ဓားဂိုဏ်း အလေးအနက်ထားလာပြီ
Vol. 3 Ch. 41
ဟန်မူယဲ့ကလည်း ပိုင်စုကျန်းနှင့် စပ်တူစီးပွားရေးလုပ်ရန် ဆွေးနွေးလို၏။
ဓားချီသည် သူ၏သဘာဝစွမ်းအင်တစ်ဝက်အား စုပ်ယူသွားပြီးဖြစ်သည်။ ထိုအဖြစ်က သူ့အား အနည်းငယ် စိုးရိမ်စိတ် ဖြစ်စေ၏။
ဓားချီကို ပျိုးထောင်ရန် သူသည် ပိုမိုများပြားသော သဘာဝစွမ်းအားများ လိုအပ်၏။
သူသည် ဆေးလုံးများ ဖော်စပ်ရန် အများအပြားသော ဆေးပင်ဆေးမြစ်များ ဝယ်ယူရန် လိုအပ်သည်။
လူတစ်ယောက်သည် ပိုက်ဆံမရှိပါက သူ၏ကျောကို မဆန့်နိုင်ပါ။
လက်ရှိတွင် သူသည် သရုပ်ပြခန်းဆောင်သို့သွားရောက်ကာ မေးခွန်းများ ဖြေပေးခြင်းများမှ အကျိုးဆောင်မှတ်များ ရနိုင်သည်။
တခြားတစ်နည်းကား တိမ်မြူချီဆေးလုံးများ ဖော်စပ်ရန် ဖြစ်သည်။
သရုပ်ပြခန်းဆောင်တွင် မေးခွန်းလာမေးသူများ အမြဲတမ်းမရှိပါ။ အကျိုးအမြတ်မှာလည်း သိပ်မကောင်းချေ။
ပိုက်ဆံရရန် အဓိက ဝင်ငွေလမ်းကြောင်းမှာ ဆေးလုံးဖော်စပ်ခြင်းသာ ဖြစ်သည်။
အမြင့်ဆုံးအရည်အသွေး တိမ်မြူဆေးလုံးသည် ဝိညာဉ်ကျောက်တုံး ၃၀၀၀ တန်ဖိုးရှိသည်။
လူတိုင်းမှာ ထိုသို့ဖြစ်သည်။ ငွေကြေး၏အရသာကို သိသွားပြီးနောက်တွင် သာမန် ဝိညာဉ်ကျောက်တုံး ၃၀၀၊ ၅၀၀ မျှသော အရေအတွက်အား စိတ်မဝင်စားတော့ပါ။
သို့သော်လည်း သူ့ရှေ့မှ အမျိုးသမီးမှာ ဆက်ဆံရ ခက်ခဲ၏။
မိန်းမလှလေး ပိုင်စုကျန်းအား ကြည့်ကာ ဟန်မူယဲ့က မျက်နှာတင်းတင်းဖြင့် ပြောသည်။
“ကျုပ်တို့ စီပွားရေးကိစ္စ ဆွေးနွေးလို့ရတယ်။ ဒါပေမဲ့ ဓားစံအိမ်နဲပတ်သက်ပြီးတော့ ဘာအကြံအစည်မှ ရှိလို့ မရဘူး”
ပိုင်စုကျန်းက ရယ်မောကာ ပြောသည်။
“ရှင်က ဓားကို ပြောတာလား လူကို ပြောတာလား”
ဟန်မူယဲ့ သူမအား လျစ်လျူရှုကာ လှေကားထစ်အတိုင်း ဆင်းလျှက် ဓားစံအိမ်ရှေ့မှ တောလမ်းလေးအတိုင်း လျှောက်သွားလိုက်သည်။
ပိုင်စုကျန်း သူ့နောက်မှ ပြုံးလျှက် လိုက်ပါသွား၏။
ဓားစံအိမ်တွင် ဟွမ်လောင်လျှိုက ခေါင်းကို ရှေ့သို့ကိုင်းလျှက် ရေရွက်သည်။
“ညီလေးဟန်က ဒီလောက် စိတ်မပျော့ပါဘူး ဟုတ်တယ်မလား။ သူက ကောင်မလေးနဲ့ ဒီအတိုင်း တောထဲကိုသွားလိုက်တာလား”
