သူစိမ်းဆန်စွာ
Vol. 30 Ch. 411
အခန်း(၄၁၁) - သူစိမ်းဆန်စွာ
နှစ်သစ်ကူးကို စစ်တက္ကသိုလ်တွင်သာ ကျင်းပနေရသော ကျိုးခိုင်မှာ သူ့အခန်းကဏ္ဍက အိမ်မှာ ဘယ်လောက်တောင် အရေးပါမှန်း မသိသေးဘဲ အခုလောလောဆယ်မှာတော့ အိမ်ကို လွမ်းနေလေပြီ။
သူငယ်စဥ်ကတည်းက နှစ်သစ်ကူးကို အိမ်တွင် မကုန်ဆုံးရဘဲ အပြင်ဘက်တွင် ကုန်ဆုံးရသည်မှာ ဒါက ပထမဆုံးအကြိမ်ဖြစ်သည်။ တကယ်ပဲ အနည်းငယ် အေးစက်ပါသည်။
"ဘာဖြစ်လို့လဲ။ အိမ်ကို လွမ်းနေတာလား။" သူ့အဆောင်ဖော်တစ်ယောက်က ရယ်မောကာ ပြောလိုက်သည်။
"အိမ်မှာ နှစ်သစ်ကူး မလုပ်ရတာ ဒါပထမဆုံးပဲကွ။" ကျိုးခိုင်က ပြန်ပြောလိုက်သည်။
"လာပါကွာ၊ ကျောင်းအုပ်ကြီးအိမ် သွားရအောင်။" ဟု သူ့အဆောင်ဖော်က အကြံပေး၏။
"မသွားတော့ပါဘူး။ မင်းဖာသာမင်းသွားလိုက်ပါကွာ။" ကျိုးခိုင်သည် အစကတော့ သွားချင်ခဲ့သော်လည်း မသိနိုင်သော အကြောင်းပြချက်တချို့ကြောင့် သူခေါင်းခါလိုက်သည်။
"ဘာလို့ မသွားချင်တာတုန်း။ ကျောင်းအုပ်ကြီးက မင်းကိုခေါ်လာဖို့ ပြောထားတယ်။” ဟု သူ့အဆောင်ဖော်က မေးလိုက်သည်။
"ငါနေမကောင်းဘူးလို့သာ ပြောလိုက်ကွာ။" ကျိုးခိုင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။ ထို့နောက် အခန်းထဲ ပြန်ဝင်သွား၏။
တကယ်တော့ သူ စွပ်ပြုတ် ပူပူလေး သွားသောက်ချင်ပါသည်။ သို့သော် ကျောင်းအုပ်ကြီးမိန်းမက အနည်းငယ် သဘောကောင်းလွန်းနေသည်။ ထိုနေရာသို့ သူ ခဏခဏ မသွားချင်ပါ။
"ကျောင်းအုပ်ကြီးက သူ့သမီးနဲ့ မင်းကို မိတ်ဆက်ပေးမှာကို ကြောက်နေတာလား။" သူ့အဆောင်ဖော်က ရယ်မောလိုက်၏။
"သွားစမ်းပါကွာ။" ကျိုးခိုင်က ကန်ထုတ်လိုက်၏။
"ပြောရရင် သူက လှပါတယ်ကွာ။ နည်းနည်းတော့ ထိန်းမနိုင်ပေမယ့် အဆိုးကြီး မဟုတ်ပါဘူး။ အဲ့မျက်နှာက ဘာဖြစ်တာတုန်း၊ ပြီးတော့ သူက ၁၉ နှစ်ရှိနေပြီ မငယ်တော့ဘူး။" သူ့အဆောင်ဖော်က ဆက်ပြောလိုက်သည်။
ကျိုးခိုင်က သူ့ကို အဖက်လုပ်ပြီး ပြန်ဖြေမနေတော့ပါ။
သားအကြီးဆုံး၏ အခြေအနေကို မသိသော လင်းချင်းဟယ်ကတော့ နှစ်သစ်ကူးတွင် စိတ်ရွှင်နေဆဲဖြစ်သည်။
နှစ်သစ်တွင် အခြေအနေအသစ်များဖြင့် အားလုံး အဆင်ပြေနေခဲ့ကြသည်။
