စစ်ကူ
Vol. 189 Ch. 2693
“ထုံချန်း...”
အသံတစ်သံက ပြောလိုက်၏။ ပြောလိုက်သူမှာ ဝူထျန်းဗုဒ္ဓအရှင်ဖြစ်သည်။ သူက လက်အုပ်ချီ၍ ထုံချန်းဗုဒ္ဓအရှင်ကို စူးစိုက်ကြည့်သည်။
“ကိုယ်တော့်ရဲ့ ရင်ထဲမှာ စွဲလမ်းမှုတစ်ခု ရှိနေတာပဲ”
“ဝူထျန်းဗုဒ္ဓအရှင်ရဲ့ စကားက ဘာကို ဆိုလိုတာပါလဲ”
ထုံထျန်းဗုဒ္ဓအရှင်သည် မျက်မှောင်ကြုတ်၍ အေးစက်စက် ပြန်မေးလိုက်သည်။
“ဒကာလေးရီက ဘယ်သူ့ကိုမှ မစော်ကားခဲ့ပါဘူး။ သူ ကိုယ်တော်တို့နဲ့အတူ ဗုဒ္ဓလမ်းစဉ်ကျင်ကြံခဲ့တုန်းက သူဟာ အမြဲ အလေးအနက်ထားပြီး ကျင့်ကြံခဲ့တာပဲ။ အဲဒါကြောင့်လည်း သူဟာ ဗုဒ္ဓလမ်းစဉ်မှာ မြင့်မားတဲ့အောင်မြင်မှုတွေ ရခဲ့တာပေါ့။ သူက ဘယ်အကြောင်းနဲ့မှ ဗုဒ္ဓလမ်းစဉ်ကို မလေးမစား မလုပ်ခဲ့ပါဘူး။ ကိုယ်တော့်ရဲ့ ညီတော်တွေကအတွက်ကတော့ သူတို့ကိုယ်တိုင်ရဲ့ လောဘကြောင့် သေဆုံးခဲ့ရတာပဲ။ သူတို့က ရီဖူရှင်းပိုင်ဆိုင်ထားတဲ့ အရာတွေကို လိုချင်တပ်မက်ခဲ့ကြလို့ အသက်ဆုံးရှုံးခဲ့တာဆိုတော့ သူတို့ကိုယ်တိုင်ကလွဲပြီး ဘယ်သူ့ကိုမှ အပြစ်တင်လို့ မရဘူးလေ။ ဒီတော့ ဘာလို့ ကိုယ်တော်က အဲဒီကိစ္စကို လက်မလွှတ်နိုင်ရသေးတာလဲ”
ဝူထျန်းဗုဒ္ဓအရှင်ပြောလိုက်သောအခါ ဗုဒ္ဓအလင်းသည် တလက်လက်တောက်ပနေပြီး ထိုစကားသံသည် ကောင်းကင်နှင့်မြေကြီးအကြားတွင် ပဲ့တင်ထပ်နေလေသည်။ ထိုအခြင်းအရာသည် အားလုံးကို ထူးဆန်းသည့် စိတ်ဝိညာဉ်သန့်စင်မှု ခံစားချက်တစ်ခုကို ခံစားရစေပြီး ပြင်ပလွှမ်းမိုးမှုများမှ ကင်းလွတ်နေသည်ဟု ခံစားရစေလေသည်။ ထို့ကြောင့် အမှန်တရားသည် ထင်ရှားနေပုံပေါ်လေသည်။
“ကိုယ်တော်နဲ့ ရှန်းယန်တို့က ဒကာလေးရီကို တစ်ခါထက်မက ရန်စခဲ့ကြတယ်။ ကိုယ်တော်တို့ အဲဒီကိစ္စကို လျစ်လျူမရှုခဲ့ပါဘူး။ အခု ကိုယ်တော်က ကိုယ့်အပြစ်ကို ပြန်ခံခဲ့ရပြီဆိုတော့ ကိုယ်စိုက်ပျိုးခဲ့တာကို ရိပ်သိမ်းရတာပဲလို့ပဲ ပြောရမှာပေါ့။ အခုက အဲဒီစွဲလမ်းမှုတွေကို လွှတ်ချလိုက်ဖို့ အချိန်တန်ပြီ”
ဝူထျန်းဗုဒ္ဓအရှင်သည် ပြော၍ပြီးသွားသောအခါ ဗုဒ္ဓအမည်ကို ရွတ်ဆိုလိုက်သည်။ သူ၏မျက်နှာထားသည် တည်ငြိမ်နေသည်။
