← Chapters

ကြင်စဦးကာလတွင် ခေတ္တခွဲခွာရသလိုပင်

Vol. 30 Ch. 421

ကြင်စဦးကာလတွင် ခေတ္တခွဲခွာရသလိုပင်

Vol. 30 Ch. 421

အခန်း(၄၂၁) - ကြင်စဦးကာလတွင် ခေတ္တခွဲခွာရသလိုပင်

လင်းချင်းဟယ်က ကျန်းမေ့လျန်ကို အထင်မကြီးတာ သိသာပါသည်။

သူမ လင်းချင်းဟယ်ကို နှုတ်ဆက်လိုက်တိုင်း ဘာမှမတုန့်ပြန်ပါ။ သူမသာ သိသွားလျှင် သေချာပေါက် တားလိမ့်မည်။

"စိတ်မပူပါနဲ့။ ကျွန်မ မတိုင်ပါဘူး။ အဲ့ဒီအပြင် ဟူကျစ်နဲ့ စကားပြောဖို့ ကျွန်မ ကူညီပေးမယ်။ ဒါပေမယ့် ဟူကျစ်နဲ့ လက်ထပ်ပြီးရင် သူနဲ့ ကောင်းကောင်းမွန်မွန်နေပါ့မယ်လို့တော့ ကျွန်မကို ကတိပေးရလိမ့်မယ်။ ကျွန်မက သူ့ကို မြို့တော်က မိန်းကလေးနဲ့ လက်ထပ်စေချင်လို့ပါ။" ဟု ရှုရှန့်မိန်က ပြောလိုက်သည်။

"သေချာတာပေါ့။" ကျန်းမေ့လျန်က ရှုရှန့်မိန်တစ်ယောက် သူမကို ကူညီပေးချင်မှန်း ကြားလိုက်ရသောအခါ အလျင်အမြန် ပြောလိုက်သည်။ "အပြင်မှာ ပြောနေကြတဲ့ အရာတွေ အကုန်လုံးက အမှားတွေချည်းပဲ။ အရင်တုန်းက ငါတို့ကျန်းမိသားစုက အာဏာရှိပြီး သူတို့ကို မကူညီလို့ အဲ့ဒီအတင်းတုပ်တဲ့ မိန်းမတွေ ငါ့အကြောင်း အပုပ်ချနေတာပါ။"

ရှုရှန့်မိန်က ရင်ထဲတွင် လှောင်ပြောင်လိုက်သည်။ ရှင်သာ ကောင်းရင် လူတွေက ရှင့်အကြောင်း ပြောပါ့မလား။

"ကျွန်မ ရှင့်ကို ယုံပါတယ်။" ရှုရှန့်မိန်က နှုတ်ခမ်းစုကာ ပြုံးလိုက်သည်။ ထို့နောက် နှုတ်ဆက်လိုက်သည်။

အစကတော့ အပေါ်ထပ်ကို တက်ဖို့ လာသော်လည်း ယခုတော့ နောက်လှည့်ပြီး ဖက်ထုပ်ဆိုင်သို့ တန်းသွားခဲ့သည်။

ဒီလိုအေးစက်သော ရာသီဥတုမျိုးတွင် အပြင်ထွက်လာသော သူမကို မြင်သောအခါ ကျိုးချင်းပိုင် မျက်မှောင်ကြုတ်သွား၏။ "ဒီနေ့က မီးပုံးပွဲတော်လေ။ နင်အိမ်မှာပဲနေပြီး  ဖက်ထုပ်စားနေရမှာ မဟုတ်ဘူးလား။ ဘာဖြစ်လို့ ထွက်လာတာလဲ။"

"ဒီနေ့က မီးပုံးပွဲတော်မှန်း သိပါတယ်။ ကျောင်းမိသားစုအိမ်မှာ မနက်စာနဲ့ နေ့လည်စာ စားပြီးသွားပါပြီ။ ဒီမှာ ညစာစားချင်လို့ ထွက်လာခဲ့တာ။" ရှုရှန့်မိန်က ပြုံးကာ ပြောလိုက်သည်။

