အလိုလိုက်၍မရ
Vol. 30 Ch. 416
အခန်း(၄၁၆) - အလိုလိုက်၍မရ
ကျိုးရှောင်မိန်က ထိုပန်းသီး၊ လိမ္မော်သီးများ ယူကာ အိမ်ပြန်လာတော့ အဖေကျိုးနှင့် အမေကျိုးတို့က စုမောင်နှမလေးဦးတို့နှင့်အတူ တီဗီကြည့်နေကြသည်။ စုတာ့လင်းကတော့ လမ်းလျှောက် ထွက်သွား၏။
ဒီလက်တွေ့ကျသော ယောက်ျားမှာ နှင်းများထူနေလျှင်တောင် မပျင်းရိတတ်ပါ။ သူက စီးပွားရေး မလုပ်ရပါက အပြင်သို့ လမ်းထွက်လျှောက်ပြီး ပတ်ဝန်းကျင်နှင့် ရင်းနှီးအောင် နေတတ်သည်။
"နင်တို့ဒေါ်လေး ပေးလိုက်တာ။" ကျိုးရှောင်မိန်က သစ်သီးများကို စားပွဲပေါ်တွင် တင်ကာ ပြောလိုက်သည်။
စုချန်းနှင့် အခြားသူများက ဝိုင်းလာကြပြီး စားသောက်ကြသည်။ ကျိုးရှောင်မိန်က အဖေကျိုးနှင့်အမေကျိုးတို့အတွက် လိမ္မော်သီး အခွံနွှာပေးလိုက်သည်။ "အဖေနဲ့အမေ၊ ထပ်စားကြည့်ပါဦး။ ဒီလိမ္မော်သီးက မှည့်ပြီး ချိုနေတာပဲ"။
"နင့်ယောင်းမက ဘာလို့ အများကြီး ပေးလိုက်တာတုန်း။" အမေကျိုးက ပြောလိုက်သည်။
"ဒီမှာ လူတွေ အများကြီးရှိမှန်း စတုတ္ထယောင်းမက သိတယ်လေ။ နောက်နှစ်ကျရင် သမီးဖာသာ ဝယ်ပြီး စုထားပါ့မယ်။ အမြဲတမ်း ယောင်းမရဲ့ သစ်သီးတွေပဲ စားနေလို့မရဘူး။" ဟု ကျိုးရှောင်မိန်က ပြုံးကာ ပြောလိုက်သည်။
သူမ၏ စတုတ္ထယောင်းမက သူမအပေါ်တွင် အမြဲတမ်း ရက်ရောခဲ့ပါသည်။
ထိုစကားပြောပြီးသွားသောအခါ ကျိုးရှောင်မိန်က ကျူးကျန်းကျန်း ပြောခဲ့သည့်အရာများကို အမေကျိုးအား တီးတိုး ပြန်ပြောပြလိုက်သည်။ ထင်ထားသည့်အတိုင်း အမေကျိုး ကြက်သေသေသွားရ၏။
သူမ၏ သမီးပြောသမျှ အကုန်ကြားလိုက်ရသောအခါ အမေကျိုးက ဒေါသထွက်လွန်းသဖြင့် စကားပင်မပြောနိုင်တော့ပါ။
ဒီကျိုးမိသားစုဟောင်းကတော့ တကယ့်ပန်းသီးပုပ်များပင်။ ဦးနှောက်ကျပ်မပြည့်သည့် လူမျိုးနှင့် သူမမြေးကို အောင်သွယ်ပေးချင်နေကြသည်။ ကံကောင်းစွာဖြင့် သူမ၏ စူးစူးရှရှ မျက်လုံးများက စောင့်ကြည့်နေနိုင်ခဲ့သည်။ မဟုတ်လျှင် သူမ၏ တန်ဖိုးရှိ မြေးအတွက် ပြဿနာ အကြီးကြီး တက်သွားနိုင်သည် မဟုတ်ပါလား။
"စတုတ္ထယောင်းမက ဒီရက်ပိုင်းထဲ ဟူကျစ် ဒီကို မလာဖို့ ပြောထားတယ်။ ပြီးတော့ သူတို့ကိုလည်း သွားတွေ့မနေနဲ့။ ဒီလိုလူမျိုးတွေက အရေးပေးရင် ပိုစိတ်ဝင်စားကြတယ်။" ဟု ကျိုးရှောင်မိန်က ပြောလိုက်သည်။
