← Chapters

ရက်စက်သော အတွေးများ

Vol. 30 Ch. 420

ရက်စက်သော အတွေးများ

Vol. 30 Ch. 420

အခန်း(၄၂၀) - ရက်စက်သော အတွေးများ

သူတို့ရေခဲမြို့တော်ကို မမြင်ခဲ့ရသော်လည်း လင်းချင်းဟယ်နှင့် အမေဝိန်တို့ကတော့ လမ်းခရီးတွင် ခိုင်မာသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့ပါသည်။

ကျိုးမိသားစု အခြေအနေကိုလည်း အမေဝိန် အားရသွားမိသည်။

သူမ၏ သမီးလေး အိမ်ထောင်ပြုတဲ့အခါ ဒီလို အသိတရားရှိပြီး စွမ်းဆောင်နိုင်ရည်ရှိသော ယောက္ခမမျိုးရရှိပါက မဆိုးနိုင်လောက်ပါဟု ခံစားလိုက်ရသည်။

လင်းချင်းဟယ်ကလည်း အမေဝိန်က သဘောကောင်းပြီး နူးညံ့သူတစ်ယောက် ဖြစ်သည်ဟု ခံစားခဲ့ရသဖြင့် သူမလည်း အားရခဲ့ပါသည်။

မြို့တော်သို့ ပြန်ရောက်လာကြသောအခါ မီးပုံးပွဲတော်အချိန်နှင့် သူတို့တိုးကြသည်။

"ဟင်းမချက်ဘဲနေကြရအောင်လား။ မစ်စတာဝိန်ကို ခေါ်ပြီး ကျွန်မတို့ ဆိုင်မှာ သိုးသားဖက်ထုပ် စားကြရအောင်လေ။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"သြော် မဟုတ်တာ" အမေဝိန်က ပြုံးကာ ပြောလိုက်သည်။

"အားနာဖို့ မလိုပါဘူး။ အထုပ်အပိုးသာ ပြန်သွားထားလိုက်၊ ပြီးရင် မစ်စတာဝိန်ကို ခေါ်လာခဲ့။ ကျွန်မတို့ နောက်ဘတ်စ်ကားကို စောင့်ပြီး အတူသွားကြမယ်။" ဟု လင်းချင်းဟယ်က ပြောလိုက်သည်။

"မလိုပါဘူး။ ရှင်တို့ အရင်ပြန်ကြပါ။ လူအိုကြီးဝိန်ကို ကျွန်မပဲ ပြောလိုက်ပါ့မယ်။ ကျွန်မတို့ ၅နာရီခွဲလို့မှ ရောက်မလာရင် ကိုယ့်ဖာသာကိုယ်ပဲ စားနှင့်ကြနော်။ ကျွန်မတို့အတွက် မပူပါနဲ့။" ဟု အမေဝိန်က ပြန်ပြောလိုက်သည်။

"ဒါဆိုလည်း လာဖို့ မမေ့နဲ့နော်။" လင်းချင်းဟယ်က ပြောလိုက်သည်။

မကြာခင်မှာပဲ အမေဝိန်က သူမတို့ အိမ်အနား ကားမှတ်တိုင်သို့ ရောက်လာသည်။ သူမကားပေါ်မှဆင်းလိုက်သည်နှင့် လက်ပြနှုတ်ဆက်ကာ အိမ်ပြန်လာလိုက်သည်။ အဖေဝိန်ကို အိမ်တွင် ရှိနေလောက်မည်ဟု ထင်ထားသော်လည်း အံ့အားသင့်စရာကောင်းလောက်အောင်ပင် သူက ရှိမနေပါ။

သို့သော် လင်းချင်းဟယ်နှင့် ကလေးများ အိမ်ပြန်သွားကြသောအခါ အဖေဝိန်ကို ဖက်ထုပ်ဆိုင်တွင် တွေ့လိုက်ကြရသည်။

"သြော် ဦးလေးဝိန်က ဒီရောက်နေတာကိုး။ မိန့်ကျားတို့အမေကို ရှင့်ကိုခေါ်ပြီး မီးပုံးပွဲတော်မှာ ကျွန်မတို့နဲ့ အတူတူလာစားဖို့ မှာလိုက်တယ်။ သူက ကားဂိတ်မှာ ဆင်းသွားတယ်။ အမြန် စက်ဘီးစီးပြီး သူ့ကို ပြန်သွားခေါ်ပါဦး။" လင်းချင်းဟယ်က အဖေဝိန်ကို မြင်သောအခါ အလျင်အမြန် ပြောလိုက်သည်။