"အစ်မရှန့်မိန် ကျေးဇူးပြုပြီး အဘိုးနဲ့အဘွားတို့အိမ်မှာ သွားစားပါလား။ ခဏနေရင် ဒီကို ဧည့်သည်တွေ ရောက်လာဦးမှာ၊ ဒီဘက်မှာ လူတွေ အရမ်းများလွန်းတယ်။" ဟူကျစ်က ပြောလိုက်၏။

အဖေဝိန်နှင့် အမေဝိန်တို့က မကြာခင် ရောက်လာတော့မည်ဖြစ်သည်။ အဘိုးဝမ်လည်း လာမည်။ ကျိုးအာ့နီက အထည်စက်ရုံတွင် ဝမ်ယွမ်ကို သွားခေါ်သဖြင့် ဝမ်ယွမ်လည်း လာဦးမည်။

ထို့ကြောင့် လူအရေအတွက် အလွန်များပါသည်။

"ဘယ်က ဧည့်သည်တွေ လာကြမှာလဲ။" ရှုရှန့်မိန်က မေးလိုက်၏။

"ဒေါ်လေးဝိန်နဲ့ တခြားသူတွေပါ။" ဟူကျစ်က ပြန်ဖြေလိုက်သည်။

ရှုရှန့်မိန်က သိပ်စိတ်မဝင်စားဘဲ ပြောလိုက်သည်။ "ဒါဆိုလည်း အဘိုးနဲ့အဘွားတို့အိမ်မှာ သွားစားလို့ အဆင်ပြေပါတယ်။" ဘာပဲဖြစ်ဖြစ် ကျိုးမိသားစုဟောင်းအိမ်သို့ သူမမျက်နှာ လာပြရသည်ကိုပင် ကျေနပ်ပြီဖြစ်သည်။

"ဒီလောက်အေးနေတာကို ကျောက်ကျွင့်ကော မပါဘူးလား။" ကျိုးချင်းပိုင်က မေးလိုက်သည်။

ကျိုးချင်းပိုင် မကျေနပ်နေသည်မှာ သိသာပါသည်။ သူ့တူမကို စိတ်ပျက်မိသော်လည်း သူ့တူမကို ကျောက်ကျွင့်က ဒီလိုဆက်ဆံတာမျိုးကိုတော့ မခံစားစေချင်ပါ။

ရှုရှန့်မိန်က သူမ၏ဦးလေး သူမကို ဂရုစိုက်နေသေးမှန်း သိသဖြင့် ပြန်ပြောလိုက်သည်။ "ကျောက်ကျွင့်က နည်းနည်း အလုပ်များနေလို့ပါ။"

တကယ်တော့ ဒီနေ့ည အတူတူ လာဖို့ ကျောက်ကျွင့်ကို မေးခဲ့ပါသည်။ သို့သော်လည်း နှစ်သစ်ကူးတုန်းက သူစိမ်းဆန်ဆန် ဆက်ဆံခံရပြီး ကျောင်ကျွင့်ကလည်း ဘဝင်မြင့်သဖြင့် ဒီနေ့လိုက်မလာခြင်းဖြစ်သည်။

ကျိုးချင်းပိုင်က သူမကို ကြည့်သာကြည့်လိုက်ပြီး ဘာမှမပြောတော့ပေ။

ရှုရှန့်မိန်က အဖေကျိုးနှင့်အမေကျိုးတို့အိမ်သို့ သွားလိုက်၏။

အမေကျိုးက သူမကို မြင်သောအခါ ဒေါသဖြင့် ပြောဆိုလိုက်သည်။ "ဒီလောက်အေးတဲ့နေ့မှာ ကျောင်းအိမ်မှာ ဖက်ထုပ်စားမနေဘဲ ဘာလို့ ဒီရောက်လာတာလဲ။"

"အဘွား၊ ဒီနေ့ မီးပုံးပွဲတော်နေ့မလို့ အဘွားတို့နှစ်ယောက်နဲ့ အတူတူ ဖက်ထုပ်စားဖို့ လာခဲ့တာပါ။" ရှုရှန့်မိန်က အမေကျိုးလက်မောင်းကို ဖက်ရင်း ပြောလိုက်သည်။

