နှိုင်းယှဥ်ခြင်းက စိတ်မသက်သာဖြစ်စေသည်
Vol. 31 Ch. 433
အခန်း(၄၃၃) - နှိုင်းယှဥ်ခြင်းက စိတ်မသက်သာဖြစ်စေသည်
သူ့တုန့်ပြန်မှုကို ကြည့်ခြင်းအားဖြင့် ကျန်းမေ့လျန်တွင် မျှော်လင့်ချက် မရှိတော့မှန်း ရှုရှန့်မိန်တစ်ယောက် သိသွားပြီး ပြောလိုက်သည်။ "ငါက နင်တို့နှစ်ယောက် တွဲနေကြတယ်လို့ ထင်နေတာလေ။ သူက ငါ့ဆီကို အဝေးကြီးကနေတောင် ရောက်လာတယ်။"
"နင် သူနဲ့ ဝေးဝေးနေနော်။ နင် သူနဲ့ အတူတူ ပေါင်းသင်းနေရင် နင့်နာမည်ပါ ပျက်လိမ့်မယ်။" ဟူကျစ်က အကြံပေးလိုက်သည်။
ရှုရှန့်မိန်က ထိုကိစ္စကို ဆက်မပြောတော့ဘဲ သူ့မောင်၏ ပညာရေးအကြောင်း မေးလိုက်သည်။
ဟူကျစ်က ပြန်ပြော၏။ "ငါလည်း မသိဘူး။ ငါက ချမ်းကျစ်နဲ့ အတန်းမတူဘူးလေ။ သူနားမလည်တာ ဘာရှိလဲလို့ ငါ သူ့ကို မေးလိုက်တိုင်း သူကတော့ မသိတာ ဘာမှမရှိဘူးလို့ ပြောတာပဲ။"
ရှုရှန့်မိန်က ခေါင်းငြိမ့်လိုက်၏။ သူမ ရောက်လက်စနှင့် သူမဦးလေးထံသို့ သွားလိုက်သည်။ ထို့နောက် သူမ၏ အဘွားနှင့် အဘိုးထံသို့ သွားလိုက်သည်။
သို့သော် ဒီတစ်ခါတွင်တော့ အဖေကျိုးနှင့် အမေကျိုးတို့က သူမကို မျက်နှာသာ မပေးတော့ပါ။
"အဘွား သမီး ဒီလောက် အဝေးကြီးကနေ လာခဲ့တာတောင် ဒီလိုမျက်နှာမျိုးဖြစ်နေတယ်။" ရှုရှန့်မိန်က ပြောလိုက်သည်။
"ချမ်းကျစ်ကြောင့် သူများဆေးရုံရောက်သွားတဲ့ကိစ္စကို နင်က ဘယ်အချိန်ထိ ဖုံးကွယ်ထားဦးမှာလဲ။" အမေကျိုးက သွေးအေးစွာ မေးလိုက်သည်။
ရှုရှန့်မိန်က ခဏတာမျှ ကြက်သေသေသွားသည်။ ဒီဘက်ကို ထိုအကြောင်း မသိလောက်ပါဘူးဟု သူမ တွေးထားသည်မှာ သိသာပါသည်။ သူတို့ ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ။ မိသားစု နှစ်စုကလည်း အဝေးကြီး ဖြစ်သည်။
သို့သော်လည်း ရှုရှန့်မိန်က ဘာမှ ဆက်မတွေးတော့ပါ။ သူမက အလျင်အမြန် ရှင်းပြလိုက်၏။ "အဘွား ချမ်းကျစ်က သူ့ကို ဆေးရုံရောက်အောင် ထိုးလိုက်တယ်ဆိုပေမယ့် အဲ့ဒီလူတွေကိုက လွန်လွန်းလို့ပါ..."
