ဂလဲ့စားချေင်တာလား... သွားပေတော့
Vol. 43 Ch. 606
အခန်း (၆၀၆) ဂလဲ့စားချေင်တာလား... သွားပေတော့
အသင်္ချေနဂါးနန်းတော်အတွင်းပိုင်းထွက်လာသူက ‘ရန်တိ’ ပင် ဖြစ်သည်။
သူက အသက်တစ်ချက်ရှူထုတ်လိုက်သည်နှင့် ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံထားသော ခရမ်းရောင်ချီစွမ်းအားအလင်းတန်းများ ပျောက်ကွယ်သွားသည်။
ရန်တိကိုကြည့်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ ထွက်ပေါ်နေသော ခမ်းနားထက်မြက်သည့် စွမ်းအားကြီးတစ်ခုအား ရန်ကျောက်ကဲ အာရုံခံမိသည်။ ကြောက်မက်ဖွယ်ရာ ဓားဝိညာဉ်စွမ်းအားဖြစ်ပြီး သူ ခြေတစ်လှမ်းလှမ်းတိုင်း အစွန်းရောက်ရှစ်ပါးကမ္ဘာတစ်ခုလုံး မသိမသာ တုန်လှုပ်သွားသကဲ့သို့ပင်။
“မီးတောက်မိစ္ဆာကမ္ဘာကို တံဆိပ်ခတ်တာက ရရှိခဲ့တဲ့ အကျိုးအမြတ်တွေရယ် ၊ အခု ဒီ အသင်္ချေနဂါးနန်းတော်က နဂါးအစစ်ချီစွမ်းအားတွေရယ်ပေါင်းစပ်လိုက်နိုင်တာ ကျေးဇူးတင်ရမယ်”
ရန်တိကဆိုသည်။
သူကမျက်လုံးကိုပိတ်လိုက်ပြီး ပြန်ဖွင့်လိုက်ချိန်တွင် သူ့မျက်ဝန်းများထဲ ခရမ်းရောင်အလင်းတန်းတစ်ချက် လင်းလက်သွားပြီး နဂါးပုံရိပ်များ ထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးရှိ သွေးကြောဆုံချက်များမှ မရေမတွက်နိုင်သော အနလင်းနဂါးများထွက်ပေါ်လာပြီး ခန္ဓာကိုယ်ကို လှည့်ပတ်လျှက်ရှိသည်။
ရန်တိက ရန်ကျောက်ကဲထံသို့ လျှောက်လာရင်း...
“သိုင်းသူတော်စင်ဖြစ်လာပြီးတဲ့နောက် သိုင်းသူတော်စင် ဒုတိယအဆင့်ကိုတက်တာ အရမ်းမြန်နေတယ် ၊ နောက်တစ်ဆင့်ကိုတော့ အခြေခံတည်ငြိမ်အောင် ဖြည်းဖြည်းချင်းပဲသွားရမယ်”
ရန်ကျောက်ကဲက ပြုံးရင်း...
“အဖေ့ရဲ့ကျင့်ကြံခြင်းက အဖေ့ရဲ့ဓားသိုင်းလိုပဲ... ထက်မြက်ပြီး ရန်လိုတယ် ၊ ဘယ်အရာကမှမတားဆီးနိုင်ဘူး ၊ အဖေ ကျင့်ကြံခြင်းအဆင့်မြင့်မားလာလေ ရှေ့ဆက်ရမယ့်လမ်းကြောင်းက ချောမွေ့လာလေပါပဲ ၊ အခြေခံအုတ်မြစ်တည်ငြိမ်အောင် ဖြည်းဖြည်းချင်းသွားမယ်ဆိုရင် အဖေ့ရဲ့ အရှိန်အဟုန်ကို ထိခိုက်နိုင်တယ် မဟုတ်ဘူးလား”
ရန်တိက ခေါင်းခါယမ်းရင်း...