"တကယ်ပါပဲ။ သူတို့ ဘယ်လောက် အကျည်းတန်လဲဆိုတာ ကိုယ့်ကိုယ်ကို မသိကြဘူး။” အမေကျိုးက ထပ်ငေါက်လိုက်သည်။
ထိုအဘွားကြီးကျူးက သူမ၏ မြေးမကို နတ်သက်ကြွေလာသော နတ်သမီးတစ်ပါးလို သဘောထားနေသည်။
စုတာ့လင်း အပြင်က ပြန်လာသောအခါ သူ့ယောက္ခမက အသက်ရှူသံပြင်းပြင်းဖြင့် ဒေါသတကြီး ထိုင်နေသည်ကို တွေ့လိုက်ရသည်။ သူက ဇဝေဇဝါဖြစ်သွားပြီး မေးလိုက်၏။ "ဘာ... ဘာဖြစ်တာလဲ။"
"ဘာမှမဖြစ်ပါဘူး။ ဒီလောက် အေးနေတာကို ဘာလို့ အပြင်သွားတာလဲ။" ကျိုးရှောင်မိန်က သူ့အတွက် ရေနွေးငှဲ့ပေးရင်း ပြောလိုက်သည်။
"အ...အပြင်မှာ...လမ်းလျှောက်တာ။" စုတာ့လင်းက ပြုံးလိုက်သည်။
အခြားအိမ်ရာများကို ထွက်ကြည့်ခြင်းဖြစ်ပါသည်။ သူ့မိသားစုအတွက် ကိုယ်ပိုင်အိမ်တစ်လုံး ဝယ်ပေးချင်နေ၏။ အမြဲတမ်း ယောက္ခမတွေရဲ့ အိမ်တွင် မနေနိုင်ပါ။ ဘာပဲဖြစ်ဖြစ် သူတို့မိသားစုအခြေအနေက ယခု တည်ငြိမ်နေပြီ မဟုတ်ပါလား။
ဘန်းမုန့်ဆိုင်လုပ်ငန်းကလည်း ကောင်းမွန်ပါသည်။ ဒီနားပတ်ဝန်းကျင်က လူအားလုံး သူ့ဘန်းမုန့်ဆိုင်ကို သိနေကြလေပြီ။ ကောင်းကောင်းမွန်မွန် စီမံပါက နောက်ပိုင်း အဆင်ပြေလာပါလိမ့်မည်။
ထို့ကြောင့် အနီးအနားရှိ အိမ်တစ်လုံးလောက် ရှာပြီး ပြောင်းရွှေ့ဖို့ အချိန်ကျပြီဖြစ်သည်။
"မင်းအိမ်ရှာနေတာလား။" အဖေကျိုးက သူ့သားမက်အငယ်ဆုံးအကြောင်းကို သိသဖြင့် မေးလိုက်သည်။
"ဟုတ်" စုတာ့လင်းက ခေါင်းငြိမ့်လိုက်သည်။
"ဘာလို့ ရှာနေတာလဲ။ ဒီမှာ နေလို့ အဆင်မပြေဘူးလား။ ထျန်းထျန်းနဲ့ ယယတို့ နှစ်ယောက်စလုံးက ငယ်သေးပြီး နင်တို့နှစ်ယောက်ကလည်း ဘန်းမုန့်ဆိုင်ဖွင့်ရဦးမယ်။ နင်တို့ကလေးတွေကို စောင့်ရှောက်ဖို့ ဘယ်မှာ အချိန်ရှိမှာလဲ။" ဟု အမေကျိုးက ပြောလိုက်သည်။
ချန်းချန်းနှင့် ရွှင်းရွှင်းတို့က ကိုယ့်ဖာသာကိုယ် ကျောင်းသွားနေနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ပြဿနာ မဟုတ်ပါ။ သို့သော်လည်း မြေးမနှစ်ယောက်စလုံးကို အုပ်ထိန်းမည့်လူက ရှိမည်မဟုတ်ပါ။
"နောက်မှ ပြောင်းကြတာပေါ့။" ကျိုးရှောင်မိန်က ပြန်ပြောလိုက်သည်။
သူမ၏ မိဘများနှင့် အတူနေသောအခါ သူမတို့ အများကြီး အားကိုးရသည်။ မဟုတ်လျှင် ကလေးများနှင့် ဘန်းမုန့်ဆိုင်အကြား အရူးတွေလို ပြေးလွှားနေရမည်ဖြစ်သည်။
