သူမ ဘာကြောင့် ကံမကောင်းရတာလဲ
Vol. 31 Ch. 432
အခန်း(၄၃၂) - သူမ ဘာကြောင့် ကံမကောင်းရတာလဲ
ဒေါ်လေးမာက ပြောလိုက်သည်။ "ဟူကျစ် မသိတာ အံ့သြစရာမရှိပါဘူး။ ငါတို့က သူ့ကို ဒီအကြောင်းတွေ မပြောထားဘူးလေ။"
အတင်းအဖျင်းစကားတွေရှိလျှင်တောင် ဒီရပ်ကွက်ထဲက အဘွားအိုများသာဖြစ်နိုင်သည်။ ဟူကျစ်က နေ့စဥ် အလုပ်လုပ်ရပြီး ညကျောင်းလည်း တက်ရသည်။ ဘယ်လိုလုပ်ပြီး ဒီလိုကိစ္စတွေကို သိနိုင်မှာလဲ။
သို့သော်လည်း ထိုကျန်းမိသားစုဟောင်းကို ပုပ်သိုးနေသည်ဟု ပြောထိုက်ပါသည်။ တကယ်ပဲ ရိုးသားသူတွေကို လှည့်စားချင်နေကြသည်။
လူရိုးတစ်ယောက်ကို လှည့်ဖျားချင်သည့် ကျန်းမေ့လျန်မှာ လက်မလျှော့ခဲ့ပါ။
ဟူကျစ်က သူမကို ပြတ်ပြတ်သားသားကြီး ငြင်းလွှတ်ခဲ့၏။ ကျန်းမေ့လျန်တစ်ယောက် မူးလဲမလိုပင် ဖြစ်သွားရသည်။ သူမက သိက္ခာရှိသော မြို့သူတစ်ယောက်ပါ။ မြို့တော်အိမ်ထောင်စုစာရင်း တစ်ခုတည်းကိုတောင် လူတွေ ဘယ်လောက်များများ အိပ်မက်မက်ကြလိုက်မလဲ။
သူမက ဦးဆောင်ပြီး စကားပြောခဲ့သော်လည်း သူက ငြင်းခဲ့သည်။
ကျန်းမေ့လျန်က ရှုရှန့်မိန်ကို အကူအညီလာတောင်းခဲ့၏။ ထိုအဖြစ်အပျက်ပြီးနောက်တွင် သူမတို့ ထပ်တွေ့မိကြသေး၏။
ရှုရှန့်မိန်က ဟူကျစ်ထက် ပိုမို ပြောရဆိုရကောင်းသည်မှာ သိသာပါသည်။ ရှုရှန့်မိန်က သူမကို အထင်ကြီးသဖြင့် ကျန်းမေ့လျန်က ဘဝင်ခိုက်နေ၏။
ထို့ကြောင့် သူမ လာခဲ့သည်။
ကျောင်းမိသားစုအိမ်က ဘတ်စ်ကား တစ်နာရီခန့် စီးရသော်လည်း ရှာရလွယ်ပါသည်။
လောလောဆယ် အရေးအကြီးဆုံးအရာက ရှုရှန့်မိန်က သူမကို ကူညီပေးဖို့ပဲဖြစ်သည်။ ရှုရှန့်မိန်ကို လာရှာရသည့် အကြောင်းအရင်းက ဟူကျစ်ကို ဖြားယောင်းဖို့ သူမ အကူအညီ လိုချင်သောကြောင့်သာ ဖြစ်သည်။
"ဟေ့ ရှင်က ရှန့်မိန်ရဲ့ ယောက်ျားလား။" ကံတရားက တိုက်ဆိုင်သည်။ ကျန်းမေ့လျန်တစ်ယောက် ဘတ်စ်ကားပေါ်မှ ဆင်းလာပြီး လမ်းမမေးခင်မှာပင် ကျောက်ကျွင့်တစ်ယောက် ပန်းသီးအိတ်များ သယ်ပြီး အိမ်ပြန်ဖို့လုပ်နေသည်ကို မြင်လိုက်ရသည်။
ယခင် ကျောက်ကျွင့် သူမတို့ တိုက်ကို လာစဥ်က ကျန်းမေ့လျန်က မြင်ဖူးသဖြင့် သူ့ကို မှတ်မိပါသည်။
