ဆက်ဆံရေး
Vol. 7 Ch. 101
အခန်း(၁၀၁) - ဆက်ဆံရေး
ယန်မြို့တော်၊ ရှင်းဟုန်ကုမ္ပဏီ ရုံးခန်းအဆောက်အအုံတွင်
ဤကုမ္ပဏီက ပြည်နယ်တစ်ခုလုံး၏ ဓာတ်မြေသြဇာလုပ်ငန်းများထဲတွင် နာမည်အကြီးဆုံးဖြစ်သည်။ ဓာတ်မြေသြဇာများသာမကဘဲ ဝက်စာ၊ ငါးစာ၊ ကြက်စာနှင့် ဘဲစာများကြောင့်လည်း နာမည်ကြီးသည်။
ထို့အပြင် အိမ်ခြံမြေများနှင့်လည်း ဆက်နွယ်နေသည်။
ဒီရုံးအဆောက်အဦးကိုပဲ ဥပမာ ယူကြည့်ပါ။ ထိုအဆောက်အဦးကို ရှင်းဟုန်အုပ်စု၏ ကိုင်းခွဲ ကုမ္ပဏီတစ်ခုဖြစ်သော ရှင်းဟုန် အိမ်ခြံမြေကုမ္ပဏီက ဆောက်လုပ်ထားခြင်းဖြစ်သည်။
ရှင်းဟုန်အုပ်စု၏ ပိုင်ရှင်ဖြစ်သည့် ချောင်းရှင်းဟုန်မှာ ယန်မြို့တော်၏ နာမည်အကြီးဆုံး သြဇာရှိသူဌေးကြီးများထဲက တစ်ဦးဖြစ်သည်။
ချောင်းရှင်းဟုန်မှာ တစ်ချိန်က မြေအောက်ဂိုဏ်းတစ်ခု၏ ခေါင်းဆောင်ဖြစ်ခဲ့ဖူးသည်ဟု ကောလဟာလများ ထွက်ပေါ်ခဲ့သော်လည်း နောက်တော့ ထိုသတင်းဟာ ပျောက်ကွယ်သွားခဲ့ပါသည်။
ဤအချိန်တွင် ရှင်းဟုန်အဆောက်အအုံ၏ အဆင့်မြင့် ရုံးခန်းတစ်ခုတွင် ကြွေထည်တစ်ခု အက်ကွဲသံ ထွက်ပေါ်လာခဲ့သည်။
အသံလုံသော အဆောက်အအုံ မဟုတ်သဖြင့် ချောင်းရှင်းဟုန်၏ ဒေါသတကြီး ဟိန်းဟောက်သံကြီးကို အဆောက်အအုံတစ်ခုလုံးက ကြားနေရသ်ည။
"လခွမ်းထဲမှကွာ။ ဘာလို့ ငါ့ရဲ့ ခရီးစဥ်က ဖျက်သိမ်းခံလိုက်ရတာလဲ။"
ချောင်းရှင်းဟုန်၏ မျက်လုံးများနီရဲနေလေပြီ။
သူက ခန္ဓာကိုယ်အချိုးအစား အလယ်အလတ်ရှိပြီး ကြံ့ခိုင်သည်။ လည်ပင်းတွင်လည်း ရွှေကြိုးများ ဝတ်ဆင်ထားပြီး သူ့ကိုကြည့်ရတာ မနေ့တစ်နေ့ကမှ ချမ်းသာလာသော လူတစ်ယောက်အသွင်ပေါက်နေသည်။
သို့သော်လည်း ထိုသို့ မနေ့တစ်နေ့ကမှ ချမ်းသာလာသည့်ပုံစံနှင့်လူက ယန်မြို့တော်၏ ထိပ်တန်း သူဌေးသုံးယောက်ထဲ ပါဝင်နိုင်သည့် ချမ်းသာကြွယ်ဝမှုမျိုးကို ပိုင်ဆိုင်ထားသည်။
ရုံးခန်းထဲတွင် အမျိုးသား အမျိုးသမီးတွေဟာ ကြောက်လန့်တကြား ငြိမ်သက်နေကြသည်။
"သောက်ရေးမပါတဲ့ ပညာရှင်အသင်း။ သူတို့က ဘာအဆင့်အတန်းရှိလို့ ပယ်ဖျက်ရတာလဲ။"