တောလမ်းကလေးတွင် ဟန်မူယဲ့က ပိုင်စုကျန်းအား ကြည့်လျှက် ပြောသည်။
“ဆိုင်ရှင်ပိုင်… ကျုပ်က အဲဒီဆေးအမယ်နှစ်မျိုးအတွက် ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်ပေးပါ့မယ်”
ပိုင်စုကျန်း ခေါင်းညိတ်ကာ ငြင်းပယ်ခြင်း မပြုပေ။
“စီနီယာအစ်ကိုဟန်… ရှင် ဘယ်တော့ အမြင့်ဆုံးအရည်အသွေး တိမ်မြူချီဆေးလုံးကို ဖော်စပ်မှာလဲ”
သူတို့က စီးပွားရေးကိစ္စကို ဆွေးနွေးလျှင် ပိုင်စုကျန်းက တည့်တိုးပြောဆိုသည်။
“တိမ်မြူဆေးလုံး ၁၀လုံးက ဒီလောက်မြန်မြန်အရောင်းထွက်မယ် မထင်ဘူး။ ဟုတ်တယ်မလား… ကျုပ်တို့ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ချမ်းသာတဲ့ တပည့် သိပ်မရှိဘူး”
ဟန်မူယဲ့က တည်ငြိမ်စွာ ပြောသည်။
တိမ်မြူချီဆေးလုံးမှာ အမြင့်ဆုံးအရည်အသွေးဖြစ်သည့်တိုင် ၎င်းသည် တိမ်မြူချီဆေးလုံးသာ ဖြစ်သည်။ ထိုဆေးလုံးသည် ချီစုစည်းခြင်းမှသည် အခြေခံအုတ်မြစ်အဆင့်အထိသာ အသုံးဝင်၏။
ထိုဆေးလုံးများကို လိုအပ်သူများမှာ ချီစုစည်းခြင်းအဆင့်နှင့် အခြေခံအုတ်မြစ်အဆင့် အတွင်းစည်းဂိုဏ်းတပည့်များသာ ဖြစ်ကြသည်။
ဟန်မူယဲ့က ဆေးလုံးကို ဝိညာဉ်ကျောက်တုံး ၃၀၀၀ ဖြင့်ရောင်းသည်။ ပိုင်စုကျန်းက ဝိညာဉ်ကျောက်တုံး ၃၃၀၀ သို့မဟုတ် ၃၅၀၀ ခန့်အထိ တိုးမြှင့်အမြတ်စားနိုင်သည်။
အံ့ဖွယ်ကိုးပါးဓားဂိုဏ်းတွင် ထိုမျှကြွယ်ဝသော အတွင်းစည်းဂိုဏ်းတပည့်များ မရှိပါ။ ကြွယ်ဝသူများမှာလည်း ဒုတိယမျိုးဆက်တပည့်များ ဖြစ်ပေသည်။
သို့သော် ထိုဒုတိယမျိုးဆက်တပည့်များတွင် ဆေးလုံးများ မရှားပါးပေ။
“စီနီယာအစ်ကိုဟန်… အမြင့်ဆုံးအရည်အသွေးဆေးလုံးတွေဟာ အမြဲတမ်း ရှားပါးတယ်။ တချို့က အဲဒီဆေးလုံးတွေကိုဝယ်ဖို့ ဝိညာဉ်ကျောက်တုံးတွေ သုံးကြတယ်လေ”
ပိုင်စုကျန်း ရယ်မောကာ အသံတီးတိုးဖြင့် ပြောသည်။
“ပြီးတော့ ကျွန်မက ဒီဆေးလုံးတွေကို အံ့ဖွယ်ကိုးပါးဓားဂိုဏ်းမှာ ရောင်းတယ်လို့ မပြောဘူးလေ”
ထင်သည့်အတိုင်း သူမ၏နောက်ကွယ်တွင် အင်အားကြီးကြီးမားမား ရှိနေသည်။
ထိုအင်အားစုသည် အံ့ဖွယ်ကိုးပါးဓားဂိုဏ်းသို့အထိ လက်တံရှည်လျားခြင်းကို ထောက်ပါက သာမန်မဟုတ်နိုင်။
