အစီအစဥ်
Vol. 7 Ch. 98
အခန်း(၉၈) - အစီအစဥ်
ချန်းရှုနှင့် လျို့ဖူရှန်းတို့၏ ဆက်ဆံရေးက တခြားသူများနှင့် ဘာမှမဆိုင်ပေ။
အစက လီကျန့်ရမ်နှင့် အခြားသူများက လူတစ်ယောက် တိုးလာလျှင် သူတို့၏ အကျိုးအမြတ် လျော့သွားနိုင်သဖြင့် သိပ်သဘောမကျကြပါ။
သို့သော်လည်း လျို့ဖူရှန်းက သူတို့ကို ချန်းရှုအကြောင်း ပြောပြလိုက်သည်။
ထင်မထားလောက်စရာပင် ယဲ့ရှောင်ချန်းက ချန်းရှု၏ စားသောက်ဆိုင်နှင့် ပူးပေါင်းဆောင်ရွက်နေမှန်း သိလိုက်ရသည်။ ဆားရည်စိမ် အသီးအရွက်များပင် ပါသေးသည်။ သူတို့ ချန်းရှုကို လျစ်လျူရှုလို့ မရခြင်းက ရှင်းလာပါသည်။
နောက်ဆုံးတော့ သူတို့အလျော့ပေးပြီး ချန်းရှုကို ပရောဂျက်ထဲပါဖို့ သဘောတူလိုက်ရသည်။
သို့သော်လည်း ဘယ်သူမှ ထပ်ပြီးမဝင်နိုင်တော့ကြောင်း ကြိုတင်သဘောတူထားရသည်။ မဟုတ်လျှင် သူတို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြမည်ဖြစ်သည်။
ထိုကိစ္စအားလုံးက ယဲ့ရှောင်ချန်းမသိဘဲ လုပ်ခဲ့ကြခြင်းဖြစ်သည်။
ယဲ့ရှောင်ချန်းက ဂရုမစိုက်သော်လည်း သူတို့ မည်သည့်ဆုံးဖြတ်ချက် ချချ သူ့ကို လျစ်လျူရှုထားလို့မဖြစ်ပါ။
သူက အဆင့်မြင့်အရည်အသွေးရှိ ဟင်းသီးဟင်းရွက်များကို ထောက်ပံ့သူဖြစ်ပြီး ဟင်းသီးဟင်းရွက် စားသောက်ဆိုင် ကွင်းဆက် တည်ထောင်ရာတွင် အရေးကြီး ပုဂ္ဂိုလ်ဖြစ်သည်။
သူတို့အုပ်စု စကားပြောဆိုကြရင်း ရယ်မောနေကြသော်လည်း စားသောက်ဆိုင် ကွင်းဆက် ဖွင့်မည့်အကြောင်း ထည့်မပြောဘဲ အခြားကိစ္စများအကြောင်းသာ ပြောခဲ့ကြသည်။
သိပ်မကြာမီ ယန်မြို့တော်သို့ လေ့လာရေး ခရီးလာဆင်းသော ပညာရှင်အသင်းအကြောင်း ပြောမိကြသည်။
"အဲ့ဒီပညာရှင်အသင်းဆိုတာ နာမည်နဲ့ ထိုက်တန်တယ်နော်။ အဲ့ဒီပညာရှင်တွေ လာပြီး ဆန်းစစ်လေ့လာဖို့ အခွင့်အရေးရအောင် တိုက်ပွဲတွေ ပြင်းထန်နေတယ်ဆိုပဲ။ နေရာတိုင်းမှာ ဗရုသုက္ခတွေနဲ့ အရှုပ်အထွေးတွေ ဖြစ်နေကြတယ်။"
ချန်းရှုက ပြောလိုက်သည်။