အမေကျိုးက သူမလက်ကို ဆွဲထားတာ မကြိုက်သော်လည်း ရှုရှန့်မိန်၏ ကိုယ်ဝန်ကို ထည့်တွက်ပြီး ဘာမှမပြောဘဲ နေလိုက်သည်။

ကျိုးရှောင်မိန်ကလည်း ထိုအချိန်တွင် အိမ်ပြန်ရောက်လာပြီဖြစ်ပြီး တူမဖြစ်သူ ရှုရှန့်မိန် ရောက်လာသည်ကိုမြင်သောအခါ သူမ မတွေ့ချင်ခဲ့ပါ။

နှစ်သစ်ကူးနေ့တုန်းက သူမယောက်ျား တာ့လင်း၏ စကားထစ်သည်ကို ကျောက်ကျွင့်က အထင်သေးခဲ့ခြင်းအား မမေ့နိုင်သေးပါ။ သူမယောက်ျား တာ့လင်းကို ကျောက်ကျွင့်က လုံးဝ စကားမပြောချင်ခဲ့ပေ။

သူတို့က သူ့ကို စကားပြောချင်တယ်များ ထင်နေသလား။ သူမယောက်ျား တာ့လင်းက သဘောကောင်းလွန်းပြီး သူ့ကို စကားနည်းနည်း ပြောချင်ခဲ့ရုံသာဖြစ်သည်။

"ဒေါ်လေး" ရှုရှန့်မိန်က တံခါးမှ ဝင်လာသော ကျိုးရှောင်မိန့်ကို မြင်သောအခါ နှုတ်ဆက်ပြီး ဘာမှ မပြောတော့ချေ။

သူ့ဦးလေးဘက်ကိုတော့ မျက်နှာသာ ရ‌အောင် လုပ်ဖို့ လိုအပ်ပြီး ဒီဒေါ်လေးဘက်ကိုတော့ မျက်နှာရအောင် လုပ်စရာမလိုပါ။ သူတို့က ဘန်းမုန့်ဆိုင်တစ်ဆိုင်သာ ပိုင်ထားပြီး တစ်လဝင်ငွေ ဘယ်လောက်များ ရနိုင်မှာမို့လို့လဲ။

ကျိုးရှောင်မိန်က ခေါင်းသာငြိမ့်ပြလိုက်ပြီး ဘာမှသိပ်မပြောတော့ပါ။

ရှုရှန့်မိန် ဖက်ထုပ်ဆက်စားနေလိုက်သည်။

အနားယူပြီးသွားသောအခါ လင်းချင်းဟယ်တစ်ယောက် လုံးဝ လန်းဆန်းသွားသလို ခံစားလိုက်ရသည်။ သူမ လက်မခံချင်သော်လည်း သူမ အသက်အရွယ်ရလာသည်မှာ အမှန်တရား ဖြစ်ပါသည်။

သူမ အောက်ထပ်သို့ ဆင်းလာတော့ အဖေဝိန်နှင့် အမေဝိန်တို့ပင် ရောက်နေကြပြီ ဖြစ်သည်။ ကျိုးအာ့နီနှင့် ဝမ်ယွမ်တို့လည်း ပါကြသည်။

လင်းချင်းဟယ်က ရှက်သွားပြီး ကျိုးချင်းပိုင်ကို စိုက်ကြည့်လိုက်၏။ "အားလုံးရောက်နေတာတောင် ကျွန်မကို ဘာလို့ လာမခေါ်တာလဲ။"

"ဘာမှမဖြစ်ပါဘူး။ ကျွန်မတို့လည်း အခုမှ ရောက်တာပါ၊ ကျွန်မလည်း အိပ်ခဲ့တာပဲ။" အမေဝိန်က ရယ်မောလိုက်သည်။

လင်းချင်းဟယ်က သွားပေါ်အောင် ပြုံးလိုက်၏။ ထို့နောက် ဟူကျစ်ကို ကောင်လေးများအား သွားခေါ်ခိုင်းလိုက်သည်။ ညစာစားဖို့ အချိန်ရောက်ပြီ။