၎င်းသည် အနောက်ဘက်နယ်စပ်ကုန်းမြေမှ ဂိုဏ်းကြီးကိုးဂိုဏ်းများလား။
ဟန်မူယဲ့ မျက်မှောင်ကြုတ်သည်။
ဤသည်က ဂိုဏ်းကို သစ္စာဖောက်သည်နှင့် မတူဘူးလား။
“စီနီယာအစ်ကို… ရှင်က အခုမှ စပြီး ကျင့်ကြံတာမလား။ ဂိုဏ်းအတွက် ဘာလို့ စိတ်ပူနေမှာလဲ”
“အခု အရေးအကြီးဆုံးက စီးပွားရှာပြီး ဝိညာဉ်ကျောက်တုံးတွေနဲ့ ကျင့်ကြံဆင့်မြင့်အောင် လုပ်ဖို့ပဲမလား”
ပိုင်စုကျန်းကား အမှန်တကယ် စီပွားရေးသမားဖြစ်သည်။ စကားလုံးတချို့ဖြင့် ဟန်မူယဲ့အား ဆွဲဆောင်နိုင်သည်။
“ကောင်းပြီ။ ခင်ဗျားက ဆေးလုံးတွေကို တခြားဂိုဏ်းတွေ ရောင်းတာ အရေးမကြီးဘူး။ ဒါပေမဲ့ ကျင့်ရှန်းဂိုဏ်းမဖြစ်ရဘူး”
ဟန်မူယဲ့ အတန်ကြာ တွေးလိုက်ပြီးနောက် သူ၏တောင်းဆိုချက်ကို ပြောသည်။
ပိုင်စုကျန်း တွန့်ဆုတ်ခြင်းမရှိဘဲ သဘောတူသည်။
အနောက်ဘက်နယ်စပ်ကုန်းမြေတွင် ဂိုဏ်းအများအပြားရှိသည်။ သူတို့က တိမ်မြူချီအား စိတ်ကြိုက်ရောင်းဝယ်နိုင်၏။ ကျင့်ရှန်းဂိုဏ်းတစ်ခုမရောင်းရ၍ ဘာမှ မဖြစ်နိုင်။
ထို့အပြင် ဝယ်လက် သုံးဆင့်မျှဖြင့် ဆေးလုံးမှာ ကျင့်ရှန်းဂိုဏ်းသို့ ရောက်သွားလျှင်လည်း သူမနှင့် မသက်ဆိုင်ပေ။
“နောက်ပိုင်း ခင်ဗျားကို တိမ်မြူဆေးလုံး တစ်လကို အလုံး ၁၀၀ ပေးမယ်။ အကုန်လုံးက အမြင့်ဆုံးအရည်အသွေးပဲ”
ဟန်မူယဲ့က စိတ်ထဲမှ တက်ချက်ကာ ပြောသည်။ သူက အရည်အသွေးမြင့် တိမ်မြူဆေးလုံး အများအပြားကို စျေးကွက်ထဲ ဖြန့်လိုက်ပါက တန်ဖိုးကျသွားနိုင်သည်။
တစ်လကို ဆေးလုံး ၁၀၀။
“ကျုပ်အတွက် ဆေးပင်ဆေးမြစ်တွေ စုဆောင်းပေးပါ။ ပြီးတော့ အသက်ရှည်ဆေးလုံးနဲ့ပတ်သက်တဲ့ ဆေးပင်တွေ၊ ဖော်စပ်နည်းတွေအကြောင်းကို စုံစမ်းပေး”
ဆေးလုံး ၁၀၀ အကန့်အသတ်နှင့်ပတ်သက်၍ ပိုင်စုကျန်း သိပ်မကြေနပ်သော်လည်း သူမသည် ကြီးမားသော အကျိုးအမြတ်အတွက် ဝမ်းမြောက်ဝမ်းသာ ဖြစ်ကာ ပြန်သွားသည်။
သို့သော်လည်း အမြင့်ဆုံးအရည်အသွေးတိမ်မြူဆေးလုံး ၁၀၀ ပါဝင်သော စီးပွားရေးသည် သူမအား ဂိုဏ်းအတွင်း၌ တစ်နေရာ ခိုင်မာစေပြီ ဖြစ်သည်။
ထို့အပြင် သူမက ရေရှည်အကျိုးစီးပွားကို ပိုမို၍ သဘောကျ၏။
