အိမ်တစ်လုံး အရင်ဝယ်ပါ
Vol. 31 Ch. 422
အခန်း(၄၂၂) - အိမ်တစ်လုံး အရင်ဝယ်ပါ
လင်းချင်းဟယ်က နောက်တစ်နေ့တွင် ပုံမှန်နေ့စဥ်ဘဝကို ပြန်စခဲ့ရသည်။ သူမ ကိုင်တွယ်ထားသည့် ဆိုင်မှန်သမျှ ပြန်ဖွင့်လိုက်ပြီဖြစ်သည်။
သို့သော်လည်း ဆိုင်ကိစ္စအဝဝကိုတော့ မာချန်းမင်ကိုသာ စီမံခိုင်းထားလိုက်သည်။
မာချန်းမင်က အလုပ်သမားအသစ် သုံးဦးကို ခေါ်ယူထားပြီးပြီဖြစ်သည်။ ကောင်လေးတစ်ယောက်နှင့် ကောင်မလေးနှစ်ယောက်ဖြစ်ပြီး အားလုံးက အမျိုးတော်ကြသည်။ သူတို့သုံးဦးက အခြားဆိုင်များသို့ သွားပြီး ဝယ်သူများကို ဧည့်ခံနည်း သင်ယူကြရ၏။ ဟူကျစ်၊ အာ့နီနှင့် အခြားသူများက သူတို့ကို သင်ကြားပေးသည်။
လင်းချင်းဟယ်၏ ငါးဆိုင်မြောက်ဆိုင်ကတော့ စတင်ဆောက်လုပ်နေပြီဖြစ်သည်။ ထိုဆိုင်နေရာက အမျိုးသမီးအထည်ဆိုင်၊ အမျိုးသားအထည်ဆိုင်တို့နှင့် နေရာမတူဘဲ ရုပ်ရှင်ရုံ အနီးအနားရှိ ဖျော်ရည်ဆိုင်ကို ရောက်ဖို့ လမ်းတစ်ဝက်လောက်မှာ ဖြစ်သည်။
ထိုဆိုင်ကို ကျိုးချင်းပိုင်က ဇန်နဝါရီ ၁၀ ရက်နေ့တွင် ဝယ်ခဲ့သည်။ ဆိုင်က တကယ်ကျယ်ဝန်းပါသည်။ စျေးက အနည်းငယ် မြင့်သော်လည်း သူတို့စိတ်ထဲမထားပါ။
လောလောဆယ် မာချန်းမင်က တစ်စုံတစ်ဦးကို ဆိုင်အပြင်အဆင် တာဝန်ယူခိုင်းထားသည်။ ဝမ်ယွမ့်ဘက်ကိုလည်း သင့်တော်တဲ့ အထည်ပမာဏကို အော်ဒါတင်ထား၏။
"ဒီလောက်တောင် အော်ဒါတင်မှာလား။ စတုတ္ထဒေါ်လေးက နောက်တစ်ဆိုင် ဖွင့်မလို့လား။" ဝမ်ယွမ်က ထိုအော်ဒါကို မြင်သောအခါ အံ့အားသင့်သွားသည်။
သူ့ငယ်သူငယ်ချင်းက ရယ်မောလိုက်၏။ "ခေါ်တာကိုက ချောချောမွေ့မွေ့နဲ့ စတုတ္ထဒေါ်လေးဆိုပါလား၊ ငါ့ကို ဘယ်တော့ မင်္ဂလာပွဲ ဖိတ်မှာလဲကွ။"
ဝမ်ယွမ် အနာပေါ် တုတ်ကျသလို ဖြစ်သွားသည်။
ဝမ်ယွမ် သက်ပြင်းချလိုက်၏။ သူ ဒီနှစ်ထဲ အသက် ၂၆နှစ်တောင် ပြည့်ပြီဖြစ်ပြီး မငယ်တော့ပါ။ သူ လက်မထပ်ချင်ဘဲ နေပါ့မလား။ သို့သော်လည်း အခုချိန်ထိ မြင်ရသလောက်တော့ အာ့နီတွင် စိတ်ကူးမရှိသေးပါ။
သူမကို ချော့မြူကာ ပြောချင်သော်လည်း အားလုံးက စည်းကမ်းအတိုင်း ဖြစ်နေသည်။ သူမ၏ နှုတ်ခမ်းနုနုလေးကိုတောင် မနမ်းနိုင်ပေ။ အများဆုံး လက်ကိုင်ခွင့်သာ ပေးသည်။