"ခင်ဗျားက ဘယ်သူလဲ။" ကျောက်ကျွင့်က သူမကို မေ့သွားပြီး စိုက်ကြည့်လိုက်သည်။ ပထမဆုံး တုံ့ပြန်မှုက သူ့ရည်စား ဘယ်တစ်ယောက်လဲဟု ထင်သွားခြင်းဖြစ်သည်။
"ကျွန်မက ကျိုးမိသားစုရဲ့ တိုက်ခန်း အိမ်နီးချင်းပါ။ ကျွန်မနာမည်က ကျန်းမေ့လျန်ပါ။" ကျန်းမေ့လျန်က ပြုံးကာ မိတ်ဆက်လိုက်သည်။
"ကျွန်တော့်ကို ဘာကိစ္စရှိလို့ ရှာတာလဲဗျ။" သူမက လှပသည်ကို မြင်ပြီး ကျောက်ကျွင့် အင်တင်တင်ဖြင့် မေးလိုက်သည်။
"ကျွန်မ ရှုရှန့်မိန်ကို လာရှာတာပါ ဒါပေမယ့် ရှင်တို့အိမ် ဘယ်မှာလဲမသိလို့ ကျွန်မကို လမ်းပြပေးနိုင်မလားရှင့်။" ရှုရှန့်မိန်က ရှက်ရွံ့သည့်ပုံ လုပ်ပြပြီး ပြောလိုက်သည်။
ထိုအပြုအမူက ကျောက်ကျွင့်ကို နှစ်ခါပြန်ကြည့်သွားစေပြီး ခေါင်းငြိမ့်လိုက်သည်။ "လာပါ"
ကျန်းမေ့လျန်က ကျောင်းမိသားစု ချမ်းသာသည်ဟု ကြားဖူးသည်။ သို့သော် အိမ်အထိ ရောက်လာမှသာ ကျောင်းမိသားစုက တကယ် ချမ်းသာမှန်း သိခဲ့ရပါသည်။
အိမ်အကြီးကြီးဖြစ်သည်။ လုံးဝကို အိမ်အကြီးကြီး ဖြစ်ပါသည်။ အတွင်းပိုင်းက ကျယ်ဝန်းလွန်းလှပြီး အိမ်ဖော်တစ်ယောက်ပင် ငှားထားရသည်။ ထိုကဲ့သို့ မိသားစုနှင့် ရွာက လာသည့် ရှုရှန့်မိန်တို့က ဆုံခဲ့ကြသည်။ သူမ ဘာကြောင့် ဒီလိုလူမျိုးနဲ့ လက်ထပ်နိုင်ခဲ့တာလဲ။
ရှုရှန့်မိန်သည် ရွာက လာသည့် ခပ်တုံးတုံး ရွာသူတစ်ယောက်ဖြစ်ပြီး ပုံစံကလည်း သာမန်သာဖြစ်သည်။ ရုပ်ရည်ကလည်း လှပသည်ဟု မပြောနိုင်ပေ။
ကျန်းမေ့လျန့်သည် ရင်ထဲတွင် ထိုကဲ့သို့ တွေးနေသော်လည်း ရှုရှန့်မိန်ကို မြင်သောအခါ သူမက တောက်တောက်ပပ ပြုံးပြလိုက်၏။
ရှုရှန့်မိန်က သူမကို မြင်သောအခါ အနည်းငယ် အံ့သြသွား၏။ သူမ တကယ်ကြီး ရောက်လာလိမ့်မည်ဟု ထင်မထားပါ။ လောလောဆယ် အားနေသဖြင့် ကျန်းမေ့လျန်ကို အပြင်ခေါ်လာခဲ့၏။
"နင်က ယောကျာ်းကောင်းကောင်းနဲ့ လက်ထပ်နိုင်ခဲ့တာပဲ။ ဒီကျောင်းမိသားစုက တကယ့် သူဌေးမိသားစုပဲ။ နင် တကယ် ကံကောင်းတယ်။" ကျန်းမေ့လျန်က မနာလိုသောအသံမျိုးဖြင့် ပြောလိုက်သည်။
