ရွာထဲသို့ ဝင်ရောက်လာခြင်း
Vol. 7 Ch. 104
အခန်း(၁၀၄) - ရွာထဲသို့ ဝင်ရောက်လာခြင်း
ယာဥ်တန်းကြီးမှာ ယုဖန်ရွာလမ်းသို့ ဝင်ရောက်လာခဲ့ပြီ။
ရုတ်တရက် ဇိမ်ခံဘတ်စ်ကားကြီးက ရပ်တန့်သွားပြန်သည်။
ပညာရှင်များ ဘာလုပ်ကြဦးမလို့လဲ။
ခေါင်းဆောင် အရာရှိများစွာက ရင်ထဲတွင် တိုးတိုးတိတ်တိတ် ကျိန်ဆဲနေကြလေပြီ။
"ခေါင်းဆောင်ဆုန်း၊ ယုဖန်ရွာကို လူတစ်ယောက်လွှတ်ပြီး ယဲ့ရှောင်ချန်းရဲ့ အိမ်ကို ဘယ်လိုသွားရမလဲ မေးပေးနိုင်မလား။"
ပညာရှင်ကြီးယန်က ပြတင်းပေါက်မှ ခေါင်းပြူထွက်ကာ အနားရောက်လာသော ဆုန်းပိုင်ရှန့်ကို ပြောလိုက်သည်။
"ပညာရှင်ကြီးယန်၊ ယဲ့ရှောင်ချန်းဆိုတာ စိုက်ပျိုးရေးခြံငယ်လေး ဖွင့်ထားတဲ့ ယဲ့ရှောင်ချန်းကို ပြောတာလား။"
ဆုန်းပိုင်ရှန့်က လန့်သွားပြီး ထပ်မေးလိုက်သည်။
"အင်း ယုဖန်ရွာမှာ ယဲ့ရှောင်ချန်းဆိုတာ တစ်ယောက်တည်းပဲ ရှိမယ်ဆိုရင် သူပဲထင်ပါတယ်။"
ပညာရှင်ကြီးယန်က ရယ်မောကာ ပြောလိုက်သည်။
ဒါကို သူစုံစမ်းထားပြီးသား ဖြစ်သည်။
ဒီတစ်ခေါက် သူတို့ သေချာပေါက် ပြင်ဆင်လာခဲ့သည်။
"ကောင်းပါပြီ ပညာရှင်ကြီးယန်။ ဒါဆိုရင်လည်း ကျွန်တော် ရွာလူကြီးတွေကို မေးကြည့်လိုက်ပါ့မယ်။" ဆုန်းပိုင်ရှန့်က အမြန်ပြောလိုက်သည်။
ပညာရှင်ကြီးယန်နှင့် ဆုန်းပိုင်ရှန့်တို၏ စကားသံများက ကျယ်လောင်လွန်းသဖြင့် အားလုံး ကြားနေရပါသည်။
လူအုပ်ကြီးက အံ့အားသင့်သွားရ၏။
ယဲ့ရှောင်ချန်းဟုတ်လား။
ဆုန်းပိုင်ရှန့် ပြောတဲ့ စိုက်ပျိုးရေးခြံ သေးသေးလေးနဲ့ တက္ကသိုလ်ကျောင်းသားလေးလား။
ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ပညာရှင်များအသင်းက ဘာကြောင့် လယ်သမား ယဲ့ရှောင်ချန်းကို စိတ်ဝင်စားနေကြတာလဲ။
အမှန်ပင်။ လယ်သမားတစ်ယောက်သာ ဖြစ်သည်။
ယဲ့ရှောင်ချန်းက ကောလိပ်ကျောင်းသားဖြစ်ပြီး ဘွဲ့ကြိုပညာ သင်ယူခဲ့လျှင်တောင် ယခုတော့ ဘဝနေထိုင်မှုအတွက် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနေသဖြင့် လယ်သမားဖြစ်ပါသည်။
ဒီလို ရုက္ခဗေဒ ဒိတ်ဒိတ်ကြဲ ပညာရှင်များက လယ်သမားတစ်ယောက်ကို လိုက်ရှာနေတာ ဟာသဖြစ်မနေဘူးလား။
ပညာရှင်များ၏ ပြန်ဖြေပုံကတော့ ရိုးရှင်းပါသည်။ သူတို့က ယဲ့ရှောင်ချန်းကို လာရှာခြင်းသာဖြစ်သည်။
ပညာရှန်ကြီးယန်က ယာဥ်တွေထဲက လူများ ဆွေးနွေးနေကြပုံကို မြင်သွားသည်။
သူလည်း အလွန်စိတ်ဓာတ်ကျမိပါသည်။
သူက လူတွေ အများကြီး မလိုက်ပါစေလိုပါ။ ဒီအရာရှိတွေကို ဒီကိစ္စကြီးကြီးကျယ်ကျယ်လုပ်ဖို့ ဘယ်သူက တောင်းဆိုခဲ့လို့လဲ။ သူဘာလုပ်နိုင်တော့မှာလဲ။