“ကိုယ်တော်တို့က ဗုဒ္ဓဂိုဏ်းက ညီနောင်တွေပါ... အခု ဝူထျန်းဗုဒ္ဓအရှင်က ရှန်းယန်ဗုဒ္ဓအရှင်ရဲ့ အဖြစ်ကို အလေးအနက်မထားဘဲ တခြားလူတွေအတွက် ပြောပေးနေတာပါလား”
ထုံချန်းဗုဒ္ဓအရှင်က အေးစက်စွာ ပြန်တုံ့ပြန်လိုက်သည်။ မျက်စိကန်းသွားကာ မျက်နှာတွင် သွေးများဖုံးလွှမ်းနေသော ရှန်းယန်ဗုဒ္ဓအရှင်သည် အနည်းငယ် မျက်နှာရှုံ့၍ ဝူထျန်းဗုဒ္ဓအရှင်ဘက်သို့ ကြည့်သည်။ သူ၏မျက်နှာထားသည် အမုန်းတရားများနှင့် ပြည့်နှက်နေသည်ဟုထင်ရပြီး သူသည် ဝူထျန်းဗုဒ္ဓအရှင် ပြောလိုက်သော စကားများကို မကျေနပ်ကြောင်း ထင်ရှား၏။
“အောမီထောဖော...”
ထိုအခိုက်တွင် အဝေးထွက်ပေါ်လာသော အသံတစ်သံကို ကြားလိုက်ရ၏။ ကျင့်ကြံသူများက ခေါင်းမော့ကာ ထိုအရပ်သို့ ကြည့်ကြသည်။ သူတို့သည် ကောင်းကင်ထက်တွင် မြင့်မြတ်ကာ ဂုဏ်သရေရှိသော ရှေးဟောင်းဗုဒ္ဓတစ်ပါး ထွက်ပေါ်လာသည်ကို တွေ့လိုက်ရ၏။ သူ့ပတ်ပတ်လည်တွင် အားကောင်းသော ဗုဒ္ဓအလင်းက ဝန်းရံထားပြီး ပတ်ဝန်းကျင်ကို အလင်းပေးနေလေသည်။ ဗုဒ္ဓကျင့်ကြံသူများစွာသည် ထိုဗုဒ္ဓထွက်ပေါ်လာသည်ကို တွေ့လိုက်သောအခါ အနည်းငယ် ဦးညွှတ်၍ အရိုအသေပေးလိုက်ကြသည်။
ထိုမဟာဗုဒ္ဓသည် ဗုဒ္ဓဂိုဏ်းအတွင်းမှ အစစ်အမှန် ဉာဏ်အလင်းပွင့်ထားသော ဗုဒ္ဓဘုန်းတော်ကြီးတစ်ပါးဖြစ်သည်။ သူသည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး အကြွင်းမဲ့ဗုဒ္ဓထက်ပင် ပိုရှည်ကြာစွာ ကျင့်ကြံခဲ့သူဖြစ်သည်။ သူ၏ကျင့်ကြံခြင်းသည် နက်ရှိုင်းကာ အနှိုင်းမဲ့၏။ လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် သူသည် နတ်ဘုရားတစ်ဝက်အဆင့် ရောက်နေပြီဟု ဆိုကြ၏။ ယနေ့ခေတ်တွင် သူ၏စွမ်းအားသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းနေမည်ကို လူတိုင်းတွေးကြည့်နိုင်ပေသည်။
ထိုဗုဒ္ဓအရှင်သည် ကံကြမ္မာဗုဒ္ဓဖြစ်သည်။ ဒဏ္ဍာရီများထဲတွင် သူသည် သက်ရှိအားလုံး၏ ကံကြမ္မာများကို သိရှိသူဖြစ်ပြီး ဉာဏ်အလင်းပွင့်ပြီးသူ ဖြစ်လေသည်။
“ထုံချန်းနဲ့ ရှန်းယန်... သင်တို့ရဲ့ ဗုဒ္ဓနှလုံးသားက အညစ်အကြေးတွေနဲ့ ဖုံလွှမ်းနေတော့ သင်တို့က ဗုဒ္ဓလမ်းစဉ်နဲ့ ပိုဝေးသွားမှာပေါ့။ တကယ်လို့ သင်တို့ရဲ့ စွဲလမ်းမှုက မပျောက်သွားဘူးဆိုရင် သင်တို့အနေနဲ့ ဗုဒ္ဓဖြစ်လာနိုင်ဖို့ ခက်ခဲလိမ့်မယ်။ စွဲလမ်းမှုကို စွန့်လွှတ်လိုက်ပါ”