"ကျွန်တော်လည်း ကြားမိပါတယ်။ ဒါက အံ့သြစရာတော့ မဟုတ်ပါဘူး။ တကယ်တော့ ပညာရှင် အသင်းရဲ့ ဂုဏ်သတင်းက အဲ့လောက် မကြီးဘူး။ တရုတ်အကယ်ဒမီသိပ္ပံရဲ့ အဖွဲ့ဝင်ဖြစ်ပြီး ထိပ်တန်း ရုက္ခဗေဒပညာရှင်တစ်ယောက်ဖြစ်တဲ့ ပညာရှင်ကြီးယန်ကြောင့်သာ နာမည်ကြီးနေတာလေ။ အုပ်စုထဲက အခြားသူတွေကလည်း ပညာရှင်တွေပါပဲ။"
လီကျန့်ရမ်က ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
"အဲ့ဒီပညာရှင်အသင်းက ငါတို့ကျင်းကောင်တီကို လာမလား မသိဘူးနော်။"
လျို့ဖူရှန်းက ပြောလိုက်သည်။
"မျှော်လင့်ချက်ကတော့ ပါးပါးလေးပဲ။ လောလောဆယ် ပြိုင်ဆိုင်မှုတွေက ပြင်းထန်နေတာ ယန်မြို့တော်မှာက ခရိုင်သုံးခုနဲ့ မြို့နယ်နှစ်ခုရှိတယ်။ ရှမြို့တော်မှာ သူတို့ ခရိုင်နှစ်ခုနဲ့ မြို့တစ်ခုဆီပဲသွားခဲ့တာလေ။"
ဟေးလဲ့က ပြောလိုက်သည်။
"ကောင်တီက အထူးလူထုဆက်နွယ်ရေး အဖွဲ့တစ်ဖွဲ့ လွှတ်လိုက်ပြီး ကောင်တီခေါင်းဆောင်က ဦးဆောင်ပြီးသွားတာဆို ဟုတ်လား။"
ရှုကျောင်းက ရုတ်တရက် ပြောလိုက်၏။
"မင်းတို့ကောင်တီက အားသာချက် မရှိပါဘူးကွာ။ မင်းတို့ကောင်တီမှာ အထူးဖမ်းစားနိုင်တဲ့ စိုက်ပျိုးရေး အခြေစိုက်စခန်းလည်း မရှိဘူး။ ငါတို့ယန်မြို့တော်မှာက အကြီးစား စိုက်ပျိုးရေးခြံကြီး နှစ်ခုရှိတယ်။"
ချန်းရှုက ပြောလိုက်သည်။
သူက ယန်မြို့တော် ဇာတိဖြစ်သည်။
မူလက စားသောက်ဆိုင်ဖွင့်ပြီးနောက် ယန်မြို့တော်က စိုက်ပျိုးရေးခြံနှင့်သာ ဆက်သွယ်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း လျို့ဖူရှန်း၏ ဆက်သွယ်ပေးမှုကြောင့် ယဲ့ရှောင်ချန်းဖြင့် ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။
"ကျွန်တော်တို့မှာ မရှိဘူးလို့ ဘယ်သူပြောလဲ။ ညီအစ်ကိုယဲ့ရဲ့ စိုက်ပျိုးရေးခြံရှိတယ်လေ။ သူ့ခြံကို ဘယ်ခြံက လာယှဥ်နိုင်မှာလဲ။ အဲဒီခြံတွေက ဘယ်လောက်ပဲ ကျယ်ပြန့်ပါစေ အဆင့်မြင့် အရည်အသွေးရှိတဲ့ ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးနိုင်လို့လား။"
လီကျန့်ရမ်က မျက်လုံးများကို ကျယ်ကျယ်ဖွင့်ပြီး ပြောလိုက်သည်။
