဆောင်ပြီး ယန်မြို့တော်သို့ သွားကာ လှုပ်ရှားမှုတစ်ချို့ ဆောင်ရွက်ဖို့ ပြင်သည်။
အဖွဲ့ထဲတွင် ပါသည့်လူများက အစိုးရဌာနမှ လူများတင်မကဘဲ အခြားနယ်ပယ်များမှ ဦးစီးဦးဆောင် လူပုဂ္ဂိုလ်များလည်း ပါသည်။
ဥပမာအားဖြင့် စက်ရုံနှင့် ကူးသန်းရောင်းဝယ်ရေး အပိုင်းက ဘော့စ်များ၊ ကိုယ်ပိုင်ကျောင်းမှ ဥက္ကဌကြီး၊ ဒီကမ္ဘာကြီးတွင် အာဏာရှိသောလူများ ရှိနေပါက ရုက္ခဗေဒနှင့် ဘာမှမဆိုင်လျှင်တောင် အတင်းတိုးဝင်ကာ နေရာယူချင်ကြသည်။
ဒီလိုနှင့် ကြီးကျယ်ခမ်းနားသော အဖွဲ့တစ်ဖွဲ့ ယန်မြို့တော်သို့ ရောက်ရှိလာခဲ့ကြ၏။
ထိုကဲ့သို့ အဖွဲ့မျိုးက ကျင်းကောင်တီတွင်သာ ရှိသည်မဟုတ်ဘဲ ယန်မြို့တော်ကြီး၏ အခြားကောင်တီများနှင့် မြို့တော်များတွင်လည်း ရှိသေးသည်။
ပညာရှင်ကြီးနှင့် အခြားထိပ်တန်း ရုက္ခဗေဒ ပညာရှင်များ ပါဝင်သော ပညာရှင်အသင်းမှာ ရှန်းမြို့တော်ကို လေ့လာနေကြဆဲဖြစ်သည်။
ရှန်းမြို့တော် ခေါင်းဆောင်က သူတို့ကို ရက်အတော်ကြာအောင် နေစေဖို့ အတင်းအကျပ် ကြိုးစားနေသဖြင့် သူတို့လည်း စိတ်ပျက်နေကြရပါသည်။
ပညာရှင်ကြီးယန်နှင့် အခြားသူများ စိတ်မပါလက်မပါ ဖြစ်နေကြသည်။ သူတို့စိတ်များက ယန်မြို့တော်သို့ပင် ရောက်နေကြလေပြီ။
ယန်မြို့တော်၏ ကြိုဆိုရေးအဖွဲ့က ရောက်နေကြပြီဖြစ်သည်။
ပညာရှင်အသင်းကို ဆက်ပြီး ခေါ်ထားနိုင်ဖို့အတွက် ရှန်းမြို့တော်က နည်းလမ်းပေါင်းစုံ ကြိုးစားပြီး ယန်မြို့တော်က အဖွဲ့များကို ပညာရှင်အသင်းနှင့် မဆက်သွယ်နိုင်အောင် လုပ်ခဲ့သည်။
ယန်မြို့တော်၏ အဖွဲ့များ ဘယ်သွားသွား ရှန်းမြို့တော်က လူတစ်ယောက်ယောက်က သူတို့ကို နီးနီးကပ်ကပ် ညွှန်ကြားပေးသည်။ ရှန်းမြို့တော် အစိုးရကလည်း ပညာရှင်များ အသင်းကို အလွန်လျှို့ဝှက်စွာ နေရာချထားပေးသည်။ ထို့ကြောင့် ကြောင်နှင့်ကြွက်လို ဖြစ်နေကြပါသည်။
ယန်မြို့တော်က အဖွဲ့များ ပညာရှင်များအသင်းနှင့် မတွေ့အောင် လုပ်ဖို့က ခက်ခဲလှပါသည်။
ထို့အပြင် ပညာရှင်များအသင်းကလည်း စောစော ထွက်ခွာချင်နေကြသည်။
ဒီလိုနှင့် ယန်မြို့တော်၏ အဖွဲ့နှင့် ပညာရှင်များအသင်းတို့၏ တွေ့ဆုံမှုက ရှောင်လွှဲလို့ မရခဲ့ပါ။
အလွန်လျှင်မြန်စွာဖြင့် ပညာရှင်များအသင်းက ချက်ချင်း ဆုံးဖြတ်ချက်ချခဲ့ပြီး ယန်မြို့တော်အသင်းနောက်သို့ လိုက်ကာ ယန်မြို့တော်သို့ ဦးတည်သွားခဲ့ကြသည်။
ရှန်းမြို့တော်က လူများက အလွန်ဒေါသထွက်ကြပြီး ထိုယန်မြို့တော်အဖွဲ့ကို နှင်ထုတ်ဖို့ မစောင့်နိုင်ကြတော့ပေ။
အထူးသဖြင့် အကြိုစမ်းသပ်ချက်လုပ်ဖို့အတွက် ငွေများစွာ သုံးစွဲခဲ့ကြသောသော ကုမ္ပဏီများနှင့် အဖွဲ့အစည်းများစွာ ရှိနေသည်။ သို့သော် ထိုအဖွဲ့ကြောင့် ပညာရှင်အသင်းက မလာခဲ့ပါ။
ထိုကုမ္ပဏီနှင့် အဖွဲ့အစည်းများ၏ ဘော့စ်များက သွေးအန်လုနီးပါး ဖြစ်သွားသည်။
သူတို့သည် ပညာရှင်အသင်းကိုတော့ ဒေါသပုံချလို့မရပေ။ သူတို့လုပ်လည်း မလုပ်ရဲကြပါ။
ထို့ကြောင့် ယန်မြို့တော်ကိုသာ မုန်းတီးခဲ့ကြသည်။
ဒီလိုနှင့် ပညာရှင်အသင်း၏ လေ့လာရေးခရီးကြောင့် စိတ်ရှုပ်စရာကောင်းသော ယန်မြို့တော်နှင့် ရှန်းမြို့တော်တို့၏ အာဃာတ တစ်ခု ဖြစ်တည်လာတော့သည်။