ဓားစံအိမ်မျိုးဆက်အမွေအနှစ်
Vol. 3 Ch. 40
ဓားစံအိမ်အကြီးအကဲ၏မေးခွန်းမှာ ဖြေရန် မလွယ်ကူပါ။
‘သူက ဖြစ်သလို ဖြေ၍ မရသလို အမှန်အတိုင်းလည်း ဖြေ၍ မဖြစ်ပေ’
“အကြီးအကဲ… ကျွန်တော် နဂိုတုန်းက ဂိုဏ်းကို ဝင်တာ ကျင့်ကြံဖို့ပါ။ ဓားထိန်းတစ်ယောက်ဟာ အသက်အန္တရာယ်နဲ့ကြုံနိုင်တာ မသိခဲ့ပါဘူး”
ဟန်မူယဲ့ အသက်ဝအောင်ရှူလိုက်ကာ အသံတိုးတိုးဖြင့် ပြောသည်။
အကယ်၍ သူသည်သာ အသက်ဆုံးရှုံးသွားနိုင်ကြောင်း သိခဲ့ပါက ဓားစံအိမ်သို့ လာမည် မဟုတ်ပေ။
ဓားစံအိမ်အကြီးအကဲက မည်သို့မှ မပြောဘဲ သူ ဆက်ပြောမည်ကို စောင့်နေသည်။
“နောက်ပိုင်း… ကျွန်တော် ဓားတွေကို သန့်ရှင်းရေးလုပ်တဲ့အခါ ဓားချီ ခန္ဓာကိုယ်ထဲကို ဝင်လာတဲ့ခံစားချက်က…”
ဟန်မူယဲ့သည် မော့ယွမ်၏အမူအရာကို ပြန်အမှတ်ရအောင် ကြိုးစားသည်။
သူ့ပါးစပ်များ ကွေးညွတ်သွားကာ မျက်လုံးများ စူးရှလာပြီး လက်ချောင်းများ ကောက်ကွေးလာသည်။
သူသည် တဏှာရာဂမီးများ လောင်မြိုက်လာသည်။
ထိုအချိန်က မော့ယွမ်သည် တူနှစ်ကိုယ်ကျင့်ကြံခြင်း၏ခံစားချက်ကို ပြောပြခဲ့၏။
“အဟမ်း… မင်းက ဒါ့ကြောင့်ပဲ ဓားချီတွေ အများကြီး စုပ်ယူပြီးတော့ သက်တန်းကို ထိခိုက်စေခဲ့တယ်လား”
ဓားစံအိမ်အကြီးအကဲက ဟန်မူယဲ့၏အမူအရာကို သည်းမခံနိုင်တော့ဟန်ဖြင့် အသာအယာ ခြောင်းဟန့်ကာ ပြောသည်။
ပုံမှန်အားဖြင့် ထိုသို့ မဟုတ်နိုင်။
ဓားချီက ခန္ဓာကိုယ်အတွင်းသို့ ဝင်သွားခြင်းမှာ မတော်တဆ ဖြစ်သည်။ အကယ်၍ သူသည်သာ ထိုကိစ္စ၌ သာယာပါက စိတ်နှလုံးမှာ မခိုင်မာသေး၍ ဖြစ်သည်။
ဓားသမားတစ်ဦးက မည်သို့ စိတ်ဓာတ်မခိုင်မာဘဲ နေမည်နည်း။
၎င်းသည် စိတ်ဓာတ်ခိုင်မာကာ ရဲရင့်ရန် လိုသည်။
“အကြီးအကဲ… ကျွန်တော်က မော့ယွမ်လက်အောက်မှာ ဓားပညာတစ်ခုကို သင်ခဲ့ပါတယ်”
“ဓားပညာဟာ ဓား ၁၀၀၀၀ တို့အိမ်အပြန်လို့ ခေါ်ပါတယ်”
ဟန်မူယဲ့ ထရပ်ကာ ရှေ့ကို ကြည့်လိုက်သည်။
“ဓား ၁၀၀၀၀ တို့အိမ်အပြန်…အပြင်စည်းဂိုဏ်းသား”
ဓားစံအိမ်အကြီးအကဲ၏မျက်နှာတွင် ထူးဆန်းသော အမူအရာများ ဖြစ်ပေါ်လာသည်။
“အဲဒီဓားပညာကို သင်ဖို့အတွက် ဓားချီ ခန္ဓာကိုယ်ထဲကို ဝင်ဖို့ လိုတယ်မလား”
