ပုပ်သိုးနေသော
Vol. 31 Ch. 431
အခန်း(၄၃၁) - ပုပ်သိုးနေသော
"မနက်ဖြန် နေ့လည်အတန်းကို အချိန်ပြောင်းလိုက်မယ်။ ဒီအတိုင်း လုပ်ရအောင်လေ။ ရှင့်ဆိုင်ကို သားလတ်ကို ကြည့်ခိုင်းထားပြီး ကျွန်မတို့ ရေကူးကန်သွားကြမလား။" လင်းချင်းဟယ် ရောက်လာသောအခါ သူ့ကိုမေးလိုက်သည်။
"ရေကူးကန် ရှိတယ်လား။" ကျိုးချင်းပိုင်က ရေကူးရသည်ကို နှစ်သက်သည်။
"ကျွန်မလည်း ဒီနေ့မှ လုပ်ဖော်ကိုင်ဖက်တွေဆီက ကြားခဲ့တယ်။" လင်းချင်းဟယ်က ခေါင်းငြိမ့်သည်။
ရေကူးကန်က အသစ်ဖွင့်ထားခြင်းဖြစ်သည်။ ထိုသို့သွားဖို့ ဘတ်စ်ကား အဆင့်ဆင့် စီးရန် မလိုပါ။ ထိုနေရာသို့ တိုက်ရောက်နိုင်ပြီး နောက်ဆုံး ငါးဂိတ်မြောက် ဂိတ်ဆုံးရောက်လျှင် ရေကူးကန်သို့ ရောက်ပါပြီ။ တစ်ရက်ကို ၂၄ နာရီစလုံးဖွင့်သဖြင့် အလွန်ကောင်းမွန်သည့်ပုံပါပင်။
ကျိုးချင်းပိုင်က ခေါင်းငြိမ့်လိုက်သည်။
သူ့ခန္ဓာကိုယ်ကို ချစ်မြတ်နိုးပြီး အားကစားကိုလည်း သဘောကျသည်။ ဘတ်စ်ကတ်ဘော ကစားဖို့ တစ်ပတ်ကို သုံးလေးကြိမ် အမြဲသွားလေ့ရှိသည်။
လင်မယားနှစ်ယောက်သား သဘောတူလိုက်ကြ၏။ ထို့နောက် ကျိုးချင်းပိုင်က ဟူကျစ်နှင့် ကျန်းမေ့လျန်တို့အကြောင်း ပြောပြလိုက်သည်။
"ဘာ..." လင်းချင်းဟယ် မျက်လုံးများ ကျွတ်ကျလုနီးပါး ပြူးသွားပြီး ဒေါ်လေးမာကို အမြန် လှည့်မေးလိုက်သည်။ "ဒေါ်လေး ဘာတွေ ဖြစ်တာလဲ။"
"ဘာတွေဖြစ်နေလဲ မသိပါဘူးဟယ်။ သူတို့ ဒီမနက် ကော်ရစ်ဒါမှာ စကားပြောနေတာပဲ မြင်ခဲ့ရတာပါ။ သေချာသိရအောင် ဟူကျစ်ကို မေးကြည့်ပါလား။" ဒေါ်လေးမာက ပြန်ပြောသည်။
ကျန်းမေ့လျန်က ဘယ်လိုလူမျိုးမို့လို့လဲ။ သူမနှင့် သူမ၏ အစ်မတို့က အစုလိုက် အပြုံလိုက် သတ်ဖြတ်နိုင်သော လက်နက်များ ဖြစ်ကြသည်။ ထိုကဲ့သို့ မိန်းမမျိုးက မိသားစုထဲဝင်လာပါက ကပ်ဆိုက်ပါလိမ့်မည်။ အိမ်တွင်း ပဋိပက္ခများလည်း ဖြစ်လာစေလိမ့်မည်။
လင်းချင်းဟယ်က ဘာမှတွန့်ဆုတ်မနေပါ။ ချက်ချင်း အမျိုးသားအထည်ဆိုင်သို့လာပြီး ဟူကျစ်ကို ရှာလိုက်သည်။
