လစ်လပ်နေသော ရာထူးနေရာတစ်ခု
Vol. 31 Ch. 424
အခန်း(၄၂၄) - လစ်လပ်နေသော ရာထူးနေရာတစ်ခု
"ငါတို့ ကျိုးမိသားစုရဲ့ တူမကတော့ တကယ့် လေးစားစရာပါလား။" လင်းချင်းဟယ်က အရွဲ့တိုက်ကာ ကျိုးရှောင်မိုင်ကို ပြောလိုက်သည်။
ကျိုးရှောင်မိန်က မျက်မှောင်ကြုတ်ကာ ဖြင့် ပြန်ပြောလိုက်သည်။ "သူ့ကလေးကိစ္စကို အသုံးချပြီး ကျောက်မိသားစုစက်ရုံမှာ ရှန့်ချမ်းကို နေရာရအောင် လုပ်ခဲ့တာလား။"
"အင်း" လင်းချင်းဟယ် ခေါင်းငြိမ့်လိုက်သည်။ ထို့ထက် ပိုနက်နဲသည့် အတွေးကိုတော့ ထုတ်မပြောတော့ပါ။
ရှုရှန့်မိန်က သူ့မောင်လေးကို မြို့ပေါ်သို့ ခေါ်ချင်နေသည်မှာ ကြာပြီဖြစ်သော်လည်း အခွင့်အရေး မရခဲ့ပါ။
ထို့အပြင် အစကတည်းက ရှုရှန့်မိန်မှာ ကျောက်မိသားစုကို သဘောကျသဖြင့် ကျောက်ကျွင့်ကို ရွေးခဲ့သည်ဟု ခံစားမိသည်။ သူတို့တွင် စက်ရုံလည်း ပိုင်ဆိုင်သည်။ အဖေကျောက်က စက်ရုံဒါရိုက်တာ အဆင့်ရှိသည်။ ဒီလိုလူတစ်ယောက်ကို စက်ရုံထဲ ထည့်ပေးဖို့ ဘယ်လောက်ခက်နိုင်မှာလဲ။
သို့သော်လည်း အစကတည်းက ရှုရှန့်မိန်က ကိုယ့်ထက်မြင့်သူနှင့် လက်ထပ်ခဲ့ခြင်းဖြစ်သည်။ ကျောက်မိသားစုတွင် သူမက အဆင့်နိမ့်နေသဖြင့် ထိုကိစ္စကို ဘယ်တော့မှ ပြောလို့မရခဲ့ပါ။ ထို့ကြောင့် သူမ၏ မောင်လေးကို မြို့ခေါ်ဖို့ တွေးပင် မတွေးရဲခဲ့ပေ။
ယခုတော့ ဒီလိုကိစ္စမျိုး ဖြစ်လာသဖြင့် အခု အခြေအနေကို အခွင့်ကောင်းယူပြီး သူမ လိုချင်တာကို ထုတ်ပြောခဲ့သည်။ ထိုဒေါင်းယောင်ဆောင်သော ကျီးများဖြစ်သည့် ကျောက်မိသားစုကလည်း မျက်နှာလိုချင်သည်။ ဘာပဲဖြစ်ဖြစ် ကလေး တစ်ယောက်တောင် ပျက်ကျခဲ့တာ မဟုတ်လား။ ဒါက အသေးအဖွဲကိစ္စ မဟုတ်သဖြင့် သူတို့ ကြီးကြီးကျယ်ကျယ် မဖြစ်စေချင်ပါ။
ထို့ကြောင့် အလုပ်နေရာတစ်ခု ပေးကာ ဒီသတင်းကို ဖုံးကွယ်ခဲ့ကြသည်။
လင်းချင်းဟယ်က ဒါတွေကို ကြိုတင်ခန့်မှန်းထားပြီးသားဖြစ်ပါသည်။ ပြဿနာဖြစ်ခဲ့လျှင်တောင် ကြီးကြီးမားမား မဖြစ်နိုင်တော့ကြောင်း သူမ ခံစားမိပါသည်။
ပြီးတော့ သူမ အထင်သာ မှန်လျှင် သူမတူမ ရှုရှန့်မိန်က ဉာဏ်နီဉာဏ်နက်ဖြင့် ကြံစည်ရာတွင် ဖြုံနိုင်လောက်သည်။
