အတင်းအဖျင်း
Vol. 30 Ch. 408
အခန်း(၄၀၈) - အတင်းအဖျင်း
အနာဂတ်အကြောင်း စဥ်းစားပြီးသွားကြသောအခါ လင်မယားနှစ်ယောက် ရုပ်ရှင်သွားကြည့်ကြသည်။
လင်းချင်းဟယ်၏ အထည်ဆိုင်၊ အလုပ်ရုံငယ်၊ ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်တို့အားလုံး ပိတ်ထားသည်။ ရုပ်ရှင်ရုံအနားက ဖျော်ရည်ဆိုင်ကိုတော့ ဖွင့်ထားပါသည်။
အေးစက်သော ရာသီဥတုအတွင်းမှာပင် လူတချို့က အအေးများသောက်ကြပြီး ရေခဲမုန့်များ စားတတ်ကြပါသည်။ အထူးသဖြင့် ပုံမှန်ထက် လုပ်ငန်းလုပ်ရတာ ၃၀ ရာခိုင်နှုန်းလောက် ပိုကောင်းသော ရုပ်ရှင်ရုံဘက်တွင် ဖြစ်သည်။
ဒီဇင်ဘာလ ၂၀ ရက်နေ့မှစပြီး တရုတ်နှစ်သစ်ကူး အချိန်ကာလအထိ လင်းချင်းဟယ်က ချန်းယန်နှင့် ချန်းယွဲ့တို့ကို လစာနှစ်ဆ တိုးပေးခဲ့သည်။
ထို့အပြင် သူတို့ကို အားလပ်ရက် မယူဘဲ အချိန်ပို လုပ်ချင်သလားဟု မေးမြန်းခဲ့ပါသည်။ သူတို့က လုပ်ချင်သောကြောင့် ဖြစ်သည်။
နှစ်သစ်ကူးကတော့ နောက်နှစ်လည်း နှစ်သစ်ကူးဦးမည်။ လစာနှစ်ဆက အမြဲတမ်း မရနိုင်ပါ။ ထို့ကြောင့် သူတို့ ပျော်ပျော်ကြီး အချိန်ပို ဆင်းခဲ့ကြပါသည်။
သို့သော်လည်း နှစ်သစ်ကူး ၃၁ ရက်နေ့တွင်တော့ သူတို့ကို အနားပေးလိုက်ပါသည်။ နေ့လည်ခင်း ၃ နာရီ ဆိုင်ပိတ်ပြီး နောက်တစ်နေ့ ၃ နာရီအထိ အနားယူနိုင်သည်။ ထို့နောက် သူတို့ ဆိုင်ကို ပြန်ဖွင့်နိုင်ပါသည်။
ဒီနှစ် လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က သူတို့မိသားစုကို ခေါ်ပြီး အဖေကျိုးနှင့် အမေကျိုးတို့အိမ်တွင် ညစာ သွားစားကြပြန်သည်။
သူတို့တင်မကသေးဘဲ ဝမ်ယွမ်လည်းရှိသည်။ အဘိုးဝမ်လည်း ရှိသည်။ ကျိုးရွှမ်းနှင့် ကျိုးကွေ့လိုင်တို့က သူ့ကို သွားဖိတ်ခဲ့ခြင်း ဖြစ်ပါသည်။
"လောင်တ ဒီနှစ် ပြန်မလာဘူးပေါ့။" ဟု အမေကျိုးက မေးလိုက်သည်။
အမေကျိုးက သူ့မြေးကို လွမ်းမိပါသည်။ သူမရဲ့ မြေးအားလုံးကို ချစ်မြတ်နိုးသော်လည်း အချစ်ဆုံးက သူမ၏ မြေးအကြီးဆုံး ကျိုးခိုင် ဖြစ်သည်။
"သူဖုန်းဆက်ပါတယ်၊ အချိန်မမီတော့လို့တဲ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