သို့သော်လည်း ကံကောင်းသောနေ့များ အလွန်များပြားစွာ ပိုင်ဆိုင်ရပြီးသည့်နောက်တွင် သူမတို့၏ တူမ ရှုရှန့်မိန်လိုမျိုး ပြဿနာရှာဖို့ ရောက်လာတတ်သော လူကတော့ အမြဲတမ်း ရှိနေတတ်သည် မဟုတ်ပါလား။
လင်းချင်းဟယ်က သူမကို တကယ် မတွေ့ချင်တော့ပါ။ သူမ၏ မင်္ဂလာပွဲကိုပင် မတက်ရောက်ခဲ့ပါ။ သူမ၏ သဘောထားက သိသာနေပြီ မဟုတ်ပါလား။
သို့သော်လည်း ရှုရှန့်မိန်က ရောက်ချလာသည်။ သူ့ကို အခြားသူများက သဘောမကျတာတောင် ရောက်လာသေးသည်။
သူမတွင် ထိုကဲ့သို့ စရိုက်မျိုး ရှိကြောင်း လင်းချင်းဟယ်သည် အစက သတိမထားမိခဲ့ပါဘူး။ သူမ၏ စိတ်အခြေအနေက ပုံမှန်မဟုတ်ပါ။ လူကြီးသူမများစွာ၏ နောက်ကွယ်တွင် ထိုကဲ့သို့ အရာမျိုး ပြုလုပ်ခဲ့သည်က အံ့သြစရာ မရှိတော့ပါ။ သူမက ဘယ်လိုလုပ်ပြီး သာမန်လူ ဖြစ်နိုင်ပါဦးမည်နည်း။
"ဦးလေးနဲ့ ဒေါ်လေးတို့ ကျောက်ကျွင့်က ဒါတွေ အိမ်ကနေ ယူလာပေးတာ။ နှစ်ပုလင်းစလုံးက ဝိုင်ကောင်းကောင်းတွေပါ။" ရှုရှန့်မိန်က ပြုံးကာ နှုတ်ဆက်လိုက်သည်။
"ဒီလောက်အေးစက်နေပြီး နှင်းထူတဲ့ ရာသီဥတုမျိုးမှာ နင်အိမ်မှာ နေသင့်တယ်နော်။ ပြီးတော့ နင့်မှာလည်း ကိုယ်ဝန်ကြီးနဲ့လေ။" လင်းချင်းဟယ်က သူတို့နှစ်ယောက်ကို ကြည့်လိုက်ပြီး နောက်ဆုံးတော့ ရှုရှန့်မိန်တစ်ယောက်တည်းကိုသာ ကြည့်လိုက်သည်။ နှစ်သစ်ဖြစ်သဖြင့် ပြဿနာ မရှာချင်သောကြောင့် ပြောလိုက်သည်။
"ဒီမနက် သမီးအိပ်ယာထတော့ နည်းနည်း အနေအထိုင်ခက်နေသလိုမျိုးတော့ ခံစားရတယ်၊ ဒါပေမယ့်လည်း ဒါက သမီးတို့ လုပ်ပေးရမယ့် ဝတ္တရားပဲလေ၊ ဘာမှမဟုတ်ပါဘူး။" ရှုရှန်မိန်က ပြုံးကာ ပြောလိုက်သည်။ "ပြီးခဲ့တဲ့ ၂ ရက်တုန်းက ဒီကို လာမလို့ပဲ၊ ဒါပေမယ့် အိမ်မှာ ဧည့်သည်တွေ အရမ်းများနေလို့၊ သမီးယောက္ခမက အမျိုးတွေနဲ့ မိတ်ဆက်ပေးချင်တယ်ဆိုလို့ ဒီကို လာဖို့ အချိန်မရခဲ့တာပါ။"
"ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့။" လင်းချင်းဟယ်က သူတို့နှစ်ဦးကို ဆိုဖာပေါ် ထိုင်ခိုင်းလိုက်ပြီး ပြောလိုက်သည်။ သူမက မေးလိုက်၏။ "ရှန့်မိန်က လက်ဖက်ရည်သောက်လို့ မရဘူး နင့်အစ်မရှန့်မိန်အတွက် ပျားရည်တစ်ခွက်လောက် သွားဖျော်လိုက်။ နင်ကော ဘယ်လို လက်ဖက်ရည်မျိုး သောက်မလဲ၊ ကျောက်ကျွင့်။"