"ဟုတ်တယ်။ ညီအစ်ကိုယဲ့ရဲ့ လယ်ယာလုပ်နိုင်စွမ်းနဲ့ဆို တောင်ပိုင်းက စိုက်ပျိုးရေးခြံတွေ အားလုံးပေါင်းရင်တောင် ယှဥ်နိုင်မယ် မထင်ဘူး။"
ဟေးလဲ့လည်း ဝင်ပြောသည်။
ချန်းရှုက ကြောင်သွား၏။ ယဲ့ရှောင်ချန်း၏ ခြံထွက် ဟင်းသီးဟင်းရွက်များက မကောင်းဘူးလို့ မပြောနိုင်သော်လည်း နာမည်မကြီးသဖြင့် ဘယ်လောက်ပဲကောင်းကောင်း အလကားပဲဖြစ်သည်။
သို့သော်လည်း အဲ့လိုတော့ ပြောလို့မရပေ။
ယဲ့ရှောင်ချန်း ရှိနေသည် မဟုတ်ပါလား။
ယဲ့ရှောင်ချန်းက နှာခေါင်းကို ကိုင်လိုက်သည်။ ထိုပညာရှင်များ အသင်းက သူ့ထံသို့ လာနေကြသည်ဟု ပြောပြလိုက်ချင်၏။
"အင်းလေ။ အဲ့အကြောင်း ပြောတာကို ရပ်ကြရအောင်။ ဒါက ငါတို့နဲ့ဘာမှမဆိုင်ဘူး။ ဒီကိစ္စကို အစိုးရကိုပဲ စိတ်ပူပါစေလား။"
ရှုကျောင်းက ပြုံးကာ ပြောလိုက်သည်။
"ကြည့်ပါဦး။ ဆရာကြီးလင်တောင် ဟင်းပွဲတွေ ပြင်ပြီးသွားပြီ။"
အမှန်ပင်။ တံခါးကို တွန်းဖွင့်လိုက်ပြီး ဆရာကြီးလင်နှင့် အခြားစားဖိုမှူးများ ဝင်လာကြသည်။
ဟင်းပွဲများက သူတို့အားလုံး တညီတညွတ်တည်း အားထုတ်ချက်ပြုတ်ထားခြင်း ဖြစ်ပါသည်။
တစ်ခန်းလုံးက မွှေးပျံ့သော ဟင်းရနံ့များဖြင့် ပြည့်နှက်နေကြသည်။ အားလုံး၏ ပါးစပ်တွင်လည်း သွားရည်များ ပြည့်လျှံနေလေပြီ။
ဟင်းပွဲများ၏ ရနံ့က သန်မာလွန်းပြီး တမူထူးခြားသော မူလဟင်းသီးဟင်းရွက် ရနံ့များ ရှိနေသည်။
သူတို့အားလုံးကို အင်မော်တယ်စမ်းရေ ဟင်းသီးဟင်းရွက်များဖြင့် ချက်ပြုတ်ထားခြင်းဖြစ်၏။
စားပွဲကြီးကြီးတစ်လုံးတွင် သူတို့ ထိုင်လိုက်ကြပြီး ဝိုင်များသောက်ကာ စားရင်းသောက်ရင်း စကားပြောနေကြသည်။
ချီးမွမ်းမှုများလည်း မကုန်နိုင်အောင် ရှိလှသည်။
သူတို့ မချီးမွမ်းဘဲ မနေနိုင်ပါ။ ဒီဟင်းလျာတွေကိုက အရသာရှိလွန်းသောကြောင့် ဖြစ်သည်။
ချန်းရှုလည်း ဟင်းလျာများကို စားကြည့်လိုက်၏။ သူ့စားဖိုမှူးများနှင့် ဆရာကြီးလင်ကို ယှဥ်ကြည့်လိုက်သောအခါ ရင်ထဲတွင် လေးလေးပင်ပင် သက်ပြင်းချမိသည်။ ဆရာကြီးလင်က အင်အားကြီးလွန်းနေပါသည်။