သူသည် သူ့ကျင့်ကြံခြင်းမှ အစွမ်းအားလုံးဖြင့် ပြောလိုက်၏။ သူ၏အသံကို ကြားလိုက်သူတိုင်းသည် အမှန်တရားကို တစ်နည်းနည်းဖြင့် သိရှိသွားသည်ဟု ထင်ရသည်။ ထုံချန်းနှင့် ရှန်းယန် ဗုဒ္ဓအရှင်နှစ်ပါးသည် ရင်တုန်သွားကြသည်။ သူတို့သည် သူတို့၏စွဲလမ်းမှုကို ထိုကဲ့သို့ မစွန့်လွှတ်နိုင်သော်လည်း သူတို့သည် ကံကြမ္မာဗုဒ္ဓကို မဆန့်ကျင်သင့်ကြောင်း ကောင်းစွာသိပေသည်။
ကံကြမ္မာဗုဒ္ဓသည် ကံကြမ္မာများကို သိမြင်နိုင်စွမ်းရှိသည်။ သူသည် ထုံချန်းနှင့် ရှန်းယန်ကိုယ်တော်တို့ကို ဖျောင်းဖျနေသဖြင့် သူတို့သည် ရွေးချယ်မှုအမှားကို လုပ်ခဲ့မိခြင်းဖြစ်နိုင်သည်။
“မဟာဗုဒ္ဓရဲ့ လမ်းညွှန်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်”
ထုံချန်းဗုဒ္ဓအရှင်က လက်အုပ်ချီကာ ကံကြမ္မာဗုဒ္ဓကို ဦးညွှတ်လိုက်သည်။ အကြာခင်မှာပင် အဝေးရှိကောင်းကင်မှ ဗုဒ္ဓအလင်း လွင့်ပြယ်သွားပြီး ကံကြမ္မာဗုဒ္ဓ ပျောက်ကွယ်သွားသည်။
ထုံချန်းဗုဒ္ဓအရှင်သည် ဟင်းလင်းပြင်ထဲမှ လူကို တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲတွင် တိတ်တခိုး သက်ပြင်းချလိုက်သည်။ သူတို့ မလှုပ်ရှားနိုင်တော့လျှင်ပင် ရီဖူရှင်းသည် ဤအခြေအနေကို မည်သို့ ဖြေရှင်းရန် ကြံရွယ်ထားကြောင်း သူ မြင်လိုနေသည်။ ဤနေရာတွင် ကျင့်ကြံသူအားလုံးရှိနေပြီး အခြား မဟာအင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများလည်း ရှိနေလေသည်။ သူတို့သည် ရီဖူရှင်းကို တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေတစ်ခုကို ထိန်းချုပ်ခွင့်ပေးမည်လော။
ရှန်းယန်ဗုဒ္ဓအရှင်လည်း ထွက်မသွားခဲ့ပေ။ သူသည် ရီဖူရှင်းကြောင့် သူ၏နတ်မျက်လုံးများ ကန်းသွားခဲ့သဖြင့် ထွက်သွားရန် ဝန်လေးနေလေသည်။ ဤပဋိပက္ခသည် မည်သို့ အဆုံးသတ်သွားမည်ကို သူသိလိုနေသည်။
“ကျေးဇူးတင်ပါတယ် မဟာဗုဒ္ဓများခင်ဗျား”