ဟန်မူယဲ့ ဓားစံအိမ်သို့ ပြန်ရောက်လာလျှင် ဟွမ်လောင်လျှိုက သူ၏သပ်ရပ်သော အဝတ်အစားကို သံသယမျက်လုံးများဖြင့် ကြည့်ကာ ရေရွက်သည်။
“မြန်လှချည်လား”
ဟန်မူယဲ့ သူ့အား ရှင်းပြမနေတော့ဘဲ သူ၏ဒန်ထျန်တွင် ဓားချီများကို သန့်စင်နေလိုက်သည်။
အံ့ဖွယ်ကိုးပါးတောင်ခြေတစ်နေရာတွင် ချောက်ကမ်းပါးအစွန်းတစ်ခု၌ အဖြူရောင်ဝတ်အတွင်းစည်းတပည့်တချို့ စိုးရိမ်စွာ စောင့်ဆိုင်းနေကြသည်။
သူတို့ရှေ့တွင် အစိမ်းရောင်ဝတ် သတ်လတ်ပိုင်းလူကြီးတစ်ဦး မျက်လုံးများကို မှိတ်လိုက်သည်။ သူ၏လက်ထဲမှ ဓားသည် တုန်ခါသွား၏။
ဝုန်း…
သတ်လက်ပိုင်းလူကြီးက ဓားကို ဝှေ့ယမ်းလိုက်လျှင် မီးတောက်များသည် ပေ ၃၀ ပတ်ပတ်လည်၌ ဖြစ်ပေါ်လာ၏။
“မီးလောင်ပြင်ဓားသိုင်း… ဆရာဟာ မီးလောင်ပြင်ဓားသိုင်းကို နားလည်သွားပြီ”
ဓားအလင်းကိုမြင်လျှင် အဖြူရောင်ဝတ်တပည့်များအားလုံး စိတ်လှုပ်ရှားသွားကြသည်။
ဤဓားသိုင်းဖြင့်ဆိုပါက သူတို့၏ဆရာသည် အဆင့်ပိုမြင့်သောသူများနှင့် တိုက်ခိုက်နိုင်ပြီ ဖြစ်သည်။
သူသည် မဟာအကြီးအကဲသုံးသုံးနှင့် မယှဉ်နိုင်သေးသော်လည်း အနည်းဆုံး ကမ္ဘာမြေအဆင့်နှင့် အမြုတေဖွဲ့စည်းခြင်းအဆင့်များကို ယှဉ်နိုင်ပြီ ဖြစ်သည်။
သူ၏ဆရာသည် ဤဓားသိုင်းကို တတ်မြောက်ပါက မီးဓာတ်မျိုးဆက်များကိုလည်း အားပေးထောက်ခံနိုင်မည်။
မျက်လုံးများကို ဖြေးလေးစွာဖွင့်ကာ စုယွမ်၏မျက်လုံးများက စိတ်လှုပ်ရှားမှုနှင့် နောင်တတရားများကို ရှိနေသည်။
“မီးတောက်နီတွေ ကောင်းကင်အထိ ရောက်သွားရင် မြက်ပင်တွေနဲ့ သစ်ပင်တွေ လောင်ကျွမ်းမယ်။ ဓားတစ်လက်နဲ့ ကီလိုမီတာ ၁၀၀၀၀ လောင်ကျွမ်းစေမယ်”
“ငါ့ဓားကွက်ဟာ မီးတောက်ကို အထောက်အပံ့လုပ်တဲ့ လေဓာတ် လိုအပ်နေတယ်”
သူ၏စကားက တပည့်များကို မှင်တက်သွားစေသည်။
ရှန်မုယန်က အလျင်အမြန်ပြောသည်။
“ဆရာ… ဒါဆို ဆရာက ဓားသိုင်းကို လုံးဝ နားမလည်သေးဘူးပေါ့”
သူသည် သရုပ်ပြခန်းဆောင်မှ မြင်ခဲ့ကြားခဲ့သည်များအားလုံးကို ပြန်ပြောပြခဲ့သည်။
သူက တစ်ခုမှ မဖုံးကွယ်ထားခဲ့ချေ။
“ငါ မီးလောင်ပြင်ဓားသိုင်းကို နားလည်ခဲ့တယ်”
သို့သော် စုယွမ်က ဟက်ခနဲရယ်ကာ ပြောသည်။
“ဒါပေမဲ့ ငါက မီးလောင်ပြင်ဓားသိုင်းမှာ ပါတဲ့ ဓားမာန်ဟုန်ကို နားမလည်ဘူး”