“အပြင်စည်းဂိုဏ်းသားတစ်ယောက်က ချီကို မဖွဲ့စည်းရသေးဘူးမလား”
ချီကို မဖွဲ့စည်းရသေးလျှင် သူက ဓားချီ ခန္ဓာကိုယ်ထဲကို ဝင်ခြင်းအား မည်သို့ သိပါသနည်း။
သူ၏စကားများကိုကြားလျှင် ဟန်မူယဲ့က ခေါင်းယမ်း၏။ သူ၏မျက်လုံးများထဲတွင် အထင်ကြီးလေးစားသော အမူအရာများ ဖြစ်လာသည်။
“ဆရာမော့ယွမ်ဟာ ဓားစံအိမ်အကြီးအကဲဟောင်းသုံးယောက်ရဲ့ တိုက်ကွက်ကို မှီးပြီးတော့ ဓားပညာတစ်ခု တီးထွင်ခဲ့တယ်။ ဓားတစ်ချက်တည်းနဲ့ ဘယ်သူမှ သူ့ကို ယှဉ်မချနိုင်ဘူး။ သန်းပေါင်းများစွာသော ဓားချီတွေဟာ ခန္ဓာကိုယ်ထဲမှာ စုစည်းပြီးတော့ တိုက်ခိုက်နိုင်တဲ့ ဓား ၁၀၀၀၀ တို့အိမ်အပြန် တိုက်ကွက်ကို သူဟာ နှစ် ၂၀၀ အကြာမှာ တီထွင်နိုင်ခဲ့တယ်”
လက်တစ်ဖက်ကို နောက်တွင်ပိုက်ကာ နောက်လက်တစ်ဖက်ဖြင့် ရှေ့ကို ညွှန်လိုက်၏။ သူ့ရှေ့တွင် ထောင်ပေါင်းများစွာသော ရန်သူများ ရှိသည့်တိုင် သူ့တွင် ဓားတစ်လက်သာ လိုအပ်၏။
“ဓား ၁၀၀၀၀ တို့ အိမ်… အ… ပြန်”
ဟန်မူယဲ့က ရှေ့ကို ညွှန်ပြလိုက်လျှင် သူ့မျက်လုံးများက အလွန်စူးရှနေပြီး ဓားချီများမှာလည်း သူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာတော့မည့်ဟန်ရှိနေသည်။
ဓားစံအိမ်အကြီးအကဲမှာ ထိုအရှိန်အဝါကို ခံစားမိသည်။ အတန်ကြာ သူက တွေးတောပြီးနောက်တွင် ခေါင်းညိတ်ကာ ပြောသည်။
“နှစ် ၂၀၀ တိုင်ကြိုးစားအားထုတ်ပြီးတော့ ဓားတစ်လက်မှာ ဒီလိုစွမ်းအားကို စုစည်းနိုင်တယ်။ ဒီမော့ယွမ်ဟာ တကယ်ဇွဲကောင်းတယ်”
သူက တစ်စုံတစ်ခုကို ပြန်တွေးမိကာ ပြောသည်။
“ငါတို့ ဓားစံအိမ်အကြီးအကဲဟောင်းတွေရဲ့ ဓားအရှိန်အဝါဟာ တကယ် ခမ်းနားကြီးကျယ်တယ်”
“ဟုတ်ကဲ့…”
ဟန်မူယဲ့ လက်ချောင်းကို ပြန်ရုတ်သိမ်းကာ ထိုင်လိုက်၏။
ဟန်မူယဲ့က သူသည် ပထမအဆင့်ကို ကျော်ဖြတ်နိုင်ပြီဖြစ်ကြောင်း သိလိုက်သည်။
ထင်သည့်အတိုင်း ဓားစံအိမ်အကြီးအကဲက နောက်ထပ်မေးခွန်းများ မမေးတော့ချေ။
“ဒီဓားစုစည်းတဲ့ပညာရပ်ဟာ ငါတို့ဓားစံအိမ်မျိုးဆက်သိုင်းနဲ့ နည်းနည်းဆင်တယ်”
ဓားစံအိမ်အကြီးအကဲက စာလိပ်တစ်ခုကို ကမ်းပေးလိုက်ကာ သူ့အား ထူးမခြားနားစွာ ပြောသည်။
“ဒါဟာ ဓားပျိုးထောင်ခြင်းစနစ်ပဲ။ ဒါကိုယူပြီး နားလည်အောင်ကြည့်”
