မင်းသား(၃)ပါး ဆုံကြပြီ
Vol. 12 Ch. 167
အခန်း (၁၆၇) မင်းသား(၃)ပါး ဆုံကြပြီ
ထိုသူ၏လုပ်ရပ်ကိုမြင်တော့ ရန်ကျောက်ကဲ စကားမပြောနိုင် ဖြစ်သွားသည်။
“ဒီအသစ်အဆန်းက ဘာလဲဟ...”
ရန်ကျောက်ကဲစကားကြောင့် ထိုသူက ရယ်မောလိုက်သော်လည်း သူ့လုပ်ရပ်ကတော့ ရပ်တန့်မသွားပေ။
“မင်းရောက်လာတာ အချိန်မီပဲ ၊ ငါ မင်းကို လာရှာတော့ တံခါးပိတ်ကျင့်ကြံနေတယ်ဆိုတာနဲ့ ငါ့ရဲ့ သေရည်လက်ဖက်ရည်ကြမ်းကို မင်းတော့ လွတ်သွားပြီထင်နေတာ”
ရန်ကျောက်ကဲက မျက်ခုံးတစ်ချက်ပင့်လိုက်ရင်း...
“သေရည်နဲ့လက်ဖက်ရည်ကြမ်းရောသောက်တာကတော့ ဘယ်သူမှ မလုပ်နိုင်တဲ့ကိစ္စပဲ ၊ မင်း သေရည်ကြိုက်တာ ငါသိတယ် ၊ ဒါပေမဲ့ ဒီထူးဆန်းပြီး သမားရိုးကျ မဟုတ်တာတွေကို လျှောက်မစမ်းလို့ မရဘူးလား”
ထိုသူက ရန်ကျောက်ကဲစကားများကို စိတ်ထဲမထားဘဲ...
“မင်း နားမလည်ပါဘူးကွာ ၊ လောကမှာ အသက်ရှင်ရတဲ့ ငါတို့လူသားတွေအတွက် ကိုယ်ပျော်ရွှင်တဲ့အလုပ်ကို ရှာဖွေလုပ်ကြတာ သဘာဝပဲလေ”
ရန်ကျောက်ကဲက မေးစေ့ကို ပွတ်လိုက်ရင်း...
“သေရည်ကို ပဲငံပြာရည်နဲ့ရောသောက် ၊ မုန့်လုပ်ဆိုဒါကို အရည်ဖျော်ပြီး သေရည်နဲ့ရောသောက် ၊ ဆန်ဆေးရည်နဲ့ရောသောက်တာတွေ အားမရလို့ အခု လက်ဖက်ရည်ကြမ်းနဲ့ ရောသောက်ဖို့ တီထွင်စမ်းသစ်နေပြန်ပြီပေါ့ ၊ တခြားလူတွေလို သေရည်ကို သေရည်လိုပဲ တည်တည်ငြိမ်ငြိမ်သောက်လို့ မရဘူးလား”
သူ့စကားကြောင့် ရှဲ့ယိုချန်နှင့် အားဟူတို့မှာ မရယ်ဘဲ မနေနိုင်တော့ပေ။
ထိုသူက ရန်ကျောက်ကဲစကားကို စိတ်ထဲထားဟန်မရှိဘဲ ရယ်မောလိုက်ရင်း...
“ငါက သေရည်ကို သေရည်အတိုင်းသောက်တဲ့အဆင့်ကို ကျော်နေပြီကွ”
ရန်ကျောက်ကဲက...
“ဒါဖြင့် ပါးစပ်နဲ့သေရည်မသောက်ဘဲ နှာခေါင်းနဲ့ သောက်ကြည့်ပါလား”
ထိုသူက ကျယ်လောင်စွာ ရယ်မောရင်း...
“အမယ်... ငါ့လိုကျင့်ကြံခြင်းအဆင့်ရှိတဲ့လူတစ်ယောက်အတွက် ခက်တယ်များထင်နေလား ၊ နှာခေါင်းနဲ့ သေရည်သောက်လို့ အသက်ရှူကြပ်ပြီးသေမယ့်အထဲ ငါမပါဘူးကွ”
ရှဲ့ယိုချန်လည်း မရယ်ဘဲ မနေနိုင်တော့ပေ။
ပြီးမှ သူမက ခေါင်းခါယမ်းရင်း...
