← Chapters

"သွားမည်ဆိုသွားမည်" အားလပ်ရက်

Vol. 30 Ch. 417

"သွားမည်ဆိုသွားမည်" အားလပ်ရက်

Vol. 30 Ch. 417

အခန်း(၄၁၇) - "သွားမည်ဆိုသွားမည်" အားလပ်ရက်

ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့ အချိန်တစ်ခုအထိ ခက်ခဲကြလိမ့်မည်ဟု လင်းချင်းဟယ် ခံစားမိပါသည်။ သို့သော် ကိစ္စမရှိပါ။ သူမ ပြောခဲ့သလိုပဲ သူမ၏ တူမက ငယ်တုန်းရွယ်တုန်း ရှိသေးသဖြင့် အရင်ဆုံး တွဲကြည့်ပါစေဦး။

အဆင်မပြေပါက လမ်းခွဲနိုင်သည်။ လက်ထပ်မည့်ကိစ္စကို စိတ်ပူစရာ မလိုပါ။

သို့သော်လည်း ဝမ်ယွမ်ထက် ပိုကောင်းမည့် လူမျိုးကို ရှာဖို့ကတော့ ခက်လောက်မည်။ ထို့ကြောင့် နှစ်ယောက်သား ကိုယ့်ဖာသာကိုယ် နည်းလမ်းရှာကြပါစေ။

မကြာမီ ကျိုးချင်းပိုင်နှင့် ကလေးများ အိမ်ပြန်ရောက်လာသည်။ အားလုံး လန်းဆန်းနေကြ၏။

လင်းချင်းဟယ်က အစိုဓာတ်ထိန်းသိမ်းသည့်ခရင်မ်ဗူးကို ယူလိုက်ပြီး ကျိုးချင်းပိုင်ကို လိမ်းပေးလိုက်သည်။ ကလေးများကလည်း ထိုကဲ့သို့ လိမ်းချင်ကြောင်း ပူပူညံညံ လုပ်ကြသောအခါ လင်းချင်းဟယ်က အပြင်သို့ ထွက်သွားခိုင်းလိုက်ပါသည်။

သူမတို့နှစ်ယောက်သာ အိမ်ထဲတွင် ကျန်ခဲ့တော့သည်။ ရှားရှားပါးပါး အေးချမ်းပြီး တိတ်ဆိတ်နေခဲ့ပါသည်။

"မနက်ဖြန် ဆိုင်ဖွင့်တော့မှာ ဆိုတော့ ဒီအချိန်ကာမှာ သိပ်ရောင်းရဦးမှာ မဟုတ်ဘူး။" လင်းချင်းဟယ်က ပြောလိုက်၏။

"မင်းဘယ်သွားချင်လို့လဲ။" ကျိုးချင်းပိုင်က မေးလိုက်၏။

လင်းချင်းဟယ်က ခေတ္တ စဥ်းစားလိုက်သည်။ သူမ သွားချင်သည့် နေရာမျိုး မရှိပါ။ ဘာပဲဖြစ်ဖြစ် လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုက စတင်လာပြီ ဖြစ်သော်လည်း နှေးကွေးနေပါသေးသည်။

ထို့ကြောင့် အခုလောလောဆယ် သွားရောက်လည်ပတ်ဖို့ ပျော်စရာ နေရာ မရှိသေးပါ။

ကျိုးချင်းပိုင်က အကြံပေးလိုက်သည်။ "ရှန်ဟိုင်းမြို့ကို သွားကြမလား။"

"မသွားဘူး။ အိမ်မှာပဲ အိပ်ရအောင်။" လင်းချင်းဟယ် ပြောလိုက်သည်။

ကျိုးချင်းပိုင်လည်း ဘာမှမပြန်မပြောပါ။ မနက်ဖြန် ဆိုင်ဖွင့်ဖို့ လိုအပ်သည့် အရာများကို စတင်ပြင်ဆင်သည်။ အသားများ ပို့ဆောင်ပေးမှုအတွက် ဆိုင်တွင် သွားစောင့်နေဖို့ လိုသည်။