ထို့နောက် သူက စိုးရိမ်ဟန်ရနေသော တပည့်များအား ကြည့်ကာ ပြောသည်။
“စိတ်မပူနဲ့… ဒီဓားသိုင်းနဲ့ဆိုရင် ငါ့ရဲ့မီးဓာတ်မျိုးဆက်တွေဟာ သေချာပေါက် ရှင်သန်နိုင်မယ်”
မီးဓာတ်မျိုးဆက် ပျက်သုန်းတော့မည့် ကောလာဟလအများအပြားမှာ အခြေအမြစ်မရှိသည် မဟုတ်ပေ။
သူသည်လည်း မီးဓာတ်မျိုးဆက် ကွယ်ပျောက်တော့မည်ဟု ထင်မှတ်ခဲ့၏။
သူ့တပည့်က မီးလောင်ပြင်ဓားသိုင်းကို ယူဆောင်လာမည်ဟု သူ မထင်ထားခဲ့ပေ။
သရုပ်ပြခန်းဆောင်တွင် ရှန်မုယန် ပြောပြသော မျက်နှာဖုံးတပ်လူအကြောင်းကို တွေးမိလျှင် စုယွမ် မျက်မှောင်ကုတ်လိုက်သည်။
ထိုလူသည် မည်သူဖြစ်သနည်း။
သူ၏ဆရာ အကြီးအကဲတောက်ရင်အပြင် မီးလောင်ပြင်ဓားသိုင်းကို တတ်မြောက်သော နောက်ထပ်လူတစ်ဦး အမှန်တကယ် ရှိနေသေးသည်လား။
သက်ပြင်းတစ်ချက်ရှိုက်ကာ စုယွမ်က သူ၏ဓားကို ကိုင်လျှက် သူ့တပည့်များအား ပြောသည်။
“ဝူထန့်နဲ့ တခြားလူတွေဟာ ချင်ယွမ်ဟယ်ရဲ့သတ်ဖြတ်မှုကို ခံခဲ့ရတယ်။ ငါ သူတို့အတွက် လက်စားချေမယ်”
“မီးလောင်ပြင်ဓားသိုင်းနဲ့ဆိုရင် ငါဟာ အနိုင်ရဖို့ ယုံကြည်ချက်ရှိတယ်”
ထို့နောက် သူက အသံတိုးတိုးဖြင့် ပြောသည်။
“ချင်ယွမ်ဟယ်ကို သတ်ပြီးရင် ငါဟာ မီးဓာတ်မျိုးဆက်ကလူတွေကို ပြန်စုစည်းမယ်”
မီးဓာတ်မျိုးဆက်ကား ကွယ်ပျောက်လုနီးပါးဖြစ်သည်။ ထိပ်သီးပညာရှင်တစ်ဦးကသာ အားလုံးကို စုစည်းနိုင်၏။
စုယွမ်က ချင်ယွမ်ဟယ်အား သတ်ဖြတ်ကာ သူ့တပည့်များအတွက် လက်စားခြေခြင်းသည် သူ၏စွမ်းရည်ကို သက်သေပြခြင်းတစ်မျိုးလည်း ဖြစ်သည်။
“ကျုပ်တို့ ဆရာ့နောက်ကို လိုက်ပါမယ်”
တပည့်များက လက်နှစ်ဖက်ဆုပ်ကာ ဦးညွှတ်ကြသည်။
စုယွမ်က ခေါင်းညိတ်သည်။ ထို့နောက် သူက ရှန်မုယန်ကို ပြောသည်။
“မုယန်… မင်းက ဂိုဏ်းမှာနေပြီးတော့ သရုပ်ပြခန်းဆောင်က စီနီယာကို တွေ့အောင်ရှာ”
“သူ့ကိုတွေ့ရင် ငါ, စုယွမ်ကိုယ်တိုင် သူ့ကို တွေ့ပြီး အကျိုးဆောင်မှတ် ၁၀၀၀ ပေးအပ်ချင်တယ်လို့ ပြောပေး”
ထို့နောက် သူက ခါးသက်စွာ ပြုံးလျှက်ပြောသည်။
“ငါ ဒီတာဝန်ကို မအောင်မြင်ရင် အကျိုးဆောင်မှတ် ၁၀၀၀ ထုတ်ပေးဖို့ တကယ်မရှိဘူးပဲ”