“အစ်ကို’ရွှီ’ ၊ ရှင်က တခြားကိစ္စတွေဆို တည်ကြည်သလောက် ဒီသေရည်ကိစ္စနဲ့ပတ်သက်ရင် ကလေးဆန်လိုက်တာ”
ထိုသူက အခြားသူမဟုတ် ၊ ဝါဒတောင်မှ သံမဏိခြင်္သေ့ဘုရင် ‘ရှီတိ၏ တပည့်ရင်း ‘ကောင်းကင်ဂဠုန်’ ရွှီဖေးပင် ဖြစ်သည်။
ကောင်းကင်ချိတ်ဆက်အဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဝါဒတောင်၏ အတော်ဆုံးသိုင်းသမားများထဲတွင် တစ်ယောက်အပါအဝင် ဖြစ်သည်။
ရွှီဖေးက ပြုံးလိုက်ရင်း...
“စကားအကုန်မပြောနဲ့ ၊ ငါ့လက်ရာကို မြည်းစမ်းကြည့်ပြီးမှပြောကြပါ”
ရန်ကျောက်ကဲက ကူရာကယ်ရာမဲ့သွားဟန်ဖြင့်...
“မင်းကိုပြောဖို့ စကားလုံးတောင် ရှာမတွေ့တော့ဘူး”
“ဂိုဏ်းတူညီလေး’ရန်’ ၊ မင်းအဆင့်နဲ့ ဒီသေရည်ကို သောက်နိုင်မယ်မထင်ဘူး ၊ ဟူထင်ကတော့ သောက်နိုင်မယ်ထင်တယ်”
ရွှီဖေးက ရန်ကျောက်ကဲကို အထင်အမြင်သေးစွာ ရှုံ့ချလိုက်ပြီး ဘေးနားမှ အားဟူကို နွေးထွေးစွာဆိုသည်။
အမြဲတမ်း အရေထူထူဖြင့် ပြုံးရယ်နေတတ်သည့် အားဟူမှာ ယခုတော့ ချက်ချင်းပင် ဖြူဖပ်ဖြူလျော် ဖြစ်သွားသည်။
“အစ်ကို’ဖေး’ ၊ ကျွန်တော် အစ်ကိုနဲ့သောက်လို့ မဖြစ်ဘူး ၊ ဒီလိုသေရည်မျိုးက ကြယ်တာရာချီစွမ်းအားနဲ့ သေရည်ကို ချေဖျက်မပစ်ဘူးဆိုရင် သေလောက်အောင် မူးနေလိမ့်မယ်ဗျ”
ရွှီဖေးက အားဟူကို အတင်းအကျပ် မတိုက်တွန်းသော်လည်း စိတ်မကောင်း ဖြစ်သွားဟန်ဖြင့်...
“ဟူထင်... မင်းရဲ့သိုင်းစွမ်းက အခြေခံကောင်းတာပဲကွာ ၊ နည်းနည်းလောက်ကြိုးစားလိုက်တာနဲ့ အဲဒါကိုလုပ်နိုင်မှာပါ”
ထိုသို့ဖြင့် ရယ်မောစကားပြောဆိုကြရင်း အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသည်။
နေမင်းကြီး အနောက်ဘက်သို့ဝင်သွားသည့် ဆည်းဆာချိန်ရောက်မှ ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် အားဟူတို့ ရှဲ့ယိုချန်ကို နှုတ်ဆက်ကာ ပြန်ခဲ့ကြသည်။
သူတို့ မပြန်ခင်မှာပင် ရှဲ့ယိုချန်က...
“ဒီတစ်ခေါက်ကျင်းပမယ့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲက ပုံမှန်မဟုတ်ဘူးဆိုတာ ရှင်တို့အားလုံး သိပြီးကြပြီ မဟုတ်လား”
ရန်ကျောက်ကဲက ရွှီဖေးကို လှမ်းကြည့်လိုက်တော့ နှုတ်ခမ်းများကပြုံးနေသည့်တိုင် မျက်ဝန်းများက တည်ကြည်လေးနက်နေသည်ကို တွေ့ရသည်။
“ဒုတိယဆရာဦးလေးနဲ့တွေ့ပြီးတဲ့နောက် အခြေအနေတွေအားလုံံးကို သိပြီးပါပြီ”
(၃)ယောက်သာ အကြည့်ချင်းဖလှယ်ကာ ပြုံးလိုက်ကြပြီး မည်သည့်စကားမှ မဆိုကြတော့ပေ။
***
နောက်ရက်အနည်းငယ်တွင်...
