အားလုံးက လာရောက်ဂုဏ်ပြု
Vol. 43 Ch. 605
အခန်း (၆၀၅) အားလုံးက လာရောက်ဂုဏ်ပြု
လန်ဝမ်ယန် အလွန်စိတ်အားထက်သန်နေပုံရပြီး သူက စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်ဖိနှိပ်လျှက် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို ဦးညွှတ်ကာ ထွက်ခွာသွားသည်။
ထွက်ခွာသွားသောလူငယ်ကိုလှမ်းကြည့်ရင်း ဖန်းယွင်ရှန်းက မေးမြန်းစပ်စု၏။
“စောစောက ရှင်ပြောလိုက်တဲ့ ကံကြမ္မာဆက်စပ်နေတယ်ဆိုတဲ့စကားက ဘာအဓိပ္ပါယ်လဲ”
ရန်ကျောက်ကဲက အစပိုင်းတွင်ဖြစ်ပျက်ခဲ့သည်များကို အကြမ်းဖျင်းရှင်းပြပြီးနောက်...
“ငါ အရှေ့ထန်ကိုရောက်တော့ မန်ဝမ်နဲ့ အမှတ်တမဲ့ ဆုံမိကြတယ် ၊ ပြီးတော့ မင်းနဲ့ တွေ့ရတာပဲ”
ဖန်းယွင်ရှန်း အံ့အားသင့်သွားသည်။
ရန်ကျောက်ကဲက...
“ဒီလူငယ်လေးက ပါရမီရှိတယ် ၊ တကယ်တော့ သူ့ကို ကူညီပေးတာက အရင်တုန်းက အဖြစ်အပျက်တွေကြောင့်တော့လည်း မဟုတ်ပါဘူး ၊ သူ ရီကျင်းလက်ချက်နဲ့ ဒဏ်ရာအပြင်းအထန်ရခဲ့လို့ တောင်ပေါ်မှာ အချိန်အတော်ကြာအောင် ဆေးကုသမှု ခံယူခဲ့ရတယ် ၊ သူ့ဒဏ်ရာတွေ တော်တော်နဲ့ ပြန်ကောင်းမလာခဲ့ဘူး”
“ပြင်ပလောကမှာဆိုရင်တော့ သူက ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ပဲ ၊ ဒါပေမဲ့ ငါတို့ဝါဒတောင်မှာကျတော့ သူ့အရည်အချင်းက ထိပ်တန်းအဆင့်မဟုတ်ဘူး ၊ ဒါကြောင့် သူ မကြိုးစားဘူးဆိုရင် မအောင်မြင်နိုင်ဘူး ၊ ဒါပေမဲ့ သူက အရမ်းကြိုးစားတယ် ၊ မျိုးဆက်တူလူငယ်တွေကြားမှာ အကြိုးစားဆုံးလို့ သတ်မှတ်လို့ရတယ် ၊ ဒါကြောင့်လည်း တဖြည်းဖြည်းနဲ့ ပေါ်လွင်ထင်ရှားလာတာပေါ့”
ရန်ကျောက်ကဲက ပြုံးရင်း...
“သူက ငါ့အပေါ်လည်း လေးစားမှုရှိသလို တိုးတက်လိုတဲ့ဆန္ဒလည်းရှိတယ်လေ ၊ ဒါကြောင့် ငါက နည်းနည်းပါးပါး ကူညီပေးချင်တာပါ”
ဖန်းယွင်ရှန်းက ခေါင်းညိတ်ရင်း...
“အင်း... ဒီလိုဆိုရင်တော့ သူ ရှင့်ကို စိတ်မပျက်စေလောက်ပါဘူး”
သူတို့နှစ်ယောက် စကားတပြောပြောဖြင့် တောင်ပေါ်လမ်းအတိုင်း လမ်းလျှောက်လာခဲ့ကြသည်။
ရန်ကျောက်ကဲက အဝေးသို့ လှမ်းကြည့်ရင်း..
“ဒီနေ့တော့ သူငယ်ချင်းတွေ ဆုံကြတာပဲ”
ရန်ကျောက်ကဲ ကြည့်သည့်နေရာသို့ ဖန်းယွင်ရှန်း လှမ်းကြည့်လိုက်တော့ လမ်းအဆုံးတစ်နေရာတွင် ဖုန်းမော့ယန် ၊ ကျွင်းလော့ ၊ ကျောက်မင် ၊ ကျင်းယွင်ကျီနှင့် အခြားသူများကို တွေ့မြင်လိုက်ရသည်။
ဖန်းယွင်ရှန်းကလည်း ထိုသူများနှင့် အလွန်ရင်းနှီးခင်မင်သူ ဖြစ်လေရာ ပျော်ရွှင်သွားရ၏။
“ဟုတ်ပ... သူငယ်ချင်းတွေပဲ...”
