← Chapters

ဓားလက်မခံဘူးဆိုရင် ထွက်သွားပါ

Vol. 3 Ch. 42

ဓားလက်မခံဘူးဆိုရင် ထွက်သွားပါ

Vol. 3 Ch. 42

အံ့ဖွယ်ကိုးပါးဓားကို အသုံးပြုလိုက်လျှင် ဓားစံအိမ်အကြီးအကဲ၏ကျင့်ကြံခြင်းမှာလည်း ပျက်စီးသွားပေမည်။

သို့သော်လည်း ပြိုင်ဘက်က ကောင်းကင်ဘုံအဆင့်မဟုတ်သရွေ့ သူက ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်၏။

တစ်စုံတစ်ယောက်က ဓားစံအိမ်အကြီးအကဲအား ရန်စပါက သူသည် အသတ်ခံရန် ပြင်ဆင်ထားသင့်သည်။

လောကတွင် သူတို့၏အသက်ကို ဂရုမစိုက်သောသူ မည်သူ ရှိသနည်း။

ဟွမ်လောင်လျှို၏စကားက ဟန်မူယဲ့အား ဆွံ့အစေသည်။

ကြည့်ရသည်မှာ အံ့ဖွယ်ကိုးပါးဓားမှ ပေးသော အကြောက်တရားက ဓား၏တကယ့်စွမ်းရည်ထက် ပိုလွန်နေဟန်ရသည်။

ဓားသည် ဗျူဟာမြောက်လက်နက်ဖြစ်သည်။

ဓားစံအိမ်တံခါးကိုပိတ်ကာ ဟွမ်လောင်လျှို အခန်းထဲသွားအိပ်သည်။

ဟန်မူယဲ့ အဝတ်စကို ယူကာ ဓားများကို သန့်ရှင်းရေးလုပ်သည်။

သူက ဓားချီနှင့် ပေါင်းစပ်ထားသော ဓားရှည်အား ဦးစွာ သန့်ရှင်းရေးလုပ်သည်။ ထို့နောက် ဓားချီ ၁၀၀၀ ခန့်ကို စုဆောင်း၏။ ပြီးလျှင် သူက ထိုဓားချီများအား နောက်ထပ်ဓားများနှင့် ပေါင်းစပ်သည်။

ဓားများကို သန့်ရှင်းရေးလုပ်ရင်းဖြင့် ဟန်မူယဲ့သည် ဓားများတွင် သိုလှောင်ထားသော ဓားချီများ၏အရည်အသွေးမှာ ပိုမိုကောင်းမွန်လာသည်ကို တွေ့ရ၏။

၎င်းတိုးတက်မှုမှာ သိပ်မသိသာသော်လည်း အချိန်ကြာလာပါက အကျိုးသက်ရောက်မှုက မသေးပါ။

ဝိညာဉ်လက်နက်တစ်ဝက်မှာ နောင်တွင် ဝိညာဉ်လက်နက်များအဖြစ် သန့်စင်နိုင်လောက်သည်။

ဝိညာဉ်လက်နက်များအကြောင်း တွေးမိကာ ဟန်မူယဲ့ သူ့အခန်းထဲကို ပြန်လာသည်။

ယခု သူ့တွင် ဓားသုံးလက်ရှိသည်။

အကြီးအကဲတောက်ရင်၏ဓားတို ခရမ်းမီးတောက်မှာ ဓားဆန္ဒပါဝင်သော်လည်း ဝိညာဉ်အဆင့်လက်နက်မဟုတ်ပါ။ သို့သော်လည်း ဓားကို အကြီးအကဲတောက်ရင်သည် နှစ်ပေါင်းများစွာ ပျိုးထောင်လာခဲ့သည်။

နောက်ထပ်ဓားတစ်လက်ဖြစ်သော ကံကြမ္မာဓားမှာလည်း မော့ယွမ်က နှစ် ၂၀၀ ကျော် ပျိုးထောင်လာခဲ့ခြင်းဖြစ်ကာ ခရမ်းမီးတောက်နှင့် ဆင်တူ၏။

