ရက်နည်းနည်းလောက် စကားများခဲ့သည်
Vol. 31 Ch. 428
အခန်း(၄၂၈) - ရက်နည်းနည်းလောက် စကားများခဲ့သည်
"ညကျောင်းသွားချင်တယ် ဟုတ်လား။" ကျိုးချင်းပိုင်က သူတို့စကားကြားပြီးသောအခါ မေးလိုက်သည်။
"ဦးလေး ကျွန်တော် တကယ်သွားချင်လို့ပါ။" ရှုရှန့်ချမ်းသည် အစပိုင်းက မသွားချင်ဘူးဟု ပြောချင်သော်လည်း သူ့အစ်မက ဆွဲစိတ်သဖြင့် အံကြိတ်ကာ ပြောလိုက်ရသည်။
"မင်း စာဘယ်နှလုံး သိထားလဲ။" ကျိုးချင်းပိုင်က မေးလိုက်၏။
ရှုရှန့်ချမ်းက မပြောနိုင်ပါ။ ကျိုးချင်းပိုင်က သူ့ဆိုင်မီနူးကို ပေးလိုက်ပြီး ပြောလိုက်၏။ "အဲ့မှာ ရေးထားတာ ဖတ်ကြည့်စမ်း။"
ရှုရှန့်ချမ်းက စာကို အစမ်းဖတ်ရာတွင် ထစ်ငေါ့နေသဖြင့် ကျိုးချင်းပိုင်က မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ "မင်းဒေါ်လေးကို ငါပြောပြလိုက်မယ်။ ဒုတိယထပ် တက်သွားလိုက်၊ အာ့နီ မသုံးတဲ့ အဘိဓာန် တစ်အုပ်ရှိတယ်။ နင့်မောင်ကို ယူသွားခိုင်းပြီး လေ့လာခိုင်းလိုက်။"
နောက်ပိုင်းစကားက ရှုရှန့်မိန်ကို ပြောခြင်းဖြစ်သည်။
ရှုရှန့်မိန်က အပျော်လွန်သွားပြီး ဒုတိယထပ်သို့ တက်ကာ အဘိဓာန်ကို ယူလိုက်သည်။ ပြန်ဆင်းလာသောအခါ စိတ်အေးစွာ သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။ "ကျေးဇူးတင်ပါတယ် ဦးလေး။ ချမ်းကျစ်ကို သေချာ စာလုပ်အောင် သမီး ကြည့်ပေးပါ့မယ်။"
ကျိုးချင်းပိုင်က ဘာမှမပြောတော့ပါ။ သူတို့ကို အရင်ပြန်ခိုင်းလိုက်သည်။
လင်းချင်းဟယ်က အလုပ်ပြန်လာသောအခါ ကျိုးချင်းပိုင်က ထိုအကြောင်းကို ပြောပြလိုက်သည်။ လင်းချင်းဟယ်က ဘာမှမပြောဘဲ သူ့ကို စိုက်ကြည့်လိုက်၏။
ကျိုးချင်းပိုင်က ခြောက်သွေ့စွာ ချောင်းဟန့်လိုက်ရင်း ပြောလိုက်သည်။ "သူ့ကို သွားခိုင်းလိုက်ပါ။"
"သွားခိုင်းလို့ရပါတယ်။ တစ်ခုခု ဖြစ်လာရင်သာ ရှင့်ဖာသာရှင်ရှင်း၊ ကျွန်မဆီ သယ်မလာနဲ့။" လင်းချင်းဟယ်က စိတ်ဆိုးစွာ ပြောလိုက်သည်။