မီးဓာတ်မျိုးဆက်တွင် အရင်းအမြစ်များရှိသော်လည်း ၎င်းတို့မှာ လူအများကြား ပျံ့နှံ့နေသည်။ ၎င်းတို့အား စုစည်းရန် သိပ်မလွယ်ပါ။
ရှန်မုယန်က ဦးညွှတ်ကာ ပြောသည်။
“ကျွန်တော် နားလည်ပါပြီ”
ဂိုဏ်းမှ မည်သည့်စီနီယာသည် မီးလောင်ပြင်ဓားသိုင်းအား သင်ကြားပေးခဲ့သည်ကို သူ မသိပါ။
သို့သော် သူ့အသံအရ ထိုလူမှာ သိပ်မကြီးရင့်သေးပေ။
ကလင်…
အဝေးတောင်ကုန်းများဆီမှ ခေါင်းလောင်းသံတချို့ကို ကြားရသည်။
စုယွမ်က မျက်လုံးသူငယ်အိမ်များအား ကျုံ့လိုက်ကာ အသံတိုးတိုးဖြင့် ပြောသည်။
“ဂိုဏ်းအကြီးအကဲတွေ အဲဒီကိစ္စကို ဆွေးနွေးကြတော့မယ်ထင်တယ်။ ငါ သွားကြည့်လိုက်မယ်”
…
ဟန်မူယဲ့သည် ဓားစံအိမ်အဝင်ဝနားတွင် ရပ်နေခိုက် ဓားစံအိမ်အကြီးအကဲ အောက်ထပ်ကို ဆင်းလာသည်အား မြင်၏။
“ငါ အကြီးအကဲအစည်းအဝေးကို သွားဦးမယ်။ စံအိမ်တံခါးကို ပိတ်ထားလိုက်တော့”
ထို့နောက် အကြီးအကဲသည် ပေတစ်ရာအကွာအဝေးကို ခြေတစ်လှမ်းမျှဖြင့် လှမ်းကာ ပျောက်ကွယ်သွားတော့သည်။
ဟန်မူယဲ့ စိတ်ဝင်စားစွာ ကြည့်သည်။ ၎င်းကား ခန္ဓာကိုယ်ကျင့်ကြံခြင်းနည်းစနစ်ဖြစ်သည်။
ကြည့်ရသည်မှာ သူ၏ဒွိကျင့်ကြံခြင်းမှာ မှန်ကန်ပေသည်။
သူက အဝေးမှ တောင်ကုန်းများအား ကြည့်သည်။
“ဓားဂိုဏ်းက အလေးအနက်ထားလာပြီ။ ငါတို့က အံ့ဖွယ်ဓားဂိုဏ်းရဲ့ ကြီးမြတ်မှုကို မြင်တွေ့ရတော့မလား”
ဟန်မူယဲ့ မျက်မှောင်ကြုတ်ကာ ပြောသည်။
“အစ်ကို… အကြီးအကဲက အံ့ဖွယ်ကိုးပါးဓားကို ထိလိုက်ရင် သူ့ကျင့်ကြံဆင့်တွေလည်း ပျက်စီးသွားမှာ မဟုတ်ဘူးလား”
ဓားစံအိမ်အကြီးအကဲသည် ဓားချီကို နှစ် ၆၀မျှ ပျိုးထောင်လာခြင်းမှာ အံ့ဖွယ်ကိုးပါးဓားကို အသုံးပြုကာ ကောင်းကင်အဆင့်သို့ ပြောင်းလဲရန် ဖြစ်သည်။
ဓားတစ်ချက်တည်းဖြင့် ဓားချီများအားလုံး ခမ်းခြောက်ကာ ဓားထိန်းတစ်ဦး၏ကျင့်ကြံဆင့်မှာလည်း ပျက်စီးသွားပေမည်။
“အံ့ဖွယ်ကိုးပါးဓားကို ထိလိုက်ရင် မင်းရဲ့ကျင့်ကြံဆင့်ပျက်စီးမယ်လို့ ဘယ်သူက ပြောလဲ”
ဟွမ်လောင်လျှိုက သူ့အား မာန်မဲသည်။
“သူက ဓားကို သယ်ပြီးသွားနေသရွေ့ ဘယ်သူက တကယ် တိုက်ခိုက်ရဲမှာလဲ”
“အဲဒီလူက သေချင်နေရင်တော့ မပြောတတ်ဘူး”