ရန်ကျောက်ကဲ ၊ ရွှီဖေး ၊ ရဲ့ကျုန်းကျိုး ၊ ရှဲ့ယိုချန်နှင့် အခြားရင်းနှီးသော သိုင်းကျင့်ကြံသူများက အေးအေးဆေးဆေး သိုင်းတာအို ကျင့်ကြံကြသလို ပန်ဒါကြီးကို အစာကျွေးမွေးကြသည်။
ကြည်လင်လျှို့ဝှက်ကျွန်းတွင် အရာအားလုံးက ပုံမှန်အတိုင်း အေးအေးချမ်းချမ်းပင် ရှိနေသည်။
အချိန်တဖြည်းဖြည်းကြာလာပြီး ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ ကျင်းပမည့်နေ့ရက်သို့ ရောက်ရှိလာသည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ၏ မူလရည်ရွယ်ချက်မှာ ထိပ်သီးသိုင်းဂိုဏ်းကြီးများမှ မျိုးဆက်သစ်လူငယ်များ အချင်းချင်း တွေ့ဆုံမိတ်ဆွေဖွဲ့ရန်သာဖြစ်ပြီး ယှဉ်ပြိုင်တိုက်ခိုက်ခြင်းများ မပါဝင်ပေ။
သို့သော် တွေ့ဆုံပွဲတွင် တစ်ယောက်နှင့်တစ်ယောက် သိုင်းတာအိုယှဉ်ပြိုင်ကြရင်း နောက်ပိုင်းတွင် စိန်ခေါ်ပွဲများပါ ပါဝင်လာခဲ့သည်။
မည်သို့ပင်ဖြစ်စေ လက်ရှိ အစွန်းရောက်ရှစ်ပါးကမ္ဘာက အခြေအနေတင်းမာနေသည်ဖြစ်ရာ ယခုကျင်းပမည့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကတော့ လေထုထဲတွင် ယမ်းနံ့နှင့်သွေးနံ့များ ပုံမှန်ထက်အနည်းငယ် ပိုမိုများပြားနေသည် အမှန်ပင်။
ယခုတစ်ခေါက် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲက အတော်လေး ထူးခြားသည် ဆိုရမည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲကို ကြည်လင်လျှို့ဝှက်ကျွန်း၏ အပေါ်တွင်ရှိသော လေထုထဲတွင် တရားဝင်ကျင်းပမည် ဖြစ်သည်။
ကြည်လင်ချိတ်ဆက်ကျွန်းကို အလယ်ဗဟိုပြုပြီး သေးငယ်သည့် ကျွန်းလေးများ တည်ရှိရာပတ်ဝန်းကျင်တွင် ထူးခြားသည့်အစီအရင်တစ်ခုကို ထင်ထင်ရှားရှား ဖန်တီးထားသည်။
ထိုအစီအရင်ကို အသက်သွင်းပြီးနောက် အလင်းစီးကြောင်းများ လေထဲသို့ လွင့်ပျံသွားပြီး တိမ်များလွှမ်းခြုံနေသည့် ကောင်းကင်ယံနှင့် ပေါင်းစပ်လှည့်ပတ်သွားကာ အစစ်အမှန်ဟုထင်မှတ်ရသည့် မြေပြင်ကြီးတစ်ခု ကောင်းကင်ထက်တွင် ဖြစ်တည်လာသည်။
ထို့နောက် အလင်းတန်းများက ကောင်းကင်ထက် ပျံသန်းသွားပြီး မြေပြင်နှင့်ကောင်းကင်ချိတ်ဆက်ပေးသည့် တံတားတစ်စင်းဖြစ်တည်လာသည်။
ပျံသန်းနေသည့်ကျွန်းပေါ်သို့ တက်လာကြပြီးနောက် ရန်ကျောက်ကဲနှင့် အခြားသူများက လှိုင်းနက်ဂေဟာက သူတို့အတွက် နေထိုင်ရန်ပြင်ဆင်ပေးထားသည့်နေရာများသို့ ရောက်ရှိလာကြသည်။ သူတို့ထက်အရင်ရောက်နေကြသည့် ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့်များကို တွေ့မြင်လိုက်ကြရသည်။
ရဲ့ကျုန်းကျိုး ၊ လီကျင်းဝမ်နှင့် အခြား ကျောက်စိမ်းပင်လယ်မြို့တော်မှ တပည့် (၂)ယောက်တို့သည့် အစိမ်းရောင်ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်နံဘေးတွင် စုရုံးနေကြသည်။
