ပြသခြင်း
Vol. 7 Ch. 102
အခန်း(၁၀၂) - ပြသခြင်း
ကျွမ်းကျင်ပညာရှင်အဖွဲ့ ရောက်ရှိလာခြင်းကို ခရိုင်အစိုးရအဖွဲ့က အလေးထားဆောင်ရွက်ခဲ့ပါသည်။
ထိုက်ဖျင်မြို့တော်သည် ကျင်းကောင်တီရှိ အဝေးပြေးလမ်းသို့ တစ်ခုတည်းသော ဝင်ပေါက်ဖြစ်ပြီး ရှမြို့တော်နှင့် ကျင်းကောင်တီကို ဆက်သွယ်ပေးထားသော တစ်ခုတည်းသော လမ်းဖြစ်သည်။
ပညာရှင်အသင်းက ထိုမြို့မှ ဖြတ်လာမည်ဖြစ်သောကြောင့် မြို့တော်အစိုးရမှ ဝေယျာဝိစ္စကိစ္စများကို ကြိုတင်ပြင်ဆင်ထားခဲ့သည်မှာ ကြာပြီဖြစ်သည်။
မနက်စောစောအချိန် ထိုက်ဖျင်မြို့၏ လမ်းနှစ်ဖက်တွင် လူများစွာ ရပ်စောင့်နေကြပြီး ကျောင်းတော်မျိုးစုံမှ ကျောင်းသားများ၊ အစိုးရဌာနမှလူများ၊ ရပ်ရွာ ကော်မတီဝင်များ အစရှိသည်တို့ ပါဝင်ကြသည်။
လမ်း၏ တစ်ဖက်တစ်ချက်စီတွင် ဆိုင်းဘုတ်များ၊ အလံများကို ကိုင်ဆောင်ကာ ရပ်နေကြ၏။ လူများစွာမှာ စိတ်လှုပ်ရှားမှုများစွာဖြင့် သက်ဝင်လှုပ်ရှားနေခဲ့ကြပါသည်။
ယနေ့က နေသာသော နေတစ်နေ့ဖြစ်၏။ လူများစွာက နေပူထဲတွင် ရပ်စောင့်နေကြရသော်လည်း ဘယ်သူမှ ထွက်ခွာမသွားကြသေးပါ။
မြို့တော်အစိုးရခေါင်းဆောင်ပင် မထွက်သွားပါ။
"သူတို့ဘာလို့ မလာကြသေးတာလဲ။ မင်းတို့ ဖုန်းခေါ်ပြီး မေးကြည့်ပြီးသွားပြီလား။"
ခေါင်းပြောင်ပြောင် သက်လတ်ပိုင်း ယောက်ျားကြီးတစ်ဦးက နှဖူးပေါ်မှ ချွေးများကို လက်ကိုင်ပဝါဖြင့် သုတ်ကာ မေးလိုက်သည်။
"အတွင်းရေးမှူးဆုန်း၊ သူတို့ တိုးဂိတ်ကိုကျော်လာပြီး ရောက်ခါနီးနေပါပြီ။"
သူ့ဘေးမှ လူငယ်တစ်ဦးက အမြန်ပြောလိုက်သည်။
"မြန်မြန်ဟေ့။ အားလုံး တည့်တည့်မတ်မတ် ရပ်ကြပါ။ စိတ်အားအထက်သန်ဆုံး အငွေ့အသက်တွေနဲ့ ပညာရှင်အသင်းကို ကြိုဆိုကြရမယ်။"
အတွင်းရေးမှူး ဆုန်းက လျင်မြန်စွာ အော်လိုက်သည်။
ရုတ်တရက် လမ်းဘေးနှစ်လက်ရှိ လူများက လှလှပပ သေသပ်စွာ တန်းစီ မတ်တပ်ရပ်လိုက်ကြသည်။
မိနစ်အနည်းငယ် ကြာသောအခါ ပညာရှင်အသင်း၏ ကားတန်း ရောက်ရှိလာခဲ့သည်။