လိုအပ်သည့် ပမာဏကို အော်ဒါတင်ပြီးသားဖြစ်ပြီး ဝက်သားကော သိုးသားကော ပမာဏ အလွန်များပြားလှပါသည်။

လင်းချင်းဟယ်က ဘာမှလုပ်စရာ မရှိပါ။ ထို့ကြောင့် စာအုပ်တစ်အုပ်ကို ယူလိုက်ပြီး ဖတ်နေလိုက်သည်။ နှစ်သစ် ၈ ရက်မြောက်နေ့တွင် အမေဝိန်က သူမကို လာတွေ့သည်။

"ဒီနှစ်သစ်ထဲ အလုပ်အရမ်းများနေမှာကို အခုလာတွေ့တာ ဗြုန်းစားကြီး ဖြစ်သွားမှာပဲ။" အမေဝိန်က ပြုံးကာ ပြောလိုက်သည်။

"ကျွန်မက ဘာလို့ အလုပ်ရှုပ်ရမှာလဲ။ ကျွန်မ အခု ဘယ်လောက် ပျင်းနေလဲ ရှင်မသိပါဘူး။ ရှင်လာတာ အချိန်ကိုက်ပဲ။" လင်းချင်းဟယ်က အလွန်ပေါ့ပါးတက်ကြွနေသည်။

အမေဝိန်က ထိုင်လိုက်ပြီး စားပွဲပေါ်က အင်္ဂလိပ်စာအုပ်များကို သတိထားမိသွားသည်။ သူမရောက်လာတော့ လင်းချင်းဟယ် ထိုစာအုပ်များကို ဖတ်နေမှန်း သိပါသည်။

အမေဝိန်က လေးစားအားကျသော လေသံဖြင့် ပြောလိုက်သည်။ "ကော်လျန်က ရှင့်အင်္ဂလိပ်စာ ကျွမ်းကျင်မှုက ကျောင်းအုပ်ကြီးတောင် ချီးကျူးရတယ်လို့ ပြောတယ်။"

"အဲ့လောက်လည်း မဟုတ်ပါဘူး။" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။ "စပျစ်ဖျော်ရည် သောက်ဦးမလား။"

"ကောင်းသားပဲ။" အမေဝိန်က ခေါင်းငြိမ့်လိုက်သည်။

လင်းချင်းဟယ်က ဖန်ခရားတစ်ခုကို သုံးပြီး စပျစ်ဖျော်ရည် အများအပြား ဖျော်လိုက်သည်။ ထို့နောက် အမေဝိန်နှင့်အတူတူ ထိုင်သောက်လိုက်၏။ သူမ ပြောလိုက်သည်။ "အဲ့တာ များများသောက်ရင် အစိုဓာတ်ရတယ်။ ခန္ဓာကိုယ်က ခြောက်သွေ့နေမှာ မဟုတ်တော့ဘူး။ ရာသီဥတုက နည်းနည်းကြာအောင် အေးနေဦးမယ် ထင်တယ်။ ကျွန်မတို့ရဲ့ မွေးရပ်မြေနဲ့ ယှဥ်ရင် ဒီမှာ အများကြီး ပိုအေးတယ်။ အဲ့ဒီမှာ အအေးဆုံးဆိုတာ မြို့တော်မှာ သာမန်ဆောင်းရာသီလောက်ပဲရှိတယ်။"

"ဒီမှာက ဘာမှမဖြစ်ပါဘူး။ ငါ့မိသားစုကော်တုံဆီက ကြားတာတော့ ဟိုင်းလုံဘက်မှာ ပိုအေးတယ်တဲ့။ အဲ့မှာ ရေခဲမြို့တော် ရှိတယ်လို့လည်း ကြားတယ်။ အရမ်းလှမယ့်ပုံပဲ။" အမေဝိန်က ပြောလိုက်၏။

"ရေခဲမြို့တော်က အဲ့ဒီမှာ ရှိတာလား။" လင်းချင်းဟယ်က မေးလိုက်သည်။

"မသိပါဘူး။ ဘာပဲဖြစ်ဖြစ် အဲ့နယ်မြေအတွင်းမှာပဲ ရှိမှာပါ။ ကျွန်မတော့ မရောက်ဖူးသေးဘူး။” အမေဝိန်က ချိုချိုချဥ်ချဥ် စပျစ်ဖျော်ရည်ကို သောက်ရင်း ပြောလိုက်သည်။