သူတို့ ယဲ့ရှောင်ချန်းထံသို့ မသွားမှ အဆင်ပြေမည်။
သို့သော်လည်း သူတို့ ယဲ့ရှောင်ချန်းကို မတွေ့ဖို့က ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
သူတို့ ဘာမှ မတတ်နိုင်ပါ။ ယဲ့ရှောင်ချန်း စိတ်မဆိုးဖို့သာ မျှော်လင့်နေမိကြပါသည်။
"ယဲ့ရှောင်ချန်းမှန်း မသိခဲ့ဘူး။ ဒီကောင် ဒီပညာရှင်တွေနဲ့ ဘယ်လိုလုပ် သိတာလဲဟ။"
ဖန်းယွမ်တစ်ယောက် ခဏလောက် ကြက်သေသေသွားခဲ့သည်။
"ကြည့်ရတာ ငါမသိသေးတဲ့ ယဲ့ရှောင်ချန်းရဲ့ အကြောင်းတွေ အများကြီး ရှိနေသေးတယ် ထင်တယ်။"
ဖန်းယွမ်က တိုးငြင်းစွာ သက်ပြင်းချလိုက်သည်။
သူ ခဏလောက် စဥ်းစားကြည့်လိုက်ပြီး ချက်ချင်းဆိုသလို ပြေးသွားပြီး အော်ပြောလိုက်၏။ "ပညာရှင်ကြီးယန် ယဲ့ရှောင်ချန်းအိမ်ကို ကျွန်တော်သိပါတယ်။"
ဒါက သူမျက်နှာသာရဖို့ အခွင့်အရေးတစ်ခု ဖြစ်ပါသည်၊။
ဖန်းယွမ်က သေချာပေါက် ဉာဏ်ကောင်းသည့်လူဖြစ်ပါသည်။ ချက်ချင်းဆိုသလိုပင် အခွင့်အရေးကို ဆုပ်ကိုင်လိုက်သည်။
ရုတ်တရက် ဖန်းယွမ်ကို လူများစွာက ကြည့်လိုက်ပြီး အံ့အားသင့်သွားကြသည်။
"ဖန်းယွမ် အဓိပ္ပာယ်မရှိတာတွေ မပြောနဲ့ကွ။"
ပရိုမိုးရှင်းဌာန၏ ခေါင်းဆောင်ကြီးက အော်လိုက်သည်။
"ခေါင်းဆောင် ကျွန်တော်တကယ်သိတာဗျ။ ယဲ့ရှောင်ချန်းနဲ့ ကျွန်တော်က တက္ကသိုလ် အတန်းဖော်တွေလေ။ အရင်တုန်းကလည်း ကျွန်တော် သူ့အိမ်ကို အလည်သွားဖူးတယ်။"
ဖန်းယွမ်က ပြောလိုက်သည်။
"ဟားဟား ဒီလူငယ်လေးက ယဲ့ရှောင်ချန်းရဲ့ အတန်းဖော်ဆိုတော့လည်း သူ့ကို လမ်းပြခိုင်းလိုက်ပေါ့။"
ပညာရှင်ကြီးယန်က ရယ်မောကာ ပြောလိုက်သည်။
ရုတ်တရက် ဖန်းယွမ်ကို ကြည့်နေကြသော လူများစွာ၏ မျက်နှာများ ပြောင်းလဲသွားကြသည်။
ယာဥ်တန်းများ ဆက်လက် ရွေ့လျားသွားကြပြီး မကြာမီ လမ်းခွတစ်ခုကို ရောက်လာကြသည်။
ထို့နောက် လမ်းပြကားတွေ ထိုင်နေသည့် ဖန်းယွမ်က ကျောက်စရစ်ခဲလမ်းမကို ညွှန်ပြလိုက်သည်။
"အဲ့လမ်းက သွားရမှာ။"
"ကွန်ကရစ်လမ်း မရှိဘူးလား။"
ကားဒရိုင်ဘာက မေးလိုက်သည်။
"မရှိဘူး။"
ဖန်းယွမ်က ခေါင်းခါလိုက်၏။
ချက်ချင်း ဒရိုင်ဘာက ကျောက်စရစ်ခဲလမ်းဘက်သို့သာ မောင်းသွားလိုက်တော့သည်။
"ငါတို့ ဘာလို့ ဒီလမ်းကြီးက သွားနေရတာလဲကွ။"
"ဘာလို့လဲ။ ကွန်ကရစ်လမ်း မရှိဘူးလား။"
"ဟုတ်တယ်။ အခုဆို ရွာတွေအားလုံးရဲ့ လမ်းမက ကွန်ကရစ်လမ်းတွေအဖြစ် ပြောင်းလဲနေကြပြီ မဟုတ်ဘူးလား။”
"လမ်းက တော်တော် ဆိုးတာပဲကွာ။"
.........