"နှစ်သစ်ကူးမှာ အပြင်ရောက်နေတာ... သူ ဖက်ထုပ် ပူပူလေးတောင် စားနိုင်ပါ့မလား မသိပါဘူး။" ဟု အမေကျိုးက ဆက်ပြောသည်။
လင်းချင်းဟယ်က ရယ်ရခက် ငိုရခက် ဖြစ်သွားသည်။ မြေးအပေါ်ထားသော သူမ၏ ခံစားချက်ကို လင်းချင်းဟယ် နားလည်ပါသည်။
"ဖက်ထုပ်ပူပူလေး ဘာဖြစ်လို့ မစားနိုင်ရမှာလဲ။ အဘွား အရမ်းအတွေးလွန်နေပါပြီ။ သူက အသက် ၁၈ နှစ်တောင်ကျော်နေပြီ။" ဟု ကျိုးကွေ့လိုင်က ပြန်ပြောလိုက်သည်။
"အရင်တစ်ခေါက်က အမဲသားခြောက်တွေ အများကြီး လုပ်ပေးလိုက်တယ်လို့ ကန်းကျစ်ပြောတာ အမေကြားတယ်။" အမေကျိုးက အငယ်ဆုံးချွေးမဘက်သို့ ထပ်လှည့်လိုက်သည်။
"ဟုတ်တယ်၊ အရင်တစ်ခေါက် သူဖုန်းဆက်တုန်းက နောက်နှစ်ကျရင် ပိုလုပ်ပေးပြီး ပို့ပေးပါဦးတဲ့။" လင်းချင်းဟယ်က အတည်ပြုပေးလိုက်သည်။
အမေကျိုးက ပြောလိုက်၏။ "အဲ့အချိန်ကျရင် ငါ့ကိုအသိပေးပါဦး။ ငါသူ့အတွက် ကြက်ပေါင် ကြော်ပေးလိုက်ချင်လို့၊ ဒါကလည်း အမဲခြောက်နီးပါးလောက် အရသာရှိမှာပါ။"
လင်းချင်းဟယ်က သဘောတူလိုက်သည်။
မိသားစုတစ်စုလုံး အတူတူရှိနေကြချိန်ဖြစ်သည်။ စုစုပေါင်း လူ ၁၇ ယောက်ရှိပြီး များပြားလှပါသည်။အားလုံး စားပွဲတစ်လုံးထဲထိုင်ဖို့ ပြွတ်သိပ်နေသဖြင့် နှစ်သစ်ကူးအကြိုညစာကို စားပွဲနှစ်လုံးစာ ခွဲလိုက်ရသည်။
နှစ်သစ်ကူးအကြိုနေ့ ညစာစားရင်း တီဗီကြည့်ခဲ့ကြသည်။ စကားသံများ ရယ်မောသံများလည်း ပြည့်နှက်နေသည်။ အလွန်သက်ဝင် လှပါသည်။
အထူးသဖြင့် ကျိုးမိသားစု၏ မြေးသားမက်လောင်း ဝမ်ယွမ်လည်း ညစာစားပွဲဝိုင်းတွင် ပါနေသောကြောင့် ဖြစ်သည်။
ညစာစားပြီးသွားသောအခါ ကျိုးအာ့နီက ကျိုးရွှမ်း၊ ဟူကျစ်နှင့် အခြားသူများနှင့်အတူတူ ပန်းကန်သွားဆေးသည်။ အိမ်ဟောင်းတွင်လည်း ကောင်လေးများက အိမ်မှုကိစ္စ လုပ်ကြရပါသည်။
ပန်းကန်များကို ဆေးပြီးသွားသောအခါ ကျိုးကွေ့လိုင်က ဝမ်ယွမ်ကို ပြောလိုက်သည်။ "အစ်ကိုကြီးဝမ်ယွမ် ကျွန်တော်တို့ ကျိုးမိသားစုဟောင်းရဲ့ စည်းမျဥ်းစည်းကမ်းက ယောက်ျားတွေက အိမ်ပြင်ပမှာ ငွေထွက်ရှာပြီး အိမ်ပြန်ရောက်လာရင်လည်း အိမ်မှုကိစ္စတွေ ဝိုင်းကူလုပ်ရတယ်ဗျ။"
"နောက်ပိုင်းကျရင် မင်းအစ်မအာ့နီနဲ့ အတူတူ အိမ်မှုကိစ္စလုပ်မှာပါကွာ။" ဝမ်ယွမ်က ပုံမှန်အတိုင်းပဲ ခေါင်းငြိမ့်ပြလိုက်သည်။
