← Chapters

အလည်အပတ်ရောက်ရှိခြင်း

Vol. 7 Ch. 105

အလည်အပတ်ရောက်ရှိခြင်း

Vol. 7 Ch. 105

အခန်း(၁၀၅) - အလည်အပတ်ရောက်ရှိခြင်း

ယဲ့ရှောင်ချန်း၏ ခြံတံခါးတွင် ယာဥ်တန်းကြီး ရပ်တန့်သွားသည်။

လူအုပ်ကြီးတစ်ခုက ကားများပေါ်မှ ဆင်းလာပြီး ယဲ့ရှောင်ချန်း၏ အိမ်သို့ ဦးတည်သွားခဲ့ကြသည်။

ပညာရှင်အသင်းကို အခြွေအရံများက လိုက်ပို့သည်။

ယန်မြို့တော် သတင်းသမားများ၊ ကင်မရာမန်းများက ကင်မရာများကို ကိုင်ဆောင်လျက် ဓာတ်ပုံများ ရိုက်ယူနေကြသည်။

လူတန်းကြီးကလည်း အလွန်ကြီးမားလှပါသည်။

တံစက်မြိတ်အောက်တွင် စကားပြောနေသော ယဲ့ရှောင်ချန်း၏ မိဘများနှင့်  အိမ်နီးချင်းများက လူတန်းကြီးကို မြင်သောအခါ ထိတ်လန့်သွားကြသည်။

ပညာရှင်အသင်းက ဘာလို့ဒီကိုလာကြတာလဲ။

ဘယ်လိုလုပ်ရမလဲ။

ဘာတွေပြောရမလဲ။

ဘာပဲဖြစ်ဖြစ် သူတို့က သာမန်လူတွေပဲလေ။ သူတို့ ဒီလိုဖြစ်ရပ်မျိုးနှင့် ဘယ်တုန်းက ကြုံဖူးလို့လဲ။

ကားပေါ်မှ ပထမဆုံးဆင်းလာသူက ဖန်းယွမ်ဖြစ်သည်။ မီတာ ၁၀၀ အပြေးပြိုင်ပွဲလို သူပြေးလွှားလာပြီး အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်၏။ "ဦးလေးယဲ့ ဒေါ်လေးယဲ့ ကျွန်တော် ဖန်းယွမ်ပါ။ ဒီနေ့ပညာရှင်အသင်းက ချန်းကျစ်ဆီကို အလည်လာတာပါ။"

ဘာဖြစ်တယ်။

ချန်းကျစ်ဆီကို လာတာဟုတ်လား။

ဘယ်က ချန်းကျစ်ကို ပြောတာလဲ။

အိမ်နီးချင်းများ၏ မျက်လုံးများက ယဲ့ရှောင်ချန်း၏ မိဘများအပေါ်သို့ ကျရောက်လာသည်။

ချန်းကျစ်ဆိုတာ ယဲ့ရှောင်ချန်း မဟုတ်လား။

မရီးဟွေ့၊ အကြီးဆုံးဒေါ်လေးနှင့် အခြားသူများ ကြက်သေသေသွားကြရသည်။ ဒီအခြေအနေကြီးက ဘာကြီးလဲ။

ဤနာမည်ကျော် ပညာရှင်များက ထင်မထားဘဲ ယဲ့ရှောင်ချန်းထံသို့ အလည်ရောက်လာကြသည်။ သူတို့နားကြားလွဲတာတော့ မဟုတ်ဘူးမလား။

ယဲ့ရှောင်ချန်း၏ မိဘများလည်း ဇဝေဇဝါ ဖြစ်နေကြပါသည်။

ငါတို့သားဆီလာပြီး ဘာလုပ်ချင်ကြတာလဲ။

သူက ရာဇဝတ်မှုတစ်ခုခု ကျူးလွန်ခဲ့လို့များလား။

မဟုတ်လောက်ပါ။ သူတို့က လာလည်ခြင်းသာဖြစ်ပြီး လာဖမ်းခြင်းမဟုတ်ပါ။

သူ့မိဘနှစ်ပါးလုံး စိတ်အေးစွာ သက်ပြင်းချလိုက်သည်။ သို့သော် စိတ်တော့ လှုပ်ရှားနေဆဲ ဖြစ်၏။

