အံ့အားသင့်သွားသော ဟူကျစ်
Vol. 30 Ch. 414
အခန်း(၄၁၄) - အံ့အားသင့်သွားသော ဟူကျစ်
အဘွားဟူက အားတက်သရောဖြင့် အဘွားကျူးထံသို့ လာခဲ့သည်။
သို့သော်လည်း အဘွားကျူးက သူမ၏စိတ်အခြေအနေကိုတန်းပြီး ဖိနှိပ်ပြစ်လိုက်၏။ "ဘာ နင်က ငါ့မိသားစုက ကျန်းကျန်းနဲ့ အဲ့ဒီရွာသားလေး ဟူကျစ်ကို အောင်သွယ်ပေးချင်တယ် ဟုတ်လား။ ဘယ်လိုတွေ လာအောင်သွယ်နေတာလဲ။ နင့်အမြင်မှာ ငါ့မိသားစုက ကျန်းကျန်းက လက်မထပ်နိုင်ဘူးများထင်နေလား။"
အဘွားဟူက ပြောပြရုံပင်ရှိသေးသည်။ အဘွားကျူးက သွေးအေးစွာ ပြောလိုက်၏။ ထို့ကြောင့် အနည်းငယ် မကျေမနပ် ဖြစ်လာ၏။
သူမက သဘောကောင်းစွာဖြင့် ဒီနေရာသို့ လာခဲ့သော်လည်း ထင်မထားစွာပင် အဘွားကျူးက သူမကို မျက်နှာသာမပေးပါ။ ထို့ကြောင့် ပြောလိုက်သည်။ "နင်တို့သဘောမကျလည်း ထားလိုက်ပေါ့။"
"ငါတို့မိသားစုက ကျန်းကျန်းက ကျေးရွာအိမ်ထောင်စုစာရင်းနဲ့ လူကို ဘယ်တော့မှ လက်မထပ်ဘူးနော်။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။" အဘွားကျူးက ဒေါသကြီးသွားသည်။ ထို့နောက် ဆက်ပြောလိုက်၏။ "ကျိုးမိသားစုဟောင်းက နင့်ကိုလာပြောခိုင်းလိုက်တာလား။"
အဘွားဟူက ငြင်းလိုက်သည်။
သို့သော်လည်း အဘွားကျူးစိတ်ထဲတွင် ကျိုးမိသားစုဟောင်းက သူတို့ကိုယ်စား အဘွားဟူကို ပြောခိုင်းလိုက်သည်ဟု ထင်သွားသည်။ "သူတို့က တကယ်ကြီး ဒီလိုတွေးကြတာလား။ ကျိုးခိုင်ဆိုရင်တောင် ဖြစ်နိုင်ဦးမယ်။"
အဘွားဟူက အိမ်ပြန်သွားသည်။ အဘွားကျူးကို လေကုန်ခံပြီး ဘာမှဆက်မပြောတော့ပါ။
သူမမျက်နှာ အကျည်းတန်သွားသည်ကို မြင်ပြီးနောက် အိမ်ပြန်လာခဲ့ပြီး အဘိုးဟူက မနေနိုင်စွာ ပြောလိုက်သည်။ "အခု မိသားစု နှစ်ခုက ဆွေမျိုးတွေ ဖြစ်သွားကြပြီဆိုတော့ အဲ့မျက်နှာမျိုး ဆက်လုပ်မနေနဲ့။"
အဘွားဟူက ပြောလိုက်၏။ "ကျိုးမိသားစု မဟုတ်ပါဘူး။ ဟိုဘက်က ကျူးမိသားစုပါ။ သူတို့က တကယ်မျက်နှာသာပေးဖို့ မတန်ဘူး။"
အမှန်တိုင်းပြောရလျှင် အဘွားဟူက ဟူကျစ်ကို တကယ်အကောင်းမြင်ပါသည်။
ထိုလူကောင်ထွားထွား လူငယ်လေးက သက်လုံကောင်းပြီး ဖြောင့်မတ်မှုများဖြင့် ပြည့်ဝနေသောကြောင့်ဖြစ်သည်။ ကျေးရွာအိမ်ထောင်စုစာရင်း ရှိသော်လည်း ဆိုးရွားသော အရာတော့ မဟုတ်ပါ။