ဟင်းလင်းပြင်ထဲတွင် ရီဖူရှင်းသည် ဗုဒ္ဓဂိုဏ်း၏ ကိုယ်စားလှယ်များကို ဦးညွှတ်လိုက်သည်။ သူသည် ယခင်က ဤကိစ္စသည် သူနှင့် ရှန်းယန်ဗုဒ္ဓအရှင်နှင့် ထုံချန်းဗုဒ္ဓအရှင်တို့ကြားမှာ ကိုယ်ရေးကိုယ်တာရန်ငြိုးဖြစ်သည်ဟု ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ ဗုဒ္ဓလမ်းစဉ်ကို ကျင့်ကြံသူတိုင်းသည် ထိုနှစ်ဦးကဲ့သို့ မဟုတ်ပေ။ ဗုဒ္ဓလမ်းစဉ်ကျင့်ကြံသူအများစုသည် ဉာဏ်အလင်းပွင့်ပြီးသော ဗုဒ္ဓဘုန်းတော်ကြီးများဖြစ်ကြသည်။ သူ လိပ်ပြာတောင်ကုန်းပေါ်တွင် ကျင့်ကြံခဲ့စဉ်က သူသည် မဟာဗုဒ္ဓများစွာထံမှ ကျင့်စဉ်အများအပြားကို သင်ယူခဲ့ရသည်။ ထို့ကြောင့် ရီဖူရှင်းသည် သူတို့ကို ကျေးဇူးတင်ပေသည်။
ဗုဒ္ဓဂိုဏ်းသည် ဤနေရာမှ အခြေအနေတွင် ဝင်ပါရန် အစီအစဉ်မရှိကြောင်း ထင်ရှား၏။ သူတို့သည် သူတို့၏ရပ်တည်ချက်ကို ဖော်ပြပြီးသွဦးသောအခါ ထိုနေရာသည် တစ်ခဏမျှ တိတ်ဆိတ်သွားသည်။
ထိုအချိန်တွင် လူသားဘုံ၊ မှော်နက်လောကနှင့် ဗလာနတ္တိဘုံတို့မှ ကျင့်ကြံသူများ ရောက်ရှိလာကြသည်။
“ဒီနေရာက တပ်ဖွဲ့ရှစ်ဖွဲ့ထဲက တစ်နေရာပဲ။ ရီဖူရှင်းက တပ်ဖွဲ့ရှစ်ဖွဲ့ထဲက မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအားနဲ့ ပေါင်းစည်းပြီးသွားပြီဆိုတော့ သူ ဒီနယ်မြေကို သိမ်းပိုက်ထားတာက မသင့်တော်တာတော့ မဟုတ်ပါဘူး”
အခြားအသံတစ်သံသည် ရီဖူရှင်းဘက်က ထောက်ခံသကဲ့သို့ ပြောလိုက်၏။
ရီဖူရှင်းသည် ထိုသို့ပြောလိုက်သူကို ငုံ့ကြည့်လိုက်ရာ လူသားဘုံမှ ထိပ်သီးကျင့်ကြံသူတစ်ဦးကို တွေ့လိုက်၏။ သို့သော် ထိုသူသည် စကားမဆုံးသေးပေ။ သူဆက်ပြောလိုက်၏။
“ရီဖူရှင်းက ဒီအမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားတယ်ဆိုပေမယ့် ဒီနယ်မြေထဲမှာ မဟော်ရာဂီ သတ်ဖြတ်တာကို ခံခဲ့ရတဲ့ မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေ အများကြီးရှိတယ်လေ။ အဲဒါတွေကိုတော့ စီဝေ့အင်ပါယာနန်းတော်က ကိုယ်ကျိုးအတွက် မသုံးသင့်ဘူး။ လောကထဲက ကျင့်ကြံသူအားလုံးကို ဒီနေရာမှာ လေ့လာ၊ ကျင့်ကြံခွင့်ပေးလိုက်ပါ။ သူတို့ မဟာအင်ပါယာတွေရဲ့ အမွေအနှစ်တွေကို သိမြင်နားလည်နိုင်တာ၊ မနိုင်တာကတော့ သူတို့ရဲ့ ကိုယ်ပိုင်ကံကြမ္မာကိုပဲ ဆုံးဖြတ်ခိုင်းလိုက်ပါ”