ဒီနိုင်ငံက လူတိုင်းက ကံကောင်းကြသည်။ သူမကျမှ ဘာကြောင့် ကံမကောင်းရတာလဲ။ သူမကလည်း မြို့တော်က မိန်းကလေးတစ်ဦးပဲဖြစ်သည်။
ရှုရှန့်မိန်က ချီးကျူးခံရသဖြင့် ဘဝင်မြင့်သလိုလို ဖြစ်သွား၏။
သူမ၏ အဘွား၊ ဒေါ်လေးနှင့် အခြားသူများက ဘာပဲတွေးတွေး သူမ ကောင်းကောင်း လက်ထပ်နိုင်ခဲ့သည်။ သံသယဖြစ်စရာမရှိပါ။ ကျောင်းမိသားစု၏ အခြေအနေက ဒီနယ်မြေတွင် အကောင်းဆုံးဖြစ်ပြီး ဒီနယ်မြေတွင်လည်း သူဌေးများသာ ရှိသည်။
သူမသာ လှည့်ကွက်နည်းနည်းလောက် ထုတ်မသုံးခဲ့ပါက ဒီလိုအိမ်သားမျိုးနှင့် ဘယ်လိုလုပ်ပြီး လက်ထပ်နိုင်မှာလဲ။ အခုလို ဘဝမျိုး ဘယ်ရနိုင်မှာလဲ။
"ကျွန်မကို ဒီနေ့ ဘာလို့ လာရှာတာလဲ။" ရှုရှန့်မိန်က မေးလိုက်၏။
"ဒီနေ့ အလုပ်အားလို့ပါ။ ငါ ဟူကျစ်ကို သွားတွေ့ပြီး ပန်းခြံသွားဖို့ ပြောတာ ဟူကျစ်က အဲ့လောက် စိတ်ပျက်ဖို့ကောင်းမယ်လို့ ဘယ်ထင်မှာလဲ။” ကျန်းမေ့လျန်က မနေနိုင်ဘဲ နာနာကျည်းကျည်းဖြင့် ပြောဆိုလိုက်သည်။
သူမ၏ တောင်းဆိုချက်က ဘာမှကြီးကြီးမားမား မဟုတ်တာတောင် ဟူကျစ်က ငြင်းဆိုခဲ့၏။ သူမ ဘယ်လိုမှ လက်မခံနိုင်ပေ။
ကျန်းမေ့လျန့်၏ ပြောစကားများ ပြီးသွားသောအခါ ရှုရှန့်မိန်လည်း အနည်းငယ် အံ့အားသင့်သွား၏။
ဟူကျစ်က ကျန်းမေ့လျန်ကို ငြင်းလိုက်တယ်တဲ့လား။ ဟူကျစ်က ကျန်းမေ့လျန်၏ ကိစ္စတွေကို သိနေတာတော့ မဟုတ်ပါဘူးနော်။
မဖြစ်နိုင်ပါဘူး။ ကျိုးမိသားစု၏ စိတ်ဓာတ်အရဆိုလျှင် ဒီကိစ္စမျိုးကို ပြောဆိုကြမည်မထင်ပါ။
"စိတ်မပူပါနဲ့။ ကျွန်မ ရှင့်အတွက် ဘာတွေဖြစ်နေလဲဆိုတာ မေးပေးပါ့မယ်။ ဟူကျစ်က ရှင့်ကို သဘောကျတယ်လို့ ကျွန်မတော့ ခံစားရတယ်။ ရှင်က ဒီလောက်လှတာကို ပိုကောင်းတဲ့လူနဲ့ လက်ထပ်ချင်ရင်တောင် ဖြစ်နိုင်တယ်။ ဒါတောင်မှ ဟူကျစ်ကို ရွေးတာက ဟူကျစ် ကံကောင်းတာပေါ့။" ရှုရှန့်မိန်က အာမခံလိုက်သည်။
"ဒါဆိုလည်း သူက ဘာလို့ ငါ့ကိုငြင်းရတာလဲ။" ကျန်းမေ့လျန်က မေးလိုက်သည်။
