ငြင်းဆန်ခြင်း
Vol. 31 Ch. 430
အခန်း(၄၃၀) - ငြင်းဆန်ခြင်း
လင်မယားနှစ်ယောက်သား ကုတင်ပေါ်မှာပဲ စကားများခဲ့ကြပြီး ကုတင်ပေါ်မှာပဲ ပြန်အဆင်ပြေသွားခဲ့ကြသဖြင့် ပြဿနာ ကြီးကြီးမားမား မဟုတ်ခဲ့ပါ။
ညဘက် ကောင်းကောင်း အိပ်လိုက်ရပြီးနောက် လင်းချင်းဟယ်၏ စိတ်အခြေအနေက နောက်နေ့တွင် ပြန်ကောင်းသွားခဲ့သည်။
မနက်စာစားပြီးနောက် အတန်းသွားခဲ့၏။
ဟူကျစ်နှင့် ကန်းကျစ်တို့လည်း နိုးလာကြသည်။ အထည်ဆိုင်က ရှစ်နာရီခွဲတွင် ဖွင့်သည်။ ပုံမှန်ဆို မနက်ခင်း ဘာအလုပ်မှ မရှိတတ်ဘဲ ဆယ်နာရီကျော်မှ စည်ကားလာခြင်းဖြစ်သည်။ နေ့လည်ခင်းကတော့ အသက်ဝင်ဆုံး ဖြစ်ပါသည်။
ဟူကျစ်နှင့် ကန်းကျစ်တို့က သွားတိုက်ပြီးနောက် မနက်စာစားရန် ဖက်ထုပ်ဆိုင်သို့ သွားဖို့ပြင်နေကြသည်။
သို့သော်လည်း တံခါးအပြင်သို့ ထွက်လိုက်သောအခါ ကျန်းမေ့လျန်နှင့် သွားဆုံသည်။
ကန်းကျစ်က သူ့အစ်ကိုကို မျက်စိမှိတ်ပြပြီး သူက တစ်ယောက်တည်း အရင်ထွက်သွားသည်။ ဟူကျစ်က ကျန်းမေ့လျန်ကို လှည့်ကြည့်လိုက်ပြီး မေးလိုက်သည်။ "ဘာကိစ္စ ရှိလို့လဲ။"
ယခင် ရက်များစွာကြောင့် ကျန်းမေ့လျန်၏ အကြံကို သူသိနေပြီမှာ ပြောစရာ မလိုတော့ပါ။ အရင်က သူမက သူ့ကို မိန်းကလေးတစ်ယောက်နှင့် မိတ်ဆက်ပေးချင်သည်ဟု ဆိုသော်လည်း သူမကိုယ်သူမ ပြောနေသည်ကို ဟူကျစ်တစ်ယောက် နားလည်သွားခဲ့သည်။
ကျန်းမေ့လျန်က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ပြုံးပြလိုက်သည်။ "မင်း အချိန် ဘယ်တော့လောက် အားမလဲ။ တို့တွေ ပန်းခြံမှာ လမ်းသွားလျှောက်ကြမလား။"
"အချိန်မရှိဘူး။" ဟူကျစ်က ခေါင်းခါလိုက်သည်။ ထိုသို့ ပြောပြီးနောက် ထွက်သွားဖို့ ပြင်လိုက်သည်။
ကျန်းမေ့လျန်က သူ့ကိုတားလိုက်ပြီး ဒေါသကြီးစွာဖြင့် ကြည့်ကာ ပြောလိုက်သည်။ "နင် ဘာလို့ ဒီလိုလုပ်နေတာလဲ။ ငါ နင့်ကို ရုပ်ရှင်ကြည့်ဖို့နဲ့ လမ်းလျှောက်ထွက်ဖို့ ခေါ်တာ အကြိမ်ကြိမ် ရှိနေပြီ။ အရင်တစ်ခေါက်ကလည်း နင်အားလပ်ရက်ရတော့ ငါ့ကို မဟာတံတိုင်းကြီးဆီ ခေါ်သွားဖို့ ပြောတာကိုလည်း နင် လက်မခံဘူး။”
သူမ သည်းခံစိတ် ကုန်ခါနီးနေပြီဟု ခံစားရသည်။ ဒီဟူကျစ်က တကယ်ခေါင်းမာပြီ တုံးအသည့် လူဖြစ်သည်။ သို့သော်လည်း သူမ အထင်ကြီးသည့် လူအားလုံးက ထွက်ခွာသွားပြီဖြစ်သဖြင့် သူတစ်ယောက်တည်းသာ ကျန်တော့သည်။