ဟူကျစ်၊ ဒီတူကတော့။ သူမက ဟူကျစ်ကို နှစ်နှစ်ကာကာ ပျိုးထောင်ပေးချင်သော်လည်း ဒီလိုမိန်းမလက်တွင် စွန်းထင်းသွားပါက အိမ်ကို ပြန်နှင်ထုတ်ဖို့ တွန့်ဆုတ်နေမည်မဟုတ်ပါ။
"ဟူကျစ် ငါနဲ့အတူ အပြင်ထွက်ခဲ့စမ်းပါဦး။" လင်းချင်းဟယ်ရောက်လာပြီး ယောက်ျားလေးနှစ်ယောက် အထည်ရွေးနေသည်ကို မြင်လိုက်သည်။ သူတို့ကို ကန်းကျစ်နှင့် မာချန်းမင်တို့ လက်ထဲအပ်ထားခဲ့၏။
မာချန်းမင်က ယခု ကြီးကြပ်သူအဆင့် ရောက်နေပြီ ဖြစ်သော်လည်း ဆိုင်ကို ကူကြည့်ပေးရပါသေးသည်။
ဟူကျစ်က သူမနောက်လိုက်ကာ အပြင်ထွက်လာ၏။ အခြားကိစ္စတစ်ခုခုဟု သူထင်ခဲ့သည်။ သူ့ဒေါ်လေးက လိုရင်းကို တန်းသွားပြီး တဲ့တိုးမေးလိမ့်မည်ဟု မထင်ထားခဲ့ပါ။ "နင် ကျန်းမေ့လျန်နဲ့ တွဲနေတာလား။"
ဟူကျစ် ခဏလောက် ကြက်သေသေသွားသည်။ သူ့မျက်နှာ ချက်ချင်း တည်တံ့သွားပြီး ပြန်ဖြေလိုက်၏။ "မဟုတ်တာတွေဗျာ။”
လင်းချင်းဟယ်က သူ့ကိုစိုက်ကြည့်ပြီး ပြောလိုက်သည်။ "ဒါဆို ဘာတွေဖြစ်နေတာလဲ။ ဒေါ်လေးမာက နင်နဲ့ကျန်းမေ့လျန် အောက်ထပ်မှာ စကားအကြာကြီး ပြောနေကြတာကို မြင်ခဲ့တယ်တဲ့။”
ဟူကျစ်က အခြေအနေကို သဘောပေါက်သွားပြီး အမြန် ရှင်းပြလိုက်သည်။ "ဒေါ်လေး ထင်သလို မဟုတ်ဘူးနော်။ ကျွန်တော် ကျန်းမေ့လျန်နဲ့ ဘာမှမပတ်သတ်ဘူး။"
"နင်က သူ့ကိုစိတ်မဝင်စားဘူး ဆိုတော့ သူက နင့်ကို စိတ်ဝင်စားနေတာလား။" ဟု လင်းချင်းဟယ်က မေးလိုက်သည်။
တကယ်တော့ ချက်ကောင်း ထိမှန်သွားပါသည်။ ဟူကျစ်က ထိုစကားကြားသောအခါ ဘာမှမပြောတော့ပါ။
အစကတော့ လင်းချင်းဟယ်က စကားဖြင့် ခနဲ့ခြင်းသာဖြစ်သော်လည်း သူ့တုန့်ပြန်ပုံအရ သူက ကျန်းမေ့လျန်ကို စိတ်ဝင်စားနေသည့် ပုံလည်းမပေါ်ပါ။ ထို့ကြောင့် သူ့ကို ကျန်းမေ့လျန်နှင့် ဝေးဝေးနေစေချင်သည်။
သို့သော်လည်း သူ့ပုံစံကို မြင်သောအခါ လင်းချင်းဟယ်က ထိန်းမထားဘဲ ချက်ချင်း သူ့နားကို ဆိတ်လိုက်သည်။ "ခွေးကောင်လေး ဘာတွေဖြစ်နေတာလဲ ငါ့ကိုပြောစမ်း။”
သူက တူတစ်ယောက်ဖြစ်ပြီး အရပ်ရှည်သော်လည်း လင်းချင်းဟယ် ဆုံးမသည့် အခါတွင်တော့ ထိန်းမထားပါ။