"ဘာဖြစ်တယ်၊ အခုထိ သူ့ဆီက အဖြေမရသေးဘူးလား။" သူ့ငယ်သူငယ်ချင်းက အံ့သြသွားသည်။ "နှစ်သစ်ကူးတုန်းက မင်းမိဘတွေဆီ သူ့ကိုခေါ်သွားတယ် မဟုတ်ဘူးလား။"
"ခေါ်သွားတာပေါ့၊ ဒါပေမယ့် မင်းလည်း ငါ့အမေအကြောင်း သိပါတယ်။" ဝမ်ယွမ်က ပြောလိုက်သည်။
အစက အာ့နီ၏ သဘောထားက နူးညံ့သည်။ သို့သော် သူ့မိဘများကို မြင်သောအခါ အဖေဖြစ်သူကတော့ အဆင်ပြေပါ၏။ အမေဖြစ်သူ၏ သဘောထားကသာ နာကျင်ရလောက်သည်။ သူ အိမ်သို့ ပထမဆုံးခေါ်လာဖူးသော မိန်းကလေးဖြစ်သော်လည်း သူ့အမေက မည်သည့် မျက်နှာသာမှ မပေးပါ။
အာ့နီတွင် ကျေးရွာအိမ်ထောင်စာရင်း ရှိနေသည်ကို သိထားသဖြင့် သူမက အာ့နီကို စကားတစ်ခွန်းပင် မပြောခဲ့ပါ။ အာ့နီက ဘယ်လိုလုပ်ပြီး နေလို့ကောင်းတော့မည်နည်း။
သို့သော်လည်း ထိုကောင်မလေးက သည်းခံစိတ်ရှိပါသည်။
ဝမ်ယွမ် မေးစေ့ပွတ်ရင်း သဘောကျသွားသည်။ သူ့အမေက သူမကို သဘောမကျသော်လည်း သူမက ဘာမှမပြောပါ။ မျက်မှောင်ပင် မကြုတ်ပါ။
ထိုကဲ့သို့ စိတ်ထားလေးကို ဝမ်ယွမ် သဘောကျပါသည်။
"တော်ပါတော့ကွာ။ အဲ့လို စပ်ဖြီးဖြီး လုပ်မနေစမ်းပါနဲ့။ မြန်မြန်ဆန်ဆန် လက်ထပ်လိုက်စမ်းပါ။" သူ့ငယ်သူငယ်ချင်းက ရွံရှာစွာဖြင့် ပြောလိုက်သည်။
ဝမ်ယွမ်က စက်ရုံကိစ္စများကို သူ့လက်ထဲအပ်ခဲ့ပြီး ကျိုးအာ့နီကို လာရှာလိုက်သည်။
ကျိုးအာ့နီက အထည်ဆိုင်တွင်ရှိနေသည်။ အသွားအလာနည်းသော ရာသီဖြစ်သဖြင့် သိပ်ပြီး ရောင်းအား မကောင်းပေ။ သူရောက်သွားသောအခါ ကျိုးအာ့နီက မာချန်းမင် ခေါ်လာပေးသော ကောင်မလေး အသစ်နှစ်ယောက်ကို သင်ကြားပေးနေသည်။ ယောက်ျားလေးကတော့ ဟိုဘက်လမ်းက အမျိုးသားအထည်ဆိုင်တွင် ရှိနေသည်။
"ရှန်ရှန်၊ သူတို့ကို အထည်တွေ ထပ်ခေါက်ဖို့ ခေါ်သွားလိုက်ပါဦး။" ကျိုးအာ့နီက ဝမ်ယွမ်လာနေသည်ကို မြင်သဖြင့် ချန်းရှန်ရှန်ကို ညွှန်ကြားလိုက်သည်။
"ဟုတ်ကဲ့" ချန်းရှန်ရှန်က ပြန်ဖြေလိုက်၏။
ကျိုးအာ့နီက ဒီဆိုင်၏ မန်နေဂျာလို ဖြစ်နေပြီး ဒီဆိုင် အတွင်းရှိ အရာရာအတွက် တာဝန်ယူထားရသည်။