အပြင်သို့ အတူတူသွားပြီးကြသောအခါ သူတို့၏ ဆက်ဆံရေး တိုးတက်မှုက အလွန်မြန်ဆန်ပြီး အချင်းချင်း ခေါ်ဝေါ်သည့် ပုံစံများကလည်း ပြောင်းလဲသွားကြသည်။

အဖေဝိန်က ပြုံးလိုက်ပြီး ပြန်ပြောလိုက်သည်။ "ဒါဆိုလည်း ဒီနေ့ည ငါတို့နှစ်ယောက် အနှောင့်အယှက်ပေးရဦးမှာပေါ့။"

"ဘာကို အနှောင့်အယှက်ပေးတယ်လို့ ဆိုရမှာလဲ။ လူပိုများလေလေ ပျော်စရာပိုကောင်းလေပါပဲရှင်။" လင်းချင်းဟယ်က ပြန်ပြောလိုက်၏။

အဖေဝိန်က ရယ်မောလိုက်ပြီး စက်ဘီးစီးကာ ပြန်သွားသည်။ လင်းချင်းဟယ်က ကျိုးချင်းပိုင်ကို ကြည့်လိုက်ပြီး ကျိုးချင်းပိုင်လည်း လင်းချင်းဟယ်ကို ကြည့်လိုက်သည်။

"ကျွန်မ ဒီလောက်ရက်တွေ အကြာပြီး အပြင်သွားနေတာ ရှင် ကျွန်မကို မလွမ်းဘူးလား။" လင်းချင်းဟယ်က အာ့နီနှင့် အခြားသူတို့ကိုရှောင်ရင်း အနားသွားကာ တီးတိုးမေးလိုက်သည်။

ကျိုးချင်းပိုင်က သူမကို တစ်ချက်ကြည့်လိုက်ပြီး ဖက်ထုပ် ဆက်ထုပ်နေလိုက်သည်။ ကျိုးချင်းပိုင်က သူမကို လွမ်းနေမှန်း လင်းချင်းဟယ် သိပါသည်။

ရထားပေါ်တွင် အကြာကြီး ထိုင်လာရသဖြင့် သူမ ပင်ပန်းနေသည်။ ထို့ကြောင့် ဒုတိယထပ်တွင် သွားလှဲနေလိုက်သည်။

ကျိုးအာ့နီက စတုတ္ထဦးလေးကို ကူညီပေးနေ၏။

ကျိုးရွှမ်းနှင့် ကောင်လေးများက ပစ္စည်းများကို အိမ်သို့ပြန်ယူသွားပြီး နေရာချလိုက်သည်။ ထို့နောက် ဆိုဖာပေါ်တွင် မှီကာ အလွန် သက်တောင့်သက်သာ ရှိသွားသလို ခံစားလိုက်ရသည်။

ခရီးသွားခြင်းက ပျော်ဖို့ကောင်းသော်လည်း အားအင်တော့ ကုန်ခမ်းလွန်းလှပါသည်။

"မြန်မြန်လုပ် သန့်ရှင်းရေးလုပ်ပြီး ဆိုင်သွားကြမယ်။ ညစာစားဖို့ အချိန်တောင်ရောက်နေပြီ။" ဟူကျစ်က အလောတကြီး ပြောလိုက်သည်။

"လေးနာရီပဲ ရှိပါသေးတယ်ကွာ။ ငါတို့စားမှာ ၆ နာရီဝန်းကျင်လောက်မှထင်တယ်။" ကန်းကျစ်က ပြန်ပြောလိုက်၏။

"ဟုတ်တယ်။" ကျိုးကွေ့လိုင်ကလည်း လှဲချလိုက်သည်။ သူ မလှုပ်ချင်တော့ပါ။

ဆိုဖာပေါ်တွင် လှဲခြင်းက သိပ်ပြီး သက်တောင့်သက်သာ မရှိသဖြင့် အခန်းထဲဝင်ကာ အနားယူနေလိုက်သည်။ ကန်းကျစ်လည်း လိုက်သွား၏။