"အဖေနဲ့... အမေတို့ကို...အ...အနှောင့်အယှက်ဖြစ်မှာ... စိုးလို့ပါ။" စုတာ့လင်းက တွန့်ဆုတ်စွာ ပြောလိုက်သည်။
ယခင်က အခြားနည်းလမ်း မရှိသဖြင့် ဒီနေရာတွင် လာနေခြင်းက အဆင်ပြေပါသည်။ ယခုတော့ စီးပွားရေး အဆင်ပြေလာပြီဖြစ်သဖြင့် ဒီအတိုင်းပဲ အမြဲ နေထိုင်လို့ မကောင်းပါ။
"ဘာကို အနှောင့်အယှက်ဖြစ်တာလဲ။ နောက်ထပ် ၂ နှစ်လောက် နေပါဦး။ ထျန်းထျန်းနဲ့ ယယတို့က အဲ့ကျရင် အရွယ်ရောက်လောက်ပါပြီ။ အဲ့အချိန်ကျမှ ပြောင်းချင် ပြောင်းကြပေါ့။" ဟု အမေကျိုးက တိုက်တွန်းလိုက်သည်။
သူမသမီး၏ မိသားစုနှင့် အတူတူ နေထိုင်ရခြင်းက အမေကျိုးအတွက် ပြဿနာမရှိပါ။ အိမ်တွင် လူများစွာ ရှိခြင်းက အိမ်ကို အသက်ဝင်စေပါသည်။ ဘာပဲဖြစ်ဖြစ် အိမ်ကလည်း ကျယ်သည် မဟုတ်ပါလား။
"ဟုတ်ကဲ့၊ သမီးတို့ နောက်ထပ် ၂နှစ် ၃နှစ်လောက် ဆက်နေလိုက်ပါ့မယ်။" ဟု ကျိုးရှောင်မိန်က သဘောတူလိုက်သည်။
"အိမ်...အိမ်လခ...ပေးလိုက်ဦး။" ဟု စုတာ့လင်းက ပြောလိုက်သည်။
"စတုတ္ထယောင်းမက မလိုဘူးလို့ ပြောထားတယ်လေ။ ကျွန်မတို့ မီတာခပဲဆောင်ဖို့လိုတယ်။" ဟု ကျိုးရှောင်မိန်က ပြန်ပြောလိုက်၏။
စုတာ့လင်းက ပြုံးကာ ဘာမှပြန်မပြောတော့ပါ။ စတုတ္ထအစ်ကိုနှင့် စတုတ္ထယောင်းမတို့က သူတို့ကို အလွန်ဂရုစိုက်ပါသည်။
"ငါ...ငါစတုတ္ထအစ်ကိုကို သွားရှာပြီး...ရေချိုးအိမ်မှာ... ရေသွားချိုးဦးမယ်။" စုတာ့လင်းက ပြောလိုက်သည်။
"သွားသွား" ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်သည်။
စုတာ့လင်းက ကျိုးချင်းပိုင်ကို သွားရှာလိုက်သည်။ ကျိုးရွှမ်း၊ ကျိုးကွေ့လိုင်နှင့် ဟူကျစ်၊ ကန်းကျစ်တို့ကိုပါ ခေါ်လာခဲ့သည်။
"သူတို့ထွက်သွားတာနဲ့ အိမ်က တိတ်ဆိတ်သွားတာပဲနော်။” လင်းချင်းဟယ်က ကျိုးအာ့နီကို ပြောလိုက်၏။
ကျိုးအာ့နီက နှုတ်ခမ်းတွန့်ကာ ပြုံးလိုက်ပါသည်။
"ချိန်းတွေ့တာလည်း တွေ့ပေါ့။ ဒါပေမယ့် အိမ်စာတွေ မလုပ်ဘဲနဲ့လည်း မနေနဲ့ဦး။" ဟု လင်းချင်းဟယ်က အသိပေးလိုက်သည်။
ကျိုးအာ့နီက ရှက်သွားသည်။ သူမမျက်ခုံးအကြားတွင် တွန့်ဆုတ်မှု လက္ခဏာတချို့ကို တွေ့နေရသော်လည်း လင်းချင်းဟယ်က မမေးခဲ့ပါ။
အတန်ကြာမှ ကျိုးအာ့နီက ကိုယ်တိုင် ထုတ်ပြောလာ၏။ "စတုတ္ထဒေါ်လေး၊ သမီးဝမ်ယွမ်ကို ဆက်တွဲသင့်သလား မတွဲသင့်တော့ဘူးလား မသိတော့ဘူး။”