ပညာရှင်အသင်းကို တွေ့ဆုံဖို့အတွက် ယာဥ်တန်းကို တိုးဂိတ်မှ ကောင်တီအထိ နိုင်ငံတော် အဝေးပြေးလမ်းမပေါ်တွင် ထိန်းချုပ်ထားခဲ့သည်။
ကောင်တီအစိုးရ လမ်းပြကားကြီးနှစ်စီးက ဦးဆောင်သော ကားကြီးကားသေးများစွာ ရောက်လာကြသည်။ လမ်းပြကားကြီးများထဲတွင် ကောင်တီခေါင်းဆောင်များ ပါဝင်ကြသည်။
အလယ်ခေါင်ရှိ ဇိမ်ခံဘတ်စ်ကားကြီးတွင် ပညာရှင်အသင်း လိုက်ပါလာခဲ့သည်။
အခြားကားများတွင် ယန်မြို့တော်နှင့် ပြည်နယ်မှ လုံခြုံရေးဝန်ထမ်းများပါဝင်သည်။
ယာဥ်တန်း ရောက်လာသောအခါ အရှိန်လျော့သွားကြသည်။
လမ်းပြကားကြီး တစ်စီးထဲတွင် ဖန်းယွမ်နှင့် သက်လတ်ပိုင်း ယောက်ျားကြီးတစ်ဦး အနောက်ခုံတွင် ထိုင်နေပြီး လမ်းနှစ်ဖက်တွင် ကြိုဆိုနေသော လူအုပ်ကြီးကို ကြည့်ကာ ခေါင်းခါလျက် ပြုံးလိုက်သည်။
"ဒီဆုန်းပိုင်ရှန့်ကတော့ ဆူပူအောင် မလုပ်ဘဲ အလုပ်ကို မလုပ်တတ်ပါလား။"
ကောင်တီအုပ်ချုပ်ရေးမှူး ကျူးချန်းချင်းက ပြောလိုက်သည်။
"အတွင်းရေးမှူးဟောင်းသာ ဒါကိုမြင်ရင် သေချာပေါက် သူ့ကိုဆူမှာပဲ။"
သူ့ဘေးတွင် ထိုင်နေသောလူက ရယ်မောကာ ပြောလိုက်သည်။
သူက ကျင်းကောင်တီ၏ လက်ထောက်ကောင်တီအုပ်ချုပ်ရေးမှုး ကျင်းပင်းချွေ့ဖြစ်ပါသည်။
လူအတော်များများက ပညာရှင်အသင်း ကျင်းကောင်တီသို့ ရောက်လာခြင်းမှာ သူ့ကျေးဇူးကြောင့်ဟု ထင်နေကြသည်။
ယခုတော့ ကျင်းကောင်တီ၏ ရွာသူကြီးက သူရဲကောင်းကြီး တစ်ဦးဖြစ်နေလေပြီ။
ရုတ်တရက် သူတို့နောက်က ဇိမ်ခံဘတ်စ်ကားကြီး ရပ်တန့်သွားသည်။
"ဘာဖြစ်တာလဲ။"
ကျူးချန်းချင်းက သူတို့နောက်ရှိ ယာဥ် ရပ်တန့်သွားသည်ကို မြင်ကာ ဒရိုင်ဘာကို အမြန် ကားရပ်ခိုင်းလိုက်သည်။
ကျင်းပင်းချွေ့လည်း ကားထဲမှ အလျင်အမြန် ထွက်လိုက်သည်။
ထိုက်ဖျင်မြို့သားများလည်း ယာဥ်တန်း ရပ်တန့်သွားသည်ကို မြင်သောအခါ အံ့အားသင့်သွားခဲ့ကြပါသည်။
"အတွင်းရေးမှူးဆုန်း၊ ယာဥ်တန်းကော ပညာရှင်အသင်းပါတဲ့ ဇိမ်ခံဘတ်စ်ကားကြီးကော ရပ်သွားပြီ။"