အခန်းထဲတွင် ကုတင်ကြီးနှစ်လုံး ရှိနေသည်။ သူတို့နှစ်ယောက် အိပ်ဖို့တော့ လုံလောက်ပါသည်။ သူတို့က ဆယ်ကျော်သက် အရွယ်ပဲ ရှိသေးတာကိုး။ နှစ်ယောက်သား ခဏလေးနှင့် အိပ်မောကျသွားကြသည်။

"ငါလည်း အထဲဝင်ပြီး ခဏလောက် လှဲလိုက်ဦးမယ်။ ငါတို့ကို ခဏနေကျရင် ခေါ်လိုက်နော်၊ ဟူကျစ်။" ကျိုးရွှမ်းက ပြောလိုက်သည်။

"သွားသွား" ဟူကျစ်က လက်ရမ်းပြလိုက်၏။ သူကတော့ မအိပ်ပါ။ ဖက်ထုပ်ဆိုင်သို့ ထွက်လာခဲ့၏။ သို့သော် အောက်ထပ်တွင် ကျိုးမေ့လျန်နှင့် သွားဆုံလေသည်။

သူတို့က ခင်မင်ရင်းနှီးသည်ဟု သတ်မှတ်နိုင်သဖြင့် ဟူကျစ်က ခေါင်းငြိမ့်ပြကာ ဆက်သွားဖို့ ပြင်လိုက်သည်။

"ဒီရက်ပိုင်း မတွေ့သလိုပဲနော်။ မင်း ဘယ်တွေ သွားနေတာလဲ။" ကျန်းမေ့လျန်က မေးလိုက်သည်။

"ဟိုင်းအာကို အပျော်ခရီး သွားတာပါ။" ဟူကျစ်က ပြန်ဖြေလိုက်သည်။ "ကျွန်တော့်ကို တစ်ခုခု အကူအညီ တောင်းစရာရှိလို့ ရှာနေတာလား။"

"တို့သူငယ်ချင်းက တို့ကို ရုပ်ရှင်လက်မှတ် နှစ်စောင်ပေးထားလို့ မင်းအားလား မေးချင်လို့ပါ။" ကျန်းမေ့လျန်က နှုတ်ခမ်းကိုက်ကာ ပြုံးလိုက်သည်။

"ကျွန်တော် အချိန်မရဘူး၊ အလုပ်များနေလို့ပါ။" ဟူကျစ်က သူမကို တစ်ချက်ကြည့်လိုက်ပြီး လှည့်ထွက်သွားသည်။

စိတ်ထဲတွင်တော့ ရေရွတ်နေမိ၏။  "ဒီမိန်းမက ဘာသဘောလဲဟ။ သူ့ကို ရုပ်ရှင်ကြည့်ဖို့ ရှာနေတာတဲ့လား။ ငယ်ငယ်ရွယ်ရွယ် မိန်းမတစ်ယောက်က သူ့ကို ရုပ်ရှင်ကြည့်မလားလို့ မေးနေတာ ဘာမှားနေတာလဲ။"

ကျန်းမေ့လျန် ကြက်သေသေသွားသည်။ သူ့ကို သူမဘက်က ဦးစွာ ရုပ်ရှင်ကြည့်ဖို့ပြောသည့်အခါ သူက ငြင်းဆိုလိမ့်မည်ဟု မထင်ထားခဲ့ပါ။

ဒီရွာသားလေးကတော့။ ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ။ ဒီလိုကိစ္စမျိုးတွင် သူ့ဘက်က ဦးစွာ ပြောသင့်သည်ဖြစ်သည်။ ယခုတော့ သူမဘက်က အရိပ်ပြတာတောင် အကောင်မမြင်ပါ။

ကျန်းမေ့လျန် ထပ်မံ သံသယဝင်လာပြန်သည်။ ထိုကဲ့သို့လူမျိုးက သူမအတွက် တကယ်ပဲ ပျော်ရွှင်မှု ယူလာပေးနိုင်ပါ့မလား။ သူမဘယ်လိုပဲကြည့်ကြည့် သူက အားကိုးစရာ မကောင်းပါ။ ဒီလောက်ထိ ကြံ့ခိုင်ပြီး ဘာမှအသုံးမဝင်ပေ။