"လွန်လွန်းတယ် ဟုတ်လား။ သူတို့က ချမ်းကျစ်ကို ထိုးလိုက်လို့လား။ သူတို့က ချမ်းကျစ်ကို ဘာလုပ်လိုက်လို့လဲ။" အမေကျိုးက သွေးအေးသော မျက်နှာထားဖြင့် မေးလိုက်သည်။
"မဟုတ်ပါဘူး။" ရှုရှန့်မိန် စကားရပ်တန့်သွားသည်။
"သူတို့ ဘာမှ မလုပ်တာ နင်လည်း ဝန်ခံတယ်မလား။ အဲ့တာက သူ့ပုံစံပဲ။ နင့်ဦးလေးနဲ့ ဒေါ်လေးတို့ သူ့ကို မလာခိုင်းချင်တာလည်း အဲ့တာကြောင့်ပဲ။ နင့်မောင်က ရောက်လာတာနဲ့ ရန်ဖြစ်တော့တာပဲ။ နောက်ပိုင်းကျရင် အဲ့ဒီ အဓိပ္ပာယ်မရှိတဲ့ အကြောင်းတွေကို ငါ့ရှေ့မှာ လာမပြောနဲ့။ နင် ဒီအကြောင်းတွေ ဆက်ပြောနေမယ်ဆိုရင်တော့ ငါတို့ဆီ မလာခဲ့နဲ့။” အမေကျိုးက စိတ်ရှုပ်ထွေးစွာဖြင့် ပြောလိုက်သည်။
သူမ၏ မြေးမက သူမကို သေနတ်တစ်လက်လို အသုံးချသွားသည်ဟု ခံစားလိုက်ရသည်။ ယခုတော့ သူမသည် စတုတ္ထချွေးမကိုပင် မတွေ့ရဲတော့ပါ။ သူမ လိပ်ပြာမလုံသလို ခံစားနေရသည်။ ရင်ထဲတွင် စတုတ္ထချွေးမကို အလွန်ခေါင်းမာပြီး သနားညှာတာစိတ်ကင်းမဲ့သည်ဟု အမြဲတမ်း ဝေဖန်ခဲ့သည်။
ယခုတော့ ဒီလိုကိစ္စမျိုး ဖြစ်ခဲ့သဖြင့် အမေကျိုးမှာ ပြစရာ မျက်နှာပင် မရှိတော့ပေ။
စဥ်းစားကြည့်မှ ကံကောင်းသည်ဟု ဆိုနိုင်သည်။ ကံကောင်းစွာဖြင့် စတုတ္ထချွေးမက ချမ်းကျစ် လာမည့်ကိစ္စကို မနှစ်သက်သော သဘောထားမျိုး ရှိခဲ့သည်။ သူသာ သူတို့ဘက်သို့ ရောက်လာခဲ့ပြီး တစ်ယောက်ယောက်ကို ထိုးကြိတ်လိုက်ပါက ဘယ်လိုလုပ်ရမည်လဲ။ သတင်းသာ ပြန့်သွားလျှင် ကြားကောင်းပါဦးမလား။ သူတို့စီးပွားရေးတောင် လုပ်နိုင်ပါဦးမလား။
"အဘွား ချမ်းကျစ်က သူမှားမှန်း သိပါပြီ။ ချမ်းကျစ်က အခုဆို ပညာကို ကြိုးကြိုးစားစား သင်ယူနေပါပြီ။" ရှုရှန့်မိန်က ထိုကဲ့သို့သာ ပြောနိုင်တော့သည်။
"သူကြိုးစားရင် ပိုကောင်းမယ်နော်။ ပြဿနာ တစ်ခုခုသာ ရှာရဲလို့ကတော့ နင့်အမေကို ငါကိုယ်တိုင် ပြန်ခေါ်ခိုင်းလိုက်မယ်။” အမေကျိုးက ပြောလိုက်သည်။
ရှုရှန့်မိန်က အလည်လာပြီး အဆူခံလိုက်ရသဖြင့် မျက်နှာပျက်ရသည်ဟု ခံစားမိသည်။