“အဖေက အဲဒီအဆင့်မရောက်သေးဘူး ၊ ဓားချက်ကိုရပ်တန့်ပြီး ခဏနားရမယ့်အဆင့်မှာ ရောက်နေတာ ၊ နည်းနည်းလောက် အဆင့်မြင့်မားလာရင်တော့ မင်းပြောသလို မရပ်တန့်ဘဲ အရှိန်အဟုန်နဲ့ ရှေ့ဆက်ရမှာပေါ့”
ရန်ကျောက်ကဲက သူ့အပြုံးကို ပြန်လည်ရုတ်သိမ်းလိုက်ပြီး...
“ဒီတစ်ခေါက် အဖေ တံခါးပိတ်ကျင့်ကြံရာကထွက်လာတော့ ကိုယ်ပိုင်အထွတ်ထိပ်မှော်ဝင်ပစ္စည်းတစ်ခုသွန်းလုပ်ဖို့ အသင့်ဖြစ်နေပြီဆိုတာ ကျွန်တော်သိပါတယ် ၊ ဒါပေမဲ့ အဲဒီကိစ္စ ခဏရွှေ့ဆိုင်းထားရမယ်ထင်တယ်”
ရန်တိက ရန်ကျောက်ကဲကို စူးစိုက်ကြည့်ရင်း...
“အိုး... ဘာကိစ္စများပေါ်လာလို့လဲ”
ရန်ကျောက်ကဲက...
“အင်း... နေသူတော်စင်ဂိုဏ်းကို သုတ်သင်ပြီးတဲ့နောက် ကမ္ဘာအလင်းတောင်ထွတ်ကိုလည်း ဖျက်ဆီးပစ်ခဲ့တယ် ၊ ဒါပေမဲ့ အထက်ဘုံကမ္ဘာက ကျွန်တော်တို့ အစွန်းရောက်ရှစ်ပါးကမ္ဘာကို ထပ်ပြီးရှာဖွေနိုင်တဲ့ နည်းလမ်းတွေ ရှိနေသေးတယ် ၊ အရင်က နေသူတော်စင်ဂိုဏ်းက ကွမ်းမင်ဂိုဏ်းကလူတွေကို ခေါ်ယူခဲ့တဲ့အတွက် အစွန်းရောက်ရှစ်ပါးကမ္ဘာရဲ့ တည်နေရာပြဒေသက ကမ္ဘာအလင်းတောင်ထွတ်မှာ ရှိနေဆဲ ဖြစ်ပုံရတယ် ၊ အခု အဲဒီနေရာမှာ ထူးခြားမှုတွေ ဖြစ်လာနေတယ်”
ရန်ကျောက်ကဲက...
“ဒီတော့ ကျွန်တော်တို့ အဲဒီကိုသွားပြီး အခြေအနေ ကြည့်ရအောင်”
ထို့နောက် သားအဖနှစ်ယောက် ဝါဒတောင်မှထွက်ခွာပြီး မီးနယ်မြေတည်ရှိရာ တောင်ပိုင်းဒေသသို့ ထွက်ခွာလာကြသည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့ ရောက်လာသည့်အခါ ထိုနေရာကို စောင့်ကြပ်နေသည့် ဝါဒတောင်သိုင်းသမားများ ချက်ချင်းပင် ဘေးလွတ်ရာသို့ ထွက်ခွာသွားကြသည်။
တစ်ချိန်က နေ့ရောညပါ အစဉ်အမြဲ ထွန်းလင်းတောက်ပနေသည့် ‘ကမ္ဘာအလင်းတောင်ထွတ်’ သည် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွား၏ နင်းချေဖျက်ဆိးခြင်းခံရသဖြင့် တည်ရှိခြင်း မရှိတော့ပေ။
ရန်ကျောက်ကဲနှင့် ရန်တိတို့ မြေပြင်ထက်သို့ အတူတကွ ဆင်းသက်လာပြီး တင်ပျဉ်ခွေ ထိုင်လိုက်ကြသည်။
ကောင်းကင်ထက်သို့ မော့ကြည့်လိုက်တော့ ကောင်းကင်ပြင်က ပြတ်ပြတ်သားသားတုန်လှုပ်နေပြီး ဗလာနယ် နယ်နိမိတ်က မှုန်ဝါးဝါးဖြစ်နေသည်။