"ဘာလို့ ဒီလာတာလဲ။" ကျိုးအာ့နီက ဝမ်ယွမ်နှင့်အတူတူ အပြင်ထွက်လာသည်။
"မင်းကို လာတွေ့တာပေါ့။" ဝမ်ယွမ်က ပြန်ဖြေလိုက်သည်။
ကျိုးအာ့နီက သူ့ကို ဝေ့ကြည့်လိုက်သည်။ ဝမ်ယွမ်က ပြုံးကာဖြင့် "ဒီနေ့ည ရုပ်ရှင်သွားကြည့်ကြမလား။"
"အချိန်မအားဘူး။ ညကျောင်းက ပြန်စတော့မှာမို့လို့ ကျွန်မ ပြင်ဆင်ရမယ်။" ကျိုးအာ့နီက ပြောလိုက်သည်။
"ကိုယ့်ကို မညာပါနဲ့။ ညကျောင်းတွေက အစောဆုံး ဇန်နဝါရီလကုန်ပိုင်းလောက်မှ ပြန်စမှာ ကိုယ်သိတယ်။" ဝမ်ယွမ်က ပြောလိုက်သည်။
ကျိုးအာ့နီက သူနဲ့အတူ တကယ် လျှောက်မသွားချင်သဖြင့် အကွက်ပေါင်းစုံ ရွှေ့နေခဲ့သည်။ "ဒါဆိုလည်း ကျွန်မ စာလုပ်ရဦးမယ်။"
"ရုပ်ရှင်တစ်ကားက ဘယ်လောက်ကြာမှာမို့လို့လဲ။ ဒီနေ့ ကားအသစ်ထွက်မှာ၊ အတော်လေး စိတ်ဝင်စားဖို့ကောင်းတဲ့ပုံပဲ။" ဝမ်ယွမ်က တိုက်တွန်းပြောဆိုခဲ့သည်။
သူ့ကို တွန်းလှန်လို့ မရသဖြင့် ကျိုးအာ့နီတစ်ယောက် လက်ခံလိုက်ရတော့သည်။
"စတုတ္ထဒေါ်လေး အမျိုးသမီးအထည်တွေ အများကြီး အော်ဒါတင်ထားတာ ကိုယ် တွေ့မိတယ်။ အကုန်လုံးက နွေဦးရာသီဝတ်တွေချည်းပဲ။ ဒီအမျိုးသမီးအထည်ဆိုင် တစ်ဆိုင်တည်းနဲ့ ရောင်းကုန်ပါ့မလား။" ဝမ်ယွမ်က မေးလိုက်၏။
"စတုတ္ထဒေါ်လေးက ယွမ်လမ်းမှာ နောက်တစ်ဆိုင် ထပ်ဖွင့်တော့မှာလေ။" ကျိုးအာ့နီက ပြန်ဖြေလိုက်သည်။
ထို့အပြင် သူမက ထိုအမျိုးသမီးအထည်ဆိုင်များကို စီမံဖို့ ကူညီပေးရဦးမည်ဖြစ်သည်။ အခုလောလောဆယ် ဝန်ထမ်းများကို လေ့ကျင့်ပေးနေဆဲဖြစ်ပြီး လေ့ကျင့်သင်ကြားပြီးပါက လူသစ်တစ်ယောက်က သူမနှင့် အတူတူ ရှိနေမည်ဖြစ်ပြီး ချန်းရှန်ရှန်က ကောင်လေးအသစ်နှင့် ကောင်မလေးအသစ်တို့ကို ဆိုင်အသစ်သို့ ခေါ်သွားမည်ဖြစ်သည်။
"စတုတ္ထဒေါ်လေးက တော်တော် သတ္တိရှိတာပဲနော်။" ဝမ်ယွမ်က ပြုံးလိုက်သည်။
တစ်ဆိုင်ပြီး တစ်ဆိုင် ဖွင့်လာသည်မှာ ဆိုင်တွေ အတော်လေး များလာပြီဖြစ်သည်။ ထို့အပြင် ဝန်ထမ်းများစွာဖြင့် အလုပ်ရုံငယ်လေးတစ်ခုပင် ရှိသေးသည်။ နှစ်ချိန်ဆင်း စနစ်မျိုးရှိသည်ဟုလည်း ပြောကြသည်။