ဘာပဲဖြစ်ဖြစ် သူတို့က မျိုးရိုးနာမည်မတူသော မြေးနှင့် မြေးမများ မဟုတ်ပါလား။ နောက်ဆုံးတွင် သူတို့က မိသားစုတစ်စု ကွာခြားနေပါသေးသည်။ ဘယ်သူ မှန်သည် မှားသည် မမေးဘဲ ဆက်လက် ဆူငေါက်ခြင်းကို ခံနေရပါသည်။
အဖေကျိုးနှင့် အမေကျိုးတို့က ထိုကိစ္စအကြောင်း ဆက်ပြောစရာ ဘာမှမရှိတော့ဟု ထင်မိသည်။
သူများကို ဆေးရုံရောက်အောင် ထိုးကြိတ်ခဲ့ပါက မှန်နေသည်ဆိုရင်တောင် မှားသွားပါပြီ။ သူများက နောက်ကွယ်တွင် ကိုယ့်၏ မကောင်းသတင်းများကို ပြောဆိုပါက အလုပ်ပိုကြိုးစားကာ ရလဒ်ကောင်းများ ရအောင်လုပ်ပြီး သူများက အသိအမှတ်ပြုအောင်ပဲ လုပ်ရမည် မဟုတ်ပါလား။
သို့သော်လည်း သူက ထိုလူ့ကို ဆေးရုံရောက်သည့်အထိ ထိုးကြိတ်ခဲ့သည်။ ဘာပြောစရာ ကျန်ဦးမှာလဲ။ သူက ဂိုဏ်းစတား တစ်ယောက်လိုပင်။
ရှုရှန့်မိန်က သူစိမ်းဆန်ဆန် ဆက်ဆံခံခဲ့ရပြီးနောက် ထပြန်သွားသည်။
သို့သော်လည်း သူမ ထွက်လာသောအခါ ဝမ်ယွမ်က ကားတစ်စီးဖြင့် ရောက်လာသည်ကို မြင်လိုက်ရသည်။ ထို့နောက် အဖေကျိုးနှင့် အမေကျိုးတို့ စားဖို့အတွက် နိုင်လွန်ပိုက်ကွန်ဖြင့် ထုပ်ထားသော ပန်းသီးနှစ်အိတ်ကို ကိုင်လျက် လမ်းလျှောက်လာသည်။
သူက ပြောဆိုဆက်ဆံတတ်သော လူမျိုးဖြစ်သည်။ ယခုဆို အမြဲလိုလို လာလည်တတ်ပြီး သူတို့အိမ်တွင် ထမင်းစားကာ လက်ဆောင် ပစ္စည်းများလည်း ယူလာတတ်ပါသည်။
ထို့ကြောင့် အဖေကျိုးနှင့် အမေကျိုးတို့က သူ့ကို သဘောတွေ့ကြပါသည်။ အဖေကျိုးနှင့် အမေကျိုးကို မဆိုဦးနှင့်။ ကျိုးရှောင်မိန်နှင့် စုတာ့လင်းတို့တောင် ထိုနည်းတူစွာပဲဖြစ်ပါသည်။
ဝမ်ယွမ်က ရှုရှန့်မိန်ကို မသိပေ။ သူနဲ့ အာ့နီတို့ စတင်တွဲကြပြီး ကျိုးမိသားစုနှင့် စတင်အဆက်အဆံ ပြုသောအချိန်တွင် ရှုရှန့်မိန်က လက်ထပ်ပြီးသားဖြစ်နေလေပြီ။
ကျန်အချိန်များတွင်လည်း သူမနှင့် မတွေ့မိပါ။ ထို့ကြောင့် ရှုရှန့်မိန်ကလည်း ဝမ်ယွမ်ကို မသိပေ။
သို့သော်လည်း အပြင်ဘက်က ကားနှင့် သူ့ဝတ်စားဆင်ယင်ပုံကို ကြည့်ခြင်းအားဖြင့် သူ့နောက်ခံက သာမန်မဟုတ်သည်ကို ပြောနိုင်သည်။ သူမတို့မိသားစုက ဘယ်တုန်းကများ ဒီလိုလူမျိုးနဲ့ သိသွားခဲ့ကြတာလဲ။
ရှုရှန့်မိန်က ပြုံးက မေးလိုက်သည်။ "ရှင်က ဘယ်သူလဲ။"