ချောင်းရှင်းဟုန်က အခြားပစ္စည်းများစွာကို ဆက်ပြီး ထုခွဲနေသည်။ ထိုသို့လုပ်ခြင်းက သူ့ကို စိတ်သက်သာရာရစေသည်။ ထို့နောက် ပြန်ထိုင်ချလိုက်ပြီး သူ့မျက်နှာကလည်း ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်သွားသည်။
ကြမ်းပြင်ပေါ်တွင် ဖန်ကွဲစများ ကြွေကွဲစများနှင့်ပြည့်နှက်နေ၏။ ထိုပစ္စည်းတွေက ဘာဖြစ်ခဲ့သလဲဆိုတာ၏ သက်သေပင်။
"ဘော့စ် ကျွန်တော်တို့ အခုဘာလုပ်ကြမလဲ။"
သက်လတ်ပိုင်းယောက်ျားတစ်ဦးက ဂရုတစိုက် မေးလိုက်သည်။
"ဘာလုပ်နိုင်ဦးမှာလဲ။ အဲ့ဒီပညာရှင်အသင်းကို ငါတို့ဆီ အတင်းလာခိုင်းလို့ရမှာလား။ ဟင်း... သူတို့မလာချင် မလာနဲ့ပေါ့။ ပညာရှင်တွေ ရှိရှိမရှိရှိ ငါရှင်းဟုန်ကို တည်ထောင်နိုင်ပါတယ်ကွ။"
ချောင်းရှင်းဟုန်က နှာခေါင်းရှုံ့လိုက်သည်။ "ဒါပေမယ့် ဒီလိုဖြစ်အောင် ဘယ်သူက လုပ်ခဲ့တာလဲဆိုတာတော့ ငါသိချင်တယ်။"
ပညာရှင်အသင်းက သူ့ခရီးစဥ်ကို အကြောင်းအရင်းမရှိဘဲ ပယ်ဖျက်လိမ့်မည်ဟု သူ မထင်ပါ။
ကျင်းကောင်တီက ရုတ်တရက် ပညာရှင်အဖွဲ့၏ မျက်စိကျရာ နေရာဖြစ်လာသည်။ မည်သည့် ညစ်တီးညစ်ပတ် လုပ်ရပ်မျိုးကိုမှ မလုပ်ဘူးဆိုလျှင်ပင် သူယုံကြည်မည်မဟုတ်ပါ။
သူကလည်း ထိုနယ်ပယ်တွင် ကျွမ်းကျင်သူ ဖြစ်သောကြောင့်ပင်။
ကျင်းကောင်တီက အလည်အပတ်သွားရောက်မည့် ခရီးစာရင်းထဲ ပါသွားသည့် သတင်းကို ကြားသောအခါ တစ်မြို့လုံး ထိတ်လန့်သွားကြသည်။
လျှို့ဝှက်သတင်းများအရ မူလက ကျင်းကောင်တီမှာ ခရီးစာရင်းမှ ပယ်ထုတ်ခံထားရသည်ဟုဆိုသည်။
နောက်တော့ ပညာရှင်အသင်းက ခရီးစာရင်းကို ပြုပြင်ပြီး ရှင်းဟုန်ကို ပုံမှန်ခရီးစဥ်မှ ဖယ်ရှားခဲ့သည်။
ယခုတော့ ရှင်းဟုန်ကုမ္ပဏီက ဟာသကြီးတစ်ခုဖြစ်သွားပြီး လူဘယ်နှယောက်တောင် ထိုကိစ္စအကြောင်း တိုးတိုးတိတ်တိတ် ပြောနေကြမလဲ မသိပါ။ နောက်ဆုံးတွင် ကျင်းကောင်တီက ဘယ်လိုနည်းလမ်းမျိုးဖြင့် ရှင်းဟုန်ကုမ္ပဏီထံမှ ခရီးစဥ်ကို လုယူခဲ့သလဲ ဘယ်သူမှ မသိနိုင်ပေ။
ထီပေါက်သည့် ကျင်းကောင်တီကတော့ ပြောစရာမလိုအောင် ပျော်ရွှင်နေခဲ့ကြပါသည်။