မကြာမီ ဆားရည်စိမ် ဟင်းသီးဟင်းရွက်များ ရောက်ရှိလာသည်။
"အရသာရှိလိုက်တာ။"
ပထမဆုံးအကြိမ် မဟုတ်သော်လည်း သူတို့အားလုံးသည် ထိုဆားရည်စိမ် ဟင်းသီးဟင်းရွက်များက ကမ္ဘာပေါ်တွင် အရသာအရှိဆုံးအစားအစာဟု ထင်နေကြဆဲဖြစ်သည်။
"ဒီဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက အံ့သြဖို့ကောင်းလိုက်တာ။"
"ညီလေးယဲ့၊ ငါမင်းကို တကယ်လေးစားတယ်ကွာ။ ဒီဟင်းသီးဟင်းရွက်တွေက အရမ်းကောင်းပြီး ဆားရည်စိမ် အသီးအရွက်တွေကတောင် ထိပ်တန်းအဆင့်ရှိတယ်။"
"ငါတို့ပါးစပ်ထဲ ဒီလို နတ်သုဒ္ဓါမျိုးတွေ ရောက်လာတာ ညီလေးယဲ့ရှောင်ချန်းကြောင့်ပဲ။"
ဆရာကြီးလင်နှင့် အခြားသူများကတောင် မရပ်မနား ချီးကျူးနေကြသည်။ ဆားရည်စိမ် အသီးအရွက်များရှေ့တွင် သူတို့၏ ဟင်းချက်စွမ်းရည်များက တကယ် ဘာမှမဟုတ်ကြပေ။
အခြားသူများ၏ ချီးကျူးစကားများကို နားထောင်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းမှာ ရှက်သွား၏။
ဆားရည်စိမ် အသီးအရွက်များကို ပြုလုပ်ခြင်းက မှော်ဆားရည်စိမ်ပုလင်းအပေါ် မှီခိုထားခြင်းကို သူတို့မသိကြပါ။
အစားအသောက်များနှင့် ဝိုင်များ သောက်စားပြီးသွားကြသောအခါ နောက်ဆုံးတော့ လုပ်ငန်းအကြောင်း ပြောမိကြပြီဖြစ်သည်။
ယဲ့ရှောင်ချန်းက အခြေအနေတစ်ခုကို ရိပ်မိ၏။ ဒီလူတွေအားလုံးထဲတွင် လီကျန့်ရမ်က ခေါင်းဆောင်ဖြစ်လာသည့်ပုံပင်။
ဒါကို ရှုကျောင်း၊ ဟေးလဲ့နှင့် လျို့ဖူရှန်းတို့တောင် စိတ်အနှောင့်အယှက်ဖြစ်သည့်ပုံ မပေါ်ပါ။
လျို့ဖူရှန်းတစ်ယောက် တစ်ခါက ပြောဖူးသော အကြောင်းအရာကို ပြန်တွေးလိုက်မိသည်။ လီကျန့်ရမ်က ကောင်တီအစိုးရ ဒုခေါင်းဆောင်နှင့် အဆက်အသွယ်ရှိသည်။
ထိုဒုခေါင်းဆောင်က မကြာသေးခင်ကမှ ရာထူးရထားခြင်း ဖြစ်ပြီး အာဏာလည်း ကြီးမားသည်။
အစိုးရမှ ကူညီဖို့ တစ်ယောက်ယောက် ရှိနေသည်။
လျို့ဖူရှန်းနှင့် အခြားသူများက ကျယ်ပြန့်သော လုပ်ငန်းများ ဆောင်ရွက်နေကြပြီး အစိုးရ၏ ထောက်ပံ့မှု မရှိပါက အလွန်ခက်ခဲကာ ပြဿနာများစွာလည်း ကြုံတွေ့ရနိုင်သည်။