ဖုန်းမော့ယန်နှင့် အခြားသူများအားလုံး ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့အနားရောက်လာကြပြီး လက်နှစ်ဖက်ဆုပ်ဂါရဝပြု နှုတ်ဆက်ကြသည်။
ရန်ကျောက်ကဲက ပြုံးရင်း....
“ဘယ်လိုဖြစ်လို့ လူစုံနေကြတာလဲ”
ကျွင်းလော့က ပြုံးရင်း...
“အဖေက ဦးလေး’ရန်’ ဆီ လာလည်တော့ ကျွန်မလည်း အဖေနဲ့ လိုက်လာတာလေ”
ရန်ကျောက်ကဲက ကျောက်မင်ကိုလှမ်းကြည့်ရင်း...
“ဒါဖြင့် ဦးလေး’ကျောက်’ လည်း ရောက်နေတာလား”
ကျောက်မင်က ခေါင်းညိတ်ရင်း...
“အမှန်ပဲ...”
ဖုန်းမော့ယန်က ပြုံးရင်း...
“ဦးလေး’ကျောက်’ ရော ဦးလေး’ကျွင်း’ ရော ရောက်လာတော့ အဖေလည်း ဆေးလုံးဖော်ဆပ်တာကို ခဏနားပြီး သူ့ မိတ်ဆွေတွေနဲ့ ပါသွားပြီလေ”
သူတို့ အိမ်တော်များက မိတ်ဆွေကောင်းများ ဖြစ်ကြသည်။
မိဘများဖြစ်ကြသော ရန်တိ ၊ ဖုန်းချီ ၊ ကျွင်းကျိယွမ်နှင့် ကျောက်ရှီချန်းတို့က ငယ်စဉ်ကပင် ခင်မင်ရင်းနှီးသေ သူငယ်ချင်းများ ဖြစ်ကြ၏။
ရန်တိက ယခု သိုင်းသူတော်စင်အဆင့် တက်ရောက်နိုင်သဖြင့် ကျွင်းကျိယွမ်နှင့် ကျောက်ရှီချန်းတို့က သူကို ဝမ်းမြောက်ဝမ်းသာ လာရောက်ဂုဏ်ပြုကြခြင်း ဖြစ်သည်။
သိုင်းသူတော်စင်အဆင့် တက်ရောက်ပြီးပြီးချင်းမှာပင် မီးတောက်မိစ္ဆာများ ကျူးကျော်ဝင်ရောက်မှုကြောင့် ရန်တိက အရှေ့ပင်လယ်သို့ တိုက်ပွဲဝင်ရန် ထွက်ခွာခဲ့ရသည်။ ထိုက်ယီချိုးဖျက်အစီအရင် စည်းတံဆိပ်ထဲတွင် အချိန် (၁)နှစ်ခန့် ပိတ်မိနေပြီး မကြာခင်ကမှ အပြင်သို့ ပြန်ထွက်လာနိုင်ခြင်း ဖြစ်သည်။
ရန်ကျောက်ကဲက ပြုံးရင်း...
“သွားကြစို့... လူကြီးတွေလည်း သူတို့ဟာသူတို့ ဆုံကြ ၊ ငါတို့လည်း ငါတို့ဟာငါတို့ ဆုံကြတာပေါ့”
ကျွင်းလော့က ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းကို အပြန်ပြန်အလှန်လှန် အကဲခတ်ရင်း...
“အစ်ကိုကြီး’ရန်’ ... အစ်မ’ဖန်း’ က ကျွန်မရဲ့ ယောက်မလေး ဖြစ်လာတော့မှာလား”
ထိုစကားကြောင့် ရန်ကျောက်ကဲနှင့် ဖန်းယွင်ရှန်းတို့ ရယ်မောလိုက်ကြပြီး ရန်ကျောက်ကဲက ကျွင်းလော့နဖူးကို ဂေါက်ခနဲနေနေအောင် ခေါက်ထည့်လိုက်ပြီး...