ထိုဓားနှစ်လက်သည် လူသားအဆင့်ဖြစ်သော်လည်း ဓားဆန္ဒများပါဝင်သည်။

ဓားဆန္ဒသည် ဓားထဲကို စီးဆင်းသွားလျှင် ဟန်မူယဲ့သည် ဓားထံမှ ရင်းနှီးမှုအား ခံစားရ၏။

သည်ဓားနှစ်လက်မှာ သူနှင့် ပိုမိုရင်းနှီးသော ဆက်နွယ်မှုရှိသည်။

ဤသည်ကား မမြင်ရသော အင်အားဖြစ်သည်။

“ဒါက ဓားပျိုးထောင်ခြင်းစနစ်ရဲ့ အစစ်အမှန်အသုံးချမှုဖြစ်မယ်”

ဟန်မူယဲ့က ရေရွက်ကာ ဓားဆန္ဒအတွင်းမှ ပြောင်းလဲမှုကို ခံစား၏။

ယခုတွင် ဓားသည် ဓားချီနှင့် ပေါင်းစပ်ခြင်းမဟုတ်ဘဲ ဓားဆန္ဒဖြင့် ပေါင်းစပ်ထားသည်။

ဓားသည် စိတ်ဖြင့် သန့်စင်ပျိုးထောင်ထားခြင်း ဖြစ်သည်။

များမကြာမှီ ဓားနှစ်လက်သည် ပိုမို၍ ဝိညာဉ်နိုးထကာ သူနှင့် ပိုမိုရင်းနှီးလာမည်ဟု ယုံကြည်သည်။

ကမ္ဘာမြေအဆင့်များပင် ထိုသို့လုပ်နိုင်မည် မဟုတ်ချေ။

မည်သို့ဆိုစေ ဓားဆန္ဒကို ဖွဲ့စည်းနိုင်သူတိုင်းမှာ ချီပင်လယ်၌ သိုလှောင်ကာ တဖြေးဖြေးသန့်စင်လေ့ရှိကြသည် မဟုတ်ပါလား။

မည်သူက ဓားဆန္ဒအား ဓားကို သန့်စင်ပျိုးထောင်ရန် အသုံးပြုသနည်း။ ၎င်းမှာ အလွန်တရာ ဖြုန်းတီးခြင်း ဖြစ်သည်။

ဓားနှစ်လက်ကို သိမ်းဆည်းကာ ဟန်မူယဲ့က ချင်ယွမ်ဟယ်ထံမှ ရခဲ့သောဓားအား ထုတ်လိုက်သည်။

ဓား၏နာမည်မှာ ‘လရောင်ပန်းပွင့်’ ဖြစ်ကာ စစ်မှန်သော ဝိညာဉ်အဆင့်လက်နက်ဖြစ်သည်။

သွန်းလုပ်သည့်ပညာရပ်ဖြစ်စေ၊ သုံးထားသော သတ္တုဖြစ်စေ၊ ဝိညာဉ်သင်္ကေတများ ထွင်းထုခြင်းဖြစ်စေ အားလုံးမှာ ဝိညာဉ်အဆင့်များ ဖြစ်ကြသည်။

ဓားသည် ချင်သုံးပါးဓားဂိုဏ်းအကြီးအကဲ၏သန့်စင်ပျိုးထောင်မှုကို ခံယူခဲ့ရသော ဓားလည်း ဖြစ်သည်။

၎င်းက ဓား၏ဝိညာဉ်ဓာတ်အား ကြီးမားစွာ အားကောင်းစေသည်။ ဟန်မူယဲ့ ဓားကို လက်ခံရရှိသောအခါ ၎င်းထံမှ အားကောင်းသော တုန့်ပြန်တွန်းလှန်မှု ရှိခဲ့သည်။

ရွှစ်…

ဓားဆန္ဒသည် ဓားထံသို့ စီးဆင်းသွားလျှင် ဓားမှာ တုန်ခါလာ၏။

ဟန်မူယဲ့၏ရှေ့တွင် သုံးပေရှည်သော ဓားသည် တဖြေးဖြေးဖြင့် ပုံရိပ်ယောင်အဖြစ် ပြောင်းလဲလာသည်။