မြို့အရာရှိဝန်ထမ်းတချို့က ပြောလိုက်သည်။
"လာစမ်း၊ ငါတို့ သွားကြည့်ကြစို့။ ငါတို့ပညာရှင်အသင်းကို မြို့မှာ နေအောင် လုပ်လို့ရလောက်တယ်။ ပြီးတော့ ငါတို့မြို့ကို လှည့်လည်ကြည့်ရှုအောင်တောင် လုပ်နိုင်လောက်တယ်။"
ဆုန်းပိုင်ရှန့်၏ မျက်နှာတွင် ပျော်ရွှင်သော အရိပ်အယောင်ပေါ်လာပြီး အမြန်ပြေးထွက်သွားသည်။ ပြေးလွှားနေစဥ် သူ့ဗိုက်ပူပူကြီးက အထက်အောက် ခုန်လွှားလျက်ရှိပါသည်။
ထိုအချိန်တွင် ကျူးချန်းချင်းနှင့် ကျင်းပင်းချွေ့တို့ကလည်း ဇိမ်ခံကားကြီး ရပ်သွားရသည့် အကြောင်းအရင်းကို သိသွားကြသည်။
သူတို့ အံ့အားသင့်သွားခဲ့ရ၏။
အကြောင်းအရင်းမှာ... ပညာရှင်အသင်းက မြို့ထဲတွင် လှည့်လည်ကြည့်ရှုဖို့ နေချင်သောကြောင့်ဖြစ်ပါသည်။
ကျူးချန်းချင်းနှင့် ကျင်းပင်းချွေ့တို့နှစ်ဦးသား ရင်ထဲတွင် ကျိန်ဆဲလိုက်ကြသည်။
ဒီလိုစုတ်ပြတ်နေသည့် မြို့ထဲတွင် ဘာများ လေ့လာစရာရှိမှာလဲ။ ကျင်းကောင်တီ၏ ဝိုင်ကောင်းများနှင့် အသားများက သူတို့ကို စောင့်နေတာ မဟုတ်ဘူးလား။
သို့သော်လည်း အခုတော့ ဒီအဘိုးကြီးများက ဒီမှာ နေချင်နေကြသည်။
ပညာရှင်အသင်း၏ လူများစွာက အဘိုးကြီးများ ဖြစ်ကြသည်ကိုတော့ လက်ခံရမည်။
သူတို့ကို ရိုက်လို့လည်းမရသလို ဆူလို့လည်း မရပါ။ အပြုံးမျက်နှာဖြင့်သာ ကြိုဆိုနိုင်ပြီး စော်ကားမိပါက ထွက်သွားကြမည်ဖြစ်သလို ထိုအခါကျမှ သေအောင် ငိုကြွေးသွားရနိုင်ပါသည်။
သူတို့နှစ်ယောက်စလုံး မတတ်နိုင်ကြတော့ပါ။ ပညာရှင်များအသင်းကို ကျင်းကောင်တီသို့ သွားရအောင်လည်း အတင်းပြောလို့ မရပေ။
ထိုအချိန်တွင် ဆုန်းပိုင်ရှန့်က တင်ပါးကြီး တုန်တုန်ယင်ယင်ဖြင့် ပြေးလွှားလာသည်။
"အုပ်ချုပ်ရေးမှူးကျူးနဲ့ ကောင်တီကော်မရှင်နာကျင်းတို့ ရောက်လာကြပြီလား။ ပညာရှင်အသင်းက ကျွန်တော်တို့ ထိုက်ဖျင်မြို့မှာ နေချင်လို့လား။ ကျွန်တော်သွားပြီး ပြင်ဆင်သင့်တာ ပြင်ဆင်လိုက်ရတော့မလား။"
ဆုန်းပိုင်ရှန့်က ချွေးပြန်နေသော မျက်နှာနီနီရဲရဲကြီးဖြင့် ပြောလိုက်သည်။