"ရေနွေးကြမ်းပဲပေးပါ" သူမ၏ သဘောကောင်းသော အပြုအမူကို တွေ့ပြီး ကျောက်ကျွင့်က အနည်းငယ် စိတ်ကျေနပ်ကာ ပြန်ဖြေလိုက်သည်။
ထို့နောက် စီးကရက် တစ်လိပ်ထုတ်လိုက်ပြီး ကျိုးချင်းပိုင်ကို ပေးလိုက်၏။ ကျိုးချင်းပိုင်က ပြောလိုက်သည်။ "ငါ ဆေးလိပ် မသောက်တတ်ဘူး။"
"အရင်တစ်ခေါက်က ကျွန်မဦးလေးက မသောက်တတ်ဘူးလို့ ပြောထားတယ်လေ။" ဟု ရှုရှန့်မိန်က ရယ်မောကာ ပြောလိုက်သည်။
"ငါမေ့သွားတာပါ" ကျောက်ကျွင့်က ပြောလိုက်၏။ သူ့ဖာသာသူ သောက်ဖို့အတွက် စီးကရက်မီးညှိဖို့ ပြင်လိုက်သည်။
လင်းချင်းဟယ်က ပြောလိုက်၏။ "အထဲမှာ ဆေးလိပ်သောက်လို့ မရဘူးနော်" ထို့နောက် ရှုရှန့်မိန်ဘက်သို့လှည့်ပြီး "ပြီးတော့ ရှန့်မိန်ကလည်း ကိုယ်ဝန်ကြီးနဲ့ သူမီးခိုးငွေ့တွေ ရှူမိရင် ကလေးအတွက် မကောင်းဘူး။ ဗိုက်နဲ့ဆိုတော့ သာမန်နေ့တွေထက် ပိုပြီး ဂရုစိုက်သင့်တယ်။"
ကျောက်ကျွင့် စိတ်တိုသွား၏။ သူ့မိဘများကပင် သူ့ကို ဒီလိုမျိုး တရားလာမဟောတတ်ပါ။ သို့သော်လည်း သူဘာမှမပြောဘဲ စီးကရက်နှင့် မီးခြစ်တို့ကို ပြန်သိမ်းထားလိုက်သည်။
"ဦးလေးရဲ့ ဖက်ထုပ်ဆိုင်ကော ရောင်းကောင်းရဲ့လား။" ဟု ကျောက်ကျွင့်က မေးလိုက်သည်။
"ဒီလိုပါပဲ။" ကျိုးချင်းပိုင်က ခပ်တိုတိုပဲ ဖြေလိုက်သည်။
လင်းချင်းဟယ်ကလည်း ဘာမှမပြောပါ။ ကျိုးချင်းပိုင်က လက်ဖက်ရည် ဖျော်ပြီးသွားသောအခါ သူမပြောလိုက်သည်။ "လက်ဖက်ရည် သောက်ပါဦး။"
အစကတည်းက သူတို့ ကျောက်ကျွင့်ကို သဘောမကျပါ။ သူတို့ ဒီရောက်လာတော့ ဧည့်ခံပေးရပါမည်။ သို့သော် တရင်းတနှီးနေဖို့တော့ မဖြစ်နိုင်ပါ။ မဟုတ်လျှင် တခြားသူများက သူတို့ ကျောက်ကျွင့်ကို ဖားယားနေသည်ဟု ထင်သွားလိမ့်မည်။
"လက်ဖက်ရည်က ကောင်းသားပဲ။" ကျောက်ကျွင့်က လက်ဖက်ရည်ကို သောက်လိုက်ပြီး ပြောလိုက်သည်။
"ဒီလက်ဖက်ရည်ကို တောင်ပိုင်းက ဝယ်လာတာလေ။ အကောင်းဆုံး ရေနွေးကြမ်းပဲ။ နင်ကြိုက်ရင် နောက်ကျမှ နှစ်ထုပ်လောက် ပေးမယ်။ အခု အိမ်မှာတော့ သိပ်မကျန်တော့ဘူး။" လင်းချင်းဟယ်က ပြန်ပြောလိုက်သည်။