ကျိုးမိသားစု၏ တူမများကပင် သူမနှင့် မယှဥ်နိုင်လောက်ပါ။
ရှုရှန့်မိန်သည် ပါးနပ်မှုတွင် အတော်ကြီး မဟုတ်သော်လည်း လှည့်ကွက်များနှင့် ပတ်သတ်ပါက ဘယ်သူမှ သူ့ကို မယှဥ်နိုင်ပါ။
ကျိုးရှောင်မိန်က ရိုးရိုးသားသား ပြောလိုက်သည်။ "ရှန့်မိန် ဘာတွေ တွေးနေတာလဲ။ ချမ်းကျစ်က စာလုံးတွေ အများကြီးတောင် သိတာ မဟုတ်ဘူး။ သူ စက်ရုံထဲ ဝင်သွားရင် သူအရှက်ကွဲမှာ မဟုတ်ဘူးလား။"
စက်ရုံတွင် နေရာရဖို့က မလွယ်ကူပါ။ အသိပညာ အဆင့်တစ်ခုထိ မရှိပါက လုပ်ငန်းများကို ဘယ်လိုလည်ပတ်ရမလဲဆိုတာကိုပင် မသိနိုင်ပါ။ ဘေးပတ်လည်ရှိ လူများက လှောင်ပြောင်ပြောဆိုခြင်းကို ခံရနိုင်ပါသည်။
လင်းချင်းဟယ်က ဘာမှမပြောတော့ပါ။ ဒါက ရှုမိသားစု၏ ပြဿနာသာဖြစ်သည်။
အမေကျိုးကတော့ စိတ်ပျော့သွားသည်။ လင်းချင်းဟယ်က ရှုရှန့်မိန်ကို သဘောမကျကြောင်း သိသဖြင့် လင်းချင်းဟယ်ကို သူမ မပြောရဲပါ။ ကျိုးရှောင်မိန်ကိုသာ ပြောလိုက်သည်။ "ချမ်းကျစ်က ဒီရောက်လာရင် ငါတို့ ဘယ်လို စီစဥ်ပေးရမလဲ။"
ဒီကိစ္စကို ကျိုးရှောင်မိန် နားမလည်နိုင်ပေ။ "သူ့ကို လာဖို့ ဘယ်သူက ပြောတာလဲ၊ ပြောတဲ့သူကပဲ စီစဥ်ပေးသင့်တယ်။ ဒီအကြောင်းနဲ့ ပတ်သက်ပြီး ဘာမှ ပြောစရာ မလိုဘူးမလား။" ထို့နောက် သူမအမေကို ဖျောင်းဖျလိုက်သည်။ "အမေ အချိန်ရရင် ကြက်တွေမွေးထား။ လောင်တက ဒီနှစ်လအတွင်း ပြန်လာတော့မယ်လို့ စတုတ္ထယောင်းမဆီက သမီး ကြားခဲ့တယ်။ အဲ့အချိန်ကျရင်လည်း တစ်ပတ်လောက်ပဲ နေနိုင်လိမ့်မယ်။ အဲ့အချိန်အတွင်း လောင်တကို တတ်နိုင်သမျှ အမြန်ဆုံး အာဟာရ ရှိအောင် ကျွေးမွေးရမယ်။"
"သူ ပြန်မလာရတာ တစ်နှစ်တောင် ရှိနေပြီ။ ဒီတစ်ခေါက် ပြန်လာရင် အိမ်မှာ ခုနစ်ရက်ပဲ နေရမှာလား။" အမေကျိုး၏ စိတ်က ရုတ်တရက် ပြောင်းသွားသည်။
"ဟုတ်တယ်။ အမေ့အကြီးဆုံးမြေးက မလွယ်ကူဘူးလေ။ အဲ့ဒီမြေးတွေ (သမီးတွေမှ မွေးထားတဲ့မြေး) ကိုတော့ သူတို့အဘိုးအဘွားတွေ စိတ်ပူပါစေ။ သူတို့က အဘိုးအဘွားမရှိတဲ့(အဖေဘက်မှ) ချန်းချန်းနဲ့ တခြားသူတွေလိုမှ မဟုတ်တာ။" ကျိုးရှောင်မိန်က ပြောလိုက်သည်။
