← Chapters

လူထူးဆန်း

Vol. 30 Ch. 415

လူထူးဆန်း

Vol. 30 Ch. 415

အခန်း(၄၁၅) - လူထူးဆန်း

"ဟိုဘက်အိမ်က အဘွားကျူးက သူ့ကို လောင်တနဲ့ အောင်သွယ်ချင်နေတာလေ။" အမေကျိုးက သူ့မြေးကို ပြောလိုက်သည်။

ဟူကျစ် အံ့အားသင့်သွား၏။ "အဲ့လိုဖြစ်ခဲ့တာလား။"

"ဟုတ်တယ် ဒါပေမယ့် နင့်ဒေါ်လေးကတော့ လက်မခံပါဘူး။” ဟု အမေကျိုးက ပြန်ဖြေလိုက်၏။ စတုတ္ထချွေးမကို အသာထား၊ သူမကိုယ်တိုင်ကပင် သဘောမတူပါ။

သူမ၏ အကြီးဆုံးမြေးတွင် ဘယ်လို ပါရမီ၊ အသွင်အပြင်နှင့် ပညာရေးများ ရှိနေသလဲ ကြည့်ပါဦး။ ရှုထောင့်တိုင်းက ထိပ်တန်းအဆင့် ဖြစ်နေသည်။ ဘယ်လိုလူမျိုးကို လက်ထပ်ရမလဲဆိုတာ ခေတ္တဘေးချိတ်ထားသော်လည်း အနည်းဆုံးတော့ သူ့လိုကောလိပ် ပညာတတ်တစ်ယောက် ဖြစ်ရပါမည်။ အဲ့လောက်တော့ ဖြစ်သင့်သည် မဟုတ်ပါလား။

ထိုကျူးမိသားစု၏ မြေးမပုံစံက ကြောင်လေးတစ်ကောင်လို အိညှောင်အိညှောင် စကားပြောတတ်ပြီး အလွန် ရှက်တတ်ကြောက်တတ်သည့် ပုံပေါက်သည်။ အမေကျိုးက သူမကို အကြီးဆုံးမြေးမအဖြစ် လက်ခံဖို့ နေနေသာသာ ထိုကဲ့သို့ လူမျိုးကိုပင် သဘောမကျတတ်ပါ။ ဆွေးနွေးဖို့ပင် မလိုချေ။

"နင့်ကို လောင်တအကြောင်းမေးဖို့ လုပ်နေတာလား။" ဟု အမေကျိုးက ဆက်မေးသည်။ ဒီလိုမေးလို့လည်း အပြစ်ဆို၍မရပါ။ ဒီကောင်မလေးက သူမ၏ အကြီးဆုံးမြေးအကြောင်းကို အဖွားဖြစ်သူကို အသုံးချပြီး စုံစမ်းဖူးသည်။

"မမေးပါဘူး" ဟူကျစ်က ခေါင်းခါလိုက်၏။ သူနားမလည်နိုင်သော စကားများကိုသာ ပြောသွားခြင်းဖြစ်သည်။

"ဒါဆို ဘာလို့ အစမရှိ အဆုံးမရှိ နင့်ကိုလာရှာတာလဲ။" အမေကျိုးက မေးလိုက်သည်။

"မသိဘူး၊ သူ ဘာတွေပြောသွားလဲဆိုတာ ကျွန်တော်လည်း နားမလည်ဘူး။" ဟူကျစ်က ပြောလိုက်သည်။

အမေကျိုးက ထပ်မမေးတော့ပါ။ သို့သော်လည်း ကျူးကျန်းကျန်းက သူမ၏ စကားများ ဟူကျစ်ခေါင်းထဲ မရောက်သေးဘူးဟု ထင်နေသဖြင့် ဒီကိစ္စ ဒီမှာပင် အဆုံးမသတ်သေးပါ။

ဟူကျစ်ကို မပြောတော့ပေ။ နောက်တစ်ခေါက် သူမအဘွားအိမ်သို့ လာသောအခါ ကျိုးရှောင်မိန်ထံသို့ သွားပြီး ဟူကျစ်ကို တဆင့်ပြောခိုင်းလိုက်သည်။