ကျိုးချင်းပိုင်က သူတို့၏ ဦးလေးဖြစ်ပြီး အဆင့်မြှင့်တင်ပေးချင်မှန်း နားလည်သော်လည်း သူမကို အကန့်တစ်ခုဖြင့် ခြားနားထားသည်။ ထို့အပြင် ရှုရှန့်မိန်က သာဓကဖြစ်၏။ ထို့ကြောင့် သူမ ဝင်ပါမည် မဟုတ်ပါ။
ကျိုချင်းပိုင်က ကူကယ်ရာမဲ့သလို ခံစားသွားရပြီး ပြောလိုက်သည်။ "ကိုယ် သူ့ကို ခေါ်သွားပြီး စာရင်းသွင်းပေးလိုက်မယ်။"
လင်းချင်းဟယ်က မျက်စပြစ်ကာ သူ့ကို ဘာမှ ဆက်မပြောတော့ပေ။ အထည်ဆိုင်သို့ တန်းလာခဲ့၏။
ကျိုးအာ့နီက ဒီနေ့ ကုန်စာရင်းကို စစ်နေသည်။ သူမ လာနေသည်ကိုမြင်သောအခါ ပြောလိုက်သည်။ "စတုတ္ထဒေါ်လေး ဘာလို့ ရောက်လာခဲ့တာလဲ။"
"ဒီတိုင်း လိုက်ကြည့်နေတာပါ" လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။ "နောက်ကျရင် ရှုရှန့်ချမ်းလည်း နင်တို့နဲ့အတူတူ ညကျောင်းတက်ရတော့မယ်ထင်တယ်။"
ကျိုးအာ့နီက ဘာမှမပြောပါ။
လင်းချင်းဟယ်က ဒီနေ့စာရင်းကို ယူကြည့်လိုက်ပြီး မှတ်ချက်ပေးလိုက်၏။ "ဒီနေ့ ရောင်းကောင်းသားပဲ။"
"ဟုတ်တယ်။" ကျိုးအာ့နီက ခေါင်းငြိမ့်လိုက်ပြီး ဖျောင်းဖျလိုက်သည်။ "ရှန့်ချမ်းက သွားချင်တယ် ဆိုလည်း သွားပါစေ။ အဲ့အတွက် စိတ်ဖိစီးမနေပါနဲ့ ဒေါ်လေး။"
"ဘာမှစိတ်ဖိစီးစရာ မလိုပါဘူး။ သူ ညကျောင်းသွားတာနဲ့ ပြဿနာတစ်ခုခုရှာမှာပဲလို့ ထင်နေမိတယ်။ နင် မသိလောက်ပါဘူး။ ငါ့ရုံးက ဆရာမယန်ရဲ့အိမ်က ကျောင်းမိသားစုအိမ်အနားမှာပဲလေ။ ရှုရှန့်ချမ်းက တစ်ယောက်ယောက်ကို ဆေးရုံရောက်တဲ့အထိ ထိုးကြိတ်ခဲ့တာလို့ ငါကြားတယ်။" လင်းချင်းဟယ်က စာရင်းကိုကြည့်ရင်း ခေါင်းမမော့ဘဲ ပြောလိုက်သည်။
ရှုရှန့်ချမ်းက ကျိုးမိသားစု၏ တူမှန်း ဆရာမယန်က မသိဘဲ ကျောင်းမိသားစု အကြောင်းကို အတင်းအဖျင်းအဖြစ်သာ ပြောခဲ့ခြင်း ဖြစ်သည်။ လင်းချင်းဟယ်သည် အစပိုင်းက သိပ်ပြီး အရေးတယူ မလုပ်သော်လည်း ထိုအကြောင်းကို ကြားသောအခါ တစ်ခုခု မှားယွင်းနေသည်ဟု သူမ ခံစားခဲ့ရသည်။ သေချာ စုံစမ်း မေးမြန်းပြီးသွားသောအခါ ရှုရှန့်ချမ်းက တကယ်ပဲ သူများကို ထိုးကြိတ်ခဲ့ကြောင်း သိလိုက်ရသည်။
ကျိုးအာ့နီက ကြက်သေသေသွားပြီး မျက်နှာအမူအရာ ချက်ချင်း ပြောင်းသွား၏။ "သူများကို ဆေးရုံရောက်တဲ့အထိ ထိုးကြိတ်ခဲ့တာ ဟုတ်လား။"