"ငါသိပါတယ်ဟယ်၊ ငါက မေးကြည့်ရုံပဲ မေးကြည့်တာပါ။ သူတို့မောင်နှမတွေကို နည်းနည်းလေးတောင် မကူညီနိုင်ရင် ဘယ်လိုလုပ်မလဲ။" အမေကျိုးက သက်ပြင်းချလိုက်၏။
"ဘာပဲဖြစ်ဖြစ် သမီးနဲ့ တာ့လင်းဆီ သယ်မလာခဲ့နဲ့။ သမီးတို့ လေးနာရီလောက် အလုပ်ထလုပ်ရတာ။ အဲ့လိုကိစ္စတွေကို တာဝန်ယူဖို့ အချိန်မရှိဘူး။" ကျိုးရှောင်မိန်က ပြောလိုက်သည်။
အမေကျိုးက ဘာမှမပြောတော့ပါ။
ရှုရှန့်ချမ်းက ဒီကို လာခဲ့သော်လည်း သူက အလွန် ဘဝင်မြင့်လှပါသည်။ ပထမတစ်ရက်သာ လာပြီး နောက်တစ်ခါ ဘယ်တော့မှ ထပ်မလာတော့ပါ။
လင်းချင်းဟယ်က ဂရုမစိုက်သော်လည်း ရင်ထဲတွင်တော့ ခေါင်းခါမိပါသေးသည်။
စိတ်ဓာတ်ပိုင်းဆိုင်ရာတွင်တော့ ရှုရှန့်ချမ်းက အလွန် နုပါသေးသည်။ ရှုရှန့်မိန်ထက် အများကြီး နုပါသည်။ ရှုရှန့်မိန်က သူစိမ်းဆန်ဆန် ဆက်ဆံခံရသော်လည်း အိမ်သို့ ဆက်လာခဲ့သေးသည်။
သူမ ရောက်လာတိုင်း အရင်တစ်ခေါက်က အဆင်မပြေမှုများကို မေ့သွားသလိုပင်။ ဘာမှမဖြစ်ခဲ့သလိုပင် နေထိုင်ခဲ့သည်။ လင်းချင်းဟယ်တစ်ယောက် နားမလည်နိုင်ပါ။ ပထမအစ်မနဲ့ ပထမခဲအိုတို့က ရှုရှန့်မိန်လို သမီးမျိုးကို ဘယ်လိုလုပ်ပြီး မွေးခဲ့ကြတာလဲ။
ရှုရှန့်မိန်နှင့် ရှုရှန့်ချမ်းတို့၏ ခေါင်းခဲလောက်စရာ ပြဿနာ ပေါ်လာသော်လည်း ထိုနေ့ရက်များက အလွန်အေးချမ်းနေခဲ့ပါသေးသည်။ ရှုရှန့်ချမ်း ရောက်လာသည့် ပြဿနာကတော့ ရေးကြီးခွင်ကျယ် မဟုတ်ပါ။ သူမမိသားစု၏ နေ့စဥ်ဘဝကို မထိခိုက်နိုင်ဘူး မဟုတ်လား။ သူ့ကို အထင်ကြီးမိသလို ဖြစ်သွားနိုင်သည်။
တနင်္ဂနွေနေ့တွင် လင်းချင်းဟယ်က အလုပ်တစ်ရက် နား၏။ အမေဝိန်က သူမထံသို့ ရောက်လာသည်။
သူမတို့နှစ်ယောက် အခန်းထဲတွင် ပျားရည် မျက်နှာဖုံးများ အုပ်နေကြသည်။
လင်းချင်းဟယ်က အမေဝိန်ကို သူမ၏ အကြီးဆုံးသား နွေရာသီအားလပ်ရက်တွင် ပြန်လာမည့်အကြောင်း ပြောပြလိုက်သည်။ "သူက တစ်ပတ်လောက်ပဲ နေရလိမ့်မယ်။ တစ်နှစ်တောင် အိမ်ပြန်မလာတာကို အကြာကြီး မနေရဘူး။"