သူ၏စကားများသည် ရီဖူရှင်းကို မျက်မှောင်ကြုတ်သွားစေ၏။ သူ၏ ပထမစကားတစ်ဝက်သည် ရီဖူရှင်းဘက်က ပြောပေးနေသကဲ့သို့ ထင်ရ၏။ အားလုံးက ထိုသို့ပြောလိုက်သည့် လူသားဘုံမှ လူကို ကြည့်လိုက်ကြသည်။ သူ၏စကားကို လူအများစုက သဘောတူပေသည်။ သို့သော် ထိုသို့ဆိုလျှင် သူတို့သည် ရီဖူရှင်းကို ဆက်လိုက်သတ်၍ မရတော့ပေ။ ထို့ကြောင့် ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများ စိတ်ပျက်သွားကြသည်။ သူတို့သည် ရီဖူရှင်းနှင့် မဟာအင်ပါယာအဆင့် အင်အားစုများအကြားတွင် ပဋိပက္ခများ ဖြစ်လာစေရန် ပိုအလိုရှိပေသည်။ သို့ဆိုလျှင် တိုက်ပွဲကို ရှောင်၍ရတော့မည်မဟုတ်ပေ။
အစောက ပြောလိုက်သောသူသည် ထူးကဲသောဟန်ပန်ရှိပြီး သူ၏ခန္ဓာကိုယ်သည် စီးဆင်းနေသာနတ်အလင်းနှင့် တောက်ပနေလေသည်။ သူသည် ချောမောခံ့ညားပြီး သူထံမှနေ၍ ဖြောင့်မှန်သောအငွေ့အသက်ကို ရနေလေသည်။
ထိုသူ၏ အဆင့်အတန်းသည်လည်း ထူးကဲပေသည်။ သူသည် လူသားဘုံမှ လူသားဘိုးဘေး၏ အကြီးဆုံး၊ အရေးအပါဆုံးတပည့် တိဟောက်ဖြစ်သည်။
တိဟောက်သည် လူသားဘုံတွင် ကျော်ကြား၏။ သူသည် ငယ်ရွယ်စဉ်ကတည်းက သူ၏အံ့အားသင့်ဖွယ်ပါရမီကို ပြသခဲ့ပြီး သူ၏လမ်းသည် အမြဲချောမွေ့ခဲ့သည်။ သူသည် သူနှင့်ရွယ်တူများအကြားတွင် အထူးချွန်ဆုံးသူဖြစ်ပြီး သူ့ကို လူသားဘိုးဘေးက သူ၏အုပ်ထိန်းမှုအောက်တွင် ကျင့်ကြံရန် တပည့်တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။ လူသားဘိုးဘေး၏ ထူးချွန်သောတပည့်များထဲတွင် သူသည် အတောက်ပဆုံးပါရမီရှိသူတစ်ဦး ဖြစ်နေပေသေးသည်။
သူ၏မွေးဖွားမှုသည်ပင် မှတ်သားလောက်သောကိစ္စတစ်ခုဖြစ်သည်ဟု ဆိုကြသည်။ သူသည် လူသားဘုံရှိ ရှေးဟောင်းနတ်ဘုရားကလန်တွင် မွေးဖွားခဲ့ခြင်းဖြစ်သည်။ ထိုရှေးဟောင်းနတ်ဘုရားကလန်သည် ရှေးခေတ်က ထူးကဲသောမဟာအင်ပါယာတစ်ပါးက ထူထောင်ခဲ့သော ကလန်ဖြစ်သည်။ လူသားဘုံတွင် မဟာအင်ပါယာကလန်သည် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်များထက် ပို၍ အဆင့်အတန်းမြင့်ပေသည်။