“မင်းမှာ မေးခွန်းရှိရင် ငါ့ဆီ လာခဲ့လို့ရတယ်”
ဓားပျိုးထောင်ခြင်းစနစ်…
ဟန်မူယဲ့ စာလိပ်ကို ယူလိုက်သည်။
“ဓားစံအိမ်ရဲ့ဓားကို ပျိုးထောင်ခြင်း၊ ခန္ဓာကိုယ်ထဲက ဓားကို ပျိုးထောင်ခြင်း၊ ပြီးတော့ နှလုံးသားထဲက ဓားဆန္ဒကို ပျိုးထောင်ခြင်း… ပြီးတော့ တုနှိုင်းမဲ့ဓားအဟုန်ကို ပျိုးထောင်ခြင်း… ဒီအဆင့်ကတော့…”
ထို့နောက် ဓားစံအိမ်အကြီးအကဲက ခေါင်းယမ်းသည်။
“သိပ်အများကြီးတော့ မမျှော်လင့်နဲ့။ ဒါမျိုးက နှစ်တစ်ထောင်လောက် မကျင့်ကြံဘဲ မဖြစ်လာနိုင်ဘူး”
“ဒါက မင်းဆရာ မော့ယွမ်ရဲ့ ဓား ၁၀၀၀၀ တို့အိမ်အပြန်လိုပဲ။ ဒါကသဘောတရားသက်သက်ပဲ”
“ဓားစံအိမ်မှာ ဓားမာန်ဟုန်ကို စုစည်းနိုင်တဲ့သူ မရှိဖူးဘူး”
ဓားစံအိမ်တွင် နှစ် ၆၀ ကို ကျော်လွန်အောင် နေထိုင်နိုင်လျှင်ပင် အလွန်အသက်ရှည်နေပြီဟု ဆိုနိုင်သည်။
ဓားတစ်လက်ကို နှစ် ၁၀၀၀ ပျိုးထောင်ခြင်းက အမှန်တကယ် စိတ်ကူးယဉ်ခြင်း ဖြစ်သည်။
“မင်းက ဓားချီ ခန္ဓာကိုယ်ထဲကို ဝင်တာသိမှ ငါဟာ မင်းကို ဓားပျိုးထောင်ခြင်းပညာရပ် သင်ပေးနိုင်တာ။ ဒါကြောင့် မင်းကို မသင်ပေးနိုင်တာ အချိန်မကျသေးလို့ပဲ။ မင်း နားလည်လား”
ဟန်မူယဲ့ အောက်ထပ်ကို ဆင်းခါနီးတွင် ဓားစံအိမ်အကြီးအကဲက ရှင်းပြသည်။
ဟန်မူယဲ့ ခေါင်းညိတ်သည်။
သူ နားလည်သွား၏။
ဓားချီ ခန္ဓာကိုယ်ထဲ မဝင်ဘဲ အသက်ရှင်ခဲ့သူများသည်သာ ဓားစံအိမ်ပညာရပ်များအား သင်ယူနိုင်၏။
အကယ်၍ သူသည်သာ သေဆုံးသွားပါက သူ့ကံကြမ္မာဖြစ်သည်။
သူ၏အခန်းထဲကို ပြန်ရောက်လျှင် ဟန်မူယဲ့သည် စာလိပ်ကို ဖွင့်လိုက်၏။
စာလိပ်မှာ အဝါရောင်ပိုးသားဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ စာလိပ်ပေါ်မှ စာလုံးများမှာ ထူထဲကာ စုတ်ချက်တိုင်းသည် ဓားတစ်လက်ဖြင့် ထွင်းထားသလို ထင်ရ၏။
ဓားပျိုးထောင်ခြင်းစနစ်…
အကြောင်းအရာမှာ သိပ်မများချေ။ ၎င်းမှာ ဓားချီ မည်သည့်နေရာကလာသည်၊ မည်သို့ သန့်စင်ရမည်ကို ရှင်းပြထားသည်။
ဓားပျိုးထောင်ခြင်းစနစ်ကို ဖတ်ပြီးသောအခါ ဓားစံအိမ်အကြီးအကဲက ဟန်မူယဲ့အား အဘယ်ကြောင့် ဓားချီ ခန္ဓာကိုယ်ထဲ ဝင်ပြီးမှ ပညာရပ်အား သင်ကြားပေးသည်ကို ပိုမို၍ နားလည်လာသည်။