အဖေဝိန်နှင့် အမေဝိန်တို့ကို စကားပြောရင်း လင်းချင်းဟယ်က ဝမ်ယွမ်ကိုလည်း စကားပြောဖို့ မမေ့ပါ။ အခြေအနေက ဘယ်တော့မှ အေးစက်မသွားဘဲ နွေးထွေးနေပါသည်။

သူတို့ရောက်လာကြသောအခါ တစ်မိသားစုလုံး ဝန်းရံကာ ဖက်ထုပ်များ စားသောက်နေကြပြီ ဖြစ်သည်။

စားသုံးသူတစ်ယောက် ရောက်လာပါက ကျိုးချင်းပိုင်က ထလုပ်ပေးလိုက်မည်ဖြစ်သည်။ အလွန်ရိုးရှင်းပါသည်။

"ဒီသိုးသားဖက်ထုပ်က အရမ်းအရသာရှိတာပဲ။ ဒါပေမယ့် ဒီလောက်ကြီးတဲ့ ဖက်ထုပ်လုပ်တော့ အမြတ်ကော ရပါ့မလား။" အဖေဝိန်က ကျိုးချင်းပိုင်ကို မေးလိုက်သည်။

"အမြတ်ရတာတော့ နည်းပေမယ့် အမြန်တော့ ကုန်တာပေါ့။" ကျိုးချင်းပိုင်က ပြန်ဖြေလိုက်သည်။

မနှစ်ကတည်းက သူ့ဖက်ထုပ်စျေးနှုန်းများ တက်သွားပြီဖြစ်သည်။ သူ့ဖက်ထုပ်တင် မဟုတ်ဘဲ ဂျုံစျေး၊ အသားစျေးများလည်း တက်လာပြီဖြစ်သည်။

သို့သော်လည်း ကျိုးချင်းပိုင်၏ အမြတ်က အနည်းငယ် တိုးပွားလာသော်လည်း အများကြီးတော့ မဟုတ်ပါ။ သူက အမြတ်နည်းပြီး အမြန်ကုန်သော နည်းလမ်းကို သဘောကျနေပါသေးသည်။

"မင်းက စီးပွားရေး စီမံတတ်သားပဲ။ နာမည်ကောင်းလည်း ရထားတယ်။ မင်းဆိုင်ကို အရင်က မသိဘူး။ ဒီနယ်မြေကိုလာပြီး ကျိုးမိသားစု ဖက်ထုပ်ဆိုင်နေရာအကြောင်း မေးလိုက်တာနဲ့ တစ်ယောက်ယောက်က ချက်ချင်း လမ်းညွှန်ပေးလိုက်တာပဲ။" အဖေဝိန်က စကားပြောတတ်ပြီး အားပါးတရ ပြောလိုက်သည်။

ကျိုးချင်းပိုင်နှင့် လင်းချင်းဟယ်တို့ နှစ်ဦးစလုံး ပြုံးသွားကြသည်။

သို့သော်လည်း ဖက်ထုပ်ဆိုင်က ဒီနယ်မြေတွင် အလွန်နာမည်ကြီးပါသည်။

ကျိုးချင်းပိုင်၏ ဖက်ထုပ်ဆိုင်နှင့် ယှဥ်နိုင်လောက်သော တစ်ခုတည်းသော ဆိုင်ဆိုလို့ စုတာ့လင်း၏ ဘန်းမုန့်ဆိုင်သာ ရှိလောက်မည်။ သို့သော်လည်း ဆိုင်များက ကွာဝေးသည်။ ထို့ကြောင့် စုတာ့လင်း၏ ဘန်းမုန့်ဆိုင်ကလည်း အလွန်နာမည်ကြီးပါသည်။

သူ့စီးပွားရေးလုပ်ငန်း လမ်းစဥ်က ကျိုးချင်းပိုင်နှင့် အတူတူပင်ဖြစ်သည်။ အမြတ်ငွေ အနည်းငယ်သာယူပြီး ဂုဏ်သတင်းကို အရင်မွှေးအောင် လုပ်ယူသည်။

အဖေဝိန်နှင့် အမေဝိန်တို့က မီးပုံးပွဲတော်တွင် ဗိုက်ကားလောက်အောင် စားသောက်ခဲ့ကြပြီး ည ၈ နာရီအထိ စကားထိုင်ပြောပြီးကြမှ ပြန်သွားကြသည်။