ဟူကျစ်က နာနာကျင်ကျင်ဖြင့် အမြန်အော်လိုက်သည်။ "ဒေါ်လေး ကျွန်တော့်ကို အရှက်မခွဲပါနဲ့။ လူတွေ အများကြီး ကြည့်နေကြတယ်။"
လင်းချင်းဟယ်က ဘေးပတ်လည်ကို ကြည့်လိုက်ပြီးမှ နားကိုလွှတ်ပေးလိုက်ပြီး အသံတိုးကာ ပြောလိုက်သည်။ "ငါ့ကို မြန်မြန် ရှင်းပြစမ်း။ နင်တို့တွေ ဘယ်အခြေအနေထိ ရောက်နေပြီလဲ။ သူက ဘယ်လိုမိန်းမမျိုးလဲ နင်မသိဘူးလား။ နင်မို့ သူ့ကိုများ သွားစရဲတယ်။”
"သူက ဘာဖြစ်လို့လဲ။" ဟု ဟူကျစ်က တွေဝေစွာဖြင့် မေးလိုက်သည်။
လင်းချင်းဟယ်က ပေါက်ကွဲသွား၏။ "နင် ဒီမှာ နေတာ ဒီလောက်ကြာတာတောင် ကျန်းမိသားစုရဲ့ သမီးတွေက ဘယ်လိုလူမျိုးတွေလဲ မသိဘူးလား။ အဲ့ကောင်မလေးတွေက သူတို့ တွဲနေတဲ့ကောင်တွေကို အိမ်ခေါ်ခေါ်လာပြီး ညဘက်နေခွင့်တောင် ပေးတယ်။ ခေါ်လာတဲ့ ကောင်လေးတွေက တစ်ယောက်နှစ်ယောက်မက များပြီး ဆေးရုံမှာ ကလေးတောင် ဖျက်ချဖူးတယ်တဲ့။”
ကျန်းမေ့လျန်နှင့် ကျန်းမေ့ဟယ်တို့ကို သူမ သည်းမခံနိုင်သော်လည်း သူတို့ပြုမူပုံက ပြဿနာမရှိပါက သူတို့အတင်းများကို အပြင်တွင် မပြောလိုပါ။ သို့သော်လည်း အခုတော့ နွားဖြစ်တော့မည့် ဒီတူကို ပြောပြဖို့အတွက် ဝန်မလေးတော့ပါ။
ဟူကျစ်က ကြောင်သွားသည်။ မျက်လုံးများလည်း ကျယ်သွားပြီး မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပေါ်လာသည်။ ဒီလိုမျိုး ဖြစ်ခဲ့တာလား။
"နင် မသိဘူးလား။" သူ့ပုံစံကိုမြင်သောအခါ လင်းချင်းဟယ်က မျက်မှောင်ကြုတ်လိုက်သည်။
ဟူကျစ်က ခေါင်းခါလိုက်၏။ "ကျွန်တော်က အဲ့တာတွေကို ဘယ်လိုလုပ်ပြီး သိမှာလဲ။"
ဘုရားရေ။ ဒီကျန်းမေ့လျန် ဆိုတဲ့ မိန်းမက ပုပ်သိုးနေတာပဲ။ သူက ဘာလုပ်ဖို့ ကြံနေတာလဲ။ သူ့ကို ရွာသားတစ်ယောက်ဆိုပြီး အနိုင်ကျင့်ဖို့ လွယ်တယ်များထင်နေလို့လား။
"သူ ကျွန်တော့်ကို ဘာလို့ ခဏခဏ လာတွေ့ပြီး ဘာဖြစ်လို့ စကားတွေ လာပြောနေတာလဲဆိုတာကို ကျွန်တော် အံ့သြနေတာ။ ကျွန်တော်က ဆင်းရဲပြီး ကျေးရွာအိမ်ထောင်စုစာရင်းရှိတယ်။ အဲ့တာကို သူက ကျွန်တော့်ကို ဘာလို့များ သဘောကျတာလဲလို့ တွေးနေတာ။" ဟူကျစ် တဖြည်းဖြည်း သဘောပေါက်လာသည်။
