သားကြီး ပြန်ရောက်လာခြင်း
Vol. 31 Ch. 434
အခန်း(၄၃၄) - သားကြီး ပြန်ရောက်လာခြင်း
ရှုရှန့်မိန်က ဒေါသကြီးစွာဖြင့် ပြန်သွားသည်ကို ဘယ်သူမှ မသိကြပါ။ ဘယ်သူကမှလည်း သူမကို ဂရုမစိုက်ပါ။
လင်းချင်းဟယ် နေ့လည်ခင်း ပြန်လာသောအခါ ကျိုးချင်းပိုင် ချက်ပေးထားသည့် ကြက်စွပ်ပြုတ်ကို သောက်လိုက်သည်။
"တာ့လင်းကို ကိုယ့်အမေ ပေးခိုင်းလိုက်တာလေ။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
ဘာကိုဆိုလိုသလဲ လင်းချင်းဟယ် နားလည်သဖြင့် သူ့ကို မျက်စပြစ်လိုက်သည်။
ရှုရှန်းချန်အပေါ်ထားသော သူမ၏ သဘောထားကြောင့် အမေကျိုးက အနည်းနှင့်အများ စိတ်ခုနိုင်သည်။ သို့သော်လည်း အခုတော့ အခြေအနေကို အမေကျိုး နားလည်သွားလောက်ပြီဖြစ်ပြီး သူမကို အလျှော့ပေးချင်ခြင်း ဖြစ်သည်။
သူမ ငယ်ငယ်တုန်းက အတိုင်းသာဆို ကြက်စွပ်ပြုတ်ကို တစ်ငုံတောင် သောက်မည် မဟုတ်ပါ။ သို့သော်လည်း မျက်တစ်မှိတ်အချိန်အတွင်း သူမပင် အသက် လေးဆယ်နားသို့ ကပ်လာခဲ့ပါပြီ။
အစပိုင်းတွင် အဖေလင်းနှင့် အမေလင်းတို့အား ဆက်ဆံရေးကို ဖြတ်ဖို့ သူမ သောင်းကျန်းခဲ့သည်။ ထို့အပြင် အဖေလင်းနှင့်အမေလင်းတို့ ဒုတိယအစ်ကိုကြီးလင်း၏ ကိစ္စကြောင့် ကျိုးချင်းပိုင်ကို လာရောက် တောင်းပန်တုန်းကလည်း ပါသည်။
ထိုအချိန်တုန်းက လင်းချင်းဟယ်မှာ အသည်းမာခဲ့သည်။
သို့သော် မကြာသေးခင် နှစ်ကာလများတွင် သူမ၏ ကိုယ်ကျင့်တရားကို ပြုပြင်ခဲ့သည်။ ဘာပဲဖြစ်ဖြစ် သွေးပူလွယ်ပြီး ဒေါသထွက်လွယ်ခြင်းက မကောင်းပါ။ စိတ်တည်ငြိမ်ပြီး စိတ်ရှည်ခြင်းကသာ ကျန်းမာရေး ကောင်းမွန်စေဖို့ နည်းလမ်းကောင်း ဖြစ်ပါသည်။
ထို့ကြောင့် အမေကျိုးကို သူမ စိတ်ထဲ သိပ်မထားခဲ့ပါ။ ဘုန်းကြီး၏ မျက်နှာကို မကြည့်၍ ရသော်လည်း ဗုဒ္ဓကိုတော့ ထည့်စဥ်းစားရမည် မဟုတ်ပါလား။ သူမရှေ့တွင် မဟုတ်မမှန်သော စကားများ မပြောသ၍ ချင်းပိုင်ကိုယ်စား အမေကျိုးကို စိတ်ထဲထားမည် မဟုတ်ပါ။
"နေ့လည် ကျွန်မတို့ ဘယ်အချိန်လောက် သွားကြမလဲ။" လင်းချင်းဟယ်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
"စားသောက်ပြီး၊ ခဏနားပြီးရင် သွားကြမယ်လေ။" ကျိုးချင်းပိုင်က ပြောလိုက်သည်။