"ဟုတ်တယ်၊ တော်လိုက်တာနော် ဟုတ်တယ်မလား။" လင်းချင်းဟယ်က အရွဲ့တိုက်လိုက်သည်။ သူမယောက်ျားကျိုးချင်းပိုင်က စိတ်ပျော့မှန်းသိသည်။ သူမ၏ တူမက သူ့ကို စိတ်ပျက်စေခဲ့သော်လည်း ဒီတူဖြစ်သူကိုတော့ ကယ်ချင်နေသေးသည်။ လင်းချင်းဟယ်လည်း သူ့ကိုမတားချင်ပါ။ သူ့တူဖြစ်သူမှာ ဘယ်လိုအကျင့်မျိုးရှိသလဲ သူ့ဖာသာသူသာ မြင်စေချင်သည်။
ချင်းပိုင်က ထိုကဲ့သို့ လူမျိုးဖြစ်သည်။ အလွယ်တကူ စိတ်မပျက်တတ်သော်လည်း စိတ်ပျက်ပြီဆိုတာနှင့် နောက်ပြန်လှည့်မကြည့်တတ်ပါ။
ရှုရှန့်ချမ်းက ညကျောင်းမသွားချင်လောက်ဘူးဟု သူမ ခံစားမိသည်။ ဆယ်ပုံတွင် ကိုးပုံလောက်က သူ့အစ်မ၏ စကားကို နားထောင်ခဲ့သောကြောင့်သာ ဖြစ်နိုင်သည်။ သူ့စိတ်နဲ့သူဆိုလျှင် ညကျောင်းသွားဖို့ စိတ်ပင် ကူးမိမည် မဟုတ်ပါ။
ရှုရှန့်ချမ်းသာ ကောင်းကောင်းမွန်မွန် ညကျောင်းတက်ပါက ကိစ္စမရှိသော်လည်း တစ်ခုခု ဖြစ်သွားပါက ကျိုးချင်းပိုင်ကို တစ်ယောက်တည်း ဖြေရှင်းခိုင်းမည်ဖြစ်သည်။
သူမ သွားမည် မဟုတ်ပေ။
"ညကျရင် ဖက်ထုပ်ဆိုင်မှာ နင်နဲ့လာအိပ်မယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။
ကျိုးအာ့နီက ကြောင်သွား၏။ "စတုတ္ထဦးလေးက ရှုရှန့်ချမ်းကို ညကျောင်းသွားခွင့် ပေးလိုက်လို့လား။"
"နင့်ဦးလေးကို ငါအပြစ်မတင်ပါဘူး။ သူ့တူပဲ သူ့ကိုမြှင့်တင်ပေးချင်တာ ပုံမှန်ပါပဲ။ ငါ သူ့ကို စိတ်ရှုပ်လာလို့။" လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
သူမက အိမ်ပြန်မအိပ်ချင်သော်လည်း ကျိုးချင်းပိုင်က ရောက်လာပြီး လာခေါ်သည်။ လင်းချင်းဟယ်က သူမတို့ကို အရိုအသေမတန်စေချင်သဖြင့် မျက်စောင်းထိုးပြီးမှ လိုက်သွားသည်။
"မင်းရင်ထဲဒေါသထွက်နေရင်လည်း ကိုယ့်ကို ရိုက်ပြီး ဆူငေါက်လို့ရပါတယ်။" ကျိုးချင်းပိုင်က ကူကယ်ရာမဲ့စွာ ပြောလိုက်သည်။
လင်းချင်းဟယ်က သူ့ကို ဘာမှပြန်ပြောမနေဘဲ ကိုယ့်ဖာသာကိုယ် အိပ်လိုက်သည်။