ထိုနေ့မှာပဲ ကျေးရွာအစိုးရက ကျေးရွာထဲတွင် ကျန်းမာရေး၊ လူထုလုံခြုံရေး၊ သွားရေးလာရေးနှင့် အခြားကဏ္ဍများတွင် အပြည့်အဝ ပြင်ဆင်ဖို့အတွက် အစည်းအဝေးပွဲတစ်ခု ကျင်းပခဲ့သည်။ တာဝန်များအားလုံးကိုလည်း တင်းတင်းကျပ်ကျပ် ပေးအပ်ထားသည်။
ရည်ရွယ်ချက်က တစ်ခုသာရှိသည်။ ပညာရှင်များ အသင်း၏ ဆန်းစစ်လေ့လာမှုအတွက် ပြင်ဆင်ရန်ဖြစ်ပါသည်။
နိုင်ငံရေးတာဝန်တစ်ခုလိုဖြစ်လာသည်။
ပညာရှင်အသင်းက လာမည်ဆိုသောကြောင့် ကျင်းကောင်တီတစ်ခုလုံး၏ စိတ်ကို သဘာဝအတိုင်း အံ့သြပျော်ရွှင်သွားစေသည်။
ဘာပဲဖြစ်ဖြစ် ပညာရှင်များအသင်းက ကျင်းကောင်တီကို လာမည်ဟုသာပြောထားပြီး သူတို့ ဘာကို လေ့လာကြမလဲဆိုတာကတော့ ကျင်းကောင်တီက စီစဥ်တာမဟုတ်ပါဘူး။
ထို့အပြင် ပညာရှင်များအသင်းနှင့်အတူ လိုက်ပါရခြင်းသည် အခွင့်လမ်းကောင်းတစ်ခုဖြစ်ပါသည်။
ဟိုးယခင်ကတည်းက အငြိမ်းစားယူခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်များပင် ထိုအဖွဲ့နှင့်အတူ လိုက်ပါချင်နေကြသည်။
ကျင်းကောင်တီရှိ ရပ်ကွက်တစ်ခုတွင်။
"အဖေ၊ အဖေ့ရဲ့အဆက်အသွယ်တွေကို သုံးပြီး ပညာရှင်အသင်းကို သမီးတို့စူပါမားကတ်ဆီ လျှောက်လည်ကြည့်အောင် လုပ်ပေးလို့မရဘူးလား။"
လီယန်က ဆံပင်ဖြူဖြူ အဘိုးကြီးတစ်ယောက်ကို ပြောလိုက်သည်။
ထိုအဘိုးကြီးက သူမ၏ အဖေဖြစ်ပြီး ချန်းဟောက်၏ ယောက္ခမ လီမင်ကျူးဖြစ်သည်။ ကျန်းမာရေးဌာနမှ အငြိမ်းစားယူပြီးနောက် ကောင်တီပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်မှာ ပါဝင်ခဲ့ပြီး ယခင်ထက် မလျော့တဲ့ရာထူးကို ရယူခဲ့ပါသည်။
ပညာရှင်အသင်းက သူတို့ ကျေးရွာသို့ လေ့လာဖို့အတွက် လာတော့မည် ဆိုသောကြောင့် လီယန်၏ စိတ်ထဲတွင် အတွေးတစ်ခု ရှိထားသည်။ ထိုပညာရှင်အသင်းသာ သူမတို့၏ စူပါမားကတ်ထံသို့ လာရောက်လည်ပတ်ပါက သူမတို့၏ စူပါမားကတ်ကို အကြီးအကျယ် ကြော်ငြာပြီးသား ဖြစ်မသွားနိုင်ဘူးလား။
သူမက ချက်ချင်းဆိုသလိုပင် ချန်းဟောက်နှင့်အတူတူ သူမအဖေထံသို့ သွားပြီး သူမအဖေက သူမကို ကူညီပေးနိုင်လိမ့်မည်ဟု မျှော်လင့်နေခဲ့သည်။