ထိုကဲ့သို့သော သူတစ်ယောက်သည် လောကကြီး၏ မော့ကြည့်ချင်းကို ခံရရန် မွေးဖွားလာသူဖြစ်သည်။ သူသည် အခြားများ၏ မျက်လုံးများထဲတွင် အမြဲပင် အကျော်ဇေယျတစ်ဦးဖြစ်ခဲ့ပြီး လူများစွာ၏ အထင်ကြီး၊ လေးစားမှုကို ခံခဲ့ရသည်။ လူများစွာသည် သူကို သူတို့ အားကျရမည့် ဥပမာတစ်ခုအဖြစ် မြင်ပေသည်။
ယခုတွင် တိဟောက်၏ကျင့်ကြံခြင်းအဆင့်သည် အထွတ်အထိပ်သို့ ရောက်နေပြီး သူသည် နတ်ဘုရားတစ်ဝက် ဖြစ်နေပေပြီ။ နတ်ဘုရားတစ်ဝက်စာရင်းအတွင်းရှိ သူ၏အဆင့်သည် ထိပ်ပိုင်းနားတွင်ဖြစ်သည်။ သူသည် လောကတစ်ခွင်ရှိ မဟာအင်ပါယာများ၏အောက်တွင် စွမ်းအားအကြီးဆုံးလူများထဲမှ တစ်ယောက်ဖြစ်သည်။
တိဟောက်၏စကားများသည် အခြားသူ၏ လွှမ်းမိုးမှုတစ်ခု ရှိနေကြောင်း ထင်ရှား၏။
‘သူက ငါ့အတွက်တော့ ပူပေးတတ်သေးတာပဲ’
ရီဖူရှင်းသည် ရင်ထဲတွင် အေးစက်စက်လှောင်ပြုံးလိုက်ပြီး သူ့ဘာသာတွေးလိုက်သည်။ သူသည် ဤအမွေအနှစ်နယ်မြေကို ရရှိထားခဲ့ပြီးဖြစ်သည်။ ယခုတွင် တိဟောက်သည် ဘေးမှ လောဘသားများအတွက် ကိုယ်စားပြောပေးသူ ဖြစ်လိုနေသည်။ သူတို့သည် အမွေအနှစ်နယ်မြေကို သူထိန်းချုပ်ထားနိုင်မှုကို အသိအမှတ်ပြုသော်လည်း သူသည် ရီဖူရှင်းကို အမွေအနှစ်နယ်မြေအတွင်းရှိ မဟာအင်ပါယာများ၏အမွေအနှစ်များကို လက်လွှတ်၍ လောကထဲမှ ကျင့်ကြံသူများကို လေ့လာကျင့်ကြံခွင့် ပေးခိုင်းနေသည်။
သို့ဆိုလျှင် နယ်မြေကို ထိန်းချုပ်ထားခြင်းသည် ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
“ဒီနယ်မြေက ကျုပ်ရဲ့ ထိန်းချုပ်မှုအောက်မှာဆိုတော့ ဒီမှာ ဘယ်သူတွေ ကျင့်ကြံခွင့်ရှိလဲဆိုတာ ကျုပ်ကိုယ်တိုင် ဆုံးဖြတ်ရမယ့် ကိစ္စပဲ”
ရီဖူရှင်းသည် ဒေါသထွက်ချင်းမရှိဘဲ ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“မဟာအင်ပါယာအဆင့် အင်အားစုတွေက အမွေအနှစ်နယ်မြေတွေကို သိမ်းပိုက်ခဲ့တုန်းက ဒီလိုပဲ စီမံခဲ့တာမဟုတ်လား”
သူသည် အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားနိုင်ပေသည်။ အဘယ်ကြောင့် သူသည် လောကထဲမှ လူအားလုံးကို ဤနေရာတွင် ကျင့်ကြံခွင့်ပြုရမည်နည်း။
သူသည် ထိုမျှ စေတနာမကောင်းသလို သည်းခံစိတ်လည်း မကြီးပေ။
ပို၍ အရေးကြီးသည်မှာ ထိုသူအများစုသည် သူ၏ရန်သူများဖြစ်သည်။