"ဒေါ်လေး ဒီလိုပြောတာ မကောင်းဘူးဆိုတာ သမီးသိပါတယ်။ ဒါပေမယ့် ဒေါ်လေးတို့မိသားစုက ဟူကျစ်ကို သမီး တကယ် စိတ်ကူးမရှိပါဘူး။ သမီးကိုယ်စား သူ့ကို စိတ်မကောင်းပါဘူးလို့ ပြောပေးပါ။” ဟု ကျူးကျန်းကျန်းက လိပ်ပြာမလုံသော မျက်နှာမျိုးဖြင့် ပြောလိုက်သည်။

ကျိုးရှောင်မိန်က ကြောင်စီစီ ဖြစ်သွားပြီး ကျူးကျန်းကျန်းကို ပြန်ပြောလိုက်သည်။ "ပြောပြလိုက်ပါ့မယ်။"

တစ်ဖက်တွင်တော့ သူမ ချက်ချင်း စက်ဘီးပေါ်တက်ပြီး ဟူကျစ်ကို သွားရှာခဲ့သည်။

ဟူကျစ်ကိုတွေ့သောအခါ ကျိုးရှောင်မိန် သူ့ထံသို့ တန်းသွားလိုက်ပြီး ဆူငေါက်လိုက်သည်။ "မသာလေး၊ နင်ဒီလိုမျိုးလုပ်လိမ့်မယ်လို့ ထင်တောင်ထင်မထားဘူး။ နင် မိန်းမ မရမှာကို စိုးရိမ်နေတာလား။ ဘာလဲ၊ အဲ့လိုမိန်းမမျိုးကို တကယ် သဘောကျတာလား။ အဲ့ဒီမိန်းမက ဦးနှောက်မပါတာ နင် မသိဘူးလား။ သူတို့က လောင်တကိုပဲ မျက်စိကျနေကြတာ၊ နင်က အကုန်လုံးကို ခက်ခဲအောင် လုပ်နေတာပဲ။”

ဟူကျစ်က သူ့ဒေါ်လေးအော်သံကြောင့် ကြောင်တောင်တောင် ဖြစ်သွားသည်။

"ဘာဖြစ်လို့လဲ။" လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့လည်း အိမ်တွင် ရှိနေကြပါသည်။ သူတို့မိသားစုက ကတ်ပြားဂိမ်းကစားနေကြခြင်းဖြစ်ပြီး အလွန်သက်ဝင်နေပါသည်။ ထိုအချိန်တွင် ကျိုးရှောင်မိန်က အသည်းအသန် ဝင်လာခဲ့ခြင်း ဖြစ်သည်။

ကျိုးရွှမ်း၊ ကျိုးကွေ့လိုင်၊ ကန်းကျစ်နှင့် အာ့နီတို့ အားလုံးလည်း ဇဝေဇဝါဖြစ်သွားကြ၏။

"စတုတ္ထယောင်းမ၊ ကျူးမိသားစုက ကျူးကျန်းကျန်းကို နင်မှတ်မိသေးလား။" ဟု ကျိုးရှောင်မိန်က မေးလိုက်သည်။

"မှတ်မိတယ်လေ။" လင်းချင်းဟယ်က ခေါင်းငြိမ့်လိုက်၏။ သူမယောက္ခမက ထိုအကြောင်း ပြောဖို့ ဒီကို တကူးတက လာခဲ့ဖူးသဖြင့် သူမ မေ့မည် မဟုတ်ပါ။

"ဒီကောင်စုတ်လေးက သူ့ကို သဘောကျနေပြီး ဖွင့်ပြောလိုက်တယ်တဲ့။ ဟိုက ငြင်းလွှတ်လိုက်တာတောင် ဒီကောင်စုတ်လေးက လိုက်နှောင့်ယှက်နေသေးတယ်လို့ပြောတယ်။ ဒါကြောင့် ဟိုက ရွေးစရာမရှိတော့မှ ငါ့ကိုလာတိုင်တာလေ။" ကျိုးရှောင်မိန်က ဟူကျစ်ကို စိုက်ကြည့်ရင်း ပြောလိုက်သည်။

လင်းချင်းဟယ်နှင့် ကျိုးချင်းပိုင်တို့က ဟူကျစ်ကို လှည့်ကြည့်လိုက်ကြသည်။ အားလုံးကလည်း ဟူကျစ်ကို ကြည့်နေကြ၏။ ဟူကျစ် အခက်တွေ့လေပြီ။ ချက်ချင်းဆိုသလို သူတုန်လှုပ်သွားလေသည်။