"ရှင်အသားကျအောင် နေရမှာပဲ။ ကျွန်မဆို သားကြီးကို နှစ်နှစ်လောက်တောင် မတွေ့ခဲ့ရဘူး။" အမေဝိန်က ပြောလိုက်သည်။
"စကားမစပ် ကော်တုံက မငယ်တော့ဘူးနော်။ သူနဲ့ လိုက်ဖက်မယ့် ကောင်မလေး တွေ့ပြီလား။" လင်းချင်းဟယ်က မေးလိုက်သည်။ အရင်ကတော့ ဒီလိုမေးခွန်းများကို မေးရခက်သော်လည်း အခုတော့ သူတို့နှစ်ယောက် ဆက်ဆံရေး ပိုအဆင်ပြေလာသဖြင့် ဒါကို မေးနိုင်ပါသည်။
"မတွေ့သေးပါဘူး။" အမေဝိန်က ပြန်ဖြေလိုက်သည်။ "ကျွန်မတော့ နည်းနည်းတောင် စိုးရိမ်မိလာပြီ။ သူ့အသက်က ၂၇ နှစ်တောင် ရှိတော့မယ်။"
"သူက လက်ထပ်လို့ ရပါသေးတယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်၏။ "ဟိုဘက်ဒီဘက် အိမ်နီးချင်းတွေက တစ်ယောက်ယောက်နဲ့ မိတ်ဆက်မပေးဘူးလား။ သူ့ဖာသာသူ ရှာဖို့ အချိန်မရှိဘူးထင်တယ်။"
"သူတို့ မိတ်ဆက်ပေးပါတယ်။ သူတို့မိတ်ဆက်ပေးတာ ဘယ်နှယောက်မှန်းတောင် မမှတ်မိတော့ဘူး။ ဒါပေမယ့် သူက ငြင်းလိုက်တာလေ။ အသက် ၂၃နှစ်ကနေ အခု အထိပဲ။ လက်မထပ်ရသေးဘူး။ အစောပိုင်းက သူနဲ့ မိတ်ဆက်ပေးတဲ့ ကောင်မလေးတွေတောင် ကလေးတွေ ရနေပြီ။" အမေဝိန်က ပြောလိုက်သည်။ "အခုတော့ ဘယ်သူမှ သူ့ကို မိတ်ဆက်မပေးချင်တော့ဘူး။"
"ဒါဆို သူက ရွေးချယ်တဲ့ စံနှုန်းမြင့်တာပေါ့။" လင်းချင်းဟယ်က ပြောလိုက်သည်။
"ဘာကို စံနှုန်းမြင့်ရမှာလဲ။ သူသာ မိန်းမ မယူရင် တစ်သက်လုံး လူပျိုကြီး လုပ်နေရလိမ့်မယ်။" အမေဝိန်က ပွစိပွစိ ပြောလိုက်သည််။
"ဒီလောက်တော်တဲ့ ကောင်လေးကို။ လူပျိုကြီးဖြစ်လည်း စိတ်ပူစရာ မလိုပါဘူး။" လင်းချင်းဟယ်က ပြုံးကာ ပြောလိုက်သည်။
"အရင်အိမ်မှာ တူမတွေ ဘာတွေ ရှိသေးလား။" အမေဝိန်က ပြောလိုက်သည်။
"အရင်အိမ်မှာလား" လင်းချင်းဟယ်က သူမကို အံ့အားသင့်နေသောမျက်လုံးဖြင့် ကြည့်လိုက်သည်။
"ဟုတ်တယ်။ သင့်တော်တဲ့ တစ်ယောက်ယောက် တွေ့ရင် ကျေးဇူးပြုပြီး ကျွန်မသား ကော်လျန်နဲ့ မိတ်ဆက်ပေးစမ်းပါ။ စိတ်မပူပါနဲ့၊ သူက စကားသိပ်မပြောပေမယ့် အားကိုးရပါတယ်။" အမေဝိန်က ရယ်မောလိုက်သည်။