"ယန်လေး၊ အဖေ ပင်စင်မယူရသေးရင်တောင် အဲ့တာမျိုးက မဖြစ်နိုင်ဘူးလေ။"
လီမင်ကျူးက စိတ်ပျက်လက်ပျက်ပြုံးပြီး ခေါင်းခါလိုက်သည်။
ကောင်တီအစိုးရ၏ ခေါင်းဆောင်များကသာ ပညာရှင်အသင်း၏ ခရီးကို စီမံပေးနိုင်သည်။
လီယန်၏ စကားများကြောင့် သူပြောစရာစကားမဲ့နေသည်။
ပိုဆိုးသည်က ကောင်တီတွင် စိုက်ကြည့်နေကြသည့် မျက်လုံးများစွာထဲအနက် သူ့လို ပင်စင်သမား ခေါင်းပြောင်အဘိုးကြီးက အခွင့်အရေးဘယ်လောက်ရနိုင်မှာလဲ။
သူက ရင့်ကျက်ပြီး အခြေအနေကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
အရွယ်ကောင်းစဥ်ကာလက သူ့မိသားစုထံသို့ လူများစွာ လာရောက်ကြသော်လည်း ယခုတော့ သူ့အိမ်တံခါးမှာ ပင့်ကူအိမ်တောင် တက်နေလောက်ပြီ။
ဘာပဲဖြစ်ဖြစ် ပင်စင်ယူပြီးသားဖြစ်သောကြောင့် သူ့ရဲ့ အငြိမ်းစားယူပြီး ဘဝကိုသာ အာရုံစိုက်ပြီး ပျော်ပျော်နေချင်သည်။
"ကြိုးစားကြည့်ပေးပါဦး။"
လီယန်က လက်မလျှော့သေးပါ။
"မိန်းမရယ် ထားလိုက်ပါတော့။ အဖေ့ကို ဒုက္ခမပေးပါနဲ့။"
ချန်းဟောက်က အမြန်ပြောလိုက်သည်။
ဒီအခြေအနေကို လီယန်ထက် သူက ပိုကောင်းကောင်း သိမြင်နိုင်သည်။ ယခု ယောက္ခမကြီးတွင် ဘာအဆက်အသွယ်မှ မရှိတော့ပါ။
"ရှင် ဘာလို့ ဒီစကားပြောနေတာလဲ။ ကျွန်မက ကျွန်မတို့ စူပါမားကတ်အတွက် လုပ်နေတာ မဟုတ်ဘူးလား။"
လီယန်က ချန်းဟောက်ကို စူးစူးစိုက်စိုက် ကြည့်လိုက်သော်လည်း သူ့အဖေကိုတော့ ဆက်လက်တောင်းဆိုနေဆဲဖြစ်သည်။
လီမင်ကျူးက ခပ်မဲ့မဲ့ ပြုံးလိုက်သည်။ သူ့သမီးက သူ့အတွက် အလွန်တန်ဖိုးရှိပါသည်။ သူက မတတ်နိုင်ဘဲ ဖုန်းခေါ်ကာ မေးလိုက်ရသည်။
ရလဒ်ကတော့ ဘာမျှော်လင့်ချက်မှ မရှိပါ။
နောက်ဆုံးတော့ လီယန်နှင့် ချန်ဟောက်တို့ စိတ်ပျက်သွားခဲ့ကြပါသည်။
မနက်စောစောတွင်
ယဲ့ရှောင်ချန်းက ဟင်းသီးဟင်းရွက်များကို ပို့ဆောင်ပြီးနောက် ဝမ်ရွှေရှန့်၏ ဗီလာသို့ သွားခဲ့သည်။
ဝမ်ရှင်းယီကို မတွေ့ရတာ ရက်အတော်လေး ကြာပြီဖြစ်သဖြင့် သတိရနေသည်။ ဝီချက်တွင် နေ့စဥ်စကားပြောပြီး ဗီဒီယိုဖုန်းခေါ်ဆိုမှုဖြင့်တောင် စကားပြောကြသော်လည်း လူချင်းတော့ မတွေ့နိုင်ကြပေ။
