ကြိုတင်ပြင်ဆင်ထားခြင်း
Vol. 7 Ch. 103
အခန်း(၁၀၃) - ကြိုတင်ပြင်ဆင်ထားခြင်း
ထိုက်ဖျင်မြို့ ယာယီအစည်းအဝေးအခန်း။
ပညာရှင်နှစ်ဆယ်ကျော် အတူတူ စုစည်းမိကြသည်။ ထိုအသင်းတွင် ပြည်တွင်းကော ပြည်ပပညာရှင်များကော ပါဝင်ကြပါသည်။
လိုက်ပို့သော အရာရှိများတွင် စိုက်ပျိုးရေး တာဝန်ခံ မြူနီစီပယ်အစိုးရ ဒုမြို့တော်ဝန်နှင့် မြူနီစီပယ် စိုက်ပျိုးရေးဌာနပရိုမိုးရှင်းရုံးမှ ခေါင်းဆောင်နှစ်ဦးလည်းပါဝင်သည်။
"အတွေးရေးမျူးလျို့နဲ့ အုပ်ချုပ်ရေးမှူးကျူး ပညာရှင်အသင်းရဲ့ အချိန်တွေက အရမ်းတန်ဖိုး ရှိတယ်နော်။ ခင်ဗျားတို့ရဲ့ ကျင်းကောင်တီက ခရီးစဥ်အတွက် စီစဥ်နိုင်ပါ့မလား။"
ဒုမြို့တော်ဝန် ဟောက်ရှုဝမ်က ကျင်းကောင်တီခေါင်းဆောင်များထံသို့ လာကာ မေးလိုက်သည်။
"မြို့တော်ဝန်ကြီး ကျွန်တော်တို့ အားလုံး စီစဥ်ပြီးသားပါ။ ဒါပေမယ့် ပညာရှင်အသင်းက ထိုက်ဖျင်မြို့မှာ နေမယ်ဆိုလို့ ခက်ခဲနေတာပါ။"
ကျူးချန်းချင်းက ခပ်ဖျော့ဖျော့ပြုံးပြီး ပြောလိုက်သည်။
လှည့်လည် စစ်ဆေးဖို့ အတွက် သူတို့စီစဥ်ထားတဲ့ နေရာက ထိုက်ဖျင်မြို့တွင်မဟုတ်ဘဲ ကျင်းကောင်တီရှိ စပါးနီမျိုးစပါးစမ်းသပ်ကွင်းဖြစ်ပြီး ၎င်းက လက်ရှိအစိုးရမှ အတည်ပြုထားသော စိုက်ပျိုးရေး စီမံကိန်းတစ်ခုဖြစ်သည်။
ထိုနေရာက ကျင်းကောင်တီ ပြင်ဆင်နိုင်သော တစ်ခုတည်းသော နေရာဖြစ်၏။
"ကျုပ် ပညာရှင်အသင်းနဲ့ စကားပြောကြည့်ပါဦးမယ်။"
ဟောက်ရှုဝမ်က ခေါင်းငြိမ့်လိုက်၏။ သူ့တာဝန်က လှည့်လည် ဆန်းစစ်မှုကို စောစော ပြီးသွားအောင် လုပ်ပြီး ပညာရှင်အသင်းကို မြို့သို့ ပြန်ခေါ်ကာ ပညာရှင်အသင်းကို ယန်မြို့တော်တွင် ပိုပြီး ကြာကြာနေနိုင်အောင် ကြိုးစားဖို့ ဖြစ်သည်။
ယခု ယန်မြို့တော်တွင် အခြားမြို့တော်များမှ အဖွဲ့များမှာ ယန်မြို့တော်ပြင်ပတွင် စုစည်းနေကြပြီဖြစ်သည်။ သူတို့အားလုံး၏ ရည်ရွယ်ချက်ကတော့ ၎င်းတို့၏ မြို့တော်သို့ ပညာရှင်များခေါ်သွားနိုင်ရန်ဖြစ်သည်။
ပညာရှင်အသင်း၏ လက်ရှိ အစီအစဥ်က ယန်မြို့တော်သို့ သွားရန်ဖြစ်ပြီး အခြားအစီအစဥ်များလည်း မရှိသေးပါ။