"ကျွန်မလည်း အသေးစိတ် မေးကြည့်လိုက်ပါဦးမယ် ဒါပေမယ့် ဟူကျစ်က သူ့ကိုယ်သူ နည်းနည်း သိမ်ငယ်နေတာလို့ ကျွန်မထင်တယ်။ သူက ရှင်နဲ့ မထိုက်တန်မှာကို စိုးရိမ်နေတာ ဖြစ်နိုင်တယ်။ အဲ့တာကြောင့် ရှင်နဲ့ မတွဲရဲတာ ဖြစ်မယ်။" ရှုရှန့်မိန်က ပြောလိုက်သည်။
ထို့ကြောင့်လည်း ကျန်းမေ့လျန်က ရှုရှန့်မိန်နှင့် လာတွေ့ရခြင်း ဖြစ်သည်။ သူမ၏ စကားလုံးများက နားဝင်ချိုလှသည်။
"ငါ သူ့ကို ဘာမှလည်းမပြောဘဲနဲ့ ဘာတွေ သိမ်ငယ်စရာ လိုလို့လဲ။" ကျန်းမေ့လျန်က ပွစိပွစိ ပြောလိုက်သည်။
"ရှင်က မြို့တော်အိမ်ထောင်စုစာရင်းလည်း ပိုင်ဆိုင်ထားတယ်။ ဒီက အိမ်ထောင်စုစာရင်းက ဘယ်လောက်တန်ဖိုးရှိလဲ ရှင်သိပါတယ်။ သူ့မှာတော့ ကျေးရွာစာရင်းပဲရှိတယ်။ အိမ်ထောင်စု စာရင်းတစ်ခုပြောင်းရွှေ့ဖို့က ဘယ်လိုလွယ်မှာလဲ။ ယွမ် ၂၀၀၀ - ၃၀၀၀ လောက်မရှိရင် ဒီအကြောင်းကို စိတ်ကူးထဲတောင် မထည့်လိုက်နဲ့။ ရှင်က သူနဲ့ မတန်ဘူးလို့ ခံစားရတာက ပုံမှန်ပါပဲ။" ရှုရှန့်မိန်က ရှင်းပြလိုက်သည်။
ကျန်းမေ့လျန်က အနည်းငယ် စိတ်သက်သာသွားပြီး ပြောလိုက်၏။ "သူ့ကျေးရွာအိမ်ထောင်စုစာရင်းကို ငါဂရုမစိုက်ပါဘူး။ သူ့သဘောထားကို သိရဖို့ ငါ့ကိုကူညီပေးပါလား။"
"ကျွန်မ ဒီနေ့ မအားဘူး။" ရှုရှန့်မိန်က နှုတ်ခမ်း ကိုက်လိုက်သည်။ "မနက်ဖြန်ရမလား။"
"အင်း" ကျန်းမေ့လျန်က ခေါင်းငြိမ့်လိုက်သည်။ "ငါ့ကို ကျောင်းမိသားစုအိမ်ထဲမှာ ထိုင်ဖို့ မဖိတ်ခေါ်တော့ဘူးလား။ ဒီလောက် အိမ်အကြီးကြီး ငါမမြင်ဖူးဘူး။ နင် အိမ်ထောင်ရေး တကယ်ကံကောင်းတာပဲ။"
"ရှင် ဟူကျစ်ကို လက်ထပ်နိုင်ရင် ရှင်လည်း မဆိုးနိုင်ပါဘူး။ ဟူကျစ်က နောက်ပိုင်းကျရင် ကိုယ့်ဖာသာကိုယ် ရပ်တည်နိုင်မှာပါ။" ရှုရှန့်မိန်က ပြုံးကာ ပြောလိုက်သည်။
ကျန်းမေ့လျန်ကတော့ မထင်ပေ။ ဟူကျစ်က အနာဂတ်တွင် ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်လျှင်တောင် ဒီလို အိမ်အကြီးကြီးမျိုးမှာ နေနိုင်ဖို့ ဘယ်လိုလုပ်ပြီး တတ်နိုင်မှာလဲ။
ရှုရှန့်မိန်က သူမကို အိမ်ထဲခေါ်လာ၏။ ကျောက်ကျွင့်က တီဗီကြည့်နေသည်။ အခြားသူများက စက်ရုံတွင် အလုပ်လုပ်နေကြပြီး ပြန်မလာကြသေးပေ။