"ဟမ်" လင်းချင်းဟယ်က သူမကို ကြည့်လိုက်၏။
ဒီနေ့က နှစ်သစ်၏ ၇ရက်မြောက်နေ့ဖြစ်သည်။ မနက်ဖြန်သဘက်ခါဆို ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်နှင့် စုတာ့လင်း၏ ဘန်းမုန့်ဆိုင်တို့ကို ပြန်ဖွင့်တော့မည်ဖြစ်သည်။
နှစ်သစ်၏ ၅ရက်မြောက်နေ့တွင် ဝမ်ယွမ်ကလည်း အာ့နီနှင့်အတူတူ ထမင်းလာစားသည်။
"သူ့အမေက သမီးကို သိပ်ပြီး သဘောမကျဘူး။" ကျိုးအာ့နီက နှုတ်ခမ်းစုလိုက်သည်။
နှစ်သစ်တွင် သူမနှင့် ဝမ်ယွမ်တို့ ဝမ်ယွမ့်အိမ်သို့သွားကာ မိဘများနှင့်သွားတွေ့သည်။ ဝမ်ယွမ့်အဖေက အလွန်သဘောကောင်းသော်လည်း ဝမ်ယွမ့်အမေ၏ ဆက်ဆံပုံက အေးတိအေးစက်နိုင်လွန်းသည်။
တစ်ချက်ကြည့်လိုက်ရုံနှင့် သူမ မကြိုဆိုမှန်း ပြောနိုင်သော အေးစက်ခြင်းမျိုးဖြစ်သည်။
သူမကို စကားတစ်ခွန်းမှ မပြောခဲ့ဘဲ မာနကြီးသော စရိုက်မျိုးရှိနေသည်။ ထို့ကြောင့် ကျိုးအာ့နီသည် သူမကို သဘောမကျပါ။
လင်းချင်းဟယ် ဘာပြောရမှန်းပင် မသိတော့ပေ။ ကျိုးအာ့နီကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "သူ့မိသားစုမှာ ယောက်ျားလေး ဘယ်နှယောက်ရှိလဲ။”
"လေးယောက် ရှိတယ်။ ဝမ်ယွမ်က သုံးယောက်မြောက်ပါ။” ဟု ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။
ဝမ်ယွမ်၏ အိမ်သို့ရောက်မှသာ သူ့မိသားစုက အမှန်တကယ် ဘယ်လောက်ချမ်းသာမှန်း သူမ သိခဲ့ရပါသည်။ တကယ့်ကို ပုံမှန်ထက် ပိုချမ်းသာသည်။ သူတို့က ကားများ ပိုင်သည်။ အမှန်ပင်။ တစ်စီးထက် ပိုရှိနေပါသည်။
သူတို့အိမ်ကလည်း ကျယ်ဝန်းလှသည်။ ဥယျာဥ်ကြီးတစ်ခုလည်း ရှိနေသည်။
"ဝမ်ယွမ်က သူ့အမေ နင့်အပေါ်ထားတဲ့ သဘောထားကို သိလား။" ဟု လင်းချင်းဟယ်က မေးလိုက်၏။
"သူ သိပါတယ်။ သူက သမီးကို အရမ်း အကာအကွယ်ပေးတယ်။" ကျိုးအာ့နီ၏ နှုတ်ခမ်းတွေ ကွေးညွှတ်သွားခဲ့သည်။
ဒါကိုတော့ ငြင်းလို့မရပါ။ တစ်ချိန်လုံး ဝမ်ယွမ်က သူမကို ကာကွယ်ပေးထားခဲ့သည်။ ထို့ကြောင့်လည်း သူ့အမေက ပို၍ပင် ဒေါသထွက်လာခြင်း ဖြစ်သည်။
ဝမ်ယွမ်၏ အစ်ကိုကြီးနှစ်ယောက်က လက်ထပ်ပြီးပြီဖြစ်ပြီး သားသမီးများ ရထားကြပြီဖြစ်သည်။ ထိုမရီးနှစ်ယောက်ကလည်း ဆက်ဆံဖို့ မလွယ်ကူပေ။ သူ့အောက်တွင် ညီငယ်တစ်ယောက် ရှိသေးသည်။ သို့သော် နိုင်ငံခြားတွင် ပညာတော်သင်သွားသဖြင့် အိမ်တွင် မရှိပါ။