ကျင့်ကြံသူများသာမက သာမန်လူများသည်ပင် မူမမှန်မှုများကို တွေ့မြင်နိုင်သည်။
ရန်ကျောက်ကဲနှင့် ရန်တိတို့က နေရာတွင် ငြိမ်သက်စွာ တင်ပျဉ်ခွေထိုင်နေကြပြီး သူတို့၏စိတ်အစဉ်က ကန်ရေပြင်ပမာ မလှုပ်မယှက် ငြိမ်သက်နေသည်။
သူတို့သားအဖနှစ်ယောက်ကျင့်ကြံနေစဉ် ကြည်လင်သော ချီစွမ်းအားစီးကြောင်းများက ပတ်ဝန်းကျင်တွင် စီးဆင်းထွက်ပေါ်လာပြီး နည်းလမ်းတစ်ကျ လှည့်ပတ်နေသည်။ ရန်ကျောက်ကဲနှင့် ရန်တိတို့က ကမ္ဘာအလင်းတောင်ထွတ်တည်ရှိခဲ့ရာနေရာတွင် ထိုသို့ပင် အေးအေးဆေးဆေး ကျင့်ကြံနေခဲ့ကြသည်။
ထိုသို့ဖြင့် နေ့ရက်အနည်းငယ် ကုန်လွန်သွားပြီး သူတို့ဦးခေါင်းထက်မှ ကောင်းကင်ယံကလည်း ပိုမိုသိသာစွာ လှုပ်ခါလာသည်။
(၅)ရက်ခန့်ကြာပြီးနောက်...
နေမွန်းတည့်ချိန်တွင် ကောင်းကင်ထက်မှ နေရောင်ခြည်က အပြင်းထန်ဆုံး တောက်ပလာသည်။
တင်ပျဉ်ခွေထိုင်ရင်း မျက်လုံးမှိတ်ကျင့်ကြံနေသည့် ရန်တိက အသာအယာ မျက်လုံးဖွင့်ကြည့်လိုက်သည်။
တစ်စုံတစ်ခုကိုသတိပြုမိသည့်အလား ရန်ကျောက်ကဲလည်း မျက်လုံးများကို ဖွင့်ကြည့်လိုက်ပြီး ကောင်းကင်ထက်သို့ ခေါင်းမော့ကြည့်လိုက်သည်။
နေရောင်ခြည်က မထင်မှတ်ဘဲ အလွန်တရာစူးရှတောက်ပလာကြောင်း တွေ့မြင်ရ၏။
ထိုခဏတွင် မိုးကုတ်စက်ဝိုင်းတစ်နေရာမှ အက်ကွဲကြောင်းတစ်ခုပွင့်လာပြီး အတွင်းမှ အလင်းတန်းများ ဖြာလင်းလာလေရာ နေရောင်ခြည်နှင့်ပေါင်းစပ်သွားပြီး မျက်စိမဖွင့်နိုင်လောက်အောင် စူးရှတောက်ပလာသည်။
၎င်းအက်ကွဲကြောင်းအတွင်းမှ ကြီးမားလှသောတန်ခိုးစွမ်းအားတစ်ခု ထွက်ပေါ်လာသည်။
တစ်ချိန်တည်းပင် အစွန်းရောက်ရှစ်ပါးကမ္ဘာ၏ ဗလာနယ်လေထု စတင်တုန်ခါလာပြီး လေပြင်းများအော်မြည်တိုက်ခတ်လာကာ ပြင်းထန်သော ရောင်ခြည်များနှင့်အတူ တိမ်တိုက်များလွင့်ပျံလာပြီး ကောင်းကင်ထက်တွင် ပုံရိပ်အချို့ ထွက်ပေါ်လာသည်။
အဆုံးမရှိသောအလင်းတန်းများက ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေရာ ကမ္ဘာအလင်းတောင်ထွတ်တည်ရှိရာနေရာသာမက မီးနယ်မြေတစ်ခုလုံးသည်ပင် တောက်ပနေသည်ဟု ထင်မှတ်ရသည်။ တောက်ပသောအလင်းတန်းများက မီးနယ်မြေမှတစ်ဆင့် ပတ်ဝန်းကျင်ကမ္ဘာလောကတစ်ခုလုံးကို လင်းလက်နေစေသည်။
“သူတို့ရောက်လာပြီ...”