“ယောက်မလေးဆိုတဲ့စကားက ‘လေး’ ဆိုတာကို ဖယ်လိုက်စမ်း ၊ ယွင်ရှန်းက မင်းထက်အသက်ကြီးတယ်နော်”
ကျွင်းလော့က နဖူးကို လက်ဖြင့်ကာရင်း...
“သိဘူးလေ... အစ်မ’ဖန်း’ က ဒီလိုလေးဆံပင်စည်းထားတော့ ကျွန်မထက်တောင် အသက်ငယ်တယ်ထင်ရတယ်”
ထိုစကားကိုကြားတော့ ရန်ကျောက်ကဲက အောင်နိုင်သူအပြုံးဖြင့် ဖန်းယွင်ရှန်းကို လှမ်းကြည့်လိုက်သည်။ ဖန်းယွင်ရှန်းကတော့ ပြုံးလျှက် ခေါင်းခါယမ်းရုံသာ။
ကျွင်းလော့က တခစ်ခစ်ရယ်မောရင်း ဖန်းယွင်ရှန်းအနား တိုးကပ်လာပြီး...
“ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင်တို့နှစ်ယောက်ကို ပထမဆုံး ဂုဏ်ပြုစကားဆိုတဲ့သူလေ ၊ ဆုမချသင့်ဘူးလား”
ဖန်းယွင်ရှန်းက ပြုံးလိုက်ရင်း ကျွင်းလော့ဘေးတွင်ရပ်နေသော ပိန်ပိန်ပါးပါး ချောမောသောလူငယ်လေးတစ်ယောက်ကို လှမ်းကြည့်လိုက်သည်။
“ဟုတ်တာပေါ့... တို့တွေရဲ့ လော့လော့လေးကို ဆုချရမှာပေါ့ ၊ ဒါပေမဲ့ ငါကလည်း မင်းကို ဂုဏ်ပြုပါတယ်နော် လော့လော့”
ဖန်းယွင်ရှန်းစကား ကြားသည့်အခါ ကျွင်းလော့ဘေးနားမှ လူငယ်လေး မျက်နှာတစ်ခုလုံး နီရဲကာ ရှက်ရွံ့သွားသော်လည်း ပျော်ရွှင်မြူးတူးသွားဟန် ရှိသည်။ သို့သော် သူက စိတ်ရှုတ်ထွေးသောအမူအရာဖြင့် ကျွင်းလော့ကို တိတ်တဆိတ် လှမ်းကြည့်လိုက်သည်။
အရင်က ဖန်းယွင်ရှန်းနှင့်အတူ အနောက်ဘက်သဲကန္တာရသို့ ခရီးထွက်စဉ်က ရန်ကျောက်ကဲနှင့် ဆုံခဲ့ဖူးသော ‘လျန်’ အိမ်တော်မှ ‘လျန်ချန်’ ဖြစ်သည်။ သူက ယခု လေလှိုင်းဓားဂိုဏ်းသို့ဝင်ရောက်ကာ ကျွင်းကျိယွမ်၏တပည့် ဖြစ်နေပေပြီ။
အမြဲတမ်း ရဲရင့်ထက်မြက်ဟန်ရှိသော ဖန်းယွင်ရှန်း ရှက်ရွံ့သွားမည်လားဟု ကျွင်းလော့က ကျီစယ်စကားဆိုခဲ့ခြင်း ဖြစ်သည်။
သို့သော် မမျှော်လင့်ဘဲ ဖန်းယွင်ရှန်းက အမူအရာမပျက်သည့်အပြင် သူနှင့် လျန်ချန်ကိုပင် ပြန်လည် စ နောက် နေခဲ့သည်။
ကျွင်းလော့မှ သူ့နံဘေးမှ လျန်ချန်၏အကြည့်များကို သတိထားမိသည့်အခါ မျက်နှာတစ်ခုလုံးနီရဲသွားပြီး အလျှင်အမြန် ချောင်းတစ်ချက်ဟန့်လိုက်သည်။
“ဘာ ဂုဏ်ယူတာလဲ ၊ ဘာ ဂုဏ်ယူတာလဲ ၊ ကျွန်မကို မစနဲ့နော် အစ်မ’ဖန်း’”
ကျွင်းလော့က ထိုသို့ပြောလိုက်တော့ လျန်ချန် ချက်ချင်းမျက်နှာပျက်သွားသည်။
သူတို့နှစ်ယောက်ကိုကြည့်ရင်း ရန်ကျောက်ကဲနှင့်အခြားသူများအားလုံး မနေနိုင်ဘဲ ရယ်မောလိုက်မိကြ၏။