ဝမ်ယွမ်က ထိုကဲ့သို့ နှစ်ချိန်ဆင်း စနစ်မျိုးကို လေ့လာနေပြီး သူ့အထည်စက်ရုံတွင်လည်း ကျင့်သုံးချင်နေသည်။
အမေကျိုးကလည်း သူ့စတုတ္ထချွေးမ လင်းချင်းဟယ်တစ်ယောက် ဆိုင်အသစ်ဖွင့်သည့်အကြောင်း ပြောနေသည်။
"ဒီလောက် ဆိုင်တွေ အများကြီး... သူစီမံနိုင်ပါ့မလား။ လောင်တအမေက ရက်တော်တော်များများ အလုပ်သွားရပြီး အရမ်း အလုပ်ရှုပ်နေမှာပေါ့။" အမေကျိုးက မနေနိုင်ဘဲ အဖေကျိုးကို ပြောလိုက်သည်။
ဒါတွေကို အဖေကျိုးက ဘယ်လိုလုပ်ပြီး နားလည်နိုင်ပါ့မည်နည်း။ သူက ဒီတိုင်း ပြောလိုက်သည်။ "မင်း ကြက်နှစ်ကောင်လောက် ထပ်ပို့ပေးလိုက်ဦး။ ငါတို့ချွေးမလေး အာဟာရ ပိုရှိဖို့ လိုတယ်။"
အမေကျိုးက ခေါင်းငြိမ့်ကာ ပြောလိုက်သည်။ "ဒီနှစ်ထဲ ကြက်တွေ ထပ်မွေးထားဦးမှပါ။"
စတုတ္ထချွေးမက ပင်ပန်းနေလောက်မည်ဟု သူမလည်း ခံစားရသည်။ ဆိုင်တွေကော အလုပ်တွေကော များပြားလွန်းလှသည်။ ကိစ္စတွေလည်း အပုံလိုက်ကြီး ဖြစ်နေပြီ။
ဘန်းမုန့်ဆိုင်တွင် ကျိုးရှောင်မိန်က စုတာ့လင်းနှင့် စကားပြောနေ၏။ သူမက စိတ်ခံစားချက်ကြီးစွာဖြင့် ပြောလိုက်သည်။ "စတုတ္ထယောင်းမက အရမ်းတတ်နိုင်လွန်းပါတယ်။ သူနဲ့ယှဥ်ရင် ကျွန်မက အသုံးမကျဘူး။ တာ့လင်း ကျွန်မကို သဘောမကျဘူးလား။"
"သ...သဘောကျပါတယ်။" စုတာ့လင်းက ပြန်ပြောလိုက်သည်။
ကျိုးရှောင်မိန်က သူ့ကို ကျေနပ်သောအကြည့်ဖြင့် မျက်စပြစ်လိုက်ပြီး ခဏကြာတော့ တွန့်ဆုတ်သလို ပြန်ဖြစ်သွားသည်။ စုတာ့လင်းက သူမပုံစံကို မြင်သဖြင့် မေးလိုက်၏။ "ဘာ...ဘာဖြစ်လို့လဲ။"
ခဏလောက် ရပ်တန့်သွားပြီးနောက် ကျိုးရှောင်မိန်က မေးလိုက်သည်။ "တာ့လင်း ရှင်ကော နောက်ထပ် ဘန်းမုန့်ဆိုင် ဖွင့်ချင်သေးလား။"
စုတာ့လင်းတစ်ယောက် ကြက်သေသေသွား၏။ သူရယ်ရမလား ငိုရမလားပင် မသိတော့ပါ။ "ကိုယ်...ကိုယ်...ကိုယ်တို့ ဒီတစ်ဆိုင်နဲ့တင်... အလှုပ်ရှုပ်...နေကြတာကို"
"ကျွန်မသိပါတယ်။ ကျွန်မတို့ ဒီတစ်ဆိုင်နဲ့တင် အရမ်းအလုပ်များနေပါပြီ။" ကျိုးရှောင်မိန်က သက်ပြင်းချလိုက်သည်။