ဓားသည် ကျုံ့သွားကာ နောက်ဆုံးတွင် တစ်ပေခန့်ပင် မရှည်တော့ချေ။

ဤသည်ကား ဝိညာဉ်လက်နက်ဖြစ်သည်။ ၎င်းသည် သူ၏အရွယ်အစားကို ကြိုက်သလို ပြောင်းလဲနိုင်၏။

အကယ်၍ အံ့ဖွယ်ကိုးပါးဓားကဲ့သို့ ရတနာဓားတစ်လက်သာဆိုပါက ၎င်းသည် ဆေးလုံးအဖြစ် ပြောင်းလဲကာ ဒန်ထျန်၏ချီပင်လယ်သို့ ဝါးမျိုကာ ခန္ဓာကိုယ်၌ သိုလှောင်လျှက် တဖြေးဖြေး သန့်စင်ပျိုးထောင်နိုင်သည်။

ဓားငယ်လေးအား အိတ်ထဲတွင် ပြန်ထည့်ကာ ဟန်မူယဲ့ သက်ပြင်းချသည်။

ဓားဆန္ဒသုံးခု သူ့ခန္ဓာကိုယ်မှ ပျက်ပြယ်သွားရာ သူ့ခန္ဓာကိုယ်မှ ဖိအားများမှာလည်း အားနည်းသွားသည်။

ထို့အပြင် သည်ဓားသုံးလက်သည် သူ၏အမြင့်ဆုံးတိုက်ခိုက်ရေးစွမ်းရည်ကို ထုတ်ပေးနိုင်၏။

သစ်သားကုတင်ပေါ်တွင်လဲလျောင်းကာ ဟန်မူယဲ့ ပြုံးသည်။

သူ၏ဒန်ထျန်မှာ ဆယ်ပေခန့် ကျယ်ကာ သူ၏ချီပင်လယ်တွင်လည်း ဓားဆန္ဒများ ရှိသည်။ သူသည် ခန္ဓာကိုယ်နှင့် ချီကို တွဲ၍ ဒွိကျင့်ကြံသည်။

သူသည် ဓားပျိုးထောင်ခြင်းစနစ်နှင့် ဆေးလုံးဖော်စပ်ခြင်းတို့ကိုလည်း တတ်မြောက်ခဲ့ကာ ဓားသိုင်းတစ်ရာကျော်ကိုလည်း နားလည်ထား၏။

ယခု သူသည် အစစ်အမှန် ကျင့်ကြံသူတစ်ဦး ဖြစ်နေလေပြီ။

စစ်မှန်သော ဓားသမား…

အစစ်အမှန်ခွန်အားကို ပိုင်ဆိုင်ခြင်းက အလွန်စိတ်ကြေနပ်စရာကောင်းသည်။

…

ဓားစံအိမ်အကြီးအကဲ ပြန်ရောက်လာသောအခါ ညနက်နေပြီ ဖြစ်သည်။

“မနက်ဖြန် ဂိုဏ်းသားတချို့ ဓားလက်ခံဖို့ လာလိမ့်မယ်”

ဓားစံအိမ်အကြီးအကဲက အပေါ်ထက်သို့ မတက်မှီ ညွန်ကြားခဲ့သည်။

နောက်တစ်နေ့ နံနက်တွင် အတွင်စည်းဂိုဏ်းသားတချို့ ဓားလာရောက် လက်ခံကြသည်။

သူတို့က တာဝန်တချို့ပြီးမြောက်ကာ ဓားလက်ခံရန် စံညွန်းနှင့် ပြည့်စုံသွားခဲ့ကြသည်။

ကျင့်ကြံဆင့်သိပ်မမြင့်သော အတွင်းစည်းဂိုဏ်းသားများမှာ သာမန်ဓားများကိုသာ လက်ခံနိုင်ကြသည်။

၎င်းဓားများသည် ကျင့်ကြံခြင်းအတွက် အသုံးဝင်သော်လည်း တိုက်ခိုက်ရန်အတွက်ကား အရည်အသွေး နိမ့်လွန်းသည်။

သူတို့က တာဝန်အရ ဓားလက်ခံရန် ရောက်လာရာ စာရင်းသွင်းပြီးသည်နှင့် သူတို့ကိုယ်တိုင် ဓားများကို သွားရွေးကြသည်။