လျန်ချန်က စိတ်ဓာတ်အားနည်းပျော့ညံ့သူဖြစ်သဖြင့် ကျွင်းလော့က သူ့ကို အနိုင်ယူလေသည်။ ထို့ပြင် ကျွင်းလော့က လျန်ချန်ဘက်သို့ စိတ်ယိမ်းယိုင်လျှက်ရှိသော်လည်း လျန်ချန်ကတော့ ကျွင်းလော့၏အချစ်ကိုရရှိရန် အချိန်ကြာမြင့်စွာ ကြိုးစားရပေဦးမည်။
လောလောဆယ်တွင် ကျွင်းလော့က လျန်ချန်၏မေတ္တာကို တုံ့ပြန်ခြင်းမရှိသေးသော်လည်း ကျွင်းကျိယွမ်နှင့်အတူ လျန်ချန် လိုက်ပါလာသည်ကိုကြည့်ခြင်းအားဖြင့် သူတို့နှစ်ယောက်အခြေအနေက အတိုင်းအတာတစ်ခုအထိ နီးစပ်နေပြီဖြစ်ကြောင်း ရန်ကျောက်ကဲ ၊ ဖုန်းမော့ယန် ၊ ကျောက်မင်နှင့် အခြားသူများအားလုံး ရိပ်မိကြသည်။
ဤနှစ်များအတွင်း ကျောက်မင်နှင့် ကျင်းယွင်ကျီတို့သည်လည်း လက်ထပ်ထိမ်းမြားခဲ့ပြီး ဖြစ်လေသည်။
ရန်တိက ကျွင်းကျိယွမ်တို့အုပ်စုကို ဧည့်ခံနေစဉ် ရန်ကျောက်ကဲသည်လည်း ကျွင်းလော့နှင့်အခြားသူများကို ဧည့်ခံလျှက် စကားစမြည်ပြောဆိုရယ်မောကြရင်း ပျော်ရွှင်စရာအချိန်ကာလကို ဖြတ်သန်းခဲ့သည်။
ရန်တိ ဝါဒတောင်သို့ပြန်ရောက်လာပြီးနောက် တောင်ပေါ်မှအခြေအနေများသည်လည်း ပိုမိုကောင်းမွန်လာသည်။
လှိုင်းနက်ဂေဟာသခင်မ ‘အန်းချင်လင်’ ၊ အဆုံးမဲ့တောင်တန်းဂိုဏ်းချုပ် ‘ချူးယန်’ နှင့် ကျောက်စိမ်းပင်လယ်မြို့တော်သခင် ‘စုန့်ဝူလျန်’ တို့သည်လည်း ရန်တိကို ဂုဏ်ပြုစကားဆိုရန် ဝါဒတောင်သို့ လာရောက်လည်ပတ်ကြသည်။
***
အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး၏ အခြေအနေက တည်ငြိမ်သွားခဲ့ပေပြီ။
ရန်ကျောက်ကဲ နဂါးသင်္ချိုင်းမှရရှိခဲ့သော အကျိုးအမြတ်များနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလံးမှ ရရှိသည့် ရင်းမြစ်ပစ္စည်းများကြောင့် ဝါဒတောင်က လျှင်မြန်စွာပင် တိုးတက်မြင့်မားလာသည်။
ထိပ်တန်းအဆင့် သိုင်းဂိုဏ်းကြီးတစ်ခုအဖြစ်သာမက ပိုမိုမြင့်မားသောအဆင့်တစ်ခုသို့ပင် ဦးတည်နေပေပြီ။
ရန်ကျောက်ကဲနှင့်ဝါဒတောင်အတွက် ဤအချိန်က အရေးကြီးသောအချိန်ဖြစ်လေရာ သူတို့အနေဖြင့် ကြီးမားသောအခြေအနေတစ်ခုတွင် ရပ်တန့်မနေဝံ့ခဲ့ပေ။
အစွန်းရောက်ရှစ်ပါးကမ္ဘာမှ အင်အားစုများကတော့ မည်သည့်ပြဿနာမှ မရှိကြတော့ပေ။ သို့သော် အထက်ဘုံကမ္ဘာမှ ကွမ်းမင်ဂိုဏ်းကိုတော့ မေ့ထား၍ မရပေ။ သူတို့က ဤကမ္ဘာသို့ နောက်တစ်ကြိမ်ရောက်လာပြီး ပြဿနာရှာနိုင်ပေသည်။
ရန်တိက တံခါးပိတ်ကျင့်ကြံရန်အတွက် နဂါးနန်းတော်အတွင်းပိုင်းသို့ ဝင်ရောက်သွားခဲ့ပြီး ရန်ကျောက်ကဲကတော့ သူ လုပ်စရာရှိသည်များကို ဆက်လက်ပြုလုပ်နေသည်။