သူတို့က မောင်နှမအရင်းမဟုတ်ဘဲ ဝမ်းကွဲများဖြစ်ကြသဖြင့် ကျိုးမိသားစုတွင် ကွေ့တုံကို လက်ထပ်ဖို့ သင့်လျော်သည့် တူမ ရှိရင်တောင် ကျိုးခိုင်နှင့် ဝိန်မိန့်ကျားတို့၏ ကိစ္စကို သက်ရောက်မှုရှိမည် မဟုတ်ပါ။ ထို့အပြင် အခြားသူများကလည်း မိသားစုဝင် ဖလှယ်သည်ဟု ထင်ကြမည် မဟုတ်ပါ။
ဘာပဲဖြစ်ဖြစ် ဝမ်းကွဲများအားလုံးက မိသားစုတစ်စု ကွာခြားနေကြပြီး နီးစပ်သော မိသားစုဟု မှတ်ယူနိုင်သည်။
လင်းချင်းဟယ်တစ်ယောက် ရယ်ရခက် ငိုရခက်ဖြစ်သွားသည်။
သေချာစဥ်းစားကြည့်မှ တစ်ယောက်တော့ ရှိပါသည်။
တာ့နီက စောစောလက်ထပ်ခဲ့ပြီး ကလေးနှစ်ယောက် ရနေပြီဖြစ်သည်။ အာ့နီက လက်မထပ်ရသေးသော်လည်း ဝမ်ယွမ်နှင့် တွဲနေပြီဖြစ်သည်။
မနှစ်က စန်းနီ လက်ထပ်ခဲ့သည်။ စစ်နီတစ်ယောက်သာကျန်ပြီး သင့်တော်ပါသည်။ ဒီနှစ်တွင် သူမက အသက် ၁၈ နှစ် ပြည့်ပြီ ဖြစ်သည်။ သူမက အာ့နီထက် ၂ နှစ် ငယ်သည်။
ထိုအချိန်တွင် သူမက လက်ထပ်လို့ရသည့် တရားဝင် အသက်အရွယ် ရောက်နေပြီ ဖြစ်သည်။
သို့သော်လည်း အသက်ကွာခြားမှုက များလွန်းမည် ဆိုးသဖြင့် လင်းချင်းဟယ်က မပြောပြခဲ့ပါ။ ဘာပဲဖြစ်ဖြစ် စစ်နီသည် ငယ်စဥ်ကတည်းက ရွာတွင်သာ နေခဲ့သည်။ သူမက လိမ္မာသော မိန်းကလေးဖြစ်ကာ ဖြောင့်မတ်သောစိတ်ဖြင့် အလုပ်ကို စေ့စေ့စပ်စပ် လုပ်တတ်သော်လည်း လက်ထပ်ဖို့က မရိုးရှင်းပါ။
ထို့ကြောင့် လင်းချင်းဟယ်က ဘာမှမပြောခဲ့ခြင်းဖြစ်သည်။
ယခုတော့ အမေဝိန်က ဆိုလာသဖြင့် လင်းချင်းဟယ် စစ်နီကို ခေါ်ရကောင်း မခေါ်ရကောင်း စဥ်းစားချင့်ချိန်မိသွားသည်။
ဒီလအစောပိုင်းတွင် လူသစ်တစ်ယောက်ကို လစာတစ်ဝက်ပေးပြီး အလုပ်ထုတ်ပြစ်ခဲ့သည်။ ထိုသူက လက်နှေးပြီး မရိုးသားသော အပြုအမူများ (ခိုးယူခြင်း) ကြောင့် ဖြစ်ပါသည်။
ဒီကိစ္စအတွက် မာချန်းမင်က လာတောင်းပန်ခဲ့ပါသည်။
လင်းချင်းဟယ်ကတော့ မအံ့သြပါ။ သူ အမြင်မှားတတ်သည့် အချိန်များလည်း ရှိနိုင်ပါသည်။ မာချန်းမင်ကလည်း စိတ်မဖတ်တတ်ပါ။ ထို့ကြောင့် သူမိတ်ဆက်ပေးသည့် လူက သေချာပေါက် လူကောင်း ဖြစ်လိမ့်မည်ဟု ဘယ်လိုသိနိုင်ပါ့မလဲ။
ထို့ကြောင့် လစ်လပ်နေသည့် နေရာတစ်ခု ရှိလာခဲ့ပါသည်။