သူမတွင် မြေးမတစ်ယောက် မရှိသောကြောင့် သူမအတွက် မြေးမလို ဖြစ်နေသောလူနှင့် အောင်သွယ်ပေးခဲ့ခြင်း ဖြစ်သည်။
ထိုအဘွားကျူးက အမြင်ကျဥ်းလှသည်။ သူမ စဥ်းစားမကြည့်တတ်ဘူးလား။ ဟူကျစ်ကို မြို့တော်သို့ ခေါ်လာပြီး စောင့်ရှောက်ထားသည့် ဦးလေးနှင့်အဒေါ်တို့ဖြင့်ဆိုလျှင် အနာဂတ်တွင် သေချာပေါက် ထောက်ပံ့ကြလိမ့်မည်။
အိမ်ထောင်စုစာရင်းတစ်ခုသာဖြစ်ပြီး ဘာမှ အကန့်အသတ်လည်းမရှိပါ။ ဒီမြို့တွင် အိမ်ထောင်စုစာရင်း မရှိပါကလည်း ဒီနေရာတွင် အိမ်ငှားနေနိုင်ပါသည်။ ဘာပြဿနာရှိမည်နည်း။
သို့သော် ဟူကျစ်ဟု ကြားသောအခါ သူမက သဘောမကျ ဖြစ်သွားခဲ့သည်။ သူ့ကျေးရွာ အိမ်ထောင်စု စာရင်းကြောင့်တဲ့။ ထို့အပြင် ထိုအကြံကို လုံးဝ လက်မခံသည်တော့ မဟုတ်ပါ။ ကျူးကျန်းကျန်း၏ လက်ရှိပုံစံမျိုးဖြင့် ကျိုးခိုင်ကိုသာ လက်ထပ်နိုင်လျှင် ထူးဆန်းနေလိမ့်မည်။
"မြင်းတစ်ကောင်က မျက်နှာရှည်နေလည်း ဘာမှမမှုဘူးပဲ။” အဘွားဟူက ငေါ့ကာ ပြောလိုက်သည်။
ဒီတစ်ခေါက်တော့ အဘိုးဟူက သူ့ဇနီးဘက်တွင်နေကာ ခေါင်းငြိမ့်ပြောလိုက်သည်။ "ဒီလူငယ်လေးက တကယ်ပဲ လူကောင်းလေးပါ။"
"ဟုတ်တယ်မလား။" အဘွားဟူက ပြောလိုက်၏။ "ကျူးကျန်းကျန်းမိသားစုထဲမှာ ညီအစ်မတွေအများကြီးနဲ့ မောင်လေးကလည်း တစ်ယောက်ပဲရှိတယ် မိန်းကလေးတွေကလည်း ဘာမှမတန်ဘူး။ ကျူးမိသားစုက မိန်းကလေးထက် ယောက်ျားလေးတွေကို ပိုအလေးထားနေတယ်။ အခုတော့မိသားစု ဦးရေစီမံမှုတွေရှိလာပြီ။ အနာဂတ်ကျရင် သူတို့လည်း မိန်းကလေးရလာမှာပေါ့။ သူတို့ကတောင် မကြိုက်ဘူးမပြောရသေးဘူး သူကမကြိုက်ဘူးလုပ်နေတယ်"
"ပြောမနေပါနဲ့တော့" အဘိုးဟူက လက်ရမ်းပြလိုက်သည်။ "ပြီးတော့ ဒီကိစ္စကို စိတ်ပူမနေနဲ့။ မင်းလုပ်တာနဲ့ ငါ အဘိုးကြီးကျိုးနဲ့ စစ်တုရင် သွားကစားရမှာတောင် ရှက်လာပြီ။"
"ရှင်ဘာတွေလုပ်နေတာလဲ။ ကျောက်လေးနဲ့ ရှန့်မိန်တို့က အခုအဆင်ပြေနေပြီပဲ မဟုတ်ဘူးလား။" ဟု အဘွားဟူက ပြန်ပြောလိုက်သည်။
အမေကျိုးထံမှ အာရုံရနေသော အပြစ်တင်မှုအားလုံးကြောင့် သူမ အနည်းငယ် စိတ်တိုမိသည်။