ကျန်းမေ့လျန်က အံကြိတ်လိုက်ပြီး ထွက်သွားဖို့ပြင်လိုက်သည်။

"ရှင် ကျွန်မရဲ့ ဝမ်းကွဲမောင်လေးကို လိုက်ဖို့ ကြံနေတာလား။" ထိုအချိန်တွင် အသံတစ်ခု ထွက်ပေါ်လာ၏။

ကျန်းမေ့လျန် လှည့်ကြည့်လိုက်တော့ ရှုရှန့်မိန်ကို တွေ့လိုက်ရသည်။

ရှုရှန့်မိန်က အနည်းငယ် ဝလာပြီဖြစ်သော်လည် လက်ထပ်ပြီးနောက် ကောင်းကောင်းမွန်မွန် နေနေရသည့်ပုံပင်။ အသားအရည်ကလည်း ကောင်းမွန်နေသည်။

ဟူကျစ်က သူမ၏ ဝမ်းကွဲမောင်ဟု ဆိုနိုင်၏။ ဒီနှစ် ၁၉ နှစ်ဖြစ်ကြပြီး အသက်တူတူပဲဖြစ်သော်လည်း သူမက ဟူကျစ်ထက် တစ်လပိုကြီးသည်။

"ရှင် ပါလား။" ကျန်းမေ့လျန်က ရှုရှန့်မိန်ကို တန်းသိလိုက်သည်။ သူမက အပြင်ဘက်တွင် နေပြီး အိမ်သို့ ပြန်မလာသည်က များသော်လည်း ရှုရှန့်မိန်ကို မြင်ဖူးပါသည်။ ထို့အပြင် ၅ရက်နေ့က သူတို့ပြန်လာစဥ်တုန်းက ကျောက်ကျွင့်နှင့် သူမတို့ကို မြင်ဖူးပါသည်။

"ဟူကျစ်က ကျွန်မမောင်ပါ။ ကျွန်မနာမည်က ရှုရှန့်မိန်ပါ။" ရှုရှန့်မိန်က မိတ်ဆက်လိုက်၏။

ဒီနေ့ သူမရဲ့ စတုတ္ထဦးလေးတို့အိမ်ကို လာလည်သောအခါ ဒီလိုမြင်ကွင်းမျိုး တွေ့ရလိမ့်မည်ဟု သူမ မထင်ထားခဲ့ပါ။

"ကျွန်မ ရှင့်ကို သိပါတယ်။" ကျန်းမေ့လျန်က သူမအကြောင်း လေ့လာထားပြီးသားဖြစ်သည်။ မသိဘဲ ရှိပါ့မလား။ ရပ်ကွက်တစ်ခုလုံး ပျံ့နှံ့နေသည့် သတင်းက ကျိုးမိသားစုဟောင်း၏ တူမက လှပပြီး မိသားစုကောင်းကောင်း တစ်ခုနှင့် လက်ထပ်လိုက်ရသည်ဟူသော အကြောင်းပင်။

သူမ မြင်သလောက်တော့ ပုံစံက သာမန်ပင်။ ကောလဟာလများက ပြောသလောက် ရှုရှန့်မိန်က မလှပါ။

သို့သော်လည်း အရင်တစ်ခေါက် သူမမြင်ခဲ့သည့် ယောက်ျားကတော့ ကြည့်ကောင်းသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့် သူဌေးသားမှန်း ပြောနိုင်သည်။ ဘာကြောင့် ဒီလိုကျေးရွာဘက်က မိန်းကလေးကို မျက်စိကျခဲ့ရတာလဲ။

"အခုလေးတင် ရှင် ကျွန်မရဲ့ ဝမ်းကွဲမောင်လေးကို ရုပ်ရှင်ကြည့်ဖို့ ဖိတ်တာ ကြားလိုက်ရသလိုပဲနော်။" ရှုရှန့်မိန်က ပြုံးလိုက်၏။

ကျန်းမေ့လျန်က ဘာမှပြန်မပြောပါ။

"မအံ့သြပါနဲ့။ ဟူကျစ်က ဒီလိုပါပဲ။ သူက မိန်းကလေးတွေရဲ့ စိတ်ကို လုံးဝ နားမလည်ဘူး။ ဒါပေမယ့် သူက လူကောင်းတစ်ယောက်ပါ။ သူက ကျေးရွာအိမ်ထောင်စုစာရင်းရှိပေမယ့် မိသားစုအခြေအနေက မဆိုးပါဘူး။" ရှုရှန့်မိန်က ပြောလိုက်သည်။