ထိုလူငယ်က ဖန်ကျွင်းကဲ့သို့ ပြေပြစ်သန့်စင်ပြီး စာပေပညာရှင်တစ်ယောက်နှင့်ဆင်တူသည်။
သူ၏ဦးခေါင်းထက်မှ ဝိညာဉ်စွမ်းအားအလင်းရောင်က ခိုင်ခန့်ပြီးထင်သာမြင်သာရှိကာ အဆုံးမရှိသည့် သမုဒ္ဒရာတစ်စင်းပမာ မိုးကုတ်စက်ဝိုင်းနှင့် ချိတ်ဆက်နေသည်ကို တွေ့မြင်ရသည်။ ရွှီဖေးကဲ့သို့ ကောင်းကင်ချိတ်ဆက်အဆင့် သိုင်းပညာရှင်တစ်ယောက်ဖြစ်သည်မှာ ထင်ရှားသည်။
လူငယ်က အသက် (၃၀)အရွယ်ခန့်ဖြစ်ပြီး အကြည့်များက ပင်လယ်ရေပမာနက်ရှိုင်းသည်။ သူက ရန်ကျောက်ကဲနှင့် အခြားသူများကို တွေ့သည်နှင့် ခေါင်းညိတ်နှုတ်ဆက်၏။
ရန်ကျောက်ကဲနှင့် ရွှီဖေးတို့ကလည်း ပြန်လည်ခေါင်းညိတ် နှုတ်ဆက်လိုက်ကြသည်။
သူတို့အားလုံး ထိုသူကို မှတ်မိသိရှိကြသည်။ ထိုသူက ကျောက်စိမ်းပင်လယ်မြို့တော်မှ ပင်မတိုက်ရိုက်တပည့်တစ်ယောက်ဖြစ် ၊ လူငယ်ခေါင်းဆောင်တစ်ယောက်လည်းဖြစ်သော “ပင်လယ်ခုနစ်စင်းသခင်လေး” စုန့်ချောင် ဖြစ်သည်။
အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် ကျော်ကြားသည့် မင်းသားလေးပါးတွင် အသက်အကြီးဆုံးဖြစ်သလို ကျင့်ကြံခြင်းအဆင့် အမြင့်မားဆုံးလည်း ဖြစ်သည်။
ဝါဒတောင်၏ ထိပ်တန်းအကြီးအကဲ ရန်တိ၏သား ဝါဒတေင်သခင်လေး ‘ရန်ကျောက်ကဲ’။
နေသူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟွမ်ရှု၏သား အလင်းမင်းသား ‘ဟွမ်ကျိ’။
ကောင်းကင်မိုးကြိုးခန်းမ၏ ထိပ်တန်းအကြီးအကဲ လင်ထျန်းဖုန်း၏သား မိုးကြိုးသခင်လေး ‘လင်ကျိုး’။
ကျောက်စိမ်းပင်လယ်မြို့တော်၏ မြို့တော်သခင် စုန့်ဝူလျန်၏သား ပင်လယ်ခုနစ်စင်းသခင်လေး ‘စုန့်ချောင်’။
ဤ (၄)ယောက်လုံးက ထူးခြားသည့်နောက်ခံများ ပိုင်ဆိုင်ထားပြီး အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ လူငယ်မျိုးဆက်များ ဖြစ်ကြသည်။ ယခင်ကျင်းပခဲ့သည့် ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲတွင် သူတို့ (၄)ယောက် လက်ရှိခေတ်၏ မင်းသား (၄)ပါးအဖြစ် စတင်လူသိများကျော်ကြားလာခဲ့သည်။
သူတို့၏ ဘွဲ့ထူးဂုထူးများကြောင့်လားမသိ ၊ ထို မင်းသား (၄)ပါးသည် တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးခြင်း မရှိကြပေ။ အခြားသူများထက်ဆာလျှင် ရန်ကျောက်ကဲက စုန့်ချောင်နှင့် အနည်းငယ်ပိုမိုရင်းနှီးသည်။
သို့ပေသိ အသက်အရွယ်ကွာဟမှုကြောင့် သိပ်ပြီး ခင်ခင်မင်မင် မရှိကြပေ။
စုန်ချောင်က ရန်ကျောက်ကဲကို ခေါင်းညိတ်နှုတ်ဆက်ရင်း...
“ညီလေး’ရန်’ ၊ မတွေ့တာ (၃)နှစ်တောင်ရှိပြီနော်”
“အစ်ကို’စုန့်’ရဲ့ ကျင့်ကြံခြင်းက အများကြီးမြင့်တက်လာတာပဲ”
ရန်ကျောက်ကဲက ပြုံးရင်းဆိုသည်။
စုန့်ချောင်က...