ကျောက်ကျွင့်က ပြုံးကာ ပြောလိုက်၏။ "မဟုတ်တာဗျာ။"
"အားနာနေစရာ မလိုပါဘူး။" လင်းချင်းဟယ်က ပြောလိုက်သည်။ ရှုရှန့်မိန်ဘက်သို့လှည့်ပြီး စကားအနည်းငယ် ပြောလိုက်၏။ ရှုရှန့်မိန်ကလည်း ရည်မွန်သောမျက်နှာမျိုးဖြင့် တစ်ခွန်းချင်း သေချာ ပြန်ဖြေလိုက်သည်။
ခဏလောက် ထိုင်ပြီးသွားကြသောအခါ အားလုံး တီဗီကြည့်လိုက်ကြသည်။ ဘာစကားမှ ပြောစရာမရှိတော့ပါ။
သွားဖို့အချိန်ကျပြီဖြစ်ကြောင်း သတိထားမိသဖြင့် ရှုရှန့်မိန်က ပြောလိုက်သည်။ "အဘိုးနဲ့ အဘွားတို့ကိုတောင် သွားမတွေ့ရသေးဘူးပဲ။ ဦးလေးနဲ့ ဒေါ်လေး၊ သမီးတို့ အဲ့ဒီကို သွားလိုက်ပါဦးမယ်။"
"သွားသွား... လှေကားလည်း သတိထားပြီး ဆင်းဦး။ ပြီးတော့ နှင်းက ကျနေတုန်း အိမ်ပြင် သိပ်မထွက်နဲ့။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။
သူတို့အား တံခါးအပြင်သို့ လိုက်ပို့ပြီးနောက်တွင် အိမ်ပြန်ရောက်လာသော ကျန်းမေ့လျန်နှင့် သူမ သွားဆုံသည်။
"အန်တီ" ကျန်းမေ့လျန်က လင်းချင်းဟယ်ကို နှုတ်ဆက်ပြီး ကျောက်ကျွင့်နှင့် ရှုရှန့်မိန်တို့ကို ကြည့်လိုက်သည်။ အိမ်မပြန်ခင် သူမမျက်လုံးများက ကျောက်ကျွင့်ကို အချိန်ဆွဲကာ စိုက်ကြည့်နေသေးသည်။
ကျောက်ကျွင့်က ရှုရှန့်မိန်နှင့် အောက်သို့ ဆင်းလာရင်း ဆက်တိုက် ပြစ်တင်ဝေဖန်နေခဲ့သည်။
"မင်းဦးလေးနဲ့ ဒေါ်လေးရဲ့ အပြုအမူက ဘာလဲကွ။ ငါတို့ ဒီလောက်အဝေးကြီး လာလည်တာတောင် ဒီလိုမျိုး ဆက်ဆံတယ်လား။" ကျောက်ကျွင့်က ဒေါသတကြီး ပြောလိုက်သည်။
သူက ဒေါသမထွက်ချင်သော်လည်း လွန်လွန်းသည်ဟု ထင်မိသည်။ သူ့ကို နေ့လည်စာ စားဖို့ပင် မနေခိုင်းပါ။
"ကျွန်မ အဘိုးတို့အိမ်ကို အရင်သွားပါဦး။" ရှုရှန့်မိန်လည်း ဒေါသထွက်နေပါသည်။ နှစ်သစ်ကူးတွင် သူတို့ကို နေ့လည်စာကျွေးဖို့ပင် မခေါ်လိမ့်မည်ဟု ထင်မထားခဲ့ပါ။ ဘာကြောင့် သူမကို မျက်နှာသာ မပေးရသနည်း။
ကျောက်မိသားစုကလည်း အလွန်ချမ်းသာပါသည်။ ယခု သူမက ကျောက်မိသားစုဝင် ဖြစ်သွားပြီ ဆိုသောကြောင့် ကျိုးမိသားစုလိုမျိုး ဆွေမျိုး ရှိရှိ မရှိရှိ အတူတူပဲဖြစ်သည်။ ယခင်က ဆက်နွယ်မှုကိုသာ ထည့်တွက်ပေးပြီး သူတို့ထံ လာလည်ခဲ့ခြင်းဖြစ်သည်။