ကျန်းမေ့လျန်က ကျောင်းမိသားစုအိမ်တွင် တစ်နာရီကျော်လောက် ထိုင်ပြီးမှ ပြန်သွားသည်။
အပြန်လမ်းတွင် မနေနိုင်ဘဲ ထိုကဲ့သို့ အိမ်သားမျိုးနှင့် လက်ထပ်နိုင်ပါက ဘယ်လောက်တောင် ကောင်းလိုက်မလဲဟု တွေးနေမိပါသည်။
အထူးသဖြင့် ရှုရှန့်မိန်နှင့် ကျောက်ကျွင့်တို့က ကားတစ်စီးဝယ်မည့်အကြောင်း ဆွေးနွေးနေကြသည်ကို ကြားပြီးကတည်းကဖြစ်သည်။ ကားဆိုတာ ဘယ်လောက် အဆင့်မြင့်လိုက်တဲ့ ပစ္စည်းမျိုးလဲ။
သို့သော် တကယ်ပဲ ကျောင်းမိသားစုက ချမ်းသာလှပါသည်။ စက်ရုံကို ကျောင်းမိသားစု ယခင်က မပိုင်ဆိုင်ခဲ့ပေ။ သို့သော်လည်း မနှစ်ကတည်းကစပြီး စက်ရုံတစ်ဝက်လောက်ကို ကျောင်းမိသားစု ပိုင်ဆိုင်လာသည်။
ကျောင်းမိသားစု ဝင်ငွေကလည်း မနည်းပေ။ စီးပွားရေးက အလွန်အဆင်ပြေသောကြောင့် ဖြစ်ပါသည်။
သူတို့ ကားတစ်စီးပင် ဝယ်နိုင်တော့မည်။
ကျန်းမေ့လျန်က အလွန် မနာလို ဖြစ်မိသည်။ သူမကျတော့ ဘာကြောင့် အဲ့လောက် ကံမကောင်းရတာလဲ။ ကျောက်ကျွင့်က ဘာကြောင့် ရှုရှန့်မိန်ကို ချစ်မိသွားတာလဲ။ သူမ ပုံစံက ရှုရှန့်မိန်ထက် ကြည့်ရမဆိုးပါဘူး။
နောက်တစ်နေ့မနက် ရှုရှန့်မိန်က ဟူကျစ်ကို လာတွေ့သည်။
ဟူကျစ်က သူမ သူ့ကို ကိစ္စတစ်ခုခုကြောင့် လာတွေ့သည်ဟု ထင်ခဲ့၏။ ကျန်းမေ့လျန်ကိုယ်စား လာပြောပေးနေသည်ကို ကြားလိုက်ရသောအခါမှ ဟူကျစ် မျက်မှောင်ကြုတ်သွားရ၏။ "ရှန့်မိန်၊ သူအရူးလုပ်တာကို မခံနဲ့နော်။ သူလုပ်ခဲ့တဲ့ ကိစ္စတွေကို ငါအကုန်ကြားပြီးပြီ။"
ရှုရှန့်မိန် မသိဘူးဟု ဟူကျစ်ထင်နေ၏။
ရှုရှန့်မိန်လည်း တစ်ခါတည်း နားလည်သွားသည်။ သူမ ထင်ထားသလိုပင်။ ထို့ကြောင့် အံ့အားသင့်သော မျက်နှာမျိုး လုပ်လိုက်ပြီး မေးလိုက်၏။ "သူက ဘာတွေဖြစ်နေလို့လဲ။ သူက ငါ့ဆီလာပြီး ငိုပြသွားတယ်။"
"သူ့ကို စိတ်ထဲထားမနေနဲ့။ နင်နဲ့သူနဲ့က လမ်းတောင် တူတာမှ မဟုတ်တာ။" ဟူကျစ်က လက်ခါပြလိုက်သည်။
ထိုစကားလုံးများကို သူ မပြောလိုပါ။ ဒီလို မိန်းကလေးမျိုးကိုလည်း တစ်ခါမှ မမြင်ဖူးခဲ့ချေ။ သူမက သူ့ဝမ်းကွဲအစ်မ ရှုရှန့်မိန်ဆီမှာ သွားငိုပြရဲသေးသည်။ သူတို့ကို အရူးတွေလိုမျိုး တကယ် ဆက်ဆံနေတာလား။