သူနဲ့အတူ အခန်းတစ်ခန်းထဲ ဝင်သွားနိုင်ပါက အဆင်ပြေပြီဟု ထင်ခဲ့မိသည်။ သို့သော် ဒီငတုံးက အစမှ အဆုံးအထိ ဘာစိတ်ကူးမှ မရှိသေး။
ဟူကျစ်က သူမကို လှည့်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော် မြို့တော်က မိန်းကလေးကို လက်ထပ်ဖို့ ဘယ်တုန်းကမှ မစဥ်းစားဖူးဘူး။"
အထူးသဖြင့် အဆင်ပြေဖို့ မလွယ်ကူသော ဒီလိုမိန်းကလေးမျိုးနှင့်ဖြစ်သည်။ အလွယ်တကူ ဒေါသထွက်တတ်ပြီး မျက်လုံးနီသွားတတ်သော မိန်းကလေးမျိုးကို သူ သဘောမကျပါ။
"ဒါပေမယ့်... ငါနင့်ကို သဘောကျတယ်လေ။" ကျန်းမေ့လျန်က မျက်နှာပေါ်တွင် ရှက်ရွံ့သလို ပြုမူလိုက်သည်။ သို့သော် ရင်ထဲတွင်တော့ လှောင်ပြောင်နေ၏။ အနည်းဆုံးတော့ နင်က ကိုယ့်အဆင့်ကိုယ်တော့ သိသေးသားပဲ။
"ဘာဖြစ်လို့ ကျွန်တော့်ကို သဘောကျတာလဲ။" ဟူကျစ်က နားမလည်နိုင်ပါ။ သူက မိန်းမမြင်တိုင်း ငမ်းငမ်းတက် ဖြစ်တတ်သော လူမျိုးမဟုတ်သဖြင့် ဟူကျစ်က ရိုးရိုးသားသား ပြောလိုက်သည်။ "ကျွန်တော့်မိသားစုက အရမ်းဆင်းရဲတယ်။ ကျွန်တော်တို့အိမ်မှာ ညီတွေ ညီမတွေလည်း ရှိသေးတယ်။ ကျွန်တော့်မိဘတွေကလည်း လယ်သမားတွေ ပြီးတော့ ကျွန်တော့်မှာ ကျေးရွာအိမ်ထောင်စုစာရင်းပဲ ရှိတယ်။"
သူ ဒီကိုလာခဲ့တုန်းက ကျေးရွာအိမ်ထောင်စုစာရင်းကို အထင်သေးတတ်သည့်လူ မြို့ပေါ်တွင် ဘယ်နှယောက်ရှိသလဲ ဆိုတာ ရှင်းရှင်းလင်းလင်း မြင်ခဲ့ရသည်။ ထို့ကြောင့် ဟူကျစ်က မြို့တော်က မိန်းကလေးကို လက်ထပ်ဖို့ စိတ်တောင်မကူးခဲ့ပါ။
အမှန်ပင်။ သူ့ကို လက်ထပ်လိုသော မိန်းကလေးကောင်း တစ်ဦးရှိလျှင်တော့ တစ်ဘဝလုံး သူမကို ကျေးဇူးတင်မိမည်ဖြစ်သည်။ တစ်သက်လုံး သူမကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ပေးသွားပါ့မည်။ သို့သော်လည်း သူ သဘောကျသော မိန်းကလေးမျိုးတော့ ဖြစ်ရမည်။
ကျန်းမေ့လျန်က သူ သဘောကျသည့် အမျိုးအစား မဟုတ်ပါ။ အထူးသဖြင့် သူ့ကို ခဏခဏ ရုပ်ရှင်ရုံ ခေါ်လွန်းသဖြင့် ကျိုးရွှမ်ကို သူတို့အိမ်နီးချင်း ကျန်းမိသားစုအကြောင်း မေးကြည့်ခဲ့သည်။