ကျိုးချင်းပိုင်က သူမကို ဖက်အိပ်၏။ လင်းချင်းဟယ်က လျစ်လျူရှုလိုက်သည်။ လူညစ်ပတ်ကြီး။
အပြင်ဘက်တွင် ဟူကျစ်၊ ကန်းကျစ်နှင့် ကျိုးကွေ့လိုင်တို့က အနည်းငယ် အူကြောင်ကြောင် ဖြစ်သွားကြသည်။
"ဘာဖြစ်ကြတာလဲ။ ရန်ဖြစ်ထားကြတာလား။" ကျိုးကွေ့လိုင်က မေးလိုက်သည်။
"ရန်ဖြစ်တာ ဟုတ်လို့လား။" ဟူကျစ်က ပြောလိုက်၏။
"ရန်ဖြစ်တဲ့အသံမကြားမိပါဘူး။" ကန်းကျစ်က စိတ်ရှုပ်ထွေးကာ ပြောလိုက်သည်။
"ရှုရှန့်ချမ်းက မင်းနဲ့ ညကျောင်းအတူတူ တက်လိမ့်မယ်။" ကျိုးရွှမ်က စကားအကြောင်းအရာကို ပြောင်းလဲလိုက်သည်။
ဘာတွေဖြစ်နေသလဲ သူ သိပါသည်။ ကျိုးအာ့နီက သူ့ကို ပြောထားပြီးပြီ ဖြစ်သည်။
ဟူကျစ်၊ ကန်းကျစ်နှင့် ကျိုးကွေ့လိုင်တို့သည် ထိုအခါမှ နားလည်သွားသည်။
"ကြီးကြီးမားမား မဟုတ်ပါဘူးကွာ။ အဖေနဲ့ အမေ စကားများဖို့ မတန်ပါဘူး။" ကျိုးကွေ့လိုင်က ဇဝေဇဝါဖြင့် ပြောလိုက်သည်။
ဟူကျစ်နှင့် ကန်းကျစ်တို့က ကျိုးရွှမ်ကို ကြည့်လိုက်သည်။ "ရှုရှန့်ချမ်းက အလုပ်သမားတစ်ယောက်ကို သူ့အတင်းပြောလို့ဆိုပြီး ဆေးရုံရောက်အောင် ထိုးခဲ့တာလို့ အစ်မအာ့နီ ပြောတာ ကြားခဲ့တယ်။ အဲ့တစ်ယောက် တော်တော် ဒဏ်ရာ ရသွားတာတဲ့။"
"ဒီကောင် တော်တော် တတ်နိုင်တာပဲ။" ကျိုးကွေ့လိုင်က ပြောလိုက်သည်။
ဟူကျစ်နှင့် ကန်းကျစ်တို့က မျက်မှောင်ကြုတ်သွား၏။
"ညကျောင်း အတူတူ သွားတာ ကိစ္စမရှိဘူး။ ရန်ဖြစ်ဖို့ မင်းတို့ကိုခေါ်ရင် ဝင်မပါကြနဲ့နော်။" ကျိုးရွှမ်က ဟူကျစ်နှင့် ကန်းကျစ်တို့ကို သတိပေးလိုက်သည်။
သူက ဟူကျစ်၊ ကန်းကျစ်နှင့် အခြားသူများကို ရင်းနှီးသော်လည်း ရှုရှန့်ချမ်းကို စိတ်ထဲမရှိပါ။ သူစိမ်းများလိုပင်။
ရှုရှန့်ချမ်းက ငါးရက်ကြာသောအခါ ညကျောင်းသို့ ရောက်လာ၏။ သို့သော် ကျိုးအာ့နီနှင့် အခြားသူများနှင့် အတန်းမတူပါ။ ကန်းကျစ်နှင့်လည်း အတန်းမတူပါ။ အခြေခံအကျဆုံး အတန်းတွင်ဖြစ်ပြီး သူသင်ကြားရသည့် သင်ခန်းစာများကလည်း အခြေခံများသာဖြစ်သည်။
ဒါတောင်မှ သူက စာမလိုက်နိုင်ပါ။ ထို့အပြင် ဒီနယ်ပယ်တွင် သူက စိတ်ဝင်စားမှု မရှိပါ။ ညကျောင်း သွားတက်သည်ဟု ပြောမည့်အစား ညကျောင်းတွင် သွားအိပ်သည်ဟု ပြောရမည်။