သူ့ဝမ်းကွဲအစ်ကို ချန်ဟောက်ကလည်း သူ့ယောက္ခမ ကျန်းမာရေးဌာန၏ ဒုဒါရိုက်တာ ဖြစ်သည်ကို အားကိုးကာ နေရာရခဲ့ခြင်းဖြစ်သည်။ အာဏာအစစ်အမှန်ရှိသော ကောင်တီ၏ ဒုခေါင်းဆောင် ဆိုလျှင်တော့ ပိုတောင်ဆိုးပေမည်။ ရာထူးနှင့် အာဏာတို့က သေချာပေါက် ပိုမြင့်ပါသည်။
"ညီအစ်ကိုယဲ့၊ ဒီတစ်ခေါက် ငါတို့ အစီအစဥ်တစ်ခု ဆွဲထားတယ်။ မင်း စစ်ကြည့်ပြီး ဘာပြင်ဖို့လိုလဲ ပြန်ပြောပေးပါဦး။"
လီကျန့်ရမ်က ဖိုင်တစ်ခုကို ထုတ်ယူကာ ယဲ့ရှောင်ချန်းကို ပေးလိုက်သည်။
ဒါကို သူတို့ ကြိုတင် ပြင်ဆင်ထားကြမှန်း သိသာပါသည်။
သူတို့က သီးသန့် ဆွေးနွေးခဲ့ကြ၏။
လောလောဆယ် ဒီပါတီမှာ သူတို့နှင့် ယဲ့ရှောင်ချန်းအကြားက ဝင်ငွေခွဲဝေမှုအကြောင်း ညှိနှိုင်းဖို့ဖြစ်သည်။
ယဲ့ရှောင်ချန်းက ခေါင်းငြိမ့်ကာ ဖိုင်တွဲထဲမှ စာရွက်တချို့ကို ယူကြည့်လိုက်သည်။
စည်းမျဥ်းစည်းကမ်းများကို ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။
ယဲ့ရှောင်ချန်းက တစ်ချက်ကြည့်လိုက်ရုံနှင့် ရှင်းရှင်းလင်းလင်း သိလိုက်ရသည်။
ဒါမျိုးက သာမန်လူမျိုး လုပ်နိုင်သည့် အရာမျိုးမဟုတ်ပေ။ အလွန် အားထုတ်ကြိုးပမ်းဖို့ လိုအပ်သည်။
ဤအဆိုပြုချက်တွင် ပါဝင်သူအားလုံးသည် အစုရှယ်ယာရှင်များ၏ အမည်ဖြင့် စားသောက်ဆိုင် ကွင်းဆက် တည်ထောင်ရာတွင် ပါဝင်ဆောင်ရွက်ကြမည်ဖြစ်သည်။
ရန်ပုံငွေခွဲဝေမှုတွင် ကွဲပြားခြားနားမှုများရှိမည်။
ဒီအချက်တွင် အင်အား၊ နောက်ခံခိုင်မာမှု၊ အဆက်အသွယ်ခိုင်မာမှု၊ ငွေအရင်းအနှီးခိုင်မာမှုတို့ ပိုရှိသူက ရှယ်ယာများပိုမိုရရှိမည်မှာ သေချာပါသည်။
၎င်းတို့အနက် လီကျန့်ရမ်က အင်အားအကြီးဆုံးဖြစ်သည်။
ယဲ့ရှောင်ချန်းသည် အကျိုးခံစားခွင့်များ ခွဲဝေမှုနှင့် ပတ်သက်၍ စိုးရိမ်နေဆဲဖြစ်သည်။
သို့သော် အချက်အလက်များကို ကြည့်ပြီးသွားသောအခါ ယဲ့ရှောင်ချန်းသည် အနည်းငယ် မျက်မှောင်ကြုတ်သွား၏။