ဟွမ်လောင်လျှိုက အကျိုးအမြတ်ရမည်မဟုတ်ကြောင်း မြင်သောအခါ သူ့အမူအရာက သိပ်မကောင်းပါ။

“စီနီယာအစ်ကို…”

ဓားစံအိမ်အဝင်ဝတွင် ခေါ်သံတစ်ခုကို ကြားရသည်။

ဟန်မူယဲ့နှင့်ဟွမ်လောင်လျှိုတို့က လှမ်းကြည့်လျှင် အစိမ်းရောင်ဝတ် အပြင်စည်းဂိုဏ်းသား တချို့သည် တံခါးဝတွင် ရပ်နေကြသည်။

ဟန်မူယဲ့က သူတို့အုပ်စုအား ဦးဆောင်လာသူ ကျန်းဟန်ကို သိသည်။

အပြင်စည်းဂိုဏ်း၏နံပါတ် ၁၀၀၊ ကျန်းဟန်။

ကျန်းဟန်၏မျက်နှာက ဝမ်းသာမှုဖြင့် ရွှင်လန်းနေ၏။ သူက ဟန်မူယဲ့အား ဦးညွှတ်ကာ ပြောသည်။

“ကျန်းဟန်က စီနီယာအစ်ကို,ကို နှုတ်ခွန်းဆက်ပါတယ်”

သူ့ဘေးမှ လူများကလည်း အလျင်အမြန် ဦးညွှတ်ကြသည်။

ဟွမ်လောင်လျှို၏အမူအရာက ထူးဆန်းနေသည်။

ဓားစံအိမ်တွင် ဓားများ ရွေးချယ်နေကြဆဲဖြစ်သော အတွင်းစည်းဂိုဏ်းသားများက လှောင်ပြောင်သော အမူအရာများ လုပ်ပြကြသည်။

သူတို့ကား အမှန်ပင် အပြင်စည်းဂိုဏ်းသားများဖြစ်သည်။ မည်မျှ ရိုကျိုးကြသနည်း။

ဟန်မူယဲ့ လက်ဝှေ့ယမ်းကာ ကျန်းဟန်အား ကြည့်သည်။

“ဘာလဲ… မင်း ဓားလက်ခံဖို့ လာတာလား”

သူသည် ကျန်းဟန်၏လက်ထဲမှ ဓားကို ကိုယ်တိုင် ရွေးပေးခဲ့ခြင်းဖြစ်သည်။

ကျန်းဟန်၏လက်ရှိအဆင့်ဖြင့်ဆိုပါက သေချာပေါက် ထိုဓားကို လဲလှယ်ရန် မလိုသေးပါ။

ဟန်မူယဲ့၏စကားကိုကြားလျှင် ကျန်းဟန်က ခေါင်းယမ်းကာ ပြောသည်။

“စီနီယာအစ်ကို… ကျုပ်အဖော်တွေက ဂိုဏ်းတာဝန်ကို ထမ်းဆောင်ဖို့အတွက် ဓားလက်ရောက်လက်ခံကြတာပါ”

ထို့နောက် သူနှင့်ပါလာသူများအား ပြောသည်။

“ဒါက စီနီယာအစ်ကို ဓားထိန်းပဲ… ဒီတစ်ခေါက် ငါ့ကို ယုံကြ…”

ထိုလူများက ကျန်းဟန်၏စကားကို ယုံကြည်ကြဟန်ရသည်။ သူတို့က အလျင်အမြန် ရှေ့ကို တက်သွားကာ စားပွဲရှည်ပေါ်၌ ဝိညာဉ်ကျောက်တုံးများအား တင်လိုက်ကြသည်။

လူတစ်ယောက်ကို ဝိညာဉ်ကျောက်တုံး ၁၀ တုံး။

သူတို့တွင် လူရှစ်ယောက်ရှိရာ စားပွဲပေါ်တွင် ဝိညာဉ်ကျောက်တုံး ၈၀ သည် တစ်လက်လက်ထကာ ရှိနေသည်။