ကျိုးအာ့နီက မျက်နှာလွှဲကာ လင်းချင်းဟယ်နှင့် ကျိုးရှောင်မိန်တို့ကို ပြောလိုက်သည်။ "စတုတ္ထဒေါ်လေး အငယ်ဆုံးဒေါ်လေးတို့အတွက် သမီး လည်စည်းပဝါလေးတွေ ဝယ်လာပေးတယ်၊ ကြိုက်ရဲ့လားကြည့်ပါဦး။"
"ဝယ်မလာလည်း ရပါတယ်ဟယ်။" ဟု လင်းချင်းဟယ်က ပြုံးကာပြောလိုက်သည်။
"ဟုတ်တယ်၊ နင့်ရဲ့ဦးလေးအငယ်ဆုံးက လွန်ခဲ့တဲ့ နှစ်ရက်လောက်ကမှ နင့်ဒေါ်လေးအတွက် တစ်ထည် ဝယ်လာပေးသေးတယ်။" ဟု ကျိုးရှောင်မိန်ကလည်း ပြောလိုက်သည်။
ထိုသို့ပြောကြသော်လည်း သူတို့နှစ်ယောက် အခန်းထဲသို့ ဝင်သွားကြပါသေးသည်။ ကျိုးအာ့နီက လည်စည်းပဝါများကို ထုတ်ပြလိုက်သည်။ အလွန် စတိုင်ကျလှပါသည်။
"နောက်တစ်ခါ ငွေတွေအများကြီး မသုံးနဲ့နော်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
ကျိုးအာ့နီက ပြုံးကာ တီးတိုးပြောလိုက်သည်။ "စတုတ္ထဒေါ်လေးနဲ့ အငယ်ဆုံးဒေါ်လေးတို့၊ ဝမ်ယွမ်က မနက်ဖြန် သူ့အိမ်မှာ ညစာ လိုက်စားခိုင်းနေတယ်။"
လင်းချင်းဟယ်နှင့် ကျိုးရှောင်မိန်တို့ သူတစ်ပြန် ကိုယ်တစ်ပြန် ကြည့်လိုက်ကြသည်။
"ဘယ်လို သဘောရလို့လဲ။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
ကျိုးရှောင်မိန်လည်း ကျိုးအာ့နီဘက်သို့ လှည့်လိုက်သည်။ ကျိုးအာ့နီက အနည်းငယ်ရှက်လာပြီး ပြောလိုက်သည်။ "မြန်လွန်းနေသလိုပဲ။"
" နှစ်သစ်ကူးအကြိုညစာစားဖို့တောင် ငါတို့အိမ် ရောက်လာနေပြီပဲ၊ ဘာကို မြန်တာတုန်း။" ဟု ကျိုးရှောင်မိန်က တဲ့တိုး ပြောပြလိုက်သည်။
သူတို့နှစ်ယောက်က တွဲနေကြသော ဆက်ဆံရေးမျိုးဖြစ်သည်။ ထို့အပြင် နှစ်သစ်ကူး ညစာအတွက် သူမိသားစုအရင်းထံမသွားဘဲ မိန်းကလေးဘက် မိသားစုထံသို့သာ လာခဲ့သည်။ ထို့ကြောင့် သူ့စိတ်များက သိသာပါသည်။
ကျိုးအာ့နီက အနည်းငယ် ရှက်လာပြီး တီးတိုး ရေရွတ်လိုက်သည်။ "သူ့ကို အိမ်မှာ လာမစားဖို့ ပြောထားပါတယ်။"
ဝမ်ယွမ်က ဒီနှစ် နှစ်သူကူး ညစာကို သူမတို့ထံလာစားမည်ဟု ပြောသောအခါ သူမ၏ ပထမဆုံး တုန့်ပြန်မှုက သူ့ကိုမလာခိုင်းခဲ့ပါ။ သူ့အိမ်သူပြန်ကာ စားသည်က ပိုကောင်းမည်။
သို့သော်လည်း ဝမ်ယွမ်က လာဖြစ်အောင် လာခဲ့ပါသည်။ သူမကိုလည်း သူ့အိမ်တွင် ညစာလိုက်စားစေချင်သည်။