အခြားကားထဲတွင် ဆုန်းပိုင်ရှန့်က သူ့ခန္ဓာကိုယ် တုန်ခါနေသည်ကို ခံစားမိသည်။ သို့သော် ကံကောင်းစွာဖြင့် ကားက အလွန်နှေးကွေးစွာ လှုပ်ရှားနေသည်။
သို့သော်လည်း သူ့မျက်နှာထားက အနည်းငယ် အရုပ်ဆိုးနေ၏။ ရပ်ရွာ အရာရှိများကို ကွန်ကရစ်လမ်း မခင်းထားသည့်အတွက် ဆူငေါက်လိုနေခြင်းဖြစ်၏။
ကောင်တီ၊ မြို့ခေါင်းဆောင်များနှင့် ပညာရှင်များက ဘယ်လိုထင်သွားမလဲ။
"ဆုန်းပိုင်ရှန့် ဘာဖြစ်နေတာလဲ။ ရွာလမ်းတွေကို ခိုင်မာအောင်လုပ်ဖို့က အဓိကတာဝန် မဟုတ်ဘူးလား။ ဒီလိုအရေးကြီးတဲ့ ရွာကို ဘာလို့ ကွန်ကရစ်လမ်း မခင်းရသေးတာလဲ။"
ကားဆောင့်တဲ့ဒဏ်ကို ခံနေရသည့် ကောင်တီခေါင်းဆောင်များက ကျိန်ဆဲနေကြသည်။
ကောင်တီ၏ ရုပ်သွင်ကို အမှန်တကယ် ဆိုးရွားစေပါသည်။
ထိုကားထဲတွင် မြို့တော်သတင်းဂျာနယ်လစ်များလည်း ပါသည်။ သတင်းနည်းနည်းလေးသာ ပါသွားပါက ပြဿနာ အတော်တက်သွားနိုင်ပါသည်။
ကားထဲရှိ ဖန်းယွမ်၏ ရင်ထဲတွင် အနည်းငယ် တောက်ပနေပါသည်။
မျက်နှာအနည်းငယ်သာ ရသော်လည်း သာမန်မဟုတ်ပါ။
သူ့ဘေးက မိန်းကလေးတစ်ဦးက သိချင်စိတ်ဖြင့် မေးလိုက်သည်။ "ဖန်းယွမ် ရှင်က တကယ်ပဲ ယဲ့ရှောင်ချန်းရဲ့ အတန်းဖော်လား။"
သူမက ဂျာနယ်လစ်တစ်ယောက်ဖြစ်သည်။ ဂျာနယ်လစ်တစ်ယောက်၏ အလုပ်အတွေ့အကြုံအရ ချက်ချင်းဆိုသလိုပင် ဖန်းယွမ်ထံမှ ယဲ့ရှောင်ချန်း၏ သတင်းအချက်အလက်များကို နှိုက်ထုတ်နိုင်လိမ့်မည်ဟု ခံစားလိုက်ရသည်။
"ဟုတ်တာပေါ့။ လေးနှစ်လုံးလုံး ယဲ့ရှောင်ချန်းနဲ့ ကျွန်တော်က တက္ကသိုလ် အတန်းဖော်တွေ ဖြစ်ခဲ့တာလေ။"
ဖန်းယွမ်က ဂုဏ်ယူဝံ့ကြွားစွာ ပြောလိုက်သည်။
ယဲ့ရှောင်ချန်းသာ အမှန်တကယ် နာမည်ကြီးလာပါက သူ့အတန်းဖော်ကလည်း နာမည် ကြီးမလာနိုင်ဘူးလား။
"ကောင်းလိုက်တာ။ ဒါဆို ကျွန်မ ရှင့်ကို ယဲ့ရှောင်ချန်းရဲ့ အကြောင်းလေးတွေ မေးမြန်းလို့ရမလားရှင့်။"
မိန်းကလေး၏ မျက်လုံးများ အရောင်လက်သွားသည်။
သူမ ယဲ့ရှောင်ချန်းကို မမြင်ဖူးသော်လည်း ပညာရှင်များအသင်းကို ဒီလောက် ဆွဲဆောင်နေသည်ဆိုကတည်းက ဘယ်လို သာမန်လူ ဖြစ်နိုင်ပါဦးမလဲ။