လတ်တလောတွင် ယန်မြို့တော်က အများကြီး ပြောင်းလဲသွားသည်။
လမ်းမများက သန့်ရှင်းနေ၏။
ယာဥ်ကြောများကလည်း စနစ်တကျ သွားလာနေကြသည်။
ထိုနေရာသို့ ပြောင်းရွှေ့ဖို့ သုံးခဲ့သော မော်တော်ဆိုင်ကယ်များနှင့် လျှပ်စစ်ယာဥ်များလည်း မရှိသလောက် ရှားပါးနေသည်။
အဝါရောင်ဝတ်စုံဖြင့် ယာဥ်ထိန်းရဲက လမ်းဖြတ်တိုင်းတွင် စနစ်တကျ ထိန်းသိမ်းနေပြီး အားလုံးက အဆင်ပြေနေကြပါသည်။
ယဲ့ရှောင်ချန်းသည် လမ်းတစ်လျှောက်တွင် ယာဥ်ထိန်းရဲက နှစ်ကြိမ်တိုင်တိုင် တားဆီးခြင်းကိုခံခဲ့ရသည်။
နောက်ဆုံးတော့ ဝမ်ရွှေရှန့်ဗီလာသို့ ရောက်ရှိလာခဲ့၏။
ဝမ်ရွှေရှန့်က အိမ်တွင် မရှိပေ။
ကျူးချင်းချင်းနှင့် ရှီပေါင်းလေးတို့တော့ ရှိသည်။
"နင့်အစ်ကိုကြီးဝမ်က ကုမ္ပဏီသွားတယ်။ ဒီနေ့ပညာရှင်အသင်းက သူ့ကုမ္ပဏီကို စစ်ဆေးဖို့ ရောက်လာမယ်ပြောတယ်။”
ကျူးချင်းချင်းက ပြုံးကာ ပြောလိုက်သည်။
"ပညာရှင်အသင်း ဟုတ်လား။"
ယဲ့ရှောင်ချန်းက အံ့အားသင့်သွား၏။
"ဟုတ်တယ်။ နင့်အစ်ကိုကြီးဝမ်ရဲ့ ဒီခရီးစဥ်က ခက်ခက်ခဲခဲနဲ့ အလုပ်ဖြစ်သွားတာ။ ရဖို့ တော်တော်မလွယ်ဘူး။ ပြီးတော့ နင်တို့ ကျင်းကောင်တီလည်း ခရီးစာရင်းထဲမှာ ပါတယ်ထင်တယ်နော်။"
ကျူးချင်းချင်းက ပြောလိုက်သည်။
ယဲ့ရှောင်ချန်းကို အသေးစိတ် ပြောပြလိုက်ပြိး ရှင်းဟုန်ကို ကျင်းကောင်တီဖြင့် အစားထိုးလိုက်သည့် အကြောင်းကိုပါ ပြောပြလိုက်သည်။
ယခု သူမက ယဲ့ရှောင်ချန်းကို မိသားစုလို သဘောထားနေပြီ ဖြစ်ပြီး ပိုမိုနီးစပ်လာကြပြီ ဖြစ်သည်။
ယဲ့ရှောင်ချန်းကလည်း ယခင်တုန်းက ကျူးချင်းချင်းမှာ ပြုံးသာပြုံးသော်လည်း သတိကြီးသော စိတ်ရှိသည်ဟု ခံစားခဲ့ရသည်။
ကျူးချင်းချင်းနှင့် ခဏလောက် စကားပြောပြီးနောက်တွင် ရှီပေါင်းလေးကို ခေါ်ကာ ဝမ်ရှင်းယီ၏ ခြံထဲသို့ သွားလိုက်၏။
ညနေခင်း စိုက်ပျိုးရေးခြံတွင်။
ယဲ့ရှောင်ချန်းက အင်မော်တယ် အပင်များကို ရေဖြန်းဗူးဖြင့် ရေဖြန်းပက်နေသည်။