ထုံးစံအတိုင်း၊ ပတ်ဝန်းကျင်ရှိမြို့များသည် သွေးရနံ့ရရှိသော ငါးမန်းများနှင့်တူကာ ပညာရှင်အသင်းကို သူတို့မြို့များသို့ အသည်းအသန်ခေါ်ဖို့ ကြိုးစားနေကြသည်။
ထိုအချိန်တွင် သူ့ထံသို့ဝင်လာသော ဖုန်းဘယ်နှလုံးရှိပြီလဲတောင် မသိရတော့ပါ။
ချက်ချင်းဆိုသလို ဟောက်ရှုဝမ်က အစည်းအဝေးအခန်း အပြင်သို့ ထွက်သွားသည်။
ပညာရှင်အသင်းက တစ်စုံတစ်ရာကို တီးတိုးဆွေးနွေးနေသည့်ပုံပေါက်ပြီး ဟောက်ရှုဝမ် ရောက်လာသည်ကိုပင် သတိမမူကြပေ။
သူက ချောင်းဟန့်လိုက်ပြီး ပညာရှင်အသင်း၏ ခေါင်းဆောင်ဖြစ်သော ပညာရှင်ကြီးယန်ကို ပြောလိုက်သည်။
"ပညာရှင်ကြီးယန်၊ ကျင်းကောင်တီက ခရီးစဥ်ကို စီစဥ်ပြီးသွားပါပြီ။ ကျွန်တော်တို့ အခုပဲ သွားလိုက်ကြရအောင်လား။"
"မြို့တော်ဝန်ဟောက်၊ ကျွန်တော်တို့ လှည့်လည် ဆန်းစစ်မယ့် တည်နေရာကို ဆုံးဖြတ်ပြီးသွားပါပြီ။"
ပညာရှင်ကြီးယန်က ဟောက်ရှုဝမ်ကို ကြည့်ကာ ယဥ်ကျေးစွာ ပြောလိုက်၏။
"ဘာဖြစ်တယ်။ လှည့်လည်ဆန်းစစ်ဖို့ တည်နေရာ ဟုတ်လား။"
ဟောက်ရှုဝမ်တစ်ယောက် နေလို့ထိုင်လို့ မကောင်းတော့ပါ။ ဒီပညာရှင်များက ရည်ရွယ်ချက်ရှိရှိနဲ့ ဒီကိုလာခဲ့ကြတာလား။
အနည်းဆုံးတော့ ပညာရှင်များအသင်း ဘာတွေစီစဥ်ထားသလဲ သူ မသိခဲ့ပါ။
ပညာရှင်အသင်း၏ ခရီးလမ်းကြောင်းက အလွန်ထူးဆန်းသည့်ပုံပေါ်သည်။ ရှရှီမြို့တော်မှလာပြီး ယန်မြို့တော်နှင့် နီးကပ်သော နေရာသို့ ရောက်လာ၏။
ပညာရှင်များအသင်းက သူတို့၏ နောက်ထပ်ခြေလှမ်းကို ထုတ်မပြသေးပါ။
ယခုတော့ ပညာရှင်များအသင်းက ထိုက်ဖျင်မြို့သို့ရောက်လာပြီး ရုတ်တရက် ခရီးစဥ်ကို ရပ်တန့်လိုက်သည်။ ကျင်းကောင်တီက စီစဥ်ပေးသည်ကို မလိုလားဘဲ သူတို့ကိုယ်တိုင် ခရီးလမ်းစဥ်ကို သတ်မှတ်ပြီးကြပြီးဖြစ်သည်။
ဘာကိုဆိုလိုသနည်း။
ကြိုတင် တွေးတောထားကြခြင်းဖြစ်ပါသည်။
ဟောက်ရှုဝမ်၏ တုန့်ပြန်ပုံက နှေးကွေးပြီး ဘာမှ မစဥ်းစားနိုင်တော့ပါ။ သူက စီရင်စုနယ်အဆင့် မြို့တော်တစ်ခု၏ ဒုမြို့တော်ဝန်ဖြစ်သည်။ ထို့ကြောင့် သူ့အစွမ်းအစများကိုတော့ ပြောပြစရာပင်မလိုပါ။
သို့သော်လည်း ပညာရှင်များအသင်းက ဘာကို ဆန်းစစ်ချင်နေတာလဲ။
"မြို့တော်ဝန်ဟောက် ကျွန်တော်တို့ ဒီနေရာကို သွားကြမှာပါ။"