ထိုယဲ့ရှောင်ချန်းကို သူမ အလွန် စိတ်ဝင်စားမိသည်။ ဖန်းယွမ်က ယဲ့ရှောင်ချန်း၏ အတန်းဖော်ဖြစ်သဖြင့် သူမသည် ချက်ချင်းဆိုသလိုပင် စပ်စုတတ်သော ကလေးတစ်ယောက်အဖြစ် ပြောင်းလဲသွားကာ ယဲ့ရှောင်ချန်းအကြောင်း မေးလိုက်မိသည်။
လက်ထဲတွင်လည်း ဖောင်တိန်တစ်ချောင်းဖြင့် မှတ်တမ်းတင်ရေးသားနေခဲ့ပါသည်။
"ရတာပေါ့ဗျ။ ယဲ့ရှောင်ချန်းနဲ့ ပတ်သက်လာရင် ပြောစရာစကားတွေက အများကြီးပဲ..."
ဖန်းယွမ် မျက်လုံးမှိတ်ပြလိုက်သည်။
ဖန်းယွမ်သည် တွေးရင်းတွေးရင်းဖြင့် ယဲ့ရှောင်ချန်းအကြောင်း ဘာမှသိပ်ပြောစရာမရှိပေ။ ယဲ့ရှောင်ချန်းမှာ တက္ကသိုလ်တွင် နှိမ့်ချ၍သာနေထိုင်ခဲ့ပြီး သူ့တည်ရှိမှုကိုလည်း လူတွေကို သတိမထားမိစေလိုပါ။
ဖန်းယွမ်သည် ကို့ရိုးကားယားနိုင်စွာ ပြုံးလိုက်ပြီး အဖြေကို ရှာဖို့ သူ့ဦးနှောက်ကို နှိပ်စက်လိုက်သည်။
"ဒီမှာ ကျွန်တော်တို့ ချက်ချင်းဆင်းရတော့မယ်။"
ရုတ်တရက် ဖန်းယွမ်တစ်ယောက် မျက်လုံးများ တောက်ပသွားပြီး အမြန်ပြောလိုက်သည်။
"အမ် ရှင်ဘာမှ မပြောပြရသေးဘူးလေ။"
မိန်းကလေးက ပြောလိုက်သည်။
"အဟွတ်... နောက်မှပြောလို့ရမလားဟင်။"
ဖန်းယွမ်က မျက်လုံးမှေးလိုက်ပြီး ဒရိုင်ဘာကို ယဲ့ရှောင်ချန်း၏ အိမ်ရှေ့တွင် ကားရပ်ခိုင်းလိုက်၏။
မိန်းကလေးက အနည်းငယ် စိတ်ပျက်သွားသည်။ မကြာမီ ယဲ့ရှောင်ချန်းကို မြင်ရမည်ဟုထင်သဖြင့် အာရုံစိုက်မှုလည်း ပြောင်းလဲသွားလေသည်။
ရွာသို့အပြေးပြန်လာကြသော ရွာလူကြီးများက စပီကာကြီးများဖြင့် ရွာထဲရှိ မိသားစုများကို ကြိုတင်သတိပေးထားကြပြီးဖြစ်ပါသည်။
အိမ်တိုင်းကို သန့်ရှင်းရေးလုပ်ခိုင်းထားသည်။
ပညာရှင်အသင်းက တစ်ယောက်ယောက်ကများ ကိုယ့်အိမ်ကိုရောက်လာပြီး မေးခွန်းမေးခဲ့သည်ရှိသော် ဘာတွေဖြေရမလဲဆိုတာပါ ပါသည်။
ခဏလောက်အထိ တစ်ရွာလုံး ဗြောင်းဆန်သွားကြသည်။
နေရာတိုင်းတွင် သန့်ရှင်းရေးများ ဆောင်ရွက်နေကြ၏။
အချိန်ကလည်း အလွန်နီးကပ်နေပြီ။ တစ်ရွာလုံး စစ်မြေပြင်လိုဖြစ်လာပြီး အိမ်ရှေ့အိမ်နောက်တွင် ဘာအမှိုက်ပုံမှ မရှိအောင် သေသေချာချာ ရှင်းလင်းနေကြသည်။
"ထူးဆန်းတယ်။ ပညာရှင်အသင်းက ဘာလို့ ငါတို့ရွာကို လာကြတာလဲ။"