သူ အလွန်စိတ်လှုပ်ရှားနေ၏။
ပညာရှင်များအသင်းကသာ သူတို့မြို့တွင် အကြာကြီး နေထိုင်ပြီး လှည့်လည်စမ်းစစ်မှုများ ပြုလုပ်မည်ဆိုပါက အကြီးမားဆုံး အောင်မြင်မှုတစ်ခု ဖြစ်လာနိုင်ပါသည်။
ဧကန္တ ဒီအခွင့်အရေးကို ပိုပြီးတောင် ယူနိုင်လောက်သည်။
ကျူးချန်းချင်းနှင့် ကျင်းပိုင်ချွေ့တို့က ဒီဆုန်းပိုင်ရှန့်ကို သေအောင် ကန်ထုတ်ပြစ်လိုက်ချင်သည်။
ဒီလူသာ ဘာမှမလုပ်ခဲ့ပါက ပညာရှင်အသင်းက ရုတ်တရက်ကြီး ဒီမှာ ရပ်သွားစရာအကြောင်း မရှိပါ။
ပညာရှင်အသင်းတွင် အစတုန်းက ဒီလိုအစီအစဥ်မျိုး မရှိပါ။
ဆုန်းပိုင်ရှန့်ကြောင့် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ ကျင်းကောင်တီခေါင်းဆောင်နှစ်ဦးက ဆုန်းပိုင်ရှန့်၏ တာဝန်ဟုသာ မှတ်ယူထားကြသည်။
"မင်းကောင်းကောင်းမွန်မွန် မစီစဥ်ဘဲ တစ်ခုခုသာ မှားသွားလို့ကတော့ မင်းကို တာဝန်ယူခိုင်းမယ်။"
ကျူးချန်းချင်းက ဘယ်လောက်ပဲ မကျေမနပ် ဖြစ်နေပါစေ။ လောလောဆယ်တော့ သူ ဘာမှ မလုပ်နိုင်တော့ပါ။
"ကျွန်တော် ကတိပေးပါတယ်။ ဒီတာဝန်ကို သေသေချာချာ ယူပါ့မယ်ဗျာ။"
ဆုန်းပိုင်ရှန့်က တည်တန့်စွာ ပြန်ဖြေလိုက်သည်။
ထို့နောက် ကိစ္စများကို စတင်စီစဥ်လိုက်၏။
ပညာရှင်အသင်း ထိုက်ဖျင်မြို့တွင် နေပြီး လှည့်လည် ဆန်းစစ်မှုလုပ်မည့်ကိစ္စက လေလိုပင် ကျင်းကောင်တီတစ်လျှောက် ပြန့်နှံ့သွားခဲ့သည်။
ကျင်းကောင်တီမှ ကျန်ရှိနေသော ခေါင်းဆောင်များက ပညာရှင်အသင်း ရောက်လာမည့်အချိန်ကို စောင့်ဆိုင်းနေကြပြီး ပညာရှင်အသင်းက ထိုက်ဖျင်မြို့တွင်သာ နေတော့မည်ဟု ရုတ်တရက် ကြားသိလိုက်ရသောအခါ ဒေါသကြောင့် သွေးပင်အန်ချင်သွားသည်။
ထိုက်ဖျင်တစ်မြို့လုံးကို ဖျက်ဆီးပြစ်ပြီး ပညာရှင်အသင်းကို ပြန်လုယူချင်စိတ်များပင် ပေါ်လာကြသည်။
အမှန်ပင်။ ဖြစ်တော့မဖြစ်နိုင်ပါ။
ထိုက်ဖျင်မြို့ကလည်း ကျင်းကောင်တီ၏ အုပ်ချုပ်မှုအောက်တွင် ရှိသည်။