အစကတော့ သူမ ဒီတိုင်း အောင်သွယ်လုပ်ပေးခြင်းသာဖြစ်သည်။ ကျိန်ရဲပါသည်။ ဘာမဟုတ်သည့် အတွေးမှ သူမတွင် မရှိခဲ့ပါ။ ဒီလိုကိစ္စမျိုး ဖြစ်လိမ့်မည်ဟု ဘယ်သူကကော ထင်မည်နည်း။
သူမ၏ တူမြေးက တကယ်ပဲ မှားယွင်းသည်ဟု ဆိုသော်လည်း ဒီလိုကိစ္စမျိုးက လက်ခုပ် နှစ်ဖက်တီးမှ မြည်တတ်သော ကိစ္စဖြစ်သည်။ ရှန့်မိန်သာ သဘောမတူလျှင် သူ့တူမြေးက သူမကို အတင်းအဓမ္မ လုပ်မည်လား။ အစမှအဆုံးအထိ သူမ မကျေနပ်သည့် ပုံစံကိုလည်း မတွေ့မိပါ။
အဘွားကျိုးက ဘာကြောင့် သူမကို အပြစ်တင်ရသနည်း။ ရှန့်မိန်က သူမတို့ကျိုးမိသားစုဟောင်းတွင် လက်ထပ်ပြီးသွားပြီ ဖြစ်သည်။ ဘယ်လောက်အဆင်ပြေလိုက်သလဲ။
"သူတို့က အဆင့်မြင့်မြင့် တက်ဖို့ အစီအစဥ် မရှိကြဘူး။" အဘိုးဟူက လက်ခါလိုက်သည်။
"ကျိုးမိသားစုဟောင်းက မြင့်မြတ်ပြီး ဂုဏ်သရေရှိချင်ယောင် ဆောင်နေကြတာပါ။" အဘွားဟူက နှုတ်ခမ်းစူကာ ပြောလိုက်သည်။
အဘိုးဟူက ပြောလိုက်၏။ "ဘာလို့ အဆင့်မြင့်မြင့်တက်ချင်ရမှာလဲ။ ကျိုးမိသားစုဟောင်းက အဲ့လိုလုပ်ဖို့ အစီအစဥ်မရှိဘူး။ ငါမြင်သလောက်တော့ သူတို့မိသားစုက သဘောကောင်းပါတယ်။"
"ရှင်ဘာသိလို့လဲ။ ကျွန်မ အကုန်သိပြီးပြီ။ ကျိုးမိသားစုဟောင်းရဲ့ ကျိုးအာ့နီလို့ခေါ်တဲ့ မြေးမမှာ ကောင်လေးတစ်ယောက်ရှိနေပြီ။ မြို့သား တစ်ယောက်ပဲ။ ကြည့်လိုက်ရုံနဲ့ ချမ်းသာမှန်း တန်းသိနိုင်တယ်။” အဘွားဟူက ငေါ့ကာ ပြောလိုက်သည်။
အဘိုးဟူက သူမကို စကားဆက်မပြောချင်တော့ပါ။ သူများရည်းစားတွဲသည့်ကိစ္စက သူမနှင့် ဘာဆိုင်သနည်း။ ပါးစိပါးစပ်များလွန်းလှသည်။
အဘွားဟူနှင့်ဖြစ်ခဲ့သည့် ပြဿနာကြောင့် ကျူးကျန်းကျန်းပြန်ရောက်လာသောအခါ အဘွားကျူးက ပြောပြလိုက်သည်။
"ကျိုးမိသားစုဟောင်းက အဘွားဟူကို အောင်သွယ်လုပ်ခိုင်းပြီး သူတို့မြေးနဲ့ နင့်ကို လက်ထပ်ဖို့ လာပြောခိုင်းတယ်။ သူ့မှာ ကျေးရွာအိမ်ထောင်စုစာရင်းကြီးနဲ့ကို အိပ်မက်သာ မက်နေလိုက်ကြချေ။" ဟု အဘွားကျူးက မုန်းတီးစွာ ပြောလိုက်သည်။
ကျူးကျန်းကျန်းက ခေတ္တ ကြောင်သွားပြီး မျက်နှာမှာ ရှက်သွေးဖြာလာသည်။
သူမပုံစံကို မြင်သောအခါ အဘွားကျူးက မေးလိုက်၏။ "ဘာဖြစ်လို့လဲ။"
"အခုလေးတင် သူနဲ့ တံခါးနားမှာ တွေ့လာတယ်။ သူက သမီးကိုပဲ ကြည့်နေတာ။" ကျူးကျန်းကျန်းက ရှက်ရွံ့နေသော မျက်နှာဖြင့် ပြောလိုက်သည်။