ဓားချီကို သိမြင်ခံစားနိုင်ခြင်းမရှိဘဲ၊ ဓားချီ နှလုံးသားထဲကို ဝင်သည့်ခံစားချက်ကို မသိဘဲ၊ ဓားချီနှင့် ဆက်နွယ်မှုကို နားမလည်ဘဲ သူသည် ဤနည်းစနစ်ကို မသင်ယူနိုင်ပါ။
ထက်ရှသော ဓားချီသည် ချောမွေ့စွာဖြင့် ဒန်ထျန်နှင့် ပေါင်းစပ်ခါမှ ဓားချီသည် ပျိုးထောင်ကာ စုစည်းနိုင်၏။
ဓားစံအိမ်၏အမွေအနှစ်သည်သာ ဤသို့ ရူးသွပ်သော ပညာရပ်မျိုး ရှိနိုင်၏။
အခြေခံကို တည်ဆောက်ရန် တစ်စုံတစ်ယောက်သည် ဓားချီကို အသုံးပြုကာ ဓားချီများ အရိုးထိ စိမ့်ဝင်သော နာကျင်မှုအား သည်းခံရမည်ဖြစ်ကာ ထိုနည်းဖြင့် ဓားအရိုးကို ဖွဲ့စည်းရသည်။
ဓားအရိုးများကို စုစည်းခြင်းဖြင့် သူသည် ဓားဆန္ဒကို ပျိုးထောင်နိုင်သည်။
ကမ္ဘာမြေအဆင့်များအတွက်ဆိုပါက သူသည် သူ၏ဓားဆန္ဒဖြင့် စိတ်ဝိညာဉ်ကို နိုးထစေကာ ဓားအမြုတေအား ဖွဲ့စည်းရ၏။
ဓားချီသည် ဓားအမြုတေဖြစ်လာသောအခါ ထိုအမြုတေဓားကို သုံးလိုက်ပါက ထောင်ပေါင်းများစွာသော ဓားများ ဦးညွှတ်ရ၏။
ဓားပျိုးထောင်ခြင်းစနစ်တွင် ဓားအမြုတေဖွဲ့စည်းခြင်းအတွက် ခန့်မှန်းချက်များသာ ပါဝင်သည်။
ဓားစံအိမ်အကြီးအကဲသည်ပင် နှစ် ၆၀ ကျင့်ကြံပြီးနောက်မှသာ ဓားအရိုးတစ်ဝက်ကို ဖွဲ့စည်းနိုင်ခဲ့၏။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်း တည်ထောင်ခဲ့ကတည်းက ဓားစံအိမ်သမိုင်းတွင် မည်သူမှ ဓားအရိုးကို ဖွဲ့စည်းနိုင်ခြင်း မရှိခဲ့ပါ။
“ဒီပညာရပ်ကို ကျင့်ဖို့အရမ်းခက်တာပဲ”
ဓားပျိုးထောင်ခြင်းစနစ်ကို ဖတ်ပြီးနောက်တွင် ဟန်မူယဲ့ ပြုံးလိုက်သည်။
ဤဓားပျိုးထောင်ခြင်းစနစ်ဖြင့်ဆိုပါက သူ့အတွက် ဓားချီများကို ပျိုးထောင်ရန် ပိုမိုလွယ်ကူပေမည်။
ဓားအရိုးဖွဲ့စည်းခြင်းနှင့် အမြုတေဖွဲ့စည်းခြင်းတို့မှာ အလွန်ဝေးကွာနေသေးသော်လည်း ၎င်းကို တွေးမိလျှင် သူ့သွေးများ ဆူပွက်ရ၏။
မှန်သည်၊သူက သေချာပေါက် အသန်မာဆုံးဓားသမား ဖြစ်ရပေမည်။
သူ၏အတွေးများကို ခံစားမိလျှင် သူ၏ချီပင်လယ်မှ ဓားရှစ်လက်သည် အနည်းငယ် တုန်ခါသွား၏။
သူသည် ဓားပျိုးထောင်ခြင်းစနစ်အား တတ်မြောက်ခဲ့၏။