ဟောက်ရှုဝမ်က ကြည့်လိုက်သောအခါ ယုဖန်ရွာကို မြင်လိုက်ရသည်။
ဒီနေရာက ဘယ်နေရာကြီးလဲ။
ကျင်းကောင်တီလက်အောက်ရှိ ရွာအားလုံးကို မသိခြင်းက ပုံမှန်သာဖြစ်ပြီး အပြင်ထွက်ကာ ကျင်းကောင်တီခေါင်းဆောင်များကို မေးလိုက်သည်။
"ဘာဖြစ်တယ်၊ ယုဖန်ရွာဟုတ်လား။"
"အဲ့တာ ဘာရွာကြီးလဲ။"
"ဘယ်မြို့နယ်ထဲမှာ ပါတာလဲ။"
"ကြည့်ရတာ ထိုက်ဖျင်မြို့ လက်အောက်က ရွာတစ်ရွာထင်တယ်။"
ကျင်းကောင်တီ ခေါင်းဆောင်များအားလုံး ဇဝေဇဝါဖြစ်သွားကြ၏။
ပညာရှင်အသင်းက ထိုက်ဖျင်မြို့၏ ရွာတစ်ရွာကို သွားလည်ဖို့ ပြင်နေကြသည်။
ပညာရှင်အသင်း ဆေးစားများ မှားသွားသလား။ ပထမတော့ ထိုက်ဖျင်မြို့တွင် နေချင်သည်ဟုပြောကာ အခုတော့ ရွာတစ်ရွာကို သွားလည်ချင်နေသည်။ သူတို့ စီစဥ်ထားတာကိုကော ဘယ်လိုလုပ်ကြမလဲ။
"မြန်မြန်သွားကြစမ်း။ ဆုန်းပိုင်ရှန့်ကို ဒီကို မြန်မြန်ခေါ်လာခဲ့ကြစမ်း။"
ကောင်တီခေါင်းဆောင်တစ်ဦးက ပြောလိုက်သည်။
မကြာမီ ဆုန်းပိုင်ရှန့်က တင်ပါးကြီး တုန်တုန်ယင်ယင်ဖြင့် အပြေးရောက်လာသည်။
"ဘာဖြစ်တယ်။ ပညာရှင်အသင်းက ယုဖန်ရွာကို သွားမလို့ဟုတ်လား။"
ဆုန်းပိုင်ရှန့်သည် အစက ကြက်သေသေသွားသော်လည်း ခဏကြာသောအခါ စိတ်လှုပ်ရှားလာသည်။ "ကောင်းတယ် တကယ်ကောင်းတယ်..."
ကောင်တီခေါင်းဆောင်များ၏ အကြည့်က သူ့ကို သတ်ချင်နေကြမှန်း သူမြင်လိုက်ရသည်။ စိတ်လှုပ်ရှားနေသော သူ့အသံကို ချက်ချင်း ရပ်တန့်လိုက်ပြီး ချက်ချင်း ပြန်ပြောလိုက်သည်။ "ခေါင်းဆောင်ကြီးတို့ ပညာရှင်အသင်းက ထိုက်ဖျင်မြို့ လက်အောက်က ရွာတစ်ရွာကို သွားရောက်လည်ပတ်မယ်ဆိုတာ ကျွန်တော်တို့အတွက် အရမ်းကြီးမြတ်တဲ့ ဂုဏ်တစ်ခုပါပဲ။ ကျွန်တော်တို့ အကောင်းဆုံးကြိုးစားပြီး ဆန်းစစ်လေ့လာမှုကို ပြင်ဆင်လိုက်ပါ့မယ်။ ဘာအလွဲအချော်မှ လုံးဝ မဖြစ်စေရပါဘူး။"
သူ့ရင်ထဲမှာတော့ အလွန်ပျော်ရွှင်နေပါသည်။ နောက်ဆုံးတော့ သူထီပေါက်လေပြီ။
ထို့ကြောင့်လည်း ဒီနေ့မနက် သူနိုးလာတုန်းက ပြတင်းပေါက်အပြင်ဘက်တွင် ငှက်ကျားများ အော်နေကြတာ ဖြစ်လိမ့်မည်။ ဖြစ်ချင်တော့ ဒါက နိမိတ်ကောင်းတစ်ခုပဲ။