ကျိုးရွှမ်နှင့် အခြားသူများလည်း စောစော ပြန်လာကြသည်။ ကျိုးချင်းပိုင်က အစားအစာများ ပြင်ဆင်ပြီးသွားပြီဖြစ်ပြီး ကျိုးရွှမ်ကို အာ့နီ၊ ဟူကျစ်နှင့် အခြားသူများထံသို့ ယူသွားခိုင်းလိုက်၏။ သူတို့မိသားစုကတော့ ဖက်ထုပ်ဆိုင်တွင်သာ စားကြသည်။
"သားလတ် ဆိုင်ကြည့်ထားဦး။" လင်းချင်းဟယ်က ပြောလိုက်သည်။
"အမေ ရေကူးကန်သွားမလို့လား။" ကျိုးကွေ့လိုင်က မေးလိုက်သည်။
"နင်အတန်းသွားတက်ရဦးမယ်မလား။ လိုက်လို့ မရဘူး။ နင် အတန်းပြီးရင် ဘောလုံး သွားကစားလိုက်ပေါ့။" လင်းချင်းဟယ်က လက်ခါပြလိုက်သည်။
ဤအချိန်ကာလမှာ မေလအကုန်ပိုင်း ရောက်နေပြီဖြစ်သည်။ ကောလိပ်ဝင်ခွင့်စာမေးပွဲ မဖြေခင် လဝက်လောက် အချိန် ကျန်နေပါသေးသည်။
ကျိုးကွေ့လိုင်ကလည်း စိတ်ထဲမထားဘဲ ပြောလိုက်၏။ "စာမေးပွဲပြီးတာနဲ့ နေ့တိုင်းကို သွားပြစ်လိုက်ဦးမယ်။"
ထို့နောက် သူ သက်ပြင်းချလိုက်မိပြန်သည်။ "ငါရေမကူးတာတောင် တော်တော်ကြာပြီပဲ။"
"နင်စာမေးပွဲပြီးရင် ဟူကျစ်နဲ့အတူတူ လမ်းဘေးဆိုင်ဖွင့်ပြီး အထည်ရောင်းရမယ်။" လင်းချင်းဟယ်က ပြောလိုက်သည်။
"သားကို စျေးလိုက်ရောင်းခိုင်းမလို့လား။" ကျိုးကွေ့လိုင်၏ မျက်လုံးများ ပြူးကျယ်သွားသည်။
"မဟုတ်ရင် အိမ်မှာပဲ အားအားယားယား သခင်လေး လုပ်နေချင်တုန်းလား။" လင်းချင်းဟယ်က အရွဲ့တိုက်လိုက်သည်။
သူ့ကို ထားခဲ့လိုက်ပြီး ကျိုးချင်းပိုင်နှင့်အတူတူ နာရီဝက်လောက်အနားယူဖို့ တိုက်ခန်းသို့ ပြန်လာခဲ့သည်။ ထို့နောက် နှစ်ယောက်သား ရေကူးဝတ်စုံများကို ယူဆောင်ပြီး ထွက်လာခဲ့ကြသည်။
ပြောရမည်ဆိုလျှင် ဒီနှစ်ထဲ တိုးတက်ပြောင်းလဲမှု များစွာ ရှိလာခဲ့ပါသည်။ ရေကူးကန်ကဲ့သို့သော နေရာများပင် ရှိလာပြီဖြစ်သည်။
အထူးသဖြင့် မိန်းကလေးငယ်ငယ်ကလေးများကလည်း ရေကူးဝတ်စုံများဖြင့် ရေကန်ထဲတွင် ရေကစားနိုင်ကြပြီဖြစ်သည်။
"ကျွန်မလို မျက်နှာအိုကြီးနဲ့ မိန်းမက ကောင်မလေးတွေနဲ့ မယှဥ်နိုင်တော့ဘူးပဲ။" လင်းချင်းဟယ်က ရေကူးကန်သို့ ရောက်သွားသောအခါ သက်ပြင်းချလိုက်သည်။
"မင်းက ငယ်ရွယ်နုပျိုနေတုန်းပါပဲ။" ကျိုးချင်းပိုင်က ဘောင်းဘီတိုကို လဲလိုက်ပြီး မျက်ခုံးပင့်ကာ ပြောလိုက်သည်။
လင်းချင်းဟယ်က ရွှင်မြူးစွာဖြင့် သူ့ကို မျက်စပြစ်လိုက်သည်။ သူက အမြဲတမ်း သူမကို မြှောက်ပင့်ပြောလေ့ရှိပြီး ချီးမွန်းစကားများကြောင့် သူမကို အနည်းငယ်ပင် မြောက်တက်သွားစေသည်။