"ငါ အခုလေးတင် ဘာပြောလိုက်လဲ။ အစအနမရှိဘဲ အဘွားဟူကို သူတို့က အောင်သွယ်လုပ်ခိုင်းပြီး လွှတ်လိုက်တယ်ပေါ့။ တကယ်ပါပဲ ဖားပြုပ်က ငန်းသား စားချင်နေတယ်။ နင်က သူ့လိုလူမျိုး မျက်စိကျရမယ့်လူလား။" အဘွားကျူးက ပြောလိုက်သည်။ ထို့နောက် အလျင်အမြန် သတိပေးလိုက်သည်။ "အဲ့ဒီလူဆိုးကောင်တွေက လူတွေကို ဘယ်လို နားဝင်အောင် ပြောရမလဲသိတယ်။ သူပြောတာတွေ နားမဝင်သွားစေနဲ့ ကြားလား။ သူ့မှာ ကျေးရွာအိမ်ထောင်စု စာရင်းကြီးနဲ့ နင် သူ့ကို လက်ထပ်လိုက်ရင် ရွာသူဖြစ်သွားလိမ့်မယ်။”
"သ...သမီးနားလည်ပါတယ်။" ကျူးကျန်းကျန်းက ခေါင်းငြိမ့်လိုက်သည်။ သူမ ကျေးရွာသား တစ်ယောက်ကို လက်မထပ်ချင်ပါ။ ထို့ကြောင့် ထိုဟူကျစ်ဆိုသည့်လူနှင့် ဆုံသောအခါ သူမ ရှင်းရှင်းလင်းလင်း ပြောလိုက်မည်ဖြစ်သည်။
သူမအဘွားနှင့် ခဏလောက် နေလိုက်သည်။ ပန်းကန်များနှင့် အဝတ်အစားများ ဆေးကြော လျှော်ဖွပ်ပေးခဲ့၏။ အဘွားကျူးက စွာကျယ်စွာကျယ် ပြောနေဆဲ ဖြစ်သည်။ "ကျိုးမိသားစုဟောင်းက တကယ့်ကပ်စေးနှဲတွေပဲ။ အဝတ်လျှော်စက်ကြီး ရှိနေတာတောင် မငှားချင်ကြဘူး။ ဒီလောက် ကပ်စေးနှဲတဲ့လူမျိုးတွေ တစ်ခါမှ မတွေ့ဖူးပါဘူး။”
"အဘွား သမီးလျှော်လို့ပြီးသွားပြီ။ သမီး ပြန်နှင့်တော့မယ်နော်။" ကျူးကျန်းကျန်းက ပြောလိုက်သည်။
"အေးအေး" အဘွားကျူးက လက်ရမ်းပြလိုက်သည်။
ကျူးကျန်းကျန်း ထွက်လာသည်နှင့် တံခါးဝတွင် နှင်းများကို လှည်းထုတ်နေသော ဟူကျစ်ကို တွေ့လိုက်ရသည်။ ကျူးကျန်းကျန်း၏ အမြင်တွင်တော့ သူမ ရှိနေမှန်း သိနေသဖြင့် သူကြိုစောင့်နေသည် ထင်နေခဲ့သည်။
ကျူးကျန်းကျန်း၏ မျက်နှာချက်ချင်း နီသွားသည်။ အထူးသဖြင့် ဟူကျစ်က သူမကိုကြည့်လိုက်ကတည်းက ဖြစ်သည်။
"လမ်းဖယ်ပေးပါ။" ထိုကောင်မလေးက ကျူးမိသားစုဟောင်း၏ ဆွေမျိုးတစ်ယောက်ဖြစ်မှန်း ဟူကျစ် မသိပါ။ နှင်းများရှင်းနေသည့်လမ်းတွင် လာပိတ်နေသော ကောင်မလေးကို သူပြောလိုက်သည်။
"ရှင်...ရှင်ကျွန်မအပေါ် ဘယ်လိုခံစားချက်ရှိနေလဲ ကျွန်မသိတယ်။" ကျူးကျန်းကျန်းက ပြောလိုက်၏။
ဟူကျစ်က သူမကို အူကြောင်ကြောင် အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။ ဘာခံစားချက်လဲ။ သူ နားမလည်ပါလား။