ထိုအခါက သူ လုံးဝ မသိထားမှန်း လင်းချင်းဟယ် နားလည်သွားသည်။ သူမ မနေနိုင်ဘဲ ပြောလိုက်၏။ "သူနဲ့ သူ့အစ်မနာမည်တွေက ငါတို့နယ်မြေတစ်ခုလုံး ပျံ့နေတာ အိမ်မှာ နေတာ ဒီလောက်ကြာတာတောင် နင်မကြားဘူးလား။"
"မကြားဘူး။" ဟူကျစ်က စိတ်ထိခိုက်သွားသည်။ သူ တကယ် မသိခဲ့ပါ။
လင်းချင်းဟယ်လည်း ဘာမှမတတ်နိုင်ပေ။ သို့သော်လည်း နားလည်ဖို့တော့ မခက်ပေ။ လူငယ်တစ်ယောက်ကို ဘယ်လိုလူမျိုးက ဒီကိစ္စများ ပြောမှာလဲ။
"ဒေါ်လေးမာနဲ့ တခြားသူတွေ အားလုံးက သူ့အကြောင်းကို ရှင်းရှင်းလင်းလင်း သိကြတယ်။ ဒေါ်လေးမာက ဒီနေ့မနက် မြင်ခဲ့တာကို နင့်ဦးလေးကို ချက်ချင်းလာပြောတာ။ နင့်ဦးလေးက ငါ့ကို ပြန်ပြောတာ။ နင်အရင်ကမသိရင် ထားလိုက်တော့။ အခု သိပြီးပြီဆိုတော့ သူနဲ့ ဝေးဝေးသာနေ နားလည်လား။" လင်းချင်းဟယ်က သူမလေသံကို လျှော့လိုက်သည်။
အားလုံးကို သူမ သဘောပေါက် နားလည်လုနီးပါး ရှိနေပြီ။ တနည်းအားဖြင့် ကျန်းမေ့လျန်က လှည့်ဖျားပြီးသူမကို တာဝန်ယူနိုင်ဖို့ လူရိုးတစ်ယောက်ကို လိုက်ရှာနေခြင်း ဖြစ်သည်။
ဟူကျစ်တွင် ကျေးရွာအိမ်ထောင်စု စာရင်းရှိပြီး လစာကလည်း မနည်းပါ။ ထို့အပြင် သူ့ကို စောင့်ကြည့်ပေးမည့် ဦးလေးတစ်ယောက်လည်း ရှိသည်။ ဟူကျစ်သာ အားစိုက်ထုတ်နေသ၍ အခြေအနေ ဆိုးရွားမည် မဟုတ်ပါ။
ထို့အပြင် ဟူကျစ်က ညကျောင်းလည်း တက်နေသည်။ ပညာရေးကလည်း တိုးတက်နေပြီ။ ပြောရမည်ဆိုလျှင် ဒါက ရင်းနှီးမြှုပ်နှံမှုတစ်တစ်ခုဖြစ်ပါသည်။
ထိုရင်းနှီးမြှုပ်နှံမှုက လောလောဆယ် အတော်အသင့်သာ ရှိသေးသော်လည်း အနာဂတ်က တောက်ပနေပါပြီ။
"ဒေါ်လေး ကျွန်တော် သူ့ကို စိတ်မဝင်စားဘူး၊ သူ့ကိုပြောတဲ့ ကျွန်တော့်ရဲ့ သဘောထားကလည်း သိသာပါတယ်။ ဒါပေမယ့် ဒီမနက် ဒေါ်လေးတို့ မရှိတော့ အောက်ထပ်မှာ စောင့်နေပြီး ပန်းခြံကို အတူသွားရအောင်လို့ လာပြောတယ်။ ကျွန်တော်လည်း ဒီမနက် သူ့ကို ပြတ်ပြတ်သားသား ငြင်းခဲ့တာပဲ။" ဟူကျစ်က ရှင်းပြလိုက်သည်။
လောလောဆယ် သူ အနည်းငယ် ကြောက်ရွံ့နေသည်။
ကျန်းမေ့လျန်ပုံစံက ဘာမှမဖြစ်သလို ပုံပေါ်သော်လည်း နောက်ကွယ်တွင် ကိစ္စအများကြီး ဖြစ်ပျက်ခဲ့လိမ့်မည်ဟု ဘယ်သူက ထင်မှာလဲ။