ကျိုးရွှမ်က ကျန်းမိသားစု၏ အရှုပ်တော်ပုံများကို သိထားသည်။ သို့သော်လည်း ကျန်းမေ့လျန်က ဟူကျစ်ကို လိုက်နေသည့်ကိစ္စ မသိခဲ့ပါ။ သူမက လူတွေကို အမြဲတမ်း ရှောင်နေခဲ့သောကြောင့် ဖြစ်သည်။ ကျန်းမေ့လျန်နှင့် ဟူကျစ်တို့ ကိစ္စတွေက အရွယ်ရောက်ပြီး ကောင်လေးတစ်ယောက်အနေဖြင့် ထုတ်ပြောလို့ မကောင်းပါ။
ဟူကျစ်က မေးသောအခါ ကျန်းမိသားစု၏ စရိုက်က မကောင်းဘူးဟုသာ ကျိုးရွှမ်က ပြန်ပြောပြခဲ့သည်။
၎င်းတို့၏ အကျင့်စရိုက် မကောင်းမှုကြောင့် အိမ်နီးနားချင်း အတူတူ သူ့ဦးလေးနှင့်ဒေါ်လေးတို့က ကျန်းမိသားစုနှင့် မဆက်ဆံဘဲ မာမိသားစုနှင့်သာ အဆက်အဆံလုပ်သည်။
ထို့ကြောင့် ဟူကျစ်က ဘာမှစဥ်းစားမနေတော့ပါ။ ဘာပဲဖြစ်ဖြစ် ကျန်းမေ့လျန်က သူသဘောကျသည့် အမျိုးအစား မဟုတ်ပါ။
ဟူကျစ်၏ ငြင်းဆန်သော သဘောထားက သိသာနေပြီဖြစ်ပါသည်။ သို့သော်လည်း ကျန်းမေ့လျန်က မသိချင်ယောင် ဆောင်နေသည်။ ထို့ကြောင့် ဟူကျစ်က ဇဝေဇဝါ ဖြစ်နေ၏။
မြို့တော်က မိန်းကလေးတစ်ယောက်က ဘာကြောင့် သူ့ကို သဘောကျတာလဲ။
"အဲ့တာတွေကို ငါဂရုမစိုက်ပါဘူး။" သို့သော်လည်း ကျန်းမေ့လျန်က စိတ်ထဲတွင် ပြောလိုက်သည်။ 'အခုထိ နင် ငါ့ကို လိမ်နေတုန်းပဲ။ ရွာက နင့်မိသားစုက မဆင်းရဲဘူးဆိုတာ ရှုရှန့်မိန် ငါ့ကို ပြောပြီးသွားပြီ။'
ဟူကျစ်က မျက်မှောင်ကြုတ်လိုက်ပြီး ဘာမှ ဆက်မပြောတော့ပါ။
"နင့်ရဲ့ လက်တွေ့ကျပုံနဲ့ အလုပ်ကြိုးစားပုံတွေကို ငါ သဘောကျတယ်။ ပြီးတော့ နင်က သစ္စာရှိပြီး ရိုးသားတယ်။" ကျန်းမေ့လျန်က မျက်နှာမော့ကာ သူ့ကိုကြည့်လိုက်သည်။
တကယ်တော့ အရေးအကြီးဆုံးက အနာဂတ်တွင် သူ့ဒေါ်လေးက သူ့ကို တစ်ယောက်တည်း ရပ်တည်ခွင့် ပေးလိမ့်မည်ဟူသော ရှုရှန့်မိန်၏ စကားဖြစ်သည်။ မဟုတ်ပါက သူမ သူ့ကို လက်လွှတ်လိုက်တာ ကြာပြီ ဖြစ်သည်။
ဟူကျစ်က တကယ် သဲလွန်စ နားမလည်ပါ။ သူမက အလွန် ရေလာမြောင်းပေး လုပ်နေခဲ့ရသည်။ အိမ်တွင် ဘယ်သူမှမရှိတုန်း သူမကို ရေသောက်ဖို့ အိမ်ထဲသို့ ခေါ်သွားသင့်သည်။ ထို့နောက် လှည့်ကွက်များ သုံးကာ သူ့ကို သူမ၏ ခန္ဓာကိုယ်ကို ပေးလိုက်မည်။ ဒါဆို အားလုံး ပြီးသွားပြီ မဟုတ်ပါလား။ ဒါက ရိုးရှင်းလွန်းပါသည်။
သို့သော်လည်း သူ့တွင် ထိုကဲ့သို့ စိတ်များ မရှိလိမ့်မည်ဟု ဘယ်သူက ထင်မည်နည်း။