ငါတို့သားကို တွေ့ပြီး ဘာလုပ်ချင်ကြတာလဲ။

ထိုအချိန်တွင် ဖန်းယွမ်က အကြိမ်ကြိမ် ရှင်းပြလိုက်သည်။ ထိုအခါမှ မိဘများက ပညာရှင်အသင်း သူတို့သားကို တကယ်လာတွေ့မှန်း ယုံကြည်သွားကြလေသည်။

ဒါက ကိစ္စကောင်းပဲ။

ဖန်းယွမ်က အလျင်အမြန်ပင် လူကြီးနှစ်ယောက်ကို ခေါင်းဆောင်များ၊ ပညာရှင်အသင်းမှ ပညာရှင်များစွာတို့ဖြင့် မိတ်ဆက်ပေးလိုက်သည်။

ယဲ့ရှောင်ချန်း၏ မိဘနှစ်ပါးမှာ အလွန်စိတ်လှုပ်ရှားနေကြသည်။ အချိန်အကြာကြီး နားထောင်ပြီးသွားတာတောင် သူတို့ ဘာမှ မမှတ်မိတော့ပါ။ ထိုလူများက အလွန် အဆင့်အတန်းမြင့်သော လူများဖြစ်သည်ကိုသာ သိပါသည်။

ယဲ့ရှောင်ချန်း၏ မိဘနှစ်ပါးက အလျင်အမြန်ပင် ပညာရှင်အသင်း၊ ကောင်တီခေါင်းဆောင်များကို အိမ်ထဲသို့ ကြိုဆိုလိုက်သည်။

အိမ်က လူအားလုံး ဝင်ဆံ့ဖို့ သေးလွန်းနေ၏။

ထို့ကြောင့် လူအများစုက အပြင်တွင်သာ စောင့်နိုင်သည်။

မရီးဟွေ့နှင့် အခြားသူများလည်း လက်ဘက်ရည် ဖျော်ရာတွင် အမြန်ကူညီကြပြီး သယ်လာပေးကြသည်။

"မစ္စတာယဲ့ရှောင်ချန်း မရှိဘူးလား။"

ပညာရှင်များအသင်းက အိမ်ထဲတွင် ဝင်ထိုင်လိုက်သည်။

သူတို့တွင် ထိုင်ခုံအနည်းငယ်သာ ရှိသဖြင့် အိမ်နီးချင်းများထံမှ တချို့ကို ငှားယူလိုက်ရသည်။

ပညာရှင်ကြီးယန်က စိတ်လှုပ်ရှားနေကြသော ယဲ့ရှောင်ချန်း၏ မိဘများ၏ မျက်နှာကို ကြည့်ရင်း ယဥ်ကျေးစွာ မေးလိုက်သည်။

သူက ယဲ့ရှောင်ချန်းမိဘများထက် ပိုမို အသက်ကြီးသော်လည်း ယဥ်ကျေးစွာ ပြောဆိုပါသည်။

သူ့အမြင်တွင်တော့ ယဲ့ရှောင်ချန်းလို သားမျိုးကို ပြုစုပျိုးထောင်ပေးနိုင်ခဲ့သဖြင့် သူတို့မှာ လုံးဝ လေးစားထိုက်သူများဖြစ်ကြသည်။

"ရှောင်ချန်းက ယန်မြို့ကို ဟင်းသီးဟင်းရွက်တွေ သွားပို့ပါတယ်။ သူပြန်လာဖို့က နည်းနည်း ကြာဦးမယ်ထင်တယ်။ သြော် အဘိုးကြီး ရှင့်သားကို ဖုန်းဆက်ပြီး ခုချက်ချင်း ပြန်လာဖို့ ပြောလိုက်လေ။"