သို့သော် တကယ်ပဲ သူမ၏ အသားအရည်မှာ နဂိုကတည်းက သင့်တင့်ပါသည်။ မြို့တော်သို့ ရောက်လာပြီးနောက် ဒီပတ်ဝန်းကျင်က လူတွေကို ပိုမိုလှပလာစေပါသည်။ လင်းချင်းဟယ်ကလည်း သူမ၏ ကိုယ်ခန္ဓာကို ဂရုစိုက်ပါသည်။
ထို့ကြောင့် သူမ၏ အသက် ၃၀ - ၄၀ အရွယ်ကို မကြည့်ပါနှင့်။ ခါးတွင် အဆီပိုများပင် မရှိပေ။
ထို့အပြင် သူမ၏ သာမန်ထက် ထူးကဲသော အရှိန်အဝါဖြင့် အနီရောင် မိန်းကလေး ရေကူးဝတ်စုံနှင့် လမ်းလျှောက်လာသောအခါ အလွန် မျက်စိကျစရာ ကောင်းလှပါသည်။
သူမ၏ ယောက်ျားချင်းပိုင်ကလည်း မဆိုးလှပါ။ သို့သော်လည်း လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း သူက ဝိတ်အနည်းငယ် တက်လာခဲ့၏။ သူ့ဝမ်းဗိုက်ဝန်းကျင်တွင် အနည်းငယ် အသားထူလာသည်။
ခြုံကြည့်လျှင်တော့ ကိုယ်လုံးကိုယ်ပေါက်က ကောင်းမွန်ပါသည်။
"ကျွန်မ လေ့ကျင့်ခန်း မလုပ်တာကြာပြီဆိုတော့ ခန္ဓာကိုယ်က လိုက်မမှီတော့ဘူး။" လင်းချင်းဟယ်က ရှေ့နောက် ရေကူးပြီးနောက် မောဟိုက်စွာဖြင့် ပြောလိုက်သည်။
ရေကူးခြင်းက ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်စေပါသည်။ ခန္ဓာကိုယ်တစ်ခုလုံးက လေ့ကျင့်ခန်းလုပ်ထားပြီး အားကစားလည် ထူးချွန်သော်လည်း မောပန်းလွယ်သည်မှာ သံသယဖြစ်စရာမရှိပါ။
"နောက်ပိုင်းကျရင် ခဏခဏ လာကြတာပေါ့။" ကျိုးချင်းပိုင်က သူ့မိန်းမကို ရေကူးဖို့ မကြာခဏ ခေါ်လာလျှင် ကောင်းလိမ့်မည်ဟု ခံစားမိပါသည်။
သူမ၏ ရုပ်ပိုင်းဆိုင်ရာ ခွန်အား ပိုမိုကောင်းမွန်လာပါက သူလည်း ပိုမိုပျော်ရမည်ဖြစ်သည်။ မဟုတ်ပါက ကြမ်းတမ်းမှုကို ခံနိုင်ရည်ရှိမည်မဟုတ်ပါ။
သူမ၏ ယောက်ျား ဘာတွေ တွေးနေသလဲ မသိသည့် လင်းချင်းဟယ်ကတော့ ဒီတိုင်း ပြောလိုက်သည်။ "ကျွန်မ နားလိုက်ဦးမယ်။ ရှင်ဆက်ကူးချင် ကူးပေါ့။"
ကျိုးချင်းပိုင်က ရေဆက်ကူးနေသည်။ သူ့ရေကူးနိုင်စွမ်းက အလွန်ကောင်းမွန်ပါသည်။ ထို့အပြင် သူက မကြာခဏ ဘတ်စ်ကတ်ဘောလည်း ကစားပြီး လေ့ကျင့်ခန်းလည်း ပုံမှန်လုပ်သောကြောင့် သူ့ခွန်အား ဘယ်လောက် ကောင်းသလဲ ပြောစရာပင်မလိုပါ။
သူနှင့်ယှဥ်လျှင် ဆရာမတစ်ယောက်ဖြစ်သည့် လင်းချင်းဟယ်က အမှိုက်စတစ်စလိုပင်။
အကြာကြီး အနားယူလိုက်ပြီးနောက် သူမ ရေပြန်ကူးလိုက်သည်။