သူအလျင်အမြန်ပြောလိုက်၏။ "ကျွန်တော်မပြောပါဘူး။ ကျွန်တော် ဘာမှမလုပ်ဘူး။”

"နင်လုပ်တုန်းက လုပ်ရဲပြီး ဝန်တော့မခံရဲဘူးပေါ့။ နင့်ကို ငါထင်ထားတာတွေ အကုန်မှားတာပဲ။” ကျိုးရှောင်မိန်က စိုက်ကြည့်ကာ ပြောလိုက်သည်။

ကျိုးရွှမ်း၊ ကျိုးကွေ့လိုင်၊ အာ့နီနှင့် ကန်းကျစ်တောင်မှ ဟူကျစ်ကို အထင်သေးစွာ ကြည့်လိုက်ကြသည်။ သူတို့အတွေးများကလည်း ကျိုးရှောင်မိန်အတိုင်းပင်။ လုပ်ရဲပြီး ဝန်မခံရဲသည့်အတွက် ဟူကျစ်ကို အပြစ်တင်နေကြသည်။

"မြို့တော်က ကောင်မလေးတစ်ယောက်ကို ရှာတာတော့ ငါမတားပါဘူး။ ဒါပေမယ့် နင့်အတွက် အကောင်းဆုံးဖြစ်ပါစေလို့တော့ ငါတို့မျှော်လင့်ထားတယ်။ ဒါပေမယ့် ကျူးကျန်းကျန်းကို နင့်အဘွား ဘယ်လောက် သဘောမကျလဲဆိုတာ နင်မသိဘူးလား။ ပြီးတော့ ကျူးမိသားစုကိုကော ဘယ်လို သဘောထားလဲ နင် မသိဘူးလား။ နင်က ရှေ့ဆက်တိုးရဲတယ်ပေါ့လေ။ နင်က အရိုက်ခံချင်လို့ တုတ်တောင်းနေတာနဲ့တူတယ်။" ကျိုးရှောင်မိန်က ဆူငေါက်လိုက်သည်။

ဟူကျစ်၏ မျက်နှာ နီရဲသွားသည်။

"အရင်ထိုင်ပြီး ဖြည်းဖြည်းပြောပါဟယ်။" လင်းချင်းဟယ်က ကျိုးရှောင်မိန်ကို ဆွဲကာ ထိုင်ခိုင်းလိုက်ပြီး လက်ထဲသို့ လိမ္မော်သီးတစ်လုံး ထိုးထည့်ပေးလိုက်သည်။ ထို့နောက် သူမက ဟူကျစ်ကို ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ဘာတွေဖြစ်နေလဲဆိုတာ ဒေါ်လေးကိုပြော။ ဒေါ်လေး မင်းကို ယုံပါတယ်"။

သူမ၏ တူက ဘယ်လိုလူမျိုးမို့လို့လဲ။ မြို့ပေါ်သို့ ခေါ်လာတာ ၂နှစ်တောင် ရှိနေပြီမို့ သူမ မသိဘဲနေပါ့မလား။ သူက စိတ်လိုက်မာန်ပါ လုပ်တတ်သူ မဟုတ်ပါ။ ဒီလိုကိစ္စမျိုးကိုလည်း တစ်ယောက်တည်း ဖွင့်ပြောရဲသည့် လူမျိုး မဟုတ်ပါ။ သူ့မှာ ထိုကဲ့သို့ စိတ်များဝင်လာပါက လူကြီးများကို ဖွင့်ပြောပါလိမ့်မည်။

"ဒေါ်လေး၊ ကျွန်တော်ပြောတာကို ယုံပါ။ ကျွန်တော် ဘာမှမလုပ်ဘူး။” ဟူကျစ်က ပြောလိုက်သည်။

"မင်းမလုပ်ဘူးဆို ရှင်းပြလေ။ မင်းက မလုပ်ဘူးလို့ပဲ ဆက်တိုက်ပြောနေတယ်။ မင်းကိုယ်မင်း လိပ်ပြာမလုံဘဲ ဘာမှမပြောနိုင်တာ သိသာပါတယ်ကွာ။" ကျိုးကွေ့လိုင်က မျက်စပြစ်လိုက်သည်။

ကျန်းကျစ်ကလည်း ခေါင်းငြိမ့်၏။ "ဟုတ်တယ် တတိယအစ်ကို ရှင်းပြပါ။”