"အစ်ကိုက အဘိုးနဲ့အဘွားကို လာတွေ့တာပါ။" ဝမ်ယွမ်က သူမကိုကြည့်လိုက်ပြီး ပြန်ပြောလိုက်သည်။
"ဒီအိမ်က ကျွန်မအဘွားနဲ့အဘိုးတို့အိမ်ပါ။ ရှင် အိမ်များ မှားလာတာလား။" ဇဝေဇဝါဖြစ်စွာဖြင့် ရှုရှန့်မိန်က မေးလိုက်သည်။
ကားတစ်စီးဆိုသည်မှာ ဒီတိုင်း ဝယ်လိုက်လို့ရသော အရာမဟုတ်ပါ။ ကျောက်ကျွင့်က သူ့မိဘများကို ကားတစ်စီး ဝယ်ခိုင်းချင်သော်လည်း အဖေကျောင်းနှင့် အမေကျောင်းတို့ကို ပြောဖို့ တွန့်ဆုတ်နေဆဲ ဖြစ်ပါသည်။ ကျောင်းမိသားစုတွင် ငွေများစွာ ရှိနေတာတောင် မပြောရဲပါ။
ဘာပဲဖြစ်ဖြစ် ကားတစ်စီးက ယွမ် သောင်းနဲ့ချီကုန်ကျသည်။ တကယ့်ကို မိုးထိုးနေသော စျေးနှုန်း ဖြစ်ပါသည်။ ယွမ် တစ်သောင်းတန် အိမ်ရာတွင် နေထိုင်သော လူများပင် မတတ်နိုင်လောက်ပါ။
"အဘိုးနဲ့အဘွား သူဘယ်သူလဲ။ သူ့ကို သမီး ဘာလို့ မသိရတာလဲ။" ရှုရှန့်မိန်က ပြန်ဝင်လာပြီး ပြုံးကာ မေးလိုက်သည်။
"နင် မပြန်သေးဘူးလား။" အမေကျိုးက ပြောလိုက်၏။
"အင်း သမီးကသိချင်လို့ပါ။" ရှုရှန့်မိန်က ပြုံးကာ ပြောလိုက်သည်။ သူမ၏ မျက်နှာက တကယ်ပဲ ပြောင်တင်းပါသည်။ အမေကျိုးစကားများကို လုံးဝ ဂရုမစိုက်ပါ။
"ဒါအာ့နီရဲ့ကောင်လေး ဝမ်ယွမ်လို့ခေါ်တယ်။ သူက နင့်ဒေါ်လေးနဲ့ လုပ်ဖော်ကိုင်ဖက် အထည်စက်ရုံ သူဌေးလေ။" အမေကျိုးက မိတ်ဆက်ပေးလိုက်သည်။
အမေကျိုးက တမင်တကာ အသေးစိတ် မိတ်ဆက်ပေးလိုက်ခြင်း ဖြစ်၏။ ဘယ်သူက သူမကို ကိုယ့်ဖာသာကို ရည်းစားရှာခိုင်းပြီး လင်တော်ခိုင်းလို့လဲ။
အာ့နီအတွက် သူမ၏ ဒေါ်လေး ရှာပေးထားသည့်လူကို ကြည့်ပါဦး။ ကျောင်းမိသားစုထက် ပိုချမ်းသာသည်သာ မကသေးဘဲ ပိုအရေးကြီးသည်က သူက လုပ်နိုင်ကိုင်နိုင်စွမ်းရှိသည်၊ ယဥ်ကျေးပြီး သဘောလည်း ကောင်းသည်။ လူတိုင်းကို နှာခေါင်းရှုံ့ကြည့်တတ်သော ကျောက်ကျွင့်လို လူမျိုးနှင့် ယှဥ်ကြည့်လို့တောင် ရပါ့မလား။
ရှုရှန့်မိန်က သူမ၏ အပြုံးမှာ ပျက်လုနီးနီး ဖြစ်သွားသည်ဟု ခံစားမိကာ ပြန်ဖြေလိုက်သည်။ "အာ့နီရဲ့ကောင်လေးကို ဒါဆို ကျွန်မက ခဲအိုလို့ ခေါ်ရမယ်ထင်တယ်။ နောက်ကျနေပြီမို့ ကျွန်မ ပြန်လိုက်ပါဦးမယ်။ ခဲအို အဘွားနဲ့အဘိုးတို့နဲ့ ထိုင်စကားပြောဦးလေ။"