"သူ့မိသားစုအခြေအနေက အဆင်ပြေတယ်ဟုတ်လား။ ဒါပေမယ့် သူပြောတော့ သူ့အိမ်အခြေအနေက တော်တော်ဆိုးတယ်ဆို။” ကျန်းမေ့လျန်က မေးလိုက်သည်။

"မြို့တော်နဲ့ ယှဥ်ရင်တော့ ဆိုးတယ် ထင်ရမှာပေါ့။ ဒါပေမယ့် ကျေးရွာဘက်မှာတော့ မဆိုးပါဘူး။" ရှုရှန့်မိန်က ခေါင်းခါလိုက်သည်။ "ပြီးတော့ ကျွန်မဒေါ်လေးကလည်း သူ့ကို ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်စေချင်တာ။ သေချာပေါက် သူက အနာဂတ်မှာ အလားအလာ ရှိလိမ့်မယ်။"

"တကယ် ပြောနေတာလား။" ကျန်းမေ့လျန်က အလျင်အမြန် မေးလိုက်သည်။

"တကယ် ပြောတာပေါ့။ ကျွန်မဒေါ်လေးက သူ့ညီကို ခေါ်ခဲ့တာ မတွေ့ဘူးလား။ သူတို့ညီအစ်ကိုတွေကို သူက ပျိုးထောင်ပေးချင်နေတာလေ။" ရှုရှန့်မိန်က အပြုံးဖြင့် ပြောလိုက်သည်။ သို့သော် သူမမျက်လုံးထဲတွင်တော့ စိတ်တိုသည့် အရိပ်အယောင် ပြသနေသည်။

သူတို့အားလုံးက တူအရင်းများ ဖြစ်ကြသည်။ သို့သော် သူမ၏ မောင်လေး ရှန့်ချမ်းကတော့ ဒီကိုလာဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း ဦးလေးနှင့် ဒေါ်လေးက လက်မခံခဲ့ပါ။ သို့သော်လည်း ဒုတိယဒေါ်လေးမိသားစုမှ ညီအစ်ကိုနှစ်ယောက်ကိုတော့ ခေါ်ခဲ့ကြသည်။ ကွာခြားချက်က ဘယ်လောက်တောင် ကြီးမားနေလိုက်သလဲ။

ကျန်းမေ့လျန်က ပြုံးကာ ပြောလိုက်သည်။ "ကောင်းတာပေါ့။ ဆရာမလင်းက သဘောကောင်းတာပဲ။"

"ဒီအကြောင်းတွေ ပြောပြနေတာက ကျွန်မမောင် မငယ်တော့ဘူးလို့ ပြောချင်တာပါ။ သူ့အသက်က ၁၉ နှစ်ရှိပြီ။ သူ မိန်းမယူလို့ရပြီ။ မြို့တော်က မိန်းကလေးတစ်ယောက်နဲ့သာ လက်ထပ်နိုင်ရင် သူတို့ရဲ့ ဟွမ်းမိသားစု အရမ်းပျော်သွားကြလိမ့်မယ်။" ရှုရှန့်မိန်က ရွှင်ပျစွာ ပြောလိုက်သည်။

ထို့နောက် သူမသည် လေသံကို ပြောင်းလိုက်ပြီး ပြောလိုက်၏။ "ဒါပေမယ့် ဒီကိစ္စကို ကျွန်မတို့ဒေါ်လေး မသိစေတာ ပိုကောင်းလိမ့်မယ်၊ မဟုတ်ရင် ဒေါ်လေးက အရင်ဆုံး သဘောမတူမှာ သေချာတယ်။"

ဒီကျန်းမေ့လျန်က ပန်းသီးပုပ်မှန်း ရပ်ကွက်ထဲမှာ မသိတဲ့လူ ရှိပါ့မလား။ သူမ ယောက်ျား ဘယ်နှယောက်နဲ့ တွဲဖူးသလဲ မသိဘူးလား။ သူမနှင့် ဟူကျစ်တို့သာ လက်ထပ်လိုက်ပါက သူမ၏ စတုတ္ထဒေါ်လေးက ဒုတိယအဒေါ်ကို ဘယ်လိုပြန်ရှင်းပြမလဲ ဆိုတာ ရှုရှန့်မိန် တွေ့ချင်နေမိပါသည်။

All Chapters