မောဟိုက်နွမ်းနယ်သော်လည်း ရေကူးပြီးနောက်တွင် သူမ များစွာ သက်တောင့်သက်သာ ရှိသွားခဲ့သည်။ ပိုအရေးကြီးသည်က လက်မှတ်များကလည်း စျေးပေါပါသည်။ လူကြီးများက ဆယ်ဆင့်သာကျသင့်ပြီး ကလေးများက ငါးဆင့်သာ ကျသည်။ လူတိုင်း မနက်ခင်း ဖွင့်ချိန်မှစ၍ ညနေခင်း ပိတ်ချိန်အထိ နေနိုင်ပါသည်။
လင်မယားနှစ်ယောက်သား ရေကူးပြီးသွားသောအခါ ထိုင်စရာ နေရာ တစ်နေရာ ရှာလိုက်ကြသည်။ ထို့နောက် အိတ်ထဲမှ ပန်းသီးများ ထုတ်ပြီး စားလိုက်ကြသည်။
လင်းချင်းဟယ်က ဆက်မကူးချင်တော့ပါ။ သူမ၏ လက်ချောင်းတွေလည်း ပဲကြီးရေတွန့်နေပြီဖြစ်သည်။ ကျိုးချင်းပိုင်ကတော့ အချီပေါင်းများစွာ ရေဆက်ကူးနေသည်။ ထိုအခါမှ ကိစ္စပြီးမြောက်ကြပြီဟု သတ်မှတ်နိုင်တော့သည်။
သူတို့နှစ်ဦးသား အဝတ်သန့်များကို လဲလိုက်ကြပြီး အိတ်များ ကိုင်ဆောင်လျက် လန်းဆန်းစွာဖြင့် အိမ်ပြန်လာခဲ့ကြသည်။
"နောက်ပိုင်းကျရင် တစ်ပတ်ကို တစ်ခါလောက် သွားကြရအောင်။" သူမခင်ပွန်းသည် ချင်းပိုင်က သဘောကျကြောင်း မြင်သောအခါ သူမ အကြံပေးလိုက်၏။
"ကောင်းပြီ။" ကျိုးချင်းပိုင်ကလည်း သဘောကျကာ ခေါင်းငြိမ့်လိုက်သည်။
"သားကြီးလည်း ပြန်လာတော့မယ်။ သူပြန်လာတဲ့အချိန်ကျရင် သူ့ပါကို လိုက်ခိုင်းမယ်။ သူလည်း ရေကူးရတာ ကြိုက်တယ်။" လင်းချင်းဟယ် ပြောလိုက်သည်။
ထို့နောက်မှ သူမ စကားတိတ်သွားတော့သည်။ သားကြီးက ပြန်လာတော့မည်ဟု သူမ ခန့်မှန်းထားသော်လည်း အစောကြီး ပြန်လာလိမ့်မည်ဟု မထင်ထားခဲ့ပါ။
ဇွန်လတွင် ကျိုးကွေ့လိုင်က ကောလိပ်ဝင်ခွင့် စာမေးပွဲဖြေရတော့မည်။ သူ့ရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲကာလအတွင်း ကျိုးခိုင် ပြန်ရောက်လာခဲ့သည်။
"နင် ဘာလို့ အစောကြီး ပြန်လာတာလဲ။ နည်းနည်းလောက် ကြာဦးမှာ မဟုတ်ဘူးလား။" ညနေခင်းအတန်းပြီးချိန် အိမ်ပြန်လာခိုက် ဆိုဖာပေါ်တွင် တီဗီထိုင်ကြည့်နေသော သားကြီးကို မြင်သောအခါ လင်းချင်းဟယ်မှာ အလွန်အံ့အားသင့်သွားရပါသည်။
အလွန် အသားမည်းသွားသော ကျိုးခိုင်က သွားဖြီးကာ ပြုံးလိုက်သည်။ သူ့အမေအတွက် ရေတစ်ခွက် ထည့်ပေးရင်း ပြန်ဖြေလိုက်၏။ "ကျွန်တော် စောစောပြန်လာတာလေ။ ဒီမှာ လဝက်လောက် နေလို့ရတယ်။"
သူ လဝက်အတွင်း ပြန်သွားရမည်။ ထိုအချိန်တွင် လေ့ကျင့်ရေးကို နှစ်ဆလောက် လုပ်ရမည်။