ကျန်ရှိနေသော အဓိကခေါင်းဆောင်များက ထိုက်ဖျင်မြို့သို့ အမြန်ဆုံး လိုက်သွားကြသည်။
ထိုအချိန်တွင် ပညာရှင်အသင်း၏ ရောက်ရှိမှုက ထိုက်ဖျင်မြို့တစ်မြို့လုံးအား ဗြောင်းဆန် သွားစေခဲ့သည်။ နှစ်သစ်ကို ဆင်နွှဲနေသလိုမျိုး ရွှင်မြူးနေခဲ့ကြသည်။
ကျင်းကောင်တီတစ်ခုလုံးမှ မရေမတွက်နိုင်သော လေးစားရသည့်ပုဂ္ဂိုလ်များစွာက ပညာရှင်များအသင်းကို ဂုဏ်ယူဝင့်ကြွားစွာဖြင့် မြင်နိုင်အောင် အမြန်ဆုံး လာခဲ့ကြသည်။
ပညာရှင်အသင်း ထိုက်ဖျင်မြို့သို့ ရောက်သောအခါ ယဲ့ရှောင်ချန်းက ယန်မြို့တော်တွင် ဟင်းသီးဟင်းရွက်များကို ပို့ဆောင်နေခြင်းဖြစ်သည်။
ပို့ဆောင်ပြီးနောက်တွင် ဝမ်ရွှေရှန့်၏ ဗီလာသို့ သွားခဲ့၏။
ဝမ်ရွှေရှန့်သည်လည်း အိမ်တွင် ရှိနေပါသည်။
"ရှောင်ချန်းလာတယ်ဟေ့။"
ဝမ်ရွှေရှန့်က ယဲ့ရှောင်ချန်းကို ခေါ်သည့်ပုံစံ ပြောင်းလဲသွားသည်။ အစကတော့ သူ့ကို ညီလေးယဲ့ဟု ခေါ်လေ့ရှိသော်လည်း ယခုတော့ ပိုမိုနီးစပ်သွားကြပြီဖြစ်သည်။
ယဲ့ရှောင်ချန်းကို သေချာပေါက် မိသားစုအဖြစ် သတ်မှတ်ထားပြီဖြစ်သည်။
"အစ်ကိုကြီးဝမ်နဲ့ မရီးတို့"
ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်နှင့် ကျူးချင်းချင်းတို့ကို နှုတ်ဆက်လိုက်သည်။
ရှီပေါင်းလေးက သူ့ပေါင်ပေါ်ပြေးတက်လိုက်ပြီး ဦးလေးယဲ့ဟု ခေါ်လိုက်သည်။
ရှီပေါင်းလေးက သူနှင့် ပိုမိုနီးစပ်လာသည့်ပုံပင်။
ဝမ်ယွမ်တုန်းက ဘေးကကြည့်နေပြီး ရင်ထဲတွင် အတော်နေရခက်နေသည်။ သူက ယဲ့ရှောင်ချန်းထက် ပိုမိုနိမ့်ကျသည်ဟု ခံစားနေရသည်။
"ဦးလေး ကျွန်တော့်ဆရာက ရက်နည်းနည်းနေရင် ပညာရှင်ကြီးယန်ရဲ့ ဖိတ်ကြားမှုကို လက်ခံပြီး စိုက်ပျိုးရေးသိပ္ပံကျောင်းတော်ဆီကို သွားလိမ့်မယ်။ အဲ့အချိန်ကျရင် ကျွန်တော်လည်း အခွင့်အရေးရပြီး ပတ်ဝန်းကျင်အသစ်မှာ ပညာသွားသင်နိုင်လိမ့်မယ်။"
ဝမ်ယွမ်တုန်းက ရုတ်တရက် ပြောလိုက်သည်။
သူပြောနေစဥ် ယဲ့ရှောင်ချန်းကို မျက်လုံးထောင့်မှ စောင်းကြည့်ရင်း သူ့မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာ၏။