ကလေးများကလည်း ငယ်သေး၏။ ကံကောင်းလို့ သူမ၏ မိဘများ ရှိနေကြသေးသည်။ မဟုတ်လျှင် သူတို့ အလွန်အကျွံကို အလုပ်ရှုပ်ရမည်ဖြစ်သည်။ ထို့ကြောင့် နောက်ထပ် ဘန်းမုန့်ဆိုင် တစ်ဆိုင် ဖွင့်ချင်သော ဆန္ဒက အနည်းငယ် အလောကြီးနေလွန်းပါသည်။
"အရင်ဆုံး... အိမ်တစ်လုံး...ဝယ်...ဝယ်ရအောင်။" စုတာ့လင်းက ပြန်ဖြေလိုက်၏။
သူ့အစီအစဥ်အရ အိမ်တစ်လုံး အရင်ဝယ်ချင်မိသည်။ သူ့မိသားစု စုဆောင်းထားသည့်ငွေက မနည်းသော်လည်း အများကြီးလည်း မဟုတ်ပါ။ သူ ဘန်းမုန့်ဆိုင်ကို ဝယ်လိုက်တော့ များများစားစား မကျန်တော့ပေ။
ဒီနှစ်ထဲ ရေခဲသေတ္တာလို ပစ္စည်းများကိုလည်း ကုန်ကျစရိတ်များစွာ ပေးဝယ်ခဲ့ရသည်။ ကလေးများက ကျူရှင်ခ၊ နေ့စဥ်အသုံးစရိတ် စသည်ဖြင့် အပုံလိုက် ရှိနေသေးသည်။ သူတို့ဝင်ငွေက သိပ်မဆိုးပါဘူး။ နှစ်စဥ်ဝင်ငွေ ယွမ် ၄၀၀၀ - ၅၀၀၀ နီးပါးရပြီး အတော်လေး များပါသည်။ သို့သော်လည်း အိမ်ကောင်းကောင်း တစ်လုံး ဝယ်ယူဖို့က စျေးမပေါပါ။
သူ အိမ်စျေးကို ဝမ်ယွမ်ကို မေးကြည့်ဖူးသည်။ ဝမ်ယွမ်က သူတို့နေထိုင်သော နေရာအနီးတွင် အိမ်တစ်လုံး ဝယ်ထား၏။ သူတို့ နေသည့် အိမ်ထက် အနည်းငယ် ပိုကြီးပြီး ယွမ် ၁၀,၀၀၀ တန်ဖိုး ရှိပါသည်။
စုတာ့လင်းက တိုက်ခန်း မဝယ်လိုပါ။ တိုက်ခန်းဆို သူ့ရဲ့ ကလေးတွေဖြင့် မဆံ့နိုင်ပေ။ သူတို့အားလုံးက ကျယ်ဝန်းသောနေရာတွင် အသားကျနေပြီဖြစ်သည်။ ဝမ်ယွမ့်လိုလည်း အလွန်ကြီးကြီးမားမား အိမ်မျိုးကိုလည်း မဝယ်ရဲပါ။ သူတို့ မိသားစု သက်တောင့်သက်သာနေနိုင်ပါက အဆင်ပြေပါပြီ။
သို့သော်လည်း ထိုသို့ဆိုလျှင်တောင် အိမ်ဝယ်ဖို့က အနည်းဆုံး ယွမ် ၆၀၀၀ - ၇၀၀၀ လောက် ပြင်ဆင်စုဆောင်းထားရမည်ဖြစ်သည်။ ထိုပမာဏကို စုဆောင်းနိုင်ဖို့အတွက် တစ်နှစ်နှစ်နှစ်လောက် အချိန်ယူရပေမည်။
ဘာပဲဖြစ်ဖြစ် သူ့ယောက္ခမများအိမ်တွင် ဒီလို ဆက်နေဖို့က မသင့်တော်ပါ။
"ရှင့်သဘောပါပဲ။" ကျိုးရှောင်မိန်က ခေါင်းငြိမ့်လိုက်၏။ သူတို့ကိုယ်ပိုင်အိမ်လေးတစ်လုံးတော့ ဝယ်ရမည်။ သူမမိဘများအိမ်က စတုတ္ထအစ်ကိုနှင့်ယောက်မတို့ သူမိဘများအတွက် ငှားထားပေးသော အိမ်ဖြစ်ပါသည်။ သူတို့ဆက်နေလို့မကောင်းပါ။ သူတို့ကိုယ်ပိုင် အိမ်ရှိခြင်းက ပိုမိုလက်တွေ့ကျပါသည်။