ကောင်တီခေါင်းဆောင်များက ဆုန်းပိုင်ရှန့်၏ စိတ်ပျက်စရာ ဟန်ဆောင်မှုကို မြင်နေကြပါသည်။ သို့သော်လည်း သူတို့ဘာမှ မတတ်နိုင်ကြပါ။ ဘာပဲဖြစ်ဖြစ် ပညာရှင်အသင်း ကိုယ်တိုင်က ဆုံးဖြတ်ခဲ့ကြခြင်း မဟုတ်ပါလား။
သူတို့ လုံးဝ မဆန့်ကျင်နိုင်ဘဲ သဘောသာ တူနိုင်ပါသည်။
"မင်း ကိစ္စတွေကို အမြန်ဆုံး စီစဥ်ထားပါ။ ပညာရှင်အသင်း လည်ပတ်မယ့်နေရာတွေကို ရှင်းလင်းနေအောင် သေချာလုပ်ပြီး ငါတို့ကိုလည်း အမြန်ဆုံး အကြောင်းပြန်ပေး။"
လျို့ဖျင်က သေသေချာချာ ပြောလိုက်သည်။
ဆုန်းပိုင်ရှန့်က အလျင်အမြန် ပြောလိုက်ပါသည်။
ဆုန်းပိုင်ရှန့် ထွက်သွားသောအခါ လျို့ဖျင်က မဲ့ပြုံးပြုံးကာ ပြောလိုက်သည်။ "ထင်မထားဘူးကွာ။ ငါတို့အလုပ်ရှုပ်ရတာတွေ အလကားဖြစ်သွားပြီ။"
"မင်းတို့ကျင်းကောင်တီက အလကား အလုပ်ရှုပ်တယ်လို့တော့ ပြောလို့မရပါဘူး။ ပညာရှင်တွေ စိတ်ဝင်စားတဲ့ နေရာကို မသိချင်ကြဘူးလား။"
ဟောက်ရှုဝမ်က ပြုံးလိုက်သည်။
ထိုနေရာတွင် ရှိနေသော ကောင်တီခေါင်းဆောင်များက အနည်းငယ် ကြောင်သွားကြပြီး ချက်ချင်း စဥ်းစားချင့်ချိန်သော အကြည့်မျိုးဖြင့် ကြည့်လိုက်ကြသည်။
အားလုံးက တစ်စုံတစ်ခုကို ခန့်မှန်းကြည့်နေကြသည်။
ပညာရှင်များအသင်းက ဘာကြောင့် ကျင်းကောင်တီကို ရွေးချယ်ခဲ့တာလဲ။
ထိုက်ဖျင်မြို့ကို ရောက်ခါမှ ဘာကြောင့် ဆက်နေပြီး ယုဖန်ရွာကို ရွေးခဲ့ကြတာလဲ။
"ခေါင်းဆောင်ကြီးတို့ ကျွန်တော်စီစဥ်ပြီးပါပြီ။ ပြီးတော့လည်း ယုဖန်ရွာက အရာရှိတွေကို မေးကြည့်ပြီးပါပြီ။ ယုဖန်ရွာမှာ စိုက်ပျိုးရေးခြံတစ်ခုရှိနေတယ်။ ဒါပေမယ့် အဲ့ဒီ စိုက်ပျိုးရေးခြံအရွယ်အစားက အရမ်းသေးတယ်။ အဲ့ဒီစိုက်ပျိုးရေးခြံ ပိုင်ရှင်က မျိုးရိုးနာမည် ယဲ့ဆိုတဲ့ လူပျိုလေး တစ်ယောက်ပဲ။ သူက တောင်ပိုင်းစိုက်ပျိုးရေးပညာတက္ကသိုလ်ကနေ ဘွဲ့ကြို ပညာသင်ယူခဲ့ပြီးတော့ ရွာထဲမှာ စိုက်ပျိုးရေးခြံတစ်ခု ဖွင့်ခဲ့တယ်။ ပြီးတော့ အဲ့ဒီမှာ အခြား စိုက်ပျိုးရေးခြံတွေ မရှိဘူး။"
ဆုန်းပိုင်ရှန့်က ပြောလိုက်သည်။
"ယုဖန်ရွာမှာ ပင်စင်ယူထားတဲ့ ပညာရှင်တွေ ဘာတွေ ရှိလို့လား။"
အတွင်းရေးမှူးလျို့က အမြန်မေးလိုက်သည်။