"ကျွန်တော်တို့က မသင့်တော်ပါဘူး။" ဟူကျစ်က ခေါင်းခါပြီး ပြောလိုက်သည်။ သူ့ဝမ်းကွဲ ဖြစ်သည့် ရှုရှန့်မိန်က သိပ်မကြာသေးခင်ကဘဲ သူ့ဒေါ်လေးကို စိတ်ပျက်အောင် လုပ်ခဲ့သည်။ သူသာ သူ့ဒေါ်လေး၏ ခွင့်ပြုချက် မယူဘဲ လုပ်ချင်တိုင်း လုပ်လိုက်ပါက သူမ လုံးဝ စိတ်ပျက်သွားရလိမ့်မည် ဖြစ်သည်။
ထိုအကြောင်းကို စဥ်းစားရင်း ဟူကျစ် ကျန်းမေ့လျန်ကို တိုက်ရိုက်ကြည့်လိုက်ပြီး ပြောလိုက်သည်။ "ကျွန်တော့်ကို ထပ်လာမရှာပါနဲ့တော့။"
ဒီတစ်ခေါက် သူက ပြတ်ပြတ်သားသား ပြောခဲ့သည်။ ထိုစကားကို ပြောပြီးနောက် ဟူကျစ်က ချက်ချင်း ထွက်သွားခဲ့သည်။ သူ မြို့တော်က မိန်းကလေး တစ်ယောက်နှင့် လက်ထပ်ရမည် ဆိုရင်တောင် သူ့ဒေါ်လေး သဘောကျတွေ့ထားပြီး မိတ်ဆက်ပေးသည့် မိန်းကလေးမျိုးကိုသာ လက်ထပ်မည်။
သူ့ဒေါ်လေး၏ ခွင့်ပြုချက် မရဘဲ သူဆုံးဖြတ်မည် မဟုတ်ပေ။ သူ့ဒေါ်လေးက မျက်စိကောင်းသည်။ ရှုရှန့်မိန်၏ ကိစ္စ ဖြစ်ပျက်ခဲ့ပြီးကတည်းက သူ့ဒေါ်လေးမှာ သူတို့ကို သေချာ စောင့်ကြည့်နေခဲ့သည်။
ဟူကျစ်က ကျန်းမေ့လျန် ဒေါသဖြစ်နေသည်ကို ဒီတိုင်း ထားခဲ့ပြီး ဖက်ထုပ်ဆိုင်တွင် ဖက်ထုပ် သွားစားလိုက်သည်။
ရွာက ဆင်းရဲတဲ့ကောင်က ဆင်းရဲတဲ့ကောင်ပဲ။ သူ့ကို အခွင့်အရေးပေးတာကို မယူတတ်တဲ့ကောင်။
သူမက ဒီလောက်ထိ အရိပ်ပြနေတာတောင် သူက ဂရုမစိုက်ဘဲ ငြင်းဆန်နေသေးသည်။
ကျန်းမေ့လျန်က အသက်ရှူမှားလောက်သည့်အထိ ဒေါသထွက်သွားသည်။
သူမ လှည့်ထွက်သွားလိုက်၏။ တတိယထပ်က ဒေါ်လေးမာက ထိုမြင်ကွင်းကို မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။ ဟူကျစ်က ဘာလို့ ကျန်းမေ့လျန်နဲ့ စကားအကြာကြီး ပြောနေတာလဲ။
ဒေါ်လေးမာက ဟူကျစ်နှင့် အခြားကောင်လေးများကို အကောင်းမြင်ပါသည်။ သူတို့က တက်ကြွပြီး ပွင့်လင်းသည်။ အသေးအဖွဲ ကိစ္စများကိုလည်း ဂရုမစိုက်ပါ။ ဒီလို ကလေးမျိုးကို မြင်လျှင် ဘယ်လို အဘွားမျိုးက သဘောမကျဘဲ နေမလဲ။
ပြီးတော့ ကျန်းမိသားစု၏ သမီးက ဘယ်လိုမိန်းကလေးမှန်း သူမ သိနေသည်။
ထို့ကြောင့် အိမ်တွင် ချက်ပြုတ်ပြီးသွားသောအခါ အလုပ်လာခဲ့သည်။ ကျိုးချင်းပိုင်သာ ဖက်ထုပ်ဆိုင်တွင်ရှိပြီး ထိုကိစ္စကို သူမ ပြောပြလိုက်သည်။