"ဘာတွေဖြစ်နေမှန်းတောင် ငါမသိတော့ဘူး။ ငါ ဘယ်တုန်းက ကျူးကျန်းကျန်းကို ရည်းစားစကား ပြောခဲ့လို့လဲ။ ငါ သူ့ကို နှစ်ခါပဲ တွေ့ဖူးသေးတယ်။ အဲ့နှစ်ခါကလည်း မနေ့က တစ်ရက်တည်းမှာပဲ။ သူငါ့ကိုတွေ့တော့ ဘာမှန်းမသိတဲ့ စကားတွေပြောသွားတာ၊ ငါ ဘာမှတောင် နားမလည်လိုက်ဘူး။” ဟူကျစ်က သူအထင်လွဲခံရပြီး သေတော့မည်ဟု ခံစားနေရသည်။

"ဘယ်လို ဘာမှန်း မသိတဲ့ စကားတွေလဲ။" ကျိုးရွှမ်းက မေးလိုက်သည်။

"သူ့ကိုမကြိုက်နဲ့တဲ့။ သူက ကျေးရွာအိမ်ထောင်စုစာရင်းရှိတဲ့ ငါ့ကို လက်ထပ်ဖို့ မဖြစ်နိုင်ဘူးတဲ့။ အဲ့တုန်းက ငါနှင်းတွေလှည်းထုတ်နေတာကွာ၊ သူက ဘယ်မိသားစုကမှန်းတောင် ငါမသိဘူး။ ငါက ဘာလို့ သူ့ကို ကြိုက်ရမှာလဲ။ ဟုတ်သားပဲ၊ မနေ့က အဘွားမြင်တယ်။ အဘွား ငါ့အတွက် သက်သေခံပေးလို့ရတယ်။” ဟူကျစ်က မှတ်မိသွားပြီး အမြန်ပြောလိုက်သည်။

ကျိုးရှောင်မိန်က သူ့စတုတ္ထယောင်းမနှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ သူမမျက်လုံးထဲတွင် ဇဝေဇဝါဖြစ်နေသော အရိပ်အယောင်များ တွေ့နေရ၏။ "တကယ် မလုပ်ဘူးလား။"

"တကယ်မလုပ်ပါဘူး။ ကျွန်တော်က အဲ့လိုကိစ္စတွေ ဘယ်လိုသိမှာလဲ။” ဟူကျစ်က ခေါင်းကို ဆက်တိုက်ခါလိုက်သည်။

"ဒါဆို သူက ဘာလို့ ဒီလိုစကားတွေ လာပြောရတာလဲ။ သူ့မျက်နှာကလည်း နင်က အရမ်းလိုက်နှောင့်ယှက်နေလို့ စိတ်ညစ်နေတဲ့ပုံစံပေါက်နေတယ်။" ကျိုးရှောင်မိန်က အခက်တွေ့သွားသည်။

ကျူးကျန်းကျန်း၏ ပုံစံကြောင့် သူမ ဒေါသထွက်ခဲ့ခြင်းဖြစ်သည်။

"သူက ဒီတိုင်း လူထူးဆန်းပါဗျာ။ သူ ဘယ်သူမှန်းတောင် ကျွန်တော်မသိဘူး။ သူ့နာမည်တောင် အဘွားဆီကကြားမှ ကျူးကျန်းကျန်း ဆိုတာလောက်ပဲ သိထားတာပါ။ သူ့အဘွားက အရင်တုန်းက သူနဲ့ အစ်ကိုကြီး ကျိုးခိုင်တို့ကို အောင်သွယ်ပေးချင်နေတာလို့ အဖွားက ပြောတယ်။” ဟူကျစ်က ဒေါသတကြီး ပြောလိုက်သည်။

သူမ ပြောခဲ့သည့်အရာများကို လျစ်လျူရှုပေးနိုင်သည်။ သို့သော် ဒီနေ့ သူ့ဒေါ်လေးကို လာတိုင်လိမ့်မည်ဟု ဟူကျစ် မထင်ထားခဲ့ပါ။ ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ။

သူသာ သူမကို တကယ် တစ်ခုခု ပြောခဲ့လျှင် ဘာမှမဖြစ်ပါ။ သို့သော် သူက တကယ် ဘာမှ မပြောခဲ့ပေ။ စကားလေး တစ်ခွန်းတောင် မပြောခဲ့ပါ။ တစ်ယောက်ယောက်က ကြည့်လိုက်ရုံနှင့် သိနိုင်ပါသည်။