"မရှိပါဘူး။ လုံးဝမရှိဘူး။"
ဆုန်းပိုင်ရှန့်က ခေါင်းခါလိုက်ပြီး ပြောလိုက်သည်။
"ထူးဆန်းလိုက်တာ။ ဒါဆို ပညာရှင်တွေကို ဆွဲဆောင်နေတာ ဘာများလဲ။"
ထိုနေရာရှိ ခေါင်းဆောင်များအားလုံး ထူးဆန်းသလို ခံစားလိုက်ရသည်။
ဟို စိုက်ပျိုးရေးခြံငယ်လေးကြောင့်ဟု ဆိုလျှင် သူတို့ယုံကြမည်မဟုတ်ပါ။ ပိုင်ရှင်က ကောလိပ် ဘွဲ့ကြို ကျောင်းသားလေးတစ်ဦးသာဖြစ်သည်။ ပညာရှင်များ အသင်းနှင့် ဘယ်လိုလုပ် ဆက်သွယ်နိုင်ပါမည်နည်း။
မဖြစ်နိုင်ပါ။ ပညာရှင်များအသင်း ယုဖန်ရွာသို့ သွားနိုင်ဖို့အတွက်သာ စီစဥ်ပေးလိုက်ရသည်။
ရုတ်တရက် ယာဥ်တန်းကြီး မြို့ထဲမှ ထွက်လာပြီး ယုဖန်ရွာသို့ ဦးတည်ကာ သွားကြလေသည်။
"ဘုရားသခင် ဘာလို့ ပညာရှင်များအသင်းက ယဲ့ရှောင်ချန်း ရှိတဲ့ ယုဖန်ရွာကို သွားနေကြတာလဲ။"
ဖန်းယွမ်လည်း ကားတစ်စီးထဲတွင် ရှိနေပါသည်။
ယုဖန်ရွာမှာ ပညာရှင်များအသင်းက ဘာလုပ်မလို့လဲ သူ နားမလည်နိုင်တော့ပါ။
မဟုတ်မှလွဲရော... ယဲ့ရှောင်ချန်းကို သွားရှာနေကြတာလား။
သူ့ရင်ဘတ်တစ်ခုလုံး ဗြောင်းဆန်သွားပြီး အခြား အကြောင်းအရာလည်း မစဥ်းစားမိတော့ပါ။
ယဲ့ရှောင်ချန်းသာ သူ့ကို ပန်းဂေါ်ဖီမျိုးစေ့ ပြဿနာကို ကူမရှင်းပေးခဲ့ပါက သူ ဒီလိုမျိုး တွေးမိမည်ပင် မဟုတ်ပေ။
တစ်ခါက ယဲ့ရှောင်ချန်းမှာ ဂလိုဘယ်ကုမ္ပဏီကြီး၏ နှစ်စဥ်ဝင်ငွေ ယွမ်တစ်သန်း ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့ဖူးသည်။
အခုချိန်ထိ ယဲ့ရှောင်ချန်းအတွက် သူစိတ်မကောင်းဖြစ်နေဆဲဖြစ်ပါသည်။
ထိုအထိ စဥ်းစားပြီး သူ့မိုဘိုင်းဖုန်းကို ကိုင်လိုက်သည်။ သို့သော်လည်း တွန့်ဆုတ်စွာဖြင့် ဖုန်းမခေါ်ဖြစ်ခဲ့ပါ။
သူ မသေချာသေး၍ ဖြစ်သည်။
ဧကန္တ ယဲ့ရှောင်ချန်းအပြင် ရွာထဲတွင် နေထိုင်သည့် အခြား သက်ကြီးဝါကြီးပညာရှင်များလည်း ရှိနေနိုင်ခြင်း ဖြစ်နိုင်သည်။
မဟုတ်ပါက ယဲ့ရှောင်ချန်း၏ စွမ်းရည်က ဘာကြောင့် အလွန်သန်မာလာရသလဲ။
လမ်းညွှန်သင်ကြားပေးမည့် လူမရှိဘူး ဆိုပါက ဘယ်သူကကော ယုံမည်နည်း။
မှန်သည်။ ဖြစ်သင့်ပါသည်။
နောက်ဆုံးတော့ ဖန်းယွမ်တစ်ယောက် ယုတ္တိရှိသော အကြောင်းပြချက်တစ်ခုကို တွေးနိုင်ခဲ့ပြီ။