"ရှင် အချိန်ရရင် ကျွန်မတို့ အတူတူ သွားကြည့်ကြမယ်လေ။ ကျွန်မ ပျင်းလွန်းလို့ စိတ်ညစ်နေပြီ။" လင်းချင်းဟယ်က အကြံပေးလိုက်၏။

"စာသင်နှစ်က ဘယ်တော့ပြန်စမှာလဲ။" အမေဝိန်က ပြန်မေးလိုက်၏။

"မီးပုံးပွဲတော်ပြီးမှပါ။" လင်းချင်းဟယ် ဖြေလိုက်သည်။

"နောက်ကျလွန်းနေပြီ။ မဟုတ်ရင် အားလုံး အတူတူ သွားလို့ရတယ်။ မိန့်ကျားက ဒီနေ့ပဲ ကျောင်းပြန်သွားပြီ။ သူ့အဖေကလည်း အခြားတစ်ယောက်အိမ်ကို သွားလည်တယ်။ အိမ်မှာ ကျွန်မတစ်ယောက်ပဲ ကျန်တော့တာ။ ရွှမ်းလေးနဲ့ သူ့ညီအစ်ကိုတွေကို ခေါ်လာလို့တော့ရပါတယ် မဆိုးပါဘူး။” ဟု အမေဝိန်က ပြောလိုက်သည်။

လင်းချင်းဟယ်က အချိန်ကို တွက်ချက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ရှင်သွားချင်ရင် အဆင်ပြေပါတယ်။ အသွားအပြန် ၈ ရက်လောက်ဆို လုံလောက်ပြီ။"

လင်းချင်းဟယ်သည် နေ့တိုင်း အိမ်တွင် စာအုပ်ပဲ ဖတ်နေရပြီး အခြားဘာမှလုပ်စရာလည်း မရှိပေ။ သူမ အပြင်သို့ လျှောက်လည်ကာ စူးစမ်းချင်၏။ ဘာပဲဖြစ်ဖြစ် သူမ အလုပ်လည်း အားနေသည် မဟုတ်ပါလား။

ထို့အပြင် ဒီခေတ်က ရေခဲမြို့တော်သို့ သူမ မရောက်ဖူးသေးပါ။

"တကယ်သွားမှာလား။" အမေဝိန်က မေးလိုက်သည်။ "သွားမယ်ဆို ကျွန်မ ဒီတိုင်း ထိုင်မနေတော့ဘူးနော်။ အိမ်ပြန်ပြီး အထုပ်အပိုး ပြင်လိုက်တော့မယ်။ မနက်ဖြန် သွားကြမလား။"

အမေဝိန် ထည့်မပြောခဲ့သည်က အဖေဝိန်နှင့် သူမ ရန်ဖြစ်ထားသည့်အကြောင်းပင်။ ထိုအဘိုးကြီးက ဆိုးဝါးလွန်းသဖြင့် ဒီရက်ပိုင်းထဲ မတွေ့ချင်သောကြောင့်ဖြစ်ပါသည်။

"မလောပါနဲ့၊ ထိုင်ပါဦး။" လင်းချင်းဟယ်က ပြုံးလိုက်သည်။ "ထုပ်ပိုးစရာက အဝတ်အစား နည်းနည်းပဲ ရှိတာကို အရင်ကလို ထောက်ခံစာတွေ ဘာတွေ လိုတာလည်း မဟုတ်ဘူး။ အဲ့လောက် အားထုတ်စရာ မလိုပါဘူး။"

“ဒါပေမယ့် ခိုင်လေးအဖေက သဘောတူပါ့မလား။" အမေဝိန်က ပြောလိုက်သည်။

"သူက ဆိုင်ဖွင့်ဖို့ အလုပ်များနေတာနဲ့ ကျွန်မကို ဂရုမစိုက်အားပါဘူး၊ သဘောမတူဘဲ နေပါ့မလား။" လင်းချင်းဟယ်က ပြောလိုက်သည်။ "မိန့်ကျားတို့ အဖေကကော။”