သူက ဓားပညာရပ်ကို နားလည်သွားလျှင် ဓားချီအငွေ့များသည် ဟန်မူယဲ့အနီးတွင် လှည့်ပတ်လာပြီး ခန္ဓာကိုယ်ထဲသို့ စီးဝင်ကြ၏။
ရွှစ်…
သူက အရိုးများ ကုပ်ခြစ်ခံရခြင်း၊ ဖြတ်တောက်ခံရခြင်း စသော ခံစားချက်များကို ရသည်။
သူ၏မျက်နှာ ပျက်ယွင်းသွားသည်။ သူက အံတင်းတင်းကြိတ်ကာ ဆက်လက်တောင့်ခံ၏။
ဤသည်ကား ဓားချီ ခန္ဓာကိုယ်ထဲကို ဝင်သည့် နည်းစနစ် အစစ်အမှန် ဖြစ်သည်။
ပျံ့လွင့်နေသောဓားချီများမှာ ပါးလွှာကာ ထက်ရှသည်။ ၎င်းသည် ခန္ဓာကိုယ်ထဲကို ဝင်ပြီးနောက်တွင် သွေးကြောများမှတစ်ဆင့် စီးဆင်းသွား၏။
သည်တစ်ကြိမ်ကား အဆတစ်ရာခန့် ပိုမို၍ နာကျင်၏။
ထို ဓားချီများသည် သူ၏သွေးကြောများကို ဖြတ်တောက်သွားသော ခံစားချက်မှာ မချိမဆန့်ဝေဒနာဖြစ်သည်။
ဓားချီသည် သွေးကြောတစ်ပတ်လှည့်ပတ်ပြီးနောက်တွင် သူ၏ဒန်ထျန်နှင့် ပေါင်းစပ်သွားပြီး အစိမ်းရောင်သန့်စင်ပြီးဓားချီ ဖြစ်သွား၏။ ဟန်မူယဲ့ကား ချွေးများ စို့နေပြီ ဖြစ်သည်။
ဓားချီတစ်စက ခန္ဓာကိုယ်ထဲဝင်ခြင်းမှာ ထိုမျှ နာကျင်သည်ဆိုပါက ဓားဆန္ဒတစ်ခု ဖြစ်လာရန် ၁၂၈၀၀၀ သော အကြိမ်ရေကို သူ ဖြတ်ကျော်ရန် မည်မျှ သည်းခံရမည်နည်း။
ဟန်မူယဲ့ အမှန်တကယ် ဓားစံအိမ်အကြီးအကဲဟောင်းများကို လေးစားမိသွားသည်။
သူတို့မှာ ရူးသွပ်သူများ ဖြစ်ကြ၏။
သူက စစ်ဆေးကြည့်လျှင် သူ၏ချီပင်လယ်မှ ချီအားတစ်ဝက်ခန့်မှာ ဓားချီ၏စုပ်ယူခြင်းကို ခံလိုက်ရကြောင်း တွေ့ရသည်။
ဓားချီသည်လည်း သဘာဝစွမ်းအင်ချီများကို စုပ်ယူသူ ဖြစ်သည်။
သို့သော်လည်း သူက သူ၏ဓားချီနှင့် တခြားဓားချီများ ကွဲပြားမှုကို မြင်တွေ့ရသည်။
သူ၏သန့်စင်ပြီးဓားချီသည် ပို၍ ကြည်လင်ထက်ရှကာ ဟန်မူယဲ့နှင့် ပိုမိုရင်းနှီးသော ဆက်နွယ်မှုရှိ၏။
သူက နောက်ထပ်ဓားချီများ စုပ်ယူခြင်း မလုပ်ရဲပေ။ သူက ဓားပျိုးထောင်ခြင်းစနစ်အတိုင်း ဓားချီကို သူ၏ဒန်ထျန်သို့ ရွေ့လျားကာ ဒန်ထျန်နှင့် ချီပင်လယ်အကြား တည်ရှိစေသည်။
ဓားချီသည် ချီပင်လယ်မှ ထွက်ခွာသွားသည်နှင့် ဟန်မူယဲ့၏အမူအရာပြောင်းလဲသွားသည်။
“အာ…”
“ဘယ်လောက် သက်တောင့်သက်သာ ဖြစ်လိုက်သလဲ”
ထိုအခိုက်တွင် ဓားချီသည် ရေကဲ့သို့ ညင်သာ သိမ်မွေ့ကာ ၎င်းသည် သွေးကြောများထဲတွင် လက်ကလေးများဖြင့် ပွတ်သပ်သည့်အလား ရွေ့လျားကြ၏။