ဟွမ်လောင်လျှို၏မျက်လုံးများ ပြူးကျယ်သွားသည်။

အပြင်စည်းဂိုဏ်းသားများသည် ထိုမျှ ရက်ရောသည်လား။

ဓားများ ရွေးချယ်နေကြသော အတွင်းစည်းဂိုဏ်းသားများမှာလည်း အကြီးအကျယ် အံ့အားသင့်သွားကြသည်။

အတွင်းစည်းဂိုဏ်းသားများသည်ပင် တစ်လလျှင် ဝိညာဉ်ကျောက်တုံး ၁၀တုံးသာ ရကြသည်။ ၎င်းမှာ သူတို့၏ကျင့်ကြံမှုအတွက်ပင် မလုံလောက်ပါ။

အပြင်စည်းဂိုဏ်းသားများက ထိုမျှ ချမ်းသာသည်လား။

“ဟမ်… မင်းတို့ ဝိညာဉ်ကျောက်တုံးက မိုးပေါ်က ကျလာတာလား”

အတွင်းစည်းဂိုဏ်းသားတစ်ဦးက နှာခေါင်းရှုံ့ကာ ကျန်းဟန်နှင့် သူ့လူများအား ပြောသည်။

“မင်းတို့က ဓားစံအိမ်ကို ဓားလာလက်ခံတာ… ဒါကိုတောင် လေးစားမှုကို ပြဖို့ ပိုက်ဆံပေးရသေးတာလား။ ဂိုဏ်းစည်းကမ်းတွေက မင်းတို့ကြောင့် ပျက်နေပြီ”

ထိုသို့ပြောကာ သူက ဟန်မူယဲ့နှင့် ဟွမ်လောင်လျှိုတို့အား တင်းမာသော အမူအရာဖြင့် ပြောသည်။

“သူတို့က အပြင်စည်းဂိုဏ်းသားတွေပဲ။ သူတို့က ဝိညာဉ်ကျောက်တုံး ၁တုံးကို ခက်ခက်ခဲခဲစုရတာ။ အဲဒါတွေကို ယူပြီး စိတ်ချမ်းသာမယ် မထင်နဲ့”

ဟွမ်လောင်လျှိုက တစ်ဘက်လူ၏စကားကိုကြားလျှင် မျက်မှောင်ကြုတ်ကာ သူ့ရှေ့မှ စာအုပ်ကို ဖွင့်လိုက်သည်။

“ကျောက်ယိုကျစ်… မင်းဟာ ခန္ဓာကိုယ်ကို သန့်ရှင်းခြင်း ၊စိတ်ကို သန့်စင်ခြင်း မလုပ်ခဲ့ဘူး။ မင်းမှာ ထူးဆန်းတဲ့ အနံ့ရှိနေတယ်”

“ဒီနေ့ မင်း ဓားလက်မခံသင့်ဘူး”

ဟွမ်လောင်လျှိုက စကားကို ဖြေးလေးစွာပြောလျှင် အတွင်းစည်းဂိုဏ်းသားများ၏အမူအရာက ပြောင်းလဲသွားသည်။

“စီနီယာအစ်ကိုကျောက်… ဒီကိစ္စကို ဝင်မပါနဲ့…”

“စီနီယာအစ်ကို… ဓားစံအိမ်မှာ ကိုယ်ပိုင်စည်းကမ်းရှိတယ်။ ကျုပ်တို့ ဝင်မစွက်ဖက်သင့်ဘူး”

အတွင်းစည်းဂိုဏ်းသားတချို့က သူ့အား အသံတိုးတိုးဖြင့် နားချကြသည်။

ကျောက်ယိုကျစ်က အံကြိတ်ကာ လက်သီးတင်းတင်းဆုပ်လျှက် ဟွမ်လောင်လျှိုအား ကြည့်သည်။

ဟွမ်လောင်လျှိုက စားပွဲပေါ်မှ ဝိညာဉ်ကျောက်တုံးများအားလုံးကို လက်ဝှေ့ယမ်းကာ သိမ်းဆည်းလိုက်သည်။

ထိုအပြုအမူက ကျောက်ယိုကျစ်၏မျက်လုံးများအား ဒေါသမီးတောက်များဖြင့် လောင်ကျွမ်းသွားစေသည်။