မိသားစုတစ်စုလုံး တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ ဘာတွေဖြစ်နေမှန်း မသိတော့ပါ။

"ရှောင်မိန်၊ ကျူးကျန်းကျန်းက နင့်ကို ဘာတွေပြောခဲ့တာလဲ။" လင်းချင်းဟယ်က မေးလိုက်၏။

ကျိုးရှောင်မိန်က သူမ မှတ်မိသလောက် ပြန်ပြောပြလိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ်လိုက်ပြီး "သူက တကယ်ကြီး ဖြစ်ခဲ့သလို ပြောခဲ့တာ။ သူ့လို ငယ်ငယ်ရွယ်ရွယ် မိန်းကလေးမျိုးက ဒီလိုကိစ္စမျိုးကို ကြံစည်ပြောလိမ့်မယ်လို့ ထင်တောင် ထင်မထားဘူး။"

တစ်ခုခု ဖြစ်နေလို့လား။

ကျူးကျန်းကျန်းနှင့်ယှဥ်လျှင် လင်းချင်းဟယ်က သူ့တူကို ပိုယုံကြည်ပါသည်။ ဟူကျစ်ကို ပြောလိုက်၏။ "လောလောဆယ် နင့်အဘိုးတို့အိမ်ကို မသွားနဲ့ဦး။"

ကျူးကျန်းကျန်းဆိုသည့် ကောင်မလေးက တကယ်ပဲ ဦးနှောက်မရှိကြောင်း သူမ ခန့်မှန်းလိုက်မိသည်။ ဟူကျစ်က သူမကို မကြာမကြာ ကြည့်မိသောကြောင့် အထင်ပဲ လွဲသွားတာလား။

"ဟုတ်ကဲ့၊ အခုတလော မသွားတော့ပါဘူး။" ဟူကျစ်က ဘာမှမပြောတော့ဘဲ ခေါင်းငြိမ့်လိုက်သည်။ ကျူးကျန်းကျန်းဆိုသည့် မိန်းကလေးက ကြောက်ဖို့ကောင်းလှသည်။ ထို့ကြောင့် လောလောဆယ်တော့ ဝေးဝေးက ရှောင်တာ ပိုကောင်းပေလိမ့်မည်။

"နားလည်မှု လွဲတာဆိုတော့လည်း ငါအရင်ပြန်နှင့်တော့မယ်။ တကယ်ဖြစ်တာထင်လို့ ငါ နင့်ကို ဆုံးမဖို့ အပြေးလာခဲ့တာ။" ကျိုးရှောင်မိန်က မတ်တပ်ရပ်ကာ ပြောလိုက်သည်။

"ပန်းသီးနဲ့ လိမ္မော်သီးတွေ စားဖို့ ယူသွားပါဦး။" လင်းချင်းဟယ်က ပြောလိုက်၏။

ကျိုးကွေ့လိုင်က အိတ်တစ်လုံးယူလိုက်ပြီး ပန်းသီးနှင့် လိမ္မော်သီးများကို ထည့်ပေးလိုက်သည်။ သူတို့အိမ်တွင် ပန်းသီး၊ လိမ္မော်သီး ပုံးများစွာ ရှိနေပါသည်။

"အေးပြီး ခြောက်သွေ့နေတာပဲ။ စတုတ္ထယောင်းမ၊ နောက်နှစ်ကျ သစ်သီးဝယ်မယ်ဆို ငါ့ကိုခေါ်ဖို့သတိရနော်၊ ငါပိုဝယ်ပေးမယ်။" ကျိုးရှောင်မိန်က ပြုံးကာ ပြောလိုက်သည်။

သူမ၏ စတုတ္ထယောင်းမပေးသည့် အရာများကို အမြဲတမ်းစားနေလို့ မဖြစ်ပါ။ သူမမိသားစု အခြေအနေက ယခုကောင်းမွန်နေပြီဖြစ်သဖြင့် အရမ်းချွေတာနေဖို့ မလိုတော့ပေ။

"ဘာမှ အပန်းမကြီးပါဘူး။" လင်းချင်းဟယ်က လက်ရမ်းပြလိုက်သည်။

All Chapters