လင်းချင်းဟယ်က ပြုံးဖြီးဖြီးလုပ်လိုက်ပြီး ပြောလိုက်၏။ "ကိုယ့်ဖာသာကိုယ် စဥ်းစားပေါ့၊ ငါတို့က နင့်အတွက် ဘယ်လိုလုပ် ဆုံးဖြတ်ချက်ချပေးလို့ ဖြစ်မှာလဲ။"
သူမက ဝမ်ယွမ်အား အတော်လေး အကောင်းမြင်နေပြီဖြစ်သည်။ သူ့ပုံစံက ဇနီးမယားကို မချစ်မည့် ပုံစံမျိုးမဟုတ်ပါ။ ထို့ကြောင့် ဒီနှစ် နှစ်သစ်ကူး ညစာကို သူမတို့အိမ်တွင် လာစားကတည်းက သူမတွင် ထိုသဘောထား ရှိနေပြီဖြစ်ပြီး ဆန္ဒရှိပါက အာ့နီမှာ အဘိုးဝမ်နှင့် ဝမ်ယွမ်၏ မိဘများထံသို့ ညစာသွားစားနိုင်ပါသည်။
"ဒီနှစ် နှစ်သစ်ကူး ညစာအတွက် သူ့အိမ်သူတောင် မပြန်ဘူး။ သူ့မိသားစုကလည်း သူချစ်သူရနေပြီး သူ့ကောင်မလေးအိမ်မှာ သွားစားမှန်း သိနေလောက်ပြီ။ နင် မသွားရင် မကောင်းဘူးနော်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်၏။
"မကောင်းတာတော့ မဟုတ်ပါဘူး။ နင့်ရင်ထဲ ရှိတဲ့အတိုင်းလုပ်ပါ။ နင် သွားချင်ရင်သွား မသွားချင်ရင်လည်း မသွားချင်တဲ့အကြောင်း ဝမ်ယွမ်ကို ပြောပြလိုက်ပေါ့။" ဟု လင်းချင်းဟယ်က အကြံပေးသည်။
ကျိုးအာ့နီက ခဏတာ တွန့်ဆုတ်သွားပြီးနောက် နှုတ်ခမ်းကိုက်ကာ ပြောလိုက်သည်။ "ဒါ...ဒါဆိုလည်း သမီးသူနဲ့ လိုက်သွားမယ်နော်။"
ကျိုးရှောင်မိန်က ပြုံးကာ ပြောလိုက်သည်။ "မိဘတွေကို တွေ့တာပဲ၊ အရမ်းကြီး စိတ်လှုပ်ရှားမနေပါနဲ့။"
"စိတ်အေးအေးထားပြီးသာ ပြောဆိုဆက်ဆံခဲ့၊ ပြီးတော့ ဝမ်ယွမ်က သူ့မိသားစုကို ကြိုပြောထားလိမ့်မယ်။ သူ့မိသားစုရဲ့ သဘောထားကိုပဲ နင် သေချာအာရုံစိုက်ဖို့ လိုတယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
လင်းချင်းဟယ်က ဝမ်ယွမ်၏ အိမ်ကို မရောက်ဖူးသဖြင့် သူ့အိမ်၏ အခြေအနေကိုလည်း မသိဘဲ ပြောရမှာ ခက်ပါသည်။
ထို့ကြောင့် နှစ်သစ်၏ ပထမဆုံးနေ့တွင် ကျိုးအာ့နီက ဝမ်ယွမ်နှင့်အတူ အိမ်သို့ လိုက်သွားခဲ့သည်။
နှစ်သစ်ကူး၏ ၃၁ရက်နေ့ မနက်တွင် ကျိုးကွေ့လိုင်က မိသားစုဓာတ်ပုံများ ရိုက်ခဲ့သည်။ ထို့ကြောင့် ဒီနှစ်တော့ အရင်နှစ်ကလို ဧည့်သည်များကို ဧည့်ခံဖို့ အိမ်မှာ နေစရာမလိုတော့ပါ။