“စီနီယာအစ်ကိုကျောက်… စိတ်ပူပေးတာ ကျေးဇူးတင်ပါတယ်”

ဘေးနားတွင် ကျန်းဟန်သည် ရုတ်တရက် ရှေ့ကို တက်လာကာ ကျောက်ယိုကျစ်အား ဦးညွှတ်လျှက်ပြောသည်။

“ကျုပ်တို့က စီနီယာအစ်ကိုဟန်ကို လေးစားမှုလာပြတာ မဟုတ်ပါဘူး။ ကျုပ်တို့က စီနီယာအစ်ကိုဟန်ကို ဓားကူညီရွေးချယ်ဖို့ လာတောင်းဆိုတာပါ”

သူ၏စကားကိုကြားလျှင် ကျောက်ယိုကျစ်က ကျန်းဟန်အား ဒေါသတကြီးကြည့်ကာ အော်ဟစ်လိုက်သည်။

“အဓိပ္ပာယ်မရှိတာ။ ငါတို့ဓားသမားတွေက အပြင်လူတွေ ဓားရွေးချယ်ပေးဖို့ လိုလို့လား”

“မင်းရဲ့ စိတ်ဓာတ်မျိုးနဲ့ဆိုရင် ကျင့်ကြံဆင့်နဲ့ဓားပညာကလည်း သိပ်ကောင်းမှာ မဟုတ်ဘူး”

ကျန်းဟန်ကား ကျောက်ယိုကျစ်၏စကားများကို ဒေါသထွက်ဟန်မတူ။ အပြင်စည်းဂိုဏ်းသားများမူကား သည်းခံနိုင်ဟန်မတူတော့။

“စီနီယာအစ်ကိုကျန်းဟန်ဟာ အပြင်စည်းဂိုဏ်းမှာ နံပါတ် ၁၀၀ ပဲ။ သူ့ကျင့်ကြံဆင့်နဲ့ ဓားပညာက အပြင်စည်းဂိုဏ်းမှာ အကောင်းဆုံးထဲပါတယ်”

“စီနီယာအစ်ကိုက ကျုပ်တို့ကောင်းဖို့ လုပ်ပေးတာ။ ခင်ဗျားက အတော်စကားများတာပဲ”

“ခင်ဗျားက အတွင်းစည်းဂိုဏ်းသားဖြစ်ကော ဘာအရေးလဲ။ ကျုပ်တို့က တာဝန်ပြီးမြောက်ရင် ကျုပ်တို့ကျင့်ကြံဆင့်နဲ့ အကျိုးဆောင်မှုတွေ ပေါင်းလိုက်ရင် အတွင်းစည်းဂိုဏ်းကို ဝင်ရမှာပဲ”

…

သူတို့၏မလေးမစားသောစကားများကိုကြားလျှင် ကျောက်ယိုကျစ်နှင့် သူ့အပေါင်းအသင်းများအားလုံး ဒေါသထွက်ကာ ချီအားများကို ထုတ်လွှတ်လာကြသည်။

“မင်းတို့ ဓားလက်မခံဘူးဆိုရင် ထွက်သွားပါ။ ဓားစံအိမ်ဟာ မင်းတို့ စိတ်ရှိသလို ပြုမူလို့ရတဲ့နေရာမဟုတ်ဘူး”

ဟန်မူယဲ့၏စကားက ဓားစံအိမ်တစ်ခုလုံးကို တိတ်ဆိတ်သွားစေသည်။

သူက ကျန်းဟန်ကို ကြည့်သည်။

“မင်းတို့ ဘယ်ကို သွားပြီး တာဝန်ထမ်းဆောင်ကြမှာလဲ”

ကျန်းဟန်က ဦးညွှတ်ကာ ပြောသည်။

“စီနီယာအစ်ကို… ချင်သုံးပါးဓားဂိုဏ်းဟာ အံ့ဖွယ်ကိုးပါးဓားဂိုဏ်းကို သစ္စာဖောက်သွားခဲ့တယ်။ ကျုပ်တို့က ဂိုဏ်းတာဝန်အရ သူတို့ကို နှိမ်နှင်းဖို့သွားမလို့ပါ”

All Chapters