"ကျွန်မ စိတ်မကောင်းပါဘူးလို့ပဲ ပြောပါရစေ။ ကျွန်မ ကျေးရွာဘက်ကလူနဲ့ လက်ထပ်လို့မရလို့ပါ။" ကျူးကျန်းကျန်းက မျက်နှာလွှဲရင်း ပြောလိုက်သည်။
သူမ၏ မိသားစု အခြေအနေကလည်း ဆင်းရဲသဖြင့် ပိုဆင်းရဲသော သူတစ်ယောက်ကို ဘယ်လို လက်ထပ်နိုင်မည်နည်း။ ကျိုးခိုင်လို လူမျိုးသာ သူမကို လက်ထပ်ချင်သည်ဆိုလျှင် သူမ လက်ခံမိမည်ဖြစ်သည်။
ဘာပဲဖြစ်ဖြစ် ကျိုးခိုင်၏ မိသားစုအခြေအနေက အလွန်ကောင်းမွန်ပြီး နောက်ပိုင်းတွင် သူမ၏ မိသားစုကို ကူညီနိုင်လောက်သည်။
ဟူကျစ်က ထို့နောက်တွင်တော့ ချက်ချင်းနားလည်သွားသည်။ သို့သော်လည်း အံ့အားသင့်နေဆဲ ဖြစ်သည်။ ဘယ်...ဘယ်လိုအခြေအနေကြီးလဲဟ။
သူ့မျက်နှာထားက ထိခိုက်သွားသော ပုံစံမျိုးဖြစ်နေသဖြင့် ကျူးကျန်းကျန်း သူမကိုယ်သူမ အနည်းငယ် ရက်စက်လွန်းသွားသည်ဟု ခံစားလိုက်ရသည်။ သို့သော်လည်း သူမ ဆက်ပြောလိုက်သည်။ "ရှင်... ကျွန်မအကြောင်း ဆက်မစဥ်းစားပါနဲ့တော့။ ရှင် ကျွန်မအပေါ် ထားတဲ့ ခံစားချက်တွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်မတို့က တကယ်ပဲ မသင့်တော်ပါဘူးရှင်။"
ဟူကျစ်က တစ်ခုခုပြောမလို့ ကြံရုံရှိသေးသည်။ အမေကျိုးက ထွက်လာပြီး အခြေအနေကို မြင်သွား၏။ သူမ ဟူကျစ်ကို အလျင်အမြန်ပြောလိုက်သည်။ "ဟူကျစ် နှင်းတွေ လှည်းပြီးသွားပြီလား။ လှည်းပြီးရင် ဝင်ခဲ့တော့လေ။ ကြက်စွပ်ပြုတ်လည်း ပူနေတုန်းလေး မြန်မြန်သောက်လိုက်ဦး။”
"သြော် ဟုတ်ကဲ့" ဟူကျစ်က စကားလုံးများကို ပြန်ရုတ်သိမ်းလိုက်ပြီး သူ့နောက်က စိတ်ရှုပ်ဖို့ကောင်းသည့် လူကို လျစ်လျူရှုလိုက်ပါသည်။
အမေကျိုးကလည်း ကျူးကျန်းကျန်းကို မသိချင်ယောင် ဆောင်လိုက်သည်။ သူမက မိုက်မဲသော လူတစ်ယောက်ဖြစ်သည်။
သို့သော်လည်း အိမ်ထဲရောက်သောအခါ သူ့မြေးကိုတော့ မေးခဲ့ပါသေးသည်။ "ဘာတွေဖြစ်နေကြတာလဲ။ ကျူးကျန်းကျန်းနဲ့ ဘာတွေ ပြောနေကြတာလဲ။"
"သူဘာတွေပြောနေလဲ သားလည်း နားမလည်ဘူး။" ဟူကျစ်က ပြန်ဖြေလိုက်သည်။ သူတကယ်ပဲ နားမလည်ခဲ့ပါ။ သူမ၏ နာမည်ကိုတောင် ဟူကျစ် မသိပါ။ သူမအတွက် ဘာကြောင့် ခံစားချက်များ ရှိရမည်နည်း။