ယဲ့ရှောင်ချန်း၏ အမေက ပြောလိုက်သည်။

"ဟုတ်ပြီ။"

ယဲ့ရှောင်ချန်း၏ အဖေက ဖုန်းကို ထုတ်လိုက်၏။ သို့သော်လည်း အလွန်စိတ်လှုပ်ရှားနေသဖြင့် ဖုန်းနံပါတ်ကို အကြိမ်ကြိမ် အခါခါ မှားယွင်းဖုန်းခေါ်မိသည်။

"ကျွန်မ လုပ်လိုက်မယ်။"

ယဲ့ရှောင်ချန်း၏အမေက ချက်ချင်း ဖုန်းကို ဆွဲယူကာ ယဲ့ရှောင်ချန်း၏ ဖုန်းနံပါတ်ကို အမြန် နှိပ်လိုက်၏။

ယန်မြို့တော် ဝမ်ရွှေရှန့်၏ အိမ်တွင် ယဲ့ရှောင်ချန်းက ဝမ်ရွှေရှန့်နှင့် စကားပြောနေတုန်းဖြစ်သည်။

ရုတ်တရက် သူ့ဖုန်းသံမြည်လာခဲ့၏။ သူထုတ်ကြည့်လိုက်သောအခါ အမေဖြစ်သူ ခေါ်နေသည်ဖြစ်ကြောင်း သိလိုက်ရသည်။

"အစ်ကိုကြီးဝမ် ကျွန်တော် ဖုန်းပြောလိုက်ဦးမယ်နော်။"

ဝမ်ရွှေရှန့်က ခေါင်းငြိမ့်ပြလိုက်သည်။

"ချန်းလေး အိမ်မြန်မြန် ပြန်လာခဲ့စမ်း။ ပညာ...ပညာ...ပညာရှင်အသင်းဆိုတာ ဒီရောက်နေတယ်။"

သူ့အမေဖြစ်သူ၏ အလျင်လိုနေသော အသံက ထွက်လာသည်။

"ဘာဖြစ်တယ်။ ပညာရှင်အသင်းရောက်နေတယ် ဟုတ်လား။"

ယဲ့ရှောင်ချန်းက မျက်မှောင်ကြုတ်သွားသည်။

"ဟုတ်တယ်။ အားလုံး ရောက်နေတယ်။ ပြီးတော့ ခေါင်းဆောင်တွေလည်း အများကြီးပဲ။ နင် မြန်မြန် ပြန်လာခဲ့စမ်းပါ။"

သူ့အမေက အော်မိမလိုပင် ဖြစ်သွားသည်။

"ဟုတ်ပါပြီ။"

ယဲ့ရှောင်ချန်းလည်း မတတ်နိုင်ဘဲ ရယ်သာ ရယ်မိတော့သည်။

ဗျာများလိုက်တာ။

ပညာရှင်များအသင်းက လာမည်ဆိုလျှင်တောင် အခြားနည်းလမ်းများဖြင့် လာမည်ဟု သူထင်ထားခဲ့သည်။ သို့သော် သူတို့က အင်အားအလုံးအရင်းဖြင့် ရောက်လာကြ၏။ သူ့ကို ဒီလောက်ထိ စိတ်ဖိစီးအောင်လုပ်ဖို့ တကယ်ပဲ လိုအပ်လို့လား။

ယဲ့ရှောင်ချန်းက ခေါင်းခါလိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

သူအခန်းထဲပြန်ဝင်လာတော့ သူ့မျက်နှာပေါ်က စိုးရိမ်မှုကို မြင်ကာ ဝမ်ရွှေရှန့်က မေးလိုက်သည်။ "ရှောင်ချန်း ဘာဖြစ်လို့လဲ။"