ထိုခံစားချက်…
တူနှစ်ကိုယ်ကျင့်ကြံခြင်း…
ဟန်မူယဲ့ ထိုစကားလုံးဖြင့်သာ ညွန်းဆိုနိုင်သည်။
ဓားစွမ်းအားသည် သူ၏ဒန်ထျန်ထံသို့ စီးဆင်းသွားလျှင် ဟန်မူယဲ့၏နှုတ်ခမ်းများ ကွေးညွတ်သွားသည်။
စွမ်းဆောင်စုဆောင်းခြင်း… သို့မဟုတ် ချီစုဆောင်းခြင်း…
နောက်ဆုံးတွင် သူသည် ဓားချီဖြင့် ချီစုဆောင်းခြင်းအဆင့်သို့ တရားဝင် တက်ရောက်သွားခဲ့သည်။
ထိုညက သူသည် သက်တောင့်သက်သာ အိပ်စက်နိုင်ခဲ့သည်။
နောက်တစ်နေ့ နံနက်တွင် ဟွမ်လောင်လျှိုက ဟန်မူယဲ့အား ထူးဆန်းစွာ ကြည့်သည်။
နှစ်ဦးသား ကိုယ်လက်သန့်စင်ကာ သိုင်းလေ့ကျင့်ကစားကြ၏။ မနက်စာစားပြီးနောက် သူတို့က စားပွဲရှည်ရှေ့တွင် မျက်လုံးမှိတ်လျှက် ထိုင်နေကြသည်။
ဤသည်က ဓားထိန်းများ၏တာဝန် ဖြစ်သည်။
ဓားစံအိမ်ကို စောင့်ကြပ်ခြင်း…
“စီနီယာအစ်ကို… ရှင် ဓားစံအိမ်ကို ပြန်ရောက်ပြီပေါ့”
နေ့လည်ပိုင်းတွင် အသံတစ်သံက ဟန်မူယဲ့အား လှုပ်နှိုးသည်။
သူက မျက်လုံးများကို ဖွင့်လိုက်လျှင် အဖြူရောင်ဝတ်စုံဖြင့် ပိုင်စုကျန်းသည် ဓားစံအိမ်အပြင်ဘက်၌ ရပ်နေ၏။
ဟန်မူယဲ့ အလိုအလျှောက် ဘေးကို ကြည့်လိုက်သည်။
ဟွမ်လောင်လျှိုက သူ့အား စိုက်ကြည့်နေသည်။
“ဓားစံအိမ်မှာ အပြင်လူမဝင်ရတဲ့စည်းကမ်းရှိတယ်”
တံခါးအပြင်တွင် ပိုင်စုကျန်းက ပါးစပ်ကို လက်ဖြင့်အုပ်ကာ ရယ်သည်။
“ဒီစီနီယာအစ်ကိုဟာ တကယ်ပဲ အလုပ်ကြိုးစားတာပဲ။ ဒါပေမဲ့ ရှင်ဟာ ခါးကုန်းပြီးတော့ အရေပြားတွန့်နေပြီ။ ကျွန်မဆိုင်မှာ ရှင့်ခါးကို သက်သာစေတဲ့ဆေးရှိတယ်။ နောက်တစ်ခေါက်လာရင် အဲဒီဆေးတွေ ယူလာရမလားရှင့်”
ဟွမ်လောင်လျှိုက နှာခေါင်းရှုံ့လိုက်သည်။
‘အစ်ကိုရဲ့ ခါးက တကယ်ပဲ မကောင်းတော့ဘူးလား’
ဟန်မူယဲ့ တံခါးထံသို့ လျှောက်သွားကာ အသာအယာပြောသည်။
“အဓိပ္ပာယ်မရှိတာ မပြောနဲ့။ ဘာလို့ ကျုပ်ကို လာရှာတာလဲ”
ပိုင်စုကျန်းက ချိုသာစွာပြုံးလျှက်ပြောသည်။
“ကျွန်မ ရှင့်ကို သတိရလို့ပေါ့…”
သူမက စကားမဆုံးသေးမှီတွင်ပင် ဟန်မူယဲ့ နောက်လှည့် ထွက်ခွာသွားရာ ပိုင်စုကျန်းက အလျင်အမြန် ပြောသည်။
“ကျွန်မ ရှင်နဲ့ စီးပွားစပ်တူလုပ်ချင်တယ်”