ရှုရှန့်မိန်ကို ယခုသိသွားပြီဖြစ်သော ဝမ်ယွမ်မှာ ဘာမှပြန်မပြောဘဲ ခေါင်းငြိမ့်ပြလိုက်သည်။
ရှုရှန့်မိန်က နောက်လှည့်ပြီး အိမ်ပြင် ထွက်သွားပါသည်။ သူမ၏ မျက်လုံးထဲတွင်တော့ အမျက်ဒေါသများ ပြည့်နှက်လျက်ရှိသည်။
သေချာပေါက်ကို အမေကျိုးက ဘက်လိုက်နေပါသည်။။ သူမက ကျောက်ကျွင့်နှင့် လက်ထပ်မိခြင်းကြောင့် မိန်းမပျက်တစ်ယောက်လို အဆူဆဲခံခဲ့ရသည်။ သူမကို အဆင့်တက်ချင်သော မိန်းမတဲ့။ အာ့နီကိုကျတော့ သူဌေးတစ်ယောက်နှင့် မိတ်ဆက်ပေးခဲ့သည်။
ဒီလိုအသက်အရွယ် ငယ်ငယ်လေးနှင့် ကားတစ်စီးပင် ဝယ်နိုင်ပြီး ကိုယ်ပိုင် အထည်စက်ရုံပင် ပိုင်ဆိုင်ထားသည်။ ဒါက လုံးဝကို သူဌေးကြီးဖြစ်သည်။
ကျောင်းမိသားစုနှင့် လက်ထပ်နိုင်ဖို့အတွက် သူမ ဦးနှောက်ချောက်အောင် ကြံစည်ခဲ့ရသည်။ ကျိုးအာ့နီကတော့ ဘာမှလုပ်စရာ မလိုပေ။ သူမ၏ ဒေါ်လေးက သူမကို ထိုကဲ့သို့ လူမျိုးနှင့် မိတ်ဆက်ပေးခဲ့သည်။
အစကတည်းက သူမကို ထိုကဲ့သို့ လူမျိုးနှင့် မိတ်ဆက်ပေးခဲ့ပါက ကျောက်ကျွင့်လိုလူမျိုးနှင့် သူမ တွေ့နိုင်ပါဦးမလား။
ကျန်မိသားစုအားလုံးက အလုပ်လုပ်နေကြပြီး ကျောက်ကျွင့်တစ်ယောက်တည်းသာ အလုပ်မလုပ်ပေ။ မိသားစုက ချမ်းသာပြီး လောလောဆယ် အိမ်ထောင်စု မခွဲကြသေးပေ။ နောက်ပိုင်း မိသားစုများ ခွဲခွာရပါက သူမတို့ ဘာများ လုပ်ကိုင်စားသောက်ရပါမည်နည်း။
ကျောင်းမိသားစုကို လက်ထပ်ရခြင်းက အပေါ်ယံ ကြီးကျယ်သည့်ပုံပေါ်သော်လည်း အမှန်တကယ်တော့ အစီအစဥ် အတော်ချခဲ့ရပြီး အားစိုက်ထုတ်မှုများစွာ လိုအပ်ခဲ့ပါသည်။
ထိုဝမ်ယွမ်ကို ကြည့်လိုက်သောအခါ ဘယ်လောက်တောင် ပိုကောင်းလိုက်သလဲ။ သူက အဘိုးအဘွားနှစ်ယောက်ကို တွေ့ဖို့ ရောက်လာပြီး လက်ဆောင်ပင် ယူလာသေးသည်။ သူမနဲ့အတူ အဘိုးအဘွားအိမ်ကို အိမ်လည်သွားဖို့ ကျောက်ကျွင့်ကို ပြောသောအခါ မလာချင်ဘူးဟု ပြန်ပြောခဲ့ပါသည်။
နှိုင်းယှဥ်ကြည့်ဖို့ပင် တကယ်မထိုက်တန်ပါ။
နှိုင်းယှဥ်ခြင်းကြောင့် စိတ်မသက်မသာပင် ဖြစ်ရပါသည်။