"နင် ဝမ်မိသားစုကနေ ထွက်လာတော့ ဝမ်ယွမ်က နင့်ကို ဘာပြောသေးလဲ။" ဟု လင်းချင်းဟယ် မေးလိုက်သည်။
"ဘာမှမပြောပါဘူး။ သူက စိတ်ထဲ အရမ်းမထားဖို့ပဲ ပြောတယ်။" ကျိုးအာ့နီက သက်ပြင်းချလိုက်၏။
ဝမ်ယွမ်က သူမကို အလွန်ဂရုစိုက်ကြောင်း သိထားသည်။ မင်္ဂလာကိစ္စကိုလည်း ထိုကဲ့သို့ ဂရုစိုက်မှုကို ကြည့်ပြီး ဆုံးဖြတ်နိုင်သည် မဟုတ်လား။
သူမတွင် ခိုင်မာသော စိတ်ဓာတ် မရှိပါ။ လင်းချင်းဟယ်သာဆို မည်သည့်ကိစ္စကိုမဆို ကြောက်ရွံ့နေမည် မဟုတ်ပါ။ သူမကို စိတ်ညစ်အောင်လုပ်သည့်လူကို ပိုပြီးစိတ်ညစ်အောင် ပြန်လုပ်တတ်သည်။ သူမတို့၏ စရိုက်များက ခြားနားလှပါသည်။
ကျိုးအာ့နီက နူးညံ့၏။ အစွန်းထိရောက်အောင် ချောက်တွန်းခံရပါက စိုက်သာကြည့်တတ်သည်။ သူမက လူတွေနှင့် ဆက်ဆံသည့် နေရာတွင်တော့ မဆိုးရွားသော်လည်း ရှုပ်ထွေးသည့် ပတ်ဝန်းကျင်ရှိ အရာများကိုတော့ မကိုင်တွယ်နိုင်ပါ။
လင်းချင်းဟယ်သည် ဘယ်လိုပြောရမှန်းပင် မသိတော့ဘဲ ဖြောင်းဖြပေးလိုက်သည်။ "နင်က အခုမှ အသက် ၂၀ ပဲရှိသေးတယ်။ ဘာတွေ စိုးရိမ်နေတာလဲ။ အသက် ၂၂နှစ်မှ လက်ထပ်လည်း နောက်မကျသေးပါဘူး။ ဝမ်ယွမ်က နင့်အပေါ် စိတ်ရှည်မလား စောင့်ကြည့်လိုက်ဦးပေါ့။”
သူမက ဝမ်ယွမ်ကို အလားအလာရှိသည်ဟု ထင်မိပါသည်။ သို့သော် မျက်စိရှေ့တွင် ကြီးပြင်းလာခဲ့သော သူမ၏ တူမက ပိုအရေးကြီးပါသည်။
"သူက နည်းနည်း စိတ်ဖိစီးနေတယ်။" ကျိုးအာ့နီက တွန့်ဆုတ်သွား၏။
ဝမ်ယွမ်က သူမထက် အသက် ၆နှစ်ကြီးသည်။ ဒီနှစ် အသက် ၂၆နှစ် ရှိနေပြီဖြစ်ပြီး မငယ်တော့ပါ။
"သူ အလျင်လိုတာ မလိုတာ နင်စိတ်ပူစရာ မလိုဘူး။ နင် စိတ်မဖိစီးဖို့ပဲ လိုတယ်။" လင်းချင်းဟယ်က သင်ပေးလိုက်သည်။ "မိန်းမတွေက ယောက်ျားတွေအတွက် စဥ်းစားပေးတတ်တာ ကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျွံတော့ အလိုမလိုက်ရဘူး။ နင့်ဦးလေးက ငါ့ကို ကောင်းကောင်းမွန်မွန် ဆက်ဆံတယ် မဟုတ်လား။ ဒါပေမယ့် သူ့ကို သူလုပ်ချင်တိုင်း လုပ်ခွင့်မပေးဘူး။ တစ်ခါတစ်လေ ယောက်ျားတစ်ယောက်ကို ကိုယ့်စိတ်နဲ့ကိုယ် ဆုံးဖြတ်တတ်အောင် လုပ်ရတယ်။ သူ့ကို စိတ်အေးအေးနဲ့ ဘယ်လိုလုပ် လက်ထပ်ခွင့်ပေးနိုင်မှာလဲ။ သူ့ကို အစီအစဥ်တစ်ခုခု ဆွဲပါစေ။”