"ကျွန်တော် ပြဿနာလေး နည်းနည်း တက်နေလို့။ အိမ်ကို စောစော ပြန်ရမယ်ထင်တယ်။"

ယဲ့ရှောင်ချန်းက ပြောလိုက်သည်။

"ပြဿနာ ဟုတ်လား။"

ဝမ်ရွှရှန့်က မေးလိုက်၏။

"ဘာမှမဟုတ်ပါဘူး။"

ယဲ့ရှောင်ချန်းက ခေါင်းခါရင်း ပြောလိုက်သည်။ "ကျွန်တော်ရှင်းယီကို အရင်သွားတွေ့လိုက်ဦးမယ်နော်။"

"သွားလေ။"

ဝမ်ရွှေ့ရှန့်က ခေါင်းငြိမ့်သဘောတူလိုက်သည်။

ယဲ့ရှောင်ချန်းက ဝမ်ရှင်းယီ နေထိုင်သည့် ခြံဝန်းဆီသို့ လျှောက်သွားသည်။

ယဲ့ရှောင်ချန်းထွက်သွားသည့်အချိန်ထိစောင့်ပြီးနောက် ဝမ်ယွမ်တုန်းက မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် မေးခွန်းထုတ်သော လေသံဖြင့် မေးလိုက်၏။ "တတိယဦးလေး၊ ယဲ့ရှောင်ချန်းနဲ့ ဒေါ်လေးတို့က ဘာတွေလဲ။"

"အဲ့တာ မင်းမေးရမယ့် မေးခွန်းတွေမဟုတ်ဘူး။ ထားလိုက်စမ်းပါ။"

ဝမ်ရွှေရှန့်က ဝမ်ယွမ်တုန်းကို ကြည့်လိုက်သည်။

ဝမ်ယွမ်တုန်း၏ ရင်ထဲတွင် မကျေနပ်မှုများဖြင့် ပွက်လောရိုက်နေလေပြီ။ တကယ်ဖြစ်နေသည့်ပုံပေါ်ပြီး ထို့အပြင် တတိယဦးလေးကလည်း ကန့်ကွက်သည့်ပုံမပေါ်ပေ။

ရှောင်ချန်းနဲ့ ဝမ်ရှင်းယီတို့သာ တွဲဖက်သွားပါက သူက ယဲ့ရှောင်ချန်းကို ဘယ်လိုခေါ်ရမလဲ။ ဒီအကြောင်းကို တွေးမိရုံနဲ့တင် တုန်ယင်လာပြီး ထပ်မတွေးရဲတော့ပါ။

အိမ်တွင်...

အမေက ဖုန်းချလိုက်ပြီး ပြောလိုက်သည်။ "ကျွန်မ စောင့်ခိုင်းထားရလို့ စိတ်မကောင်းပါဘူး။"

"ကိစ္စမရှိပါဘူး။ ကျွန်တော်တို့လည်း အချိန်ရှိပါတယ်။ ဒါနဲ့ စကားမစပ် ယဲ့ရှောင်ချန်းမှာ စိုက်ပျိုးရေးခြံ ရှိတယ်မဟုတ်လား။ ကျွန်တော်တို့ကို လိုက်ပြပေးနိုင်မလား။"

ပညာရှင်ကြီးယန်က ရယ်မောကာ ပြောလိုက်သည်။

သူတို့က သေချာပေါက် ယဲ့ရှောင်ချန်း၏ အတိတ်နှင့် ယဲ့ရှောင်ချန်း၏ ရုက္ခဗေဒ အောင်မြင်မှုများကို သိပြီးသားဖြစ်ပါသည်။ ထင်မထားစွာဖြင့် သူကျောင်းထွက်ပြီး စိုက်ပျိုးရေးခြံ ဖွင့်ခဲ့သည်။ နည်းနည်းတော့ ထူးဆန်းနေသည်။ ထို့ကြောင့် ယဲ့ရှောင်ချန်း ဖွင့်ထားသည့် စိုက်ပျိုးရေးခြံအကြောင်း သူ အလွန် သိချင်နေပါသည်။