ဟိုဘက်အိမ်က ဒေါ်လေးမာ၏ မိသားစုများ အားလုံး လာလည်ကြသည်။ မာချန်းမင်၏ မိန်းမ ဟွမ်ရှောင်းလျို့တော့ မပါချေ။
တစ်ဖက်နှင့်တစ်ဖက် နှစ်ပေါင်းများစွာ အိမ်နီးချင်းများအဖြစ် ရှိနေခဲ့ကြသောကြောင့် လင်းချင်းဟယ်က မာချန်းမင်၏ မိန်းမစရိုက်ကို အနည်းငယ် နားလည်ထားပါသည်။ သူမက အပေါင်းအသင်း သိပ်မဝင်ဆံ့ဘဲ အိမ်တွင်သာ အိမ်မှုကိစ္စ အလုပ်လုပ်နေတတ်သည်။
ပြဿနာတော့ မရှိပါ။ ယခု ဒေါ်လေးမာ၊ မာချန်းမင်၊ ဦးလေးမာတို့အားလုံး ဝင်ငွေရှိနေပြီဖြစ်သည်။
အိမ်တွင် မြေးဖြစ်သူ မာရှောင်းတန်သာ ရှိသည်။ သားအကြီးဆုံး၏ မိသားစုကတော့ နယ်စပ်တွင်သာ ရှိသေးပြီး ပြန်မလာကြသေးပါ။
အနာဂတ်တွင် သူတို့ပြန်လာနိုင်လောက်ပါသည်။ သို့သော်လည်း မကြာခင် ပြန်လာနိုင်ဖို့ကတော့ မဖြစ်နိုင်သေးပါ။
နှစ်သစ်ကူးနေ့ဖြစ်သဖြင့် ဟိုဘက်အိမ်က ကျန်းမေ့လျန်က သူ့သားကျိုးခိုင်အကြောင်း မေးသည့်ကိစ္စကို ဒေါ်လေးမာတစ်ယောက် လင်းချင်းဟယ်ကို ပြောမပြခဲ့ပါ။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန် ဖြစ်သည်။
ကျန်းမိသားစုဟောင်းမှ မိန်းကလေးနှစ်ယောက် ဖြစ်ကြသော ကျန်းမေ့ဟယ်နှင့် ကျန်းမေ့လျန်တို့မှာ ဒီနယ်ပယ်အတွင်း အလွန်နာမည်ဆိုးကြသည်။
ကျန်းမေ့ဟယ်က ဒီနယ်မြေအတွင်း မိန်းမများအမုန်းဆုံး လူတစ်ယောက်ဖြစ်လာသည်။ သူမ၏ အိမ်တံခါးကို ဖွင့်ပြီး စီးပွားရေးလုပ်ခြင်းကြောင့် တချို့ယောက်ျားများက မနေနိုင်ဘဲ မြည်းစမ်းကြသည်။ ပိုက်ဆံများကို ပျော်ပါးဖို့အတွက် အိမ်မှ နှိုက်ယူကြသည်။ မိသားစုမှ မိန်းမဖြစ်သူများက သိသောအခါ ရုတ်ရုတ်သဲသဲဖြစ်သည့် ကိစ္စများ ပြီးနိုင်ပါဦးမလား။
ကျန်းမေ့လျန်ကတော့ ရည်းစားများစွာ ပြောင်းတတ်သည်ဟု ဆိုကြသည်။
သူတို့နှစ်ယောက်ကို တစ်စုံတစ်ယောက်က မြင်ခဲ့၏။ အပြင်ဘက်တွင် ငှားရမ်းထားသော အခန်းတစ်ခန်းထဲတွင် တစ်ညလုံး အတူတူ နေကြသည်ဟု ဆိုသည်။ အခြားသူများလည်း သူမကို ကိုယ်ဝန်ဖျက်ချဖို့ အတွက် ဆေးရုံတွင် တွေ့ကြသည်ဟုပြောကြ၏။
အတိုချုံး ပြောရလျှင််တော့ ကောလဟာလများစွာ ရှိပါသည်။
သို့သော် ဘယ်လိုပဲဖြစ်ဖြစ် သူတို့ညီအစ်မနှစ်ယောက်က ပန်းသီးပုပ်များ ဖြစ်ကြသည်။ ကျန်းမိသားစုဟောင်း၏ ဂုဏ်သတင်းကလည်း မမွှေးပျံ့လှပါ။