အသစ်ပေါက်လာသော အင်မော်တယ်အပင်များက အလွန်ကောင်းမွန်စွာ ဖွံ့ဖြိုးနေကြပါသည်။
အနီရောင်အင်မော်တယ် ပဲပင် ၃၀ က မျက်စိကျစရာ အကောင်းဆုံးဖြစ်သည်။ သွေးနီရောင် အဖူးများက မီးတောက်မီးလျှံများလို ဖြစ်နေကြသည်။
သူရေလောင်းနေတုန်း ဖုန်းသံ ရုတ်တရက် မြည်လာ၏။ ယဲ့ရှောင်ချန်း ကြည့်လိုက်တော့ ဖန်းယွမ်ထံမှဖြစ်သည်။
"ရှောင်ချန်း... မနက်ဖြန် ငါမင်းတို့ ကျင်းကောင်တီကို လာခဲ့မယ်။"
ဖုန်းဖြေခလုတ်ကိုနှိပ်လိုက်တာနဲ့ ဖုန်းထဲမှ အသံခပ်ကျယ်ကျယ်တစ်သံ ထွက်လာသည်။
"အင်း၊ မနက်ဖြန်တော့ ငါအားပါတယ်။ မင်းကောင်မလေးကိုပါ ခေါ်လာမှာလား။"
ယဲ့ရှောင်ချန်းက ရယ်ကာမောကာ မေးလိုက်သည်။
"မဟုတ်ဘူး၊ မဟုတ်ဘူး။ ငါအလည်လာတာ မဟုတ်ဘူး။ တာဝန်နဲ့ လာမှာ။ ပညာရှင်အသင်းက မင်းတို့ကျင်းကောင်တီကို လေ့လာဖို့လာမှာမဟုတ်လား။ ငါတော်တော် ဒုက္ခရောက်နေပြီ။ ငါ တောက်တိုမယ်ရ လိုက်လုပ်ပေးပြီး ပညာရှင်အသင်းနောက် လိုက်ရမယ်ထင်တယ်။"
ဖန်းယွမ်က ပြောလိုက်သည်။
"ထားလိုက်ပါကွာ။ အဲ့လောက်လည်း မဆိုးပါဘူး။ အဲ့တာ မင်းခေါင်းဆောင်တွေ မင်းကို ပိုယုံတယ်ဆိုတဲ့ သဘောပေါ့။"
ယဲ့ရှောင်ချန်းက ရယ်မောပြီး ငေါက်လိုက်သည်။
"လခွမ်း... ငါမကြာသေးခင်က ဘယ်လောက် ပင်ပန်းနေရမှန်း မင်းမသိပါဘူးကွာ။ ငါ့မှာ အစားလည်း ကောင်းကောင်းမစားရ အအိပ်လည်း ကောင်းကောင်းမအိပ်ရနဲ့။ ပညာရှင်အသင်းကို မြန်မြန်သာ နှင်ထုတ်ချင်တယ်ကွာ။"
ဖန်းယွမ်က ပြောလိုက်သည်။
"ငြီးမနေပါနဲ့။ ဒီလိုအခွင့်အရေးမျိုးကို လူဘယ်နှယောက်လောက်တောင် လိုချင်နေလဲဆိုတာ မင်းမသိဘူးလား။"
ယဲ့ရှောင်ချန်းက ရယ်မောကာ ပြောလိုက်သည်။
"ဟုတ်ပါပြီ။ ထားလိုက်ပါတော့။ ငါညစာစားတော့မယ်။ မနက်ဖြန်ကျ အချိန်ရမလားကြည့်ပြီး ငါမင်းကို ဖုန်းဆက်လိုက်မယ်။"
ဖန်းယွမ်က ပြောလိုက်သည်။
"အေးအေး"
ယဲ့ရှောင်ချန်းက ဖုန်းချလိုက်ပြီးနောက် မေးစေ့ကို ပွတ်ကာ စဥ်းစားနေသည်။
မနက်ဖြန် ပညာရှင်အသင်းက ကျင်းကောင်တီကို ရောက်လာမည်။ သူ့ဆီကို ရောက်လာကြမလား မသိပါ။