"ငါပြောထားမယ်နော်။ ဒီကို လာတာ ဒါနောက်ဆုံးတစ်ခါပဲ။ နောက်ထပ် ငါ့ကို ထပ်ခေါ်မလာနဲ့တော့။ ရှက်ဖို့ကောင်းတယ်။” ကျောက်ကျွင့်က မျက်နှာပျက်ရသည်ဟု ခံစားမိသည်။
သူ့သူငယ်ချင်းများက ညစာစားဖို့ သူ့ကို ဖိတ်ခဲ့သော်လည်း သူလက်မခံခဲ့ပါ။ ယခု သူက ထိုကဲ့သို့ အဆင့်မြင့်မြင့်နေရာမှ ဆင်းလာပြီး ဒီကိုလာခဲ့သော်လည်း သူစိမ်းဆန်စွာ ဆက်ဆံခံခဲ့ရသည်။ ထိုအကြောင်း စဥ်းစားကြည့်ပါက သူဒေါသထွက်မိပါသည်။
လင်မယားနှစ်ယောက် အခဲမကြေဖြစ်စွာဖြင့် အဖေကျိုးနှင့် အမေကျိုးတို့အိမ်သို့ ရောက်လာခဲ့ကြသည်။
ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ကတော့ အရေးပင်မလုပ်ကြပါ။
ကျိုးချင်းပိုင်က သဘောကောင်းသောလူမျိုး ဖြစ်သည်။ ဘယ်သူ့ကိုမှ ဆိုးဆိုးဝါးဝါး မဆက်ဆံတတ်ပါ။ သို့သော် ဒီတူသားမက်ကိုတော့ တကယ် သဘောမကျလှပါ။ ထို့ကြောင့် သူ သွေးအေးအေး ဆက်ဆံခဲ့ခြင်း ဖြစ်သည်။
လင်းချင်းဟယ်အတွက်တော့ ဝမ်ယွမ်နှင့် ယှဥ်လျှင် ကျောက်ကျွင့်က ဖုန်မှုန့်သာသာပဲဖြစ်သည်။
သူက စိတ်ကြီးဝင်ပြီး ရိုင်းစိုင်းသည့်အပြင် ကောင်းမွန်သည့် အရည်အချင်း ဘာမှလည်း မရှိပါ။ ထိုကဲ့သို့ စရိုက်မျိုးကို တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် ပန်းသီးပုပ်မှန်း သိနိုင်သည်။
သူမ၏ တူမ ရှုရှန့်မိန်အတွက်တော့ အတတ်နိုင်ဆုံး အကောင်းဆုံး လုပ်ခဲ့ပေးပြီးပြီ ဖြစ်သည်။ ကျန်တာကတော့ သူမ၏ ကံတရားအပေါ်သာ သူမ အားကိုးနိုင်တော့မည်။ သူမနှင့် ပတ်သက်စရာအကြောင်း ဘာမှမရှိတော့ပါ။
ဒီလို ဂုဏ်မဲ့သည့် ကိစ္စမျိုး တစ်ခါဖြစ်ဖူးရုံနဲ့ပင် လုံလောက်ပါပြီ။ ဒုတိယအခါမျိုးဆိုတာ မရှိသင့်တော့ပါ။
သို့သော်လည်း ဒီလိုမျိုး ဆုံတွေ့လိုက်တော့ သူတို့နှစ်ယောက်က သူမနှင့် သူမ၏ မိသားစု ချင်းပိုင်တို့၏ သဘောထားကို နားလည်ပြီး ထပ်လာဦးမည် မဟုတ်တော့ပါ။ အားလုံး အတူတူ ထိုင်နေကြပြီး ဘာစကားမှ မပြောသည်က တကယ်နေရခက်လှပါသည်။ ဘာပဲဖြစ်ဖြစ် သူတို့ကို သူမ တကယ် မတွေ့ချင်တော့ပါ။