တရုတ်စိုက်ပျိုးရေးသိပ္ပံကျောင်းတော်က နိုင်ငံတော်၏ ထိပ်တန်းစိုက်ပျိုးရေး သုတေသန တက္ကသိုလ်တစ်ခုဖြစ်သည်။
ပါရမီရှင်များစွာက တရုတ်စိုက်ပျိုးရေးသိပ္ပံကျောင်းတော်ကို ဝင်ဖို့ ရည်ရွယ်ချက် ထားရှိကြ၏။
ထိုကဲ့သို့ အခွင့်အရေးမျိုးက နှစ်တစ်ထောင်တွင် တစ်ကြိမ်သာ ပေါ်လာတတ်သည်။
ဖူဆန်သစ်ပင်ကြီး၏ ကုသမှုနှင့်သာ မပတ်သတ်ပါက သူ့ဆရာလည်း ပညာရှင်ကြီးယန်နှင့် ဆက်ဆံခွင့်ရရှိနိုင်ဖို့ ခက်ခဲပါလိမ့်မည်။ သူကလည်း ဒီလိုအခွင့်အရေးမျိုး ရလာနိုင်ပါ့မလား။
ယဲ့ရှောင်ချန်းက ဖူဆန်သစ်ပင်ကို ကုသခဲ့သောလူဖြစ်မှန်း သူ မသိခဲ့ပါ။ ကောလဟာလများအတိုင်း ဆန်းကြယ်သည့် ပညာရှင်တစ်ဦးကြောင့်ဟုသာ ထင်နေသည်။ မဟုတ်ပါက ဒီလိုအရာများကို ဘယ်တော့မှ ပြောမည်မဟုတ်ပါ။
ဝမ်ယွမ်တုန်း၏ သိသိသာသာ ကြွားလုံးထုတ်မှုကို ယဲ့ရှောင်ချန်းက ဘာမှမပြောဘဲ ပြုံးသာ ပြုံးပြလိုက်သည်။
ဝမ်ရွှေရှန့်လည်း ကျေနပ်သွား၏။ ခေါင်းငြိမ့်လိုက်ပြီး ပြောလိုက်သည်။ "ကောင်းတာပေါ့၊ ယွမ်တုန်း... အကောင်းဆုံးကြိုးစားကွာ။ အဲ့လို အခွင့်အရေးမျိုးက အရမ်းရှားပါးတာကွ။"
သူတို့ဝမ်မိသားစုက ငွေမရှားပါးသော်လည်း နယ်ပယ်တစ်ခုတွင် ဂုဏ်သတင်းတော့ ရှားပါးနေသေးသည်။
ဝမ်မိသားစုတွင်သာ နာမည်ကျော် စိုက်ပျိုးရေး ရုက္ခဗေဒပညာရှင်တစ်ဦး ပေါ်ပေါက်လာပါက ဝမ်မိသားစု၏ အင်အားသည် ပိုမို အားကောင်းလာနိုင်ပါသည်။
သူ့ဦးလေး၏ ချီးကျူးစကားကို ကြားသောအခါ ဝမ်ယွမ်တုန်းက ရန်စသော မျက်လုံးများဖြင့် ယဲ့ရှောင်ချန်းကို ကြည့်လိုက်သည်။
ဘွန်ဆိုင်းပင်ကို ကုသနိုင်တယ် ဟုတ်လား။ ပန်းဂေါ်ဖီ ချွတ်ယွင်းချက်ကို ကုသနိုင်တယ်ပေါ့လေ။
အဲ့တာဘာဖြစ်လဲ။
ဘာပဲဖြစ်ဖြစ် သူက သာမန်လယ်သမားတစ်ဦးသာဖြစ်ပြီး နောက်ဆုံးတွင် တစ်သက်လုံး ရွာတွင်သာ နေထိုင်သွားရမည်သူဖြစ်သည်။
သူကတော့ တောက်ပသော အနာဂတ်တစ်ခုနှင့် စင်မြင့်တစ်ခုကို ပိုင်ဆိုင်လာရမည်ဖြစ်၏။