"ဟုတ်ကဲ့၊ ကျွန်မ ခေါ်သွားပေးပါ့မယ်။"

အမေဖြစ်သူက သဘောတူလိုက်ပါသည်။

ချက်ချင်းဆိုသလိုပင် ပညာရှင်များအသင်းက ယဲ့ရှောင်ချန်း၏ စိုက်ပျိုးရေးခြံသို့ ချီတက်သွားကြ၏။

စိုက်ပျိုးရေးခြံသို့ ရောက်ရှိသွားကြသောအခါ လူများစွာက စိတ်ပျက်သွားမိကြသည်။

စိုက်ပျိုးရေးခြံလေးက သေးလိုက်တာ။

ဖန်လုံအိမ်သေးသေးလေးများ၊ ရေနုတ်မြောင်းများလည်း အလွန်နည်းပါးသည်။ အဆင့်မြင့် ကိရိယာများ၏ အရိပ်အယောင်ပင် မတွေ့ရပါ။

သာမန် ဖန်လုံအိမ်လေးများသာဖြစ်သည်။

သို့သော် အားလုံးကို အံ့သြသွားရသည်က စိုက်ပျိုးရေးခြံထဲသို့ ဝင်လိုက်သောအခါ လတ်ဆတ်သော လေထုက သူတို့ကို အလွန်နေလို့ထိုင်လို့ကောင်းသွားစေပါသည်။

"လေက လတ်ဆတ်လိုက်တာ။"

"ဟုတ်တယ်။ ငါအသက်ရှူမွန်းနေသလို ခံစားနေရတာ ဒါပေမယ့် ဒီထဲဝင်လာတော့ အေးချမ်းသွားသလိုပဲ။"

"ကြည့်ပါဦး။ ဟင်းသီးဟင်းရွက်တွေကလည်း ကောင်းလိုက်တာ။"

"သူတို့က တကယ်လှတယ်။ ငါစိုက်ပျိုးရေးခြံတွေ အများကြီးကို ရောက်ဖူးတာတောင် ဒီလောက်ကောင်းတဲ့ ဟင်းသီးဟင်းရွက်တွေ မမြင်ဖူးဘူး။"

“ဒီဟင်းသီးဟင်းရွက်တွေက ပိုလှတယ်လို့ မဆိုလိုနိုင်ပါဘူး။ ဒါက ပိုးသတ်ဆေးတွေ အသုံးများလွန်းတာကြောင့် ဖြစ်ရမယ်၊ ဒါကြောင့် ပိုးမွှားတွေ နည်းနေတာဖြစ်မယ်။”

"ဒါလည်း ဖြစ်နိုင်တယ်။ ပညာရှင်အသင်းက ယဲ့ရှောင်ချန်းဆီ လာလည်တာဆိုတော့ အဲ့ဒီလူရဲ့ ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့အဆင့်က တော်တော်လေး မြင့်ရမယ်။"

လူများစွာက စိုက်ပျိုးရေးခြံထဲသို့ ဝင်လာကြသည်။

သို့သော်လည်း အားလုံးက စိုက်ပျိုးရေးခြံ အပင်တစ်ပင်တစ်လေကိုမှ မဖျက်စီးမိအောင် သတိထားကြသည်။

ယဲ့ရှောင်ချန်း၏ အမေနှင့်အဖေတို့က လမ်းပြဖြစ်လာ၏။ ပညာရှင်များအသင်းကို ဖန်လုံအိမ်ထဲသို့ လမ်းပြကာ စိုက်ပျိုးထားသော သစ်သီးဝလံများ ဟင်းသီးဟင်းရွက်များကို မိတ်ဆက်ပေးသည်။

"ကျွန်မတို့သားရဲ့ ဟင်းသီးဟင်းရွက်တွေနဲ့ သစ်သီးဝလံတွေက အရမ်းအရသာရှိတာလေ။"