ယဲ့ရှောင်ချန်း၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော လီကျန့်ရမ်က ယဲ့ရှောင်ချန်းကို ဂရုတစိုက် လေ့လာ စောင့်ကြည့်နေခဲ့သည်။
ဤအဆိုပြုချက်တွင် ယဲ့ရှောင်ချန်းသည် ကွင်းဆက်စားသောက်ဆိုင်၏ ရှယ်ယာ ၃၅ ရာခိုင်နှုန်းကို ရယူနိုင်ရန် သူ့ခြံကို ရှယ်ယာရှင်အဖြစ် အသုံးပြုရမည်ဖြစ်သည်။
ဆရာကြီးလင်နှင့် အခြားစားဖိုမှူးများ၏ အချက်အပြုတ်ကျွမ်းကျင်မှုကို အသုံးပြုမည့်အတွက် ၁၅ ရာခိုင်နှုန်း ရရှိမည်။
လီကျန့်ရမ်နှင့် အခြာလေးဦးက ကျန်ရှိသော ရှယ်ယာ ၅၀ ရာခိုင်နှုန်းကို ရယူရန် ၎င်းတို့၏ ရန်ပုံငွေများကို အသုံးပြုကြမည်ဖြစ်သည်။
သူတို့အားလုံးထဲတွင်မှ လီကျန့်ရမ်က ရှယ်ယာ အများဆုံးဖြစ်သည်။ လီကျန့်ရမ်က ယွမ် ၁၀ သန်းကို ရင်းနှီးမြှုပ်နှံခြင်းဖြင့် ရှယ်ယာ ၂၀ ရာခိုင်နှုန်းကို ရထား၏။
လျို့ဖူရှန်းက ယွမ် ၄ သန်းကို ရင်းနှီးမြှုပ်နှံပြီး ရှယ်ယာ ၈ ရာခိုင်နှုန်း၊ ချန်းရှုက ယွမ် ၅ သန်းကို ရင်းနှီးမြှုပ်နှံပြီး ၁၀ ရာခိုင်နှုန်း၊ ရှုကျောင်းက ယွမ် ၃ သန်းကို ရင်းနှီးမြှုပ်နှံပြီး ၆ ရာခိုင်နှုန်း၊ ဟေးလဲ့က ယွမ် ၃ သန်းကို ရင်းနှီးမြှုပ်နှံပြီး ၆ ရာခိုင်နှုန်းတို့ ပိုင်ဆိုင်ထားကြသည်။
ပိုင်ဆိုင်မှု ခွဲခြမ်းခြင်းက ကျိုးကြောင်းသင့်ပြီး ရှယ်ယာအများဆုံး ယဲ့ရှောင်ချန်းအတွက် အလွန်အားသာချက်ရှိပါသည်။
သို့သော်လည်း သူ့စိုက်ပျိုးရေးခြံက ရှယ်ယာထဲတွင် ပါနေသည်ကိုတော့ သဘောမကျပါ။ ဤသည်က ခြံတစ်ခြံလုံးကို ကုမ္ပဏီအတွက် ဖြည့်သွင်းရမည် ဟူသည့် သဘောသက်ရောက်သည်။
ယဲ့ရှောင်ချန်းက ဒါကို သဘောမတူနိုင်ပါ။
သူ့စိုက်ပျိုးရေးခြံတွင် အဆင့်မြင့် အရည်အသွေး ဟင်းသီးဟင်းရွက်များသာမကဘဲ ရှန်းချွမ်(အင်မော်တယ်စမ်းရေ) ဟင်းသီးဟင်းရွက်များရှိပြီး အင်မော်တယ်မြေများလည်း ရှိနေသည်။
စိုက်ပျိုးရေးခြံကို ရှယ်ယာထဲ ထည့်လိုက်ပါက လီကျန့်ရမ်တောင် စိုက်ပျိုးရေးခြံ စီမံမှုတွင် ဝင်ပါလာနိုင်သည်။
စိုက်ပျိုးရေးခြံက သူ့အခြေခံအုတ်မြစ်ဖြစ်ပြီး ဒါကို လုံးဝ အထိခံလို့ မဖြစ်ပါ။