ထို့ကြောင့်လည်း အိမ်နီးချင်းများအားလုံးအပါအဝင် သူ့ဒေါ်လေးနှင့် ဦးလေးတို့က သူတို့ကို အဆက်အဆံမပြုခြင်း ဖြစ်သည်။
"အနည်းဆုံးတော့ နင်က အသိစိတ်ရှိပြီး ရှုရှန့်မိန်ခြေရာမနင်းလို့ပေါ့။ မဟုတ်ရင် နင်ခံစားသွားရမယ်။” ကြောက်ရွံ့နေသော သူ့မျက်နှာကို မြင်သောအခါ လင်းချင်းဟယ်က စနောက်ပြီး ဆူပူလိုက်သည်။
ထို့နောက် သူ့မျက်နှာကိုကြည့်ပြီး ပြောလိုက်၏။ "ပထမတော့ ကျူးကျန်းကျန်း၊ ခုတော့ ကျန်းမေ့လျန် နင်တော်တော် စန်းပွင့်ပါလား ငါ့တူ"
"ဘာမှဆက်မပြောပါနဲ့တော့ ဒေါ်လေးရာ။ သူတို့ အကုန်လုံး ဘယ်လိုမိန်းကလေးတွေမှန်း မသိဘူး။" ဟူကျစ်က ပြန်ပြောလိုက်သည်။
မြို့ကြီးပြကြီး၏ လမ်းမများက နက်နဲလှသည်။ သူ ရွာသာ ပြန်ချင်တော့သည်။
"နင် အလုပ်သာ ကြိုးစားစမ်းပါ။ နင့်အသက်က အခုမှ ၁၉ နှစ်ပဲရှိသေးတယ်။ အိမ်ထောင်ပြုဖို့ ဘာဖြစ်လို့ လောနေရမှာလဲ။ နောက်ပိုင်း အခွင့်အရေးရလာရင် လူကောင်းတစ်ယောက်ယောက်နဲ့ ဒေါ်လေး မိတ်ဆက်ပေးမှာပေါ့။" လင်းချင်းဟယ်က နှစ်သိမ့်လိုက်သည်။
"ကျွန်တော် ရွာက မိန်းမပဲ ယူတော့မယ်။" ဟူကျစ်က ခေါင်းခါလိုက်သည်။
"မြို့ပေါ်က မိန်းကလေးတိုင်းက အဲ့လိုတွေ မဟုတ်ပါဘူး။ နင်က မကောင်းတဲ့လူတွေနဲ့ပဲ ကွက်တွေ့သွားလို့ပါ၊ လူကောင်းနဲ့သာတွေ့ရင် အဲ့စကား ပြောမှာ မဟုတ်ဘူး။ ဟုတ်ပါပြီ... ဟုတ်ပါပြီ၊ ဒေါ်လေးမှာ ဘာမှပြောစရာမရှိတော့ဘူး။ ဝယ်သူတွေဆီ ပြန်သွားလိုက်တော့။" လင်းချင်းဟယ်က လက်ခါပြလိုက်သည်။
ဖက်ထုပ်ဆိုင်ကို ပြန်သွားပြီး ဒေါ်လေးမာနှင့် ထိုကျန်းမိသားစု၏ သမီးက ဘယ်လောက်ပုပ်သိုးမှန်း ပြောခဲ့ကြသည်။ သူမက နဖားကြိုးထိုးနိုင်ဖို့ ဘာမှမသိသော ဟူကျစ်ကို မြူဆွယ်ခဲ့သည်။
"ဒါပေမယ့် ဘယ်သူ့မှတော့ လျှောက်မပြောနဲ့နော် ဒေါ်လေး။ ဘာပဲဖြစ်ဖြစ် ဒီကိစ္စက မကောင်းတာ ဖြစ်လာနိုင်တယ်။" လင်းချင်းဟယ်က ပြောဆိုပြီးနောက် သတိပေးလိုက်သည်။
ဟူကျစ် ဒုက္ခမရောက်စေဖို့ ကျန်းမေ့လျန်ကို သူမ စိတ်ထဲမထည့်ချင်တော့ပါ။