"ဒီက ဟင်းသီးဟင်းရွက်တွေအားလုံးက ပိုးသတ်ဆေး ကင်းစင်တယ်။ ကျွန်မသားက ဟင်းသီးဟင်းရွက် စိုက်ပျိုးတဲ့နေရာမှာ အရမ်းတော်တယ်။”

"အဲ့ဒီဖရဲသီးတွေကို ကြည့်ပါဦး။ သူတို့က တတိယအကြိမ်မြောက် သီးပွင့်တာလေ။ ကျွန်မသားက အဲ့ဒီဖရဲပင်တွေကို ပြုပြင်ထားပြီး အကြိမ်ကြိမ် အခါခါ ရိတ်သိမ်းလို့ရတယ်လို့ပြောတယ်။"

"ဒါကိုလည်း ရှင်တို့မသိဘူးနော်။ ကျွန်မသားရဲ့ ဆားရည်စိမ် ဟင်းသီးဟင်းရွက်တွေက အရမ်းကို အရသာရှိတာ။ သူတို့ကို မြည်းကြည့်ပြီးတာနဲ့ ထပ်စားချင်ကြမယ်ဆိုတာ ကျွန်မ ရဲရဲကြီး အာမခံရဲတယ်။"

ယဲ့ရှောင်ချန်း၏ အမေက သူ့သားအကြောင်းကို မရပ်မနား စပြောလာသည်။ သူ့သားက ဘယ်လောက်တောင် အံ့သြစရာကောင်းလဲ ဆိုတာကို မရပ်မနား ပြောပြနေ၏။

ပညာရှင်ကြီးယန်နှင့် အခြားသူများက ယဲ့ရှောင်ချန်းရဲ့ အမေပြောတာကိုနားထောင်ပြီး အလွန်စိတ်ဝင်စားနေကြပါသည်။

နောက်ဆုံးတော့ သူတို့သည် အင်မော်တယ်မြေရှိသော ဖန်လုံအိမ်နားသို့ ရောက်လာကြသည်။

"ဒီဖန်လုံအိမ်ကိုတော့ ကျွန်မသားက ကျွန်မတို့ကို မဝင်ခိုင်းဘူး။ ဒီထဲမှာ စိုက်ထားတဲ့ ဟင်းသီးဟင်းရွက်တွေက သာမန်ဟင်းသီးဟင်းရွက်တွေ မဟုတ်ဘူးလို့ ပြောတယ်။"

ယဲ့ရှောင်ချန်း၏ အမေက ပြောလိုက်သည်။

"ကျွန်တော်တို့ ဝင်ကြည့်လို့ရမလား။"

ပညာရှင်ကြီးယန်က ထိုစိုက်ပျိုးရေးခြံကို အလွန်စိတ်ဝင်စားလာခဲ့ပါသည်။

ဟင်းသီးဟင်းရွက်များ၏ အရည်အသွေးက အလွန်ကောင်းမွန်သည်။

စိုက်ပျိုးရေးသိပ္ပံကျောင်းတော်၏ အထူးဖန်လုံအိမ်အတွင်းတွင် ကောင်းမွန်စွာ ပျိုးထောင်ထားသည့် သုတေသန ဟင်းသီးဟင်းရွက်များကတောင် ဒီအဆင့်ကို မရောက်နိုင်ကြပါ။

ပိုးသတ်ဆေးကို ဟင်းသီးဟင်းရွက်များ အပေါ်တွင် သုံးထားသည် မသုံးထားသည်ကို သူ့အမြင်နှင့် အတွေ့အကြုံအရ တစ်ချက်ကြည့်လိုက်ရုံနှင့် ပြောနိုင်နေပါသည်။

ဒီက ဟင်းသီးဟင်းရွက်များက အကြွင်းမဲ့ သဘာဝအတိုင်းသာ ဖြစ်ကြသည်။

All Chapters