ကျိုးချင်းပိုင်က ဒီနေ့ ဆိုင်စောစော ပိတ်ခဲ့၏။ လင်းချင်းဟယ်ကလည်း မနက်ဖြန် အတန်းရှိသဖြင့် အိပ်ယာစောစော ဝင်သွားသည်။

"အားလပ်ရက်ရောက်တဲ့အထိစောင့်၊ ကိုယ် မင်းကို နေရာကောင်းတစ်ခုကို ခေါ်သွားမယ်။" ကျိုးချင်းပိုင်က မိန်းမဖြစ်သူကို ဘယ်လောက်လွမ်းကြောင်း ပြသဖို့အတွက် ပွေ့ဖက်ရင်း ပြောလိုက်သည်။

"ဘယ်က နေရာကောင်းလဲ။ အရမ်းဝေးရင် ကျွန်မ မသွားချင်ဘူးနော်။ နှင်းတွေထူပြီး လမ်းတွေပိတ်နေမှဖြင့် ဘယ်နှယ့်လုပ်ပါ့မလဲ။" လင်းချင်းဟယ်က လက်ခါလိုက်သည်။ ဒီတစ်ခေါက် သူမ အတော်လေး ပင်ပန်းခဲ့ရသည်။ အသွားအပြန်ခရီးက အတော်လေးကြမ်းသဖြင့် အိမ်တွင်အနားယူတာ ပိုကောင်းပါလိမ့်မည်။

"မင်း သွားချင်နေတဲ့ ရေပူစမ်းဆီ သွားကြမှာလေ။" ကျိုးချင်းပိုင်က ပြောလိုက်၏။

"ရေပူစမ်းဟုတ်လား။" လင်းချင်းဟယ်က သူ့ကို ကြည့်လိုက်၏။ "ဒီမှာ ရေပူစမ်း ရှိလို့လား။ ကျွန်မ မကြားဖူးပါဘူး။"

"ဒီနဲ့ နည်းနည်းတော့ ဝေးတယ်။ နှင်းထူတဲ့နေ့ဆို သုံးနာရီ မောင်းရတယ်။ နှင်းမရှိရင်တော့ နှစ်နာရီလောက်ပဲ ကြာမယ်ထင်တယ်။" ကျိုးချင်းပိုင် ပြောလိုက်သည်။

"ရေပူစမ်းရှိမှန်း ရှင်က ဘယ်လိုသိတာလဲ။" လင်းချင်းဟယ်က မေးလိုက်၏။

"ဝမ်ယွမ် ခေါ်သွားပေးတာ" ကျိုးချင်းပိုင် ပြုံးလိုက်သည်။ သူမတို့ မရှိတုန်း သွားခဲ့သည့် ရေပူစမ်းခရီးအကြောင်း ပြန်ပြောပြလိုက်သည်။

"ဝမ်ယွမ်က တကယ်ပျော်တတ်တာပဲနော်။" လင်းချင်းဟယ်က ပြောလိုက်သည်။ "ကျွန်မတို့ရဲ့ ထရပ်ကားကြီးကို ထုတ်ဖို့ အချိန်ရှာရဦးမယ်။”

"အင်း" ကျိုးချင်းပိုင် ခေါင်းငြိမ့်လိုက်သည်။ ထိုအတွေးကတော့ သူနှင့် တိုက်ဆိုင်ပါသည်။ ထရပ်ကားကို ထုတ်ယူလိုက်ပါက သွားရေးလာရေး ပိုမိုချောမွေ့သွားမည်ဖြစ်သည်။

လင်းချင်းဟယ်တစ်ယောက် အားလပ်ရက် ရသောအခါ သွားကြမည်ဟု လင်မယားနှစ်ယောက်သား ညှိနှိုင်းတိုင်ပင်ခဲ့ကြသည်။ ကြင်စဦး အချိန်ကာလလေး ပြန်ရဖို့ ခဏတာ ခွဲခွာခဲ့ရခြင်းသာဖြစ်သည်။ သူတို့ အိပ်ယာ စောစော ဝင်ခဲ့ကြပါသည်။

All Chapters