ရန်ကျောက်ကဲနှင့် ရန်တိတို့ တစ်ပြိုင်တည်း မတ်တတ်ရပ်လိုက်ကြသည်။
ထိုခဏတွင်...
သူတို့နှစ်ယောက်ရှိနေရာ ကမ္ဘာမြေကြီးက မပျက်ဆီးသေးသော်လည်း အဝေးတစ်နေရာရှိ မြေပြင်ကတော့ တုန်လှုပ်ဖွယ်ရာ မရပ်မနား အက်ကွဲကြောင်းများထွက်ပေါ်လာပြီး ရှည်လျားသော လျှို့မြောင်ကြီးများပမာ မြေဆီလွှာများ ပြိုကွဲသွားသည်။
ထို့အချိန် ကောင်းကင်တစ်ဖက်ခြမ်းမှ ကြည်လင်ရှင်းလင်းသည့်အသံတစ်သံ ပဲ့တင်ထပ်ထွက်ပေါ်လာသည်ကိုရန်ကျောက်ကဲရော ရန်တိပါ ကြားလိုက်ရသည်။
“မင်းက ဝါဒတောင်က ရန်ကျောက်ကဲလား...”
ထိုအသံက အလွန်တရာ တိကျသေချာဟန်ရှိသည်။
ရန်ကျောက်ကဲက ထိတ်လန့်သွားခြင်း မရှိဘဲ...
“ငါက ရန်ကျောက်ကဲပဲ ၊ မင်းကရော ဘယ်သူများလဲ”
ယခင်တစ်ခေါက် ဆင်းသက်လာသော ကွမ်းမင်ဂိုဏ်းမှ သိုင်းသူတော်စင် (၅)ယောက်လုံး အသတ်ခံခဲ့ရသည်သာမက နေသူတော်စင်ဂိုဏ်းတစ်ခုလုံးသည်လည်း သုတ်သင်ရှင်းလင်းခံခဲ့ရသည်။
သို့သော် ရန်ကျောက်ကဲကိုသိကျွမ်းသော မန်ဝမ်နှင့် ထန်ယုံဟောင်တို့ အထက်ဘုံကမ္ဘာသို့ ရောက်ရှိသွားသည်ဖြစ်ရာ တစ်ဖက်ရန်သူအနေဖြင့် ရန်ကျောက်ကဲပုံသဏ္ဌန်ကို သေချာပေါက် သိရှိနိုင်သည်။
ကောင်းကင်ထက်မှ ခမ်းနားကြည်လင်သောအသံက...