"ဟုတ်တယ်။ အဲ့ဒီပညာရှင်အသင်းထဲမှာ နိုင်ငံခြားသားတွေလည်း ပါတယ်ဆို။"
"ဒါဆို ငါတို့ နိုင်ငံခြားသားမြင်ဖူးဖို့ အခွင့်အရေးရတာပဲ မဟုတ်ဘူးလား။ နိုင်ငံခြားသားတွေကို တီဗီမှာပဲမြင်နေရတာ ဘာဖီလင်မှမရှိဘူး။ မျက်နှာချင်းဆိုင်မြင်ရရင် ဘယ်လိုခြားနားမလဲမသိဘူးနော်။"
"အဲ့ဒီပညာရှင်တွေအားလုံးက အကုန်နာမည်ကြီးတွေလို့ပြောတယ်။ ငါတို့ရွာကိုလာတာ ထူးဆန်းတယ်။"
ယဲ့ရှောင်ချန်း၏ မိဘများက အလုပ်ရှုပ်ပြီးသွားသောအခါ အမှိုက်များအားလုံးကို ရှင်းပြီးသွားကြပြီဖြစ်သည်။ တံစက်မြိတ်အောက်တွင် မတ်တပ်ရပ်ကာ စကားပြောနေကြ၏။
အမျိုးသမီးဟွေ့။ အကြီးဆုံးဒေါ်လေးနှင့် အခြားသူများလည်း စုရုံးကာ စကားပြောနေကြပါသည်။
ရုတ်တရက် လမ်းထောင့်မှ ကားဟွန်းသံ ထွက်ပေါ်လာသည်။
ထို့နောက် ကားတွေ တစ်စီးပြီး တစ်စီးဝင်လာ၏။
လမ်းများက ချောမွေ့မနေဘဲ ကျောက်တုံးများဖြင့် ပြည့်နှက်နေသောကြောင့် အလွန်ကြမ်းတမ်းကာ ကားကလည်း ဖြည်းဖြည်းချင်း မောင်းလာရသည်။
"ကြည့်ကြပါဦး။ ကားတွေ အများကြီးပဲ။ ပညာရှင်အသင်းများလား။"
ဒေါ်လေးက ပြောလိုက်၏။
"ဟုတ်မှာပေါ့။ ဒါပေမယ့် သူတို့ ဘာလို့ ဒီလမ်းကနေ ဝင်လာတာလဲ။ သူတို့ ကွန်ကရစ်လမ်းကို လျှောက်တတ်ပါ့မလား။”
"ဟုတ်တယ်။ ဒီလမ်းက လျှောက်ဖို့မလွယ်ဘူး။”
"စကားမစပ် ဒီတစ်ခေါက် ပညာရှင်အသင်းနဲ့ အတူတူ အရာရှိကြီးတွေလည်း ပါမယ်လို့ကြားတယ်နော်။ သူတို့ကို ရန်ပုံငွေခွဲဝေပြီး ဒီလမ်းကြီးကို ပြင်ပေးဖို့ ပြောကြမလား။"
"မရဘူး။ ပညာရှင်အသင်းက အဲ့လိုကိစ္စတွေကို တာဝန်ယူမှာမဟုတ်ဘူး။ ပြီးတော့ ခုနလေးတင် ရွာလူကြီးတွေက ငါတို့ကိုတတ်နိုင်ရင် စကားမပြောဖို့ ပြောထားတာ မဟုတ်ဘူးလား။"
အခြားသူတွေက ပြောပါသည်။
အကြောင်းရင်းတချို့ကြောင့် ဤလမ်းကို မပြုပြင်ရသေးပေ။ နှစ်ပေါင်းများစွာကြာပြီ ဖြစ်သော်လည်း ဖြေရှင်း မပေးကြသေးပါ။
သူတို့စကားပြောနေစဥ် ယာဥ်တန်းက ရုတ်တရက် ရပ်တန့်သွားပြီး လူအုပ်ကြီးသည် ကားပေါ်မှ ဆင်းလာကြသည်။
လူတိုင်း အံ့အားသင့်သွားကြ၏။ ပညာရှင်များအသင်းက ဒီကိုလာနေကြတာများလား။