ကန်းကျစ်က ဟိုဘက်အတန်းတွင် ရှိသည်။ သူက စာသိပ်လုပ်ချင်စိတ် မရှိသော်လည်း ပြောစကားတော့ နားထောင်ပါသည်။ သူ့ဒေါ်လေးကို ကြောက်သည်။ သူ့ဒေါ်လေးသာ စာစစ်ရင် ဘယ်လိုလုပ်မလဲ။ ထို့ကြောင့် စာသင်ဖို့ပဲ စိတ်နှစ်ထားပြီး နည်းနည်းများများ ဦးနှောက်ထဲ ရသလောက် ထည့်ပါသည်။
ရှုရှန့်ချမ်းကတော့ သင်ခန်းစာ တချို့ သင်ပြီးသည်နှင့် ဆက်မသင်တော့ဘဲ အိပ်ပျော်သွားသည်။
ကန်းကျစ်က သဘောကောင်းပြီး အတန်းပြီးလျှင် သူ စာပြပေးရမလား မေးသော်လည်း ရှုရှန့်ချမ်းက တန်းငြင်းသည်။
ကန်းကျစ်က လွှတ်ထားလိုက်သည်။ သူလည်း ရှုရှန့်ချမ်းကိစ္စကို မပြောချင်ပါ။ သို့သော် အဖေကျိုးနှင့် အမေကျိုးတို့ အိမ်ဘက်သို့ လာသောအခါ အဖေကျိုးနှင့် အမေကျိုးတို့က သူ့အကြောင်း မေးတတ်သည်။
ကန်းကျစ်က မလိမ်တတ်သဖြင့် ပြန်ဖြေလိုက်သည်။ "ကျွန်တော်လည်း သိပ်မသိဘူး၊ ကျွန်တော်တို့က အတန်းမတူဘူးလေ။ သူက ဟိုဘက်အတန်းမှာ သင်ရတာ။ သူ့ကိုနားလည်လား မေးတော့ နားလည်တယ်လို့ ပြောတာပဲ။"
"နင့်ဒေါ်လေး သင်ပေးရင် ပိုကောင်းတာပေါ့။" အမေကျိုးက ပြောလိုက်သည်။
စတုတ္ထချွေးမ၏ အသိပညာနှင့် သင်ပြပေးလိုပါက ချမ်းကျစ်တစ်ယောက် ထူးချွန်လာနိုင်သည်ဟု ခံစားမိသည်။
"အဘွား၊ ဒေါ်လေးရှေ့မှာ အဲ့ကိစ္စ သွားမပြောနဲ့နော်။ အဲ့ကိစ္စကြောင့် ဒေါ်လေးက ဦးလေးကို စကားမပြောတာ ရက်နည်းနည်းတောင် ကြာနေပြီ။" ကန်းကျစ်က ပြောလိုက်သည်။
"ဟင်..." အမေကျိုး ကြက်သေသေသွားသည်။
"သူတို့ရန်ဖြစ်ထားတာလား။" အဖေကျိုးက ဝင်ပြော၏။
"ရန်ဖြစ်တာတော့ မဟုတ်ပါဘူး။ ဒေါ်လေးက ဦးလေးကို အဖတ်မလုပ်တာပါ။" ကန်းကျစ်က ဖြေလိုက်သည်။
အမေကျိုးက ပြောလိုက်၏။ "နင့်ဦးလေးက ချမ်းကျစ်ကို ညကျောင်းတက်ခွင့်ပေးလိုက်ရုံနဲ့ နင့်ဒေါ်လေးက မကျေမနပ် ဖြစ်သွားတာလား။"
"မင်းဘာတွေပြောနေတာလဲ။ စတုတ္ထချွေးမက အဲ့လောက် အမြင်မကျဥ်းပါဘူး။" အဖေကျိုးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။