"သူ့ကို စိတ်ထဲထားမနေနဲ့။ ကျွန်မက ရှင်နဲ့အတူသွားမှာ သူသဘောမတူလို့ မရပါဘူး။" အမေဝိန်က ပြောလိုက်၏။

ဒီလိုနှင့် "သွားမည်ဆိုသွားမည်" အားလပ်ရက်တစ်ခု ဖြစ်လာခဲ့ပါသည်။

ကောင်လေးများက ထိုအကြောင်းကို ကြားသောအခါ သူတို့လည်း သွားချင်ကြောင်း ပြောကြပါသည်။ ဟူကျစ်နှင့် ကန်းကျစ်တို့က အငမ်းမရ သွားချင်နေကြသည့်ပုံပင်။

"သားလတ်နဲ့ ဟူကျစ်တို့လိုက်ခဲ့။ သားငယ်က ကန်းကျစ်နဲ့ အိမ်မှာပဲ နေခဲ့ချေ။" လင်းချင်းဟယ်က လက်ခါကာ ပြောလိုက်သည်။

အကြီးနှစ်ယောက်က အထုပ်အပိုးများ ကူသယ်နိုင်သော်လည်း အငယ်ကောင်များကိုတော့ ထားလိုက်ပါတော့။ အိမ်တွင်သာ ထားခဲ့မည်ဖြစ်သည်။

"သား မနေခဲ့ချင်ဘူး။ သားလည်း လိုက်ချင်တယ်။” ကျိုးကွေ့လိုင်က သဘောမတူပါ။ "အမေ၊ အရင်တစ်ခေါက်ကလည်း သားကို မခေါ်ဘဲ အဖေနဲ့ တောင်ပိုင်းကို သွားပြီးပြီ။ အခုလည်း ဒေါ်လေးဝိန်နဲ့ အမေတို့ ဟိုင်းအာမှာရှိတဲ့ ရေခဲမြို့တော်ကို သွားကြည့်ကြဦးမယ်။ ဒီတစ်ခေါက်တော့ သားလိုက်မှဖြစ်မယ်။ သားကို မခေါ်ရင် ကိုယ့်ဖာသာကိုယ် လက်မှတ်သွားဝယ်ပြီး လိုက်လာမှာနော်။”

"လူဆိုးကောင်လေး...” လင်းချင်းဟယ်က သူ့ကို စိုက်ကြည့်လိုက်သည်။

သို့သော်လည်း စိုက်ကြည့်လည်း ဘာမှမထူးတော့ပါ။ နောက်ဆုံးတော့ နောက်တစ်ယောက် ထပ်တိုးဖို့သာ ရှိတော့သည်။ ထိုအခါ ကန်းကျစ်ကလည်း မနာလိုဖြစ်နေသည့်ပုံပင်။

သားငယ်ကို ခေါ်သွားမည်ဆိုတော့ ကန်းကျစ်ကိုခေါ်လည်း ပြဿနာမရှိလောက်ပါ။

ထို့ကြောင့် လင်းချင်းဟယ်နှင့် အမေဝိန်တို့၏ မူလခရီးစဥ်မှာ လူကြီးလူငယ်ကလေးများဖြင့် ပြည့်နှက်သွားတော့သည်။

လင်းချင်းဟယ်က မှတ်မိသားပြီး အမိန့်ပေးလိုက်သည်။ "သားလတ် နင့်ဒေါ်လေးတို့အိမ်ကို သွားပြီး နင့်အစ်မအာ့နီကို လိုက်ခဲ့ချင်လား မေးလိုက်ဦး။"

လူအများကြီး ရှိပြီးသားဆိုတော့ တူမတစ်ယောက် ထပ်ခေါ်လာလည်း ဘာမှမထူးတော့ပါ။

ထင်ထားသည့်အတိုင်း ကျိုးအာ့နီက လိုက်ချင်သည်။

သူသာ အပြင်ဘက် ကမ္ဘာကြီးကို ကြည့်ဖို့ ဒေါ်လေးနောက်လိုက်နိုင်ပါက ဘာကြောင့် မသွားဘဲ နေရမည်နည်း။ သွားမှ ဖြစ်ပါမည်။