အချိန်များ လျှင်မြန်စွာကုန်ဆုံးသွားပြီး မျက်စိတစ်မှိတ်အတွင်း လပေါင်းများစွာ ကုန်လွန်သွားသည်။
ယနေ့မှာတော့ ရန်ကျောက်ကဲက ကျင့်ကြံခြင်းပြုလုပ်ပြီးသည့်နောက် အဘိုးအို’မော့’ ထံမှ ရရှိခဲ့သော သတ္တုအပိုင်းအစလေးကို သုံးသပ်လေ့လာနေသည်။
ထိုပစ္စည်းလေးထဲတွင် ယိုးမင်ဧကရာဇ် ‘ယင်ထျန်းရှ’ ၏ စိတ်ဆန္ဒ သို့မဟုတ် ရောင်ဝါတစ်ခုတစ်လေပင် မရှိသည့်အပြင် မည်သည့်တန်ခိုးစွမ်းအားအတက်အကျမှလည်း မတွေ့ရှိရသဖြင့် ရန်ကျောက်ကဲ အနည်းငယ် စိတ်ရှုတ်ထွေးသွားသည်။
သို့သော် ရန်ကျောက်ကဲ၏ ကျင့်ကြံခြင်းအဆင့် မြင့်တက်လာပြီး ပြိုင်ဘက်ကင်းကောင်းကင်ကျမ်းစာအပေါ် နားလည်နိုင်စွမ်းသည်လည်း မြင့်မားလာသည်နှင့်အမျှ မိုးမြေတစ်ခွင်ရှိ ကိစ္စရပ်အတော်များများနှင့် သိုင်းပညာရပ်များကို အာရုံခံနိုင်မှုသည်လည်း ပိုမိုအားကောင်းလာသည်။
ထို့ကြောင့် သတ္တုအပိုင်းအစလေးကို သုတေသနလုပ်ရင်း ထိုပစ္စည်းလေးက အမှန်တကယ် လျှို့ဝှက်ဆန်းကြောင်း အာရုံခံမိသည့်အတိုင် လျှို့ဝှက်ချက်ကို ထုတ်ဖော်နိုင်ခြင်း မရှိပေ။
ထိုစဉ်...
“ဟင်...”
ရန်ကျောက်ကဲစိတ်ထဲ ရုတ်တရက် လှုပ်ရှားသွားပြီး သတ္တုအပိုင်းအစလေးကို ဘေးသို့အသာချထားလိုက်သည်။
နဂါးနန်းတော်တစ်ခုလုံး တုန်ခါသွားပြီး အတွင်းပိုင်းနက်နဲရာနေရာမှ အလွန်တရာစွမ်းအားမြင့်မားသော ရောင်ဝါတစ်ခု ထွက်ပေါ်လာကြောင်း ခံစားလိုက်ရ၏။
ထို့နောက်မှာတော့ ခရမ်းရောင်အလင်းတန်းများက နန်းတော်တစ်ခုလုံး ပြည့်လျှံလွှမ်းခြုံသွားသည်။
အသင်္ချေနဂါးနန်းတော်သည်ပင် ခရမ်းရောင်အလင်းတန်းများကို ထိန်းချုပ်နိုင်စွမ်း မရှိတော့ပေ။ အလင်းတန်းများက နန်းတော်ခန်းမအပြင်ဘက်သို့ ထိုးဖောက်ထွက်သွားပြီး ဝါဒတောင်တစ်ခုလုံးကို လွှမ်းခြုံသွားလျှက် ဝါဒတောင်ပင်မအစီအရင်ကြီးနှင့်ပေါင်းစပ်သွားကာ အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး ခရမ်းရောင်ပြောင်းလဲသွားစေသည်။
မကြာမီ အသေင်္ချနဂါးနန်းတော်အတွင်းပိုင်းမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။
ထိုလူရိပ်ကိုတွေ့တော့ ရန်ကျောက်ကဲ ရယ်မောလိုက်ရင်း...
“တံခါးပိတ်ကျင့်ကြံပြီးတဲ့နောက် သိုင်းသူတော်စင် ဒုတိယအဆင့်ကို တက်လှမ်းနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် အဖေ...”