“ဒီအဘိုးကြီးက ကျန်းချောင်ပဲ”
ခရမ်းရောင်နေသူတော်စင်’ကျန်းချောင်’။
ဤနာမည်သည် တစ်ချိန်က အစွန်းရောက်ရှစ်ပါးကမ္ဘာတွင် မိုးခြိမ်းသံပမာ ခမ်းနားကြီးကျယ်ခဲ့ဖူးသည်။
ကျန်းချောင်က နေသူတော်စင်ဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းဖြစ်ပြီး အလွန်တရာ စွမ်းအားမြင့်မားသူလည်း ဖြစ်သည်။ သိုင်းသူတော်စင် တတိယအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အထက်ဘုံကမ္ဘာနှင့် အစွန်းရောက်ရှစ်ပါးကမ္ဘာအကြားတွင် အထက်သို့မတက်နိုင် အောက်သို့မဆင်းနိုင် ဖြစ်ခဲ့ရသော်လည်း ယခုတော့ သိုင်းသူတော်စင် စတုတ္ထအဆင့်သို့ ရောက်ရှိသွားပြီး အထက်ဘုံကမ္ဘာသို့ ရောက်ရှိသွားပြီး ဖြစ်သည်။
သူ့ခန္ဓာကိုယ်ကို ဖြတ်ကျော်သွားသောအကြည့်တစ်ချက်ကို ရန်ကျောက်ကဲ အာရုံခံမိသည်။ ထိုအကြည့်ကိုရင်ဆိုင်ရသည်နှင့် သူ့ခန္ဓာကိုယ်မှ ချီစွမ်းအား ၊ သွေးစွမ်းအားများနှင့် ကြယ်တာရာချီစွမ်းအားအနှစ်သာရများ တစ်ပြိုင်နက်တည်း တဟုတ်ထိုး တောက်လောင်လာသလို ခံစားရသည်။
ထို့နောက် ထိုအကြည့်က ရန်ကျောက်ကဲကို ဖြတ်ကျော်ပြီး ရန်တိထံသို့ ကျရောက်သွားသည်။
“မင်းက ဝါဒတောင်က ရန်တိလား...”
ရန်တိက ဖြည်းညင်းစွာဖြင့်...
“ခရမ်းရောင်နေသူတော်စင် ကျန်းချောင်ရဲ့ အထင်ကရနာမည်ကို ကြားဖူးနေတာ ကြာပါပြီ”
ကျန်းချောင်က...
“မင်း ဒီမှာရောက်နေတာကိုကြည့်ရရင် ကွမ်လီ အန္တရယ်ကျရောက်သွားပြီ ထင်တယ်”
ရန်ကျောက်ကဲက...
“ဟွမ်ကွမ်လီ ၊ ဟွမ်ရှုနဲ့ ဟွမ်ကျိတို့အကုန်လုံးကို ငါသတ်ပစ်လိုက်ပြီ ၊ ‘ဟွမ်’ မျိုးဆက် (၃)ဆက်လုံး သေကုန်ပြီ”
ကောင်းကင်ထက်မှအသံက ခဏမျှတိတ်ဆိတ်သွားပြီးမှ...
“ဒါဖြင့် မင်းကိုလည်း သူတို့နဲ့အတူ ငရဲကိုပို့ပေးရမှာပေါ့”
ထို့နောက် ကောင်းကင်ထက်မှ အကန့်အသတ်မရှိအလင်းတန်းများတောက်ပလာပြီး နောက်ထပ်နေဝန်းတစ်စင်းထွက်ပေါ်လာကာ သူ့ထံသို့တည့်တည့်မတ်မတ် ဝင်ရောက်လာကြောင်း ရန်ကျောက်ကဲ တွေ့လိုက်ရသည်။
မိုးမြေတစ်ခွင်လုံး အဆုံးမရှိသော အပူရှိန်နှင့်အလင်းရောင်များတောက်ပသွားပြီး အငွေ့ပျံတော့မည့်မတတ် ထင်မှတ်ရသည်။
သို့သော် ရန်ကျောက်ကဲက နေရာမှ တစ်လက်မမှ မရွေ့လျားဘဲ မတ်တတ်ရပ်နေဆဲပင်။