ဝမ်ယွမ်ကတော့ စိတ်ပူစရာ မလိုပါ။

အစီအစဥ်များ ပြီးဆုံးသွားပြီ ဖြစ်သဖြင့် သူတို့ကို အထုပ်အပိုးတွေ သွားပြင်ခိုင်းလိုက်သည်။

ကျိုးချင်းပိုင် စိတ်ဆိုးနေသည်ကို လင်းချင်းဟယ် သတိထားမိသွားသည်။ ဒါက အလွန်သိသာပါသည်။

"ဘာဖြစ်လို့လဲ။" လင်းချင်းဟယ်က စိတ်ရွှင်နေသည်။ အတန်းပြန်မစခင် အိမ်တွင် နေရဦးမည်ဟု ထင်ထားသော်လည်း အမေဝိန်နှင့် ခရီးတစ်ခုက အချိန်ကိုက် ရောက်လာသည်။

ပျော်ရွှင်မှုများဖြင့် လူတစ်ကိုယ်လုံး အားအင်များ တက်ကြွနေသည်။

"ကိုယ့်ကို တစ်ယောက်တည်း ထားခဲ့တော့မယ်ပေါ့။" ကျိုးချင်းပိုင်က မသိတတ်သော သူ့မိန်းမကို ကြည့်ကာ ပြောလိုက်သည်။

လင်းချင်းဟယ်က အထုပ်အပိုး ပြင်နေသဖြင့် နောက်ပြန်လှည့်မကြည့်ဘဲ ပြောလိုက်သည်။ "ဘာဖြစ်လို့လဲ။ ရှင်က ဒီအသက်အရွယ်ပဲ ရောက်နေပြီ။ ကျွန်မကပဲ အကုန်လုံး လိုက်စိုးရိမ်ပေးနေရဦးမှာလား။"

"ကိုယ်တစ်ယောက်တည်း အိမ်မှာ ကျန်ခဲ့ရမှာပေါ့လေ။" ကျိုးချင်းပိုင်က ထပ်ပြောသည်။

"အစကတော့ သားငယ်နဲ့ အခြားသူတွေကို ရှင်နဲ့ထားခဲ့မလို့ပဲ။ ဒါပေမယ့် ရှင်လည်း တွေ့သားပဲ။ သူက အတင်းလိုက်ချင်လို့ ပူဆာနေတာလေ။ အဲ့တာကြောင့် ကျွန်မ မတတ်နိုင်ဘဲ ခေါ်သွားရတာပါ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

ကျိုးချင်းပိုင်က သူမကို မကြည့်ဘဲ အိပ်ယာပေါ်တွင် ကျောပေးကာ လှဲနေသည်။

တစ်ခုခုတော့ လွဲနေပြီဟု လင်းချင်းဟယ် သတိထားမိသောအခါ ကျိုးချင်းပိုင် စိတ်ဆိုးနေတာ တစ်နာရီကျော်နေပြီဖြစ်သည်။

ညသန်းခေါင်အချိန် ဝံပုလွေအစာကျွေးနည်းဖြင့်သာ သူ့ကို ချော့နိုင်တော့သည်။

"ဘယ်လောက်ကြာကြာ သွားမှာလဲ။" ထိုအခါမှ ကျိုးချင်းပိုင်က ဒီကိစ္စကို အင်တင်တင်ဖြင့် သဘောတူပေးလိုက်ရသည်။ သူ သဘောမတူလည်း အသုံးမဝင်ပါ။

"ကျောင်းပြန်မဖွင့်ခင် ပြန်လာမှာပါ။" လင်းချင်းဟယ်က ပြန်ဖြေပြီး အိပ်ပျော်သွားတော့သည်။

မတတ်နိုင်ပါ။ သူမမိသားစုချင်းပိုင်၏ စကားများက ဟောင်းနွမ်းသွားသည်ဟူ၍မရှိပါ။ သူမ၏ အကာအကွယ်များ ကျဆုံးသွားရသည်။ သူမ တကယ် မယှဥ်နိုင်ပါ။

All Chapters