"ဒီမနက်က သူတို့နှစ်ယောက်က အဲ့ဒီမှာ အကြာကြီး ရပ်ပြီး စကားတွေ ပြောနေကြတယ်။ ဘာတွေ ပြောနေတာလဲတော့ ဒေါ်လေးလည်း မသိဘူး။ ကျန်းမေ့လျန်ရဲ့ ဂုဏ်သတင်းက သိပ်မကောင်းဘူးနော်။ ဟူကျစ်ကို သူနဲ့ဝေးဝေးနေခိုင်းတာ ပိုကောင်းလိမ့်မယ်။" ဒေါ်လေးမာက အကြံပေးသည်။
"ဟူကျစ်က ဘာလို့ သူ့ကို စကားပြောတာလဲ။" ကျိုးချင်းပိုင်လည်း မျက်မှောင်ကြုတ်သွားသည်။
ကျိုးချင်းပိုင်ကလည်း ကျန်းမိသားစု သမီးနှစ်ယောက်၏ ဂုဏ်သတင်းအကြောင်း သိထားသည်။
"ကောင်လေးတွေပဲကို ဘယ်သူက မိန်းကလေးနဲ့ စကားမပြောချင်ဘဲ နေမှာလဲ။" ဒေါ်လေးမာကတော့ သိပ်ပြီး မအံ့သြပါ။ သူမက ပန်းကန်ဆေးရင်း ပြောလိုက်သည်။ "ကျန်းမေ့လျန်ဖြစ်နေလို့သာ အဆင်မပြေတာ။ သူမက အရင်က ကိုယ်ဝန်တောင် ဖျက်ချဖူးတယ်။ သူ့ကို လက်ထပ်လိုက်ရင် ဟူကျစ် ဘာဖြစ်သွားမလဲ။"
"ဘာမှ မဟုတ်လောက်ပါဘူး။ ဒီတိုင်း မတော်တဆ ဆုံတာ ဖြစ်မှာပါ။" ကျိုးချင်းပိုင်က ပြန်ပြောလိုက်သည်။
"ဘာမှမဟုတ်ဘူး ဟုတ်လား။ ကျန်းမေ့လျန်ရဲ့ အမူအရာကို ကြည့်ရသလောက်တော့ ဟူကျစ်အပေါ် အကြံရှိမယ် ထင်တယ်နော်။ နင်တို့ သတိထားသင့်တယ်။ ကျန်းမိသားစုနဲ့သာ နင်တို့ အမျိုးတော်သွားရင် ပြဿနာတွေ ပြီးတော့မှာ မဟုတ်ဘူး။" ဒေါ်လေးမာက သတိပေးလိုက်သည်။
သူတို့အိမ်နီးချင်းဖြစ်ခဲ့တာ ဘယ်နှနှစ်တောင် ရှိနေပြီလဲ။ ဒီနယ်မြေထဲက ဘယ်သူကများ ကျန်းမိသားစု၏ နာမည်ပျက်ကို မသိဘဲ နေမှာလဲ။
သူတို့နှင့် အမျိုးတော်သွားသူတိုင်းက ကံမကောင်းနိုင်ပါ။
"ဟုတ်ကဲ့ပါ၊ သူ့ဒေါ်လေး ပြန်လာရင် ကျွန်တော် ပြောပြလိုက်ပါ့မယ်။" ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။
ကျိုးချင်းပိုင်က သူ့တူကို ကျန်းမိသားစုနှင့် ဘာမှမပတ်သက်စေချင်တာ သိသာပါသည်။ လင်းချင်းဟယ်က ၁၁ နာရီတွင် အတန်းမရှိတော့သဖြင့် အရင်ဆုံး အိမ်ပြန်လာခဲ့သည်။ ဖက်ထုပ်ဆိုင်သို့ သွားပြီး သူ့ယောက်ျားကို လာတွေ့၏။
ဒီလူက အသက် ၄၀ ဝန်းကျင် ရှိနေပြီဖြစ်သော်လည်း မနေ့ညက ရှုပ်ယှက်ခတ်နေတာမျိုး မရပ်တန့်နိုင်သေးပါဘူး။ ထို့အပြင် သူက မနက်အစောကြီး အိပ်ရာနိုးတယ်။ သူက အရမ်းတက်ကြွနေပုံပဲ။ ထိုကဲ့သို့ စွမ်းအင်တွေကို သူ ဘယ်ကရသလဲ သူမ မသိပါဘူး။