ကောင်းကင်ထက်မှနေမင်းကြီး ဆင်းသက်လာသည်နှင့်အမျှ ရက်စက်ကြမ်းတမ်းပြီး တုနှိုင်းမရအောင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းတစ်ခုထွက်ပေါ်လာပြီး ထိုနေမင်းကြီးကို တိုက်ရိုက်ပင် ငြိမ်းသတ်ပစ်လိုက်သည်။
ရန်ကျောက်ကဲ အသံမထွက်ဘဲ ရယ်မောလိုက်၏။
သူ၏ဖခင် ‘ရန်တိ’ သိုင်းသူတော်စင် ဒုတိယအဆင့်သို့ တက်ရောက်သွားခြင်းက အခြားသော သိုင်းသူတော်စင်ဒုတိယအဆင့်များနှင့် လုံးဝ တူညီခြင်း မရှိပေ။
သူ သန့်စင်ထားသော သိုင်းသူတော်စင် ဒုတိယအဆင့် မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သိုင်းသူတော်စင်များအလယ် ပြိုင်ဘက်ကင်းအဆင့်ရှိသည်ဟု ဆိုနိုင်သည်။
သို့တိုင် အထွတ်ထိပ်မှော်ဝင်ပစ္စည်းဖြစ်သော ရေခဲချပ်ဝတ်နှင့် ဂဠုန်နဂါးလှံရှည်ကို ကိုင်ဆောင်ထားသော မြောက်ပိုင်းသမုဒ္ဒရာကိုယ်ပွားသည် သိုင်းသူတော်စင် ပထမအဆင့်ရှိသော ‘ရန်တိ’ နှင့် သရေကျအောင် ယှဉ်ပြိုင်နိုင်ရုံသာ ရှိသည်။
ယခု ရန်တိ သိုင်းသူတော်စင် ဒုတိယအဆင့်သို့ ရောက်ရှိလာသည့်အခါ တိန့်စန်းတို့အုပ်စု ပြန်လည်အသက်ရှင်လာပြီး လက်တွဲတိုက်ခိုက်လျှင်ပင် ရန်တိကို အနိုင်ရရန် မဖြစ်နိုင်ပေ။
ရန်တိသည် လက်ရှိအစွန်းရောက်ရှစ်ပါးကမ္ဘာတွင် အမှန်တကယ် ပြိုင်ဘက်ကင်းဖြစ်သည်။
ကမ္ဘာများစွာအလွန် အထက်ဘုံကမ္ဘာမှ ဆင်းသက်လာပါက သိုင်းသူတော်စင်များအနေဖြင့် သိုင်းသူတော်စင် ၊ တတိယအဆင့်ထိ ဖိနှိပ်ခံရမည်ဖြစ်ပြီး ရန်တိ၏တိုက်ခိုက်မှုကို တွန်းလှန်နိုင်စွမ်းရှိကြမည် မဟုတ်ပေ။
ရန်တိနှင့် တကယ်တမ်းရင်ဆိုင်တိုက်ခိုက်လိုပါက သိုင်းသူတော်စင် ၊ တတိယအဆင့် အင်အားများစွာ အုပ်စုလိုက်ဆင်းသက်လာရမည်ဖြစ်ပြီး အနည်းငယ်လောက်နှင့် မဖြစ်နိုင်ပေ။
ရန်ကျောက်ကဲအတွေးအရဆိုသော် ဤကမ္ဘာတွင် ထူးကဲယန်စည်းတံဆိပ်၏ အကန့်အသတ်စွမ်းအားကို အသုံးပြုတိုက်ခိုက်မည်ဆိုလျှင်ပင် ရန်တိကို သတ်ဖြတ်နိုင်မည်မဟုတ်ဟု လုံလောက်သောအကြောင်းပြချက်များဖြင့် သိရှိထားသည်။
သို့ဖြစ်ရာ...
ကျန်းချောင်က ယခုတစ်ကြိမ်တိုက်ခိုက်မှုက ခမ်းနားစွာ သွေးကြွေးဆပ်နိုင်မည်ဟု ထင်မှတ်ခဲ့သော်လည်း အဆုံးသတ်မှာတော့ ကိုယ့်သေတွင်းကိုယ်တူးသည့်အလား ပျက်ဆီးခြင်းသာ ကြုံရနိုင်လေသည်။