“သတိရှိရှိနဲ့ ဖြည်းဖြည်းချင်း ရှေ့ဆက်နေရတာပေါ့ကွာ”
စစ်ခုန်ချင်းကလည်း ရှေ့ထွက်လာပြီး စုန့်ချောင်ကို နှုတ်ဆက်စကားဆိုသည်။
ကောင်းကင်ချိတ်ဆက်တွေ့ဆုံပွဲ အစပိုင်းအခြေအနေသည် အတော်လေး သက်သောင့်သက်သာရှိလှသည်။
တွေ့ဆုံပွဲကို နှောက်ယှက်လိုသူများကတော့ သူတို့အချင်းချင်း ချိတ်ဆက်ပြီး လုပ်ဆောင်နေကြပေလိမ့်မည်။
ရန်ကျောက်ကဲ ၊ ရွှီဖေး ၊ စုန့်ချောင် ၊ ရှဲ့ယိုချန် ၊ ရွမ်ပင်းနှင့် ရဲ့ကျုန်းကျိုးတို့ပါဝင်သည့် ရှန်ထျန်းသိုင်းပညာရှင်အဆင့် ကျင့်ကြံသူများ တစ်နေရာတွင်စုဝေးပြီး ပေါ့ပေါ့ပါးပါး စကားစမြည်ပြောဆိုနေကြသည်။
သို့သော် သူတို့၏ ပေါ့ပေါ့ပါးပါးစကားများက တပည့်အငယ်များအတွက် များစွာအကျိုးကျေးဇူးရှိသည်။
သူတို့အားလုံးထဲတွင် ရန်ကျောက်ကဲက သိသိသာသာ ပေါ်လွင်ထင်ရှားနေသည်။ အဘယ်ကြောင့်ဆိုသော် ရှန်ထျန်းအဆင့် သိုင်းပညာရှင်များထဲတွင် သူက အသက်အငယ်ဆုံး ဖြစ်နေသောကြောင့်ပင်။
အခြားသူများက အသက် (၃၀)ဝန်းကျင် ၊ သို့မဟုတ် အသက် (၃၀)နီးပါး ရှိကြသော်လည်း ရန်ကျောက်ကဲကတော့ အသက် (၂၀) ဝန်းကျင်သာ ရှိသေးသည်။
တွက်ကြည့်မည်ဆိုလျှင် ရန်ကျောက်ကဲသည် လီကျင်းဝမ်နှင့် သက်တူရွယ်တူခန့် ဖြစ်၏။
မည်သို့ပင်ဖြစ်စေ ဤသည်က အတော်လေးသဘာဝကျသည် ထင်မှတ်ရသောကြောင့် မျက်စိကျစရာကိစ္စဖြစ်သည့်တိုင် မည်သူကမှ ထူးဆန်းသည်ဟု မထင်ကြပေ။
စကားပြောဆိုနေကြရင်း ရန်ကျောက်ကဲနှင့်အခြားသူများ၏ စိတ်အာရုံက တစ်ညီတစ်ညွတ်တည်းလှုပ်ရှားသွားပြီး တစ်နေရာသို့ လှမ်းကြည့်လိုက်ကြသည်။
ပျံသန်းနေသည့် ကျွန်းကြီးပေါ်သို့ ရောက်လာသူများမှာ အဖြူရောင်တွင် ရွှေရောင်အနားသတ်ဝတ်စုံများကို ဝတ်ဆင်ထားသည့် လူတစ်စုဖြစ်သည်။ နေသူတော်စင်ဂိုဏ်း၏ တပည့်ရင်းများဖြစ်သည်မှာ ထင်ရှားသည်။
ရန်ကျောက်ကဲ ၊ ရွှီဖေးနှင့် စုန့်ချောင်တို့မှာ ထိုအုပ်စုကိုတွေ့သည်နှင့် မျက်လုံးများ ကျဉ်းမြောင်းသွားကြသည်။
အုပ်စုကိုခေါင်းဆောင်လာသူက ရွှီဖေး ၊ စုန့်ချောင်တို့နှင့် သက်တူရွယ်တူဖြစ်ပြီး ချောမောခန့်ညားကာ တစ်မူထူးခြားသည့် အသွင့်အပြင် ရှိသည်။ သူ့မျက်ဝန်းများက တောက်ပနေပြီး တွေ့မြင်ရသူတိုင်း တုန်လှုပ်သွားစေသည်။
သူ့နံဘေးတွင်တော့ ရန်ကျောက်ကဲထက် အသက်အနည်းငယ် ကြီးပုံရသော လူငယ်တစ်ယောက်ရှိနေသည်။ သူက သာမန်ပုံစံမျှသာဖြစ်ပြီး အလွန်တိတ်ဆိတ်ငြိမ်သက်သည်။
ရန်ကျောက်ကဲ မျက်ခုံးပင့်လိုက်ရင်း...
“ထန်ယုံဟောင် ၊ ဟွမ်ကျိ...”