"နောက်ဆုံးတော့ နင် ကြာကြာ နေလို့ရပြီပေါ့။" လင်းချင်းဟယ်က ရေခွက်ကို ယူလိုက်ပြီး ပြောလိုက်သည်။ "နင်ပြန်လာတာ နင့်အဖေကော သိပြီးသွားပြီလား။"
"မသိသေးဘူး။ ကျွန်တော် အိမ်ပဲ တန်းပြန်လာခဲ့တာ" ကျိုးခိုင်က ပြန်ဖြေလိုက်သည်။ သူက အလွန် ခရီးပန်းနေသဖြင့် အိမ်ပြန်လာပြီး အရင်အိပ်ခဲ့သည်။ အခုလေးတင် နိုးလာခဲ့ခြင်းဖြစ်၏။
လင်းချင်းဟယ်က ရေသောက်ကာ ထိုင်လိုက်ပြီး သူ့အကြောင်းများ မေးမြန်းတော့သည်။
ဒီတစ်ခေါက် ပြန်လာတော့ အရင်တစ်ခေါက် ပြန်လာတုန်းကထက် အသားပိုမည်းသွားသည်။ ပြောရမည်ဆိုလျှင် သူမ၏ အသက် ၁၉နှစ်အရွယ် သားတော်မောင်မှာ တကယ် အရွယ်ရောက်သွားခဲ့ပြီ ဖြစ်ပါသည်။
သူတစ်ယောက်တည်း အမှီအခိုကင်း ထွက်သွားပြီး တစ်ကိုယ်တည်း ဆုံးဖြတ်ချက် ချနိုင်သည့် လူမျိုး ဖြစ်လာသည့်ပုံပင်။
"နင် တော်တော် ကြံ့ခိုင်လာတာပဲ။ ကြည့်ရတာ အများကြီး ပင်ပန်းခဲ့ရတယ်ထင်တယ်။" လင်းချင်းဟယ်သည် ထိုသို့ပြောရင်း သူမနှာခေါင်းထဲတွင် အနည်းငယ် ချဥ်စူးသွား၏။ (လင်းချင်းဟယ်က သူ့သား ပင်ပန်းနေတာကို တွေးပြီး ငိုချင်လာတာကို ပြောတာပါ)
"ဘာကို ပင်ပန်းရမှာလဲ။ လေ့ကျင့်ရေးဆိုတာ ကျွန်တော်တို့ လုပ်ရမယ့်အရာပဲလေ။ အမေ ကျွန်တော့်အတွက် စိတ်မပူပါနဲ့။" ကျိုးခိုင်က အာမခံလိုက်၏။
လင်းချင်းဟယ်က ထိုအကြောင်းကို ဆက်မပြောတော့ပေ။ "သွားသွား၊ နင် ဖက်ထုပ်ဆိုင်ကို သွားလိုက်ဦး။ နင့်အတွက် ဟင်းကောင်းကောင်း ချက်ပေးဖို့ ငါ စျေးသွားဝယ်လိုက်ဦးမယ်။"
ကျိုးခိုင်က ပြုံးလိုက်ပြီး သူ့အမေနှင့်အတူတူ အိမ်ထဲမှထွက်လာခဲ့သည်။ ထိုအချိန်တွင် ဟိုဘက်အိမ်က ကျန်းမေ့လျန်လည်း ထွက်လာပြီး သူတို့နှင့်ဆုံလေသည်။ လင်းချင်းဟယ်နှင့် ကျိုးခိုင်တို့သည် သူမကို မသိချင်ယောင် ဆောင်သွားလိုက်ကြပါသည်။
"အဘိုးနဲ့အဘွားကော ကျန်းမာရဲ့လား။"
"နင့်အဘိုးနဲ့အဘွားက ကျန်းမာတယ်၊ ပြဿနာမရှိဘူး။ နင်စားသောက်ပြီးမှ အဲ့ဒီအိမ်ဘက်ကို သွားကြည့်ပေါ့။" ဟု လင်းချင်းဟယ်က ပြန်ဖြေလိုက်သည်။
သူတို့ ဖက်ထုပ်ဆိုင်သို့ ရောက်လာကြသည်။ သားကြီးကို သူ့အဖေနှင့်အတူ အလွမ်းဖြေခိုင်းထားလိုက်၏။ ထို့နောက် ပိုက်ဆံယူကာ ဟင်းကောင်းကောင်းချက်ဖို့အတွက် စျေးသို့ အပြေးသွားခဲ့ပါသည်။