တိဟောက်သည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီး တွေးတောလိုက်သည်။ သူသည် သူ့ကိုယ်သူ မဟာအင်ပါယာအဆင့် အင်အားစုများနှင့် အဆင့်တူသည်ဟု တွေးသလော။
သူသည် သူ့ကိုယ်သူနှင့် သူ၏လွှမ်းမိုးနိုင်မှုကို ပိုတွက်နေခြင်းဖြစ်ပေမည်။
ဤရှေးဟောင်းကုန်မြေပေါ်တွင် မဟာအင်ပါယာအဆင့် အင်အားစုများမှလွဲ၍ မည်သူသည် တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေတစ်ခုကို ထိန်းချုပ်ထားရန် အရည်အချင်းမီသနည်း။
“ဒီကိစ္စမှာ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး... ကျုပ်က မင်းကောင်းဖို့အတွက် ပြောနေတာပါ။ ကျုပ်တို့ရောက်မလာခင်ကတည်းက ဒီကျင့်ကြံသူအကုန်လုံးက အင်အားသုံးပြီး ဝင်ချင်နေကြတာမလား။ နှစ်ဘက်လုံး အဆုံးအရှုံးတွေ ဖြစ်ရအောင် တိုက်ခိုက်နေဖို့ မလိုပါဘူး။ အားလုံးကို ဒီနေရာမှ ကျင့်ကြံခိုင်းလိုက်မယ်ဆိုရင် ပိုမကောင်းဘူးလား။ မင်းက မဟော်ရာဂီရဲ့ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်နိုင်နေပြီပဲ.. ဘာလို့ ပိုပြီး တပ်မက်နေရတာလဲ”
တိဟောက်သည် ဖြောင့်မတ်သူတစ်ဦးကဲသို့ ဆက်ပြောလိုက်၏။ သူသည် ရီဖူရှင်းအတွက် အကောင်းဆုံးနည်းလမ်းကို တွေးပေးနေသည်ဟုပင် ထင်ရသည်။
“တပ်မက်တယ်ဟုတ်လား...”
ရီဖူရှင်းသည် သူ့ကို အံ့ဩတကြီးကြည့်သည်။
“ကျုပ်က ဒီနယ်မြေကို ရထားတာပဲ... ဒီတော့ ‘တပ်မက်တယ်’ ဆိုတဲ့ စကားလုံးက ဘယ်လိုလုပ် ခင်ဗျားရဲ့စကားထဲမှာ ပါလာရတာလဲ။ ခင်ဗျားရဲ့စကားအတိုင်းဆိုရင် မဟာအင်ပါယာအဆင့် အင်အားစုတွေအကုန်လုံးကလည်း လောကထဲက ကျင့်ကြံသူတွေကို သူတို့ရဲ့နယ်မြေထဲမှာ ကျင့်ကြံခွင့်မပြုသင့်ဘူးလား”
လူသားဘုံသည်လည်း အမွေအနှစ်နယ်မြေတစ်ခုကို ထိန်းချုပ်ထားသည်။ သူတို့သည် လောကအတွင်းမှ ကျင့်ကြံသူများကို သူတို့၏နယ်မြေထဲတွင် စိတ်ကြိုက် ကျင့်ကြံခွင့် ပြုခဲ့ပါလေသလော။
“ကောင်းပြီလေ...”
တိဟောက်သည် များစွာထပ်မပြောတော့ဘဲ ခေါင်းညိတ်လိုက်သည်။
“အဲဒီလိုဆိုမှာတော့ မင်း ဒီနယ်မြေကို ထိန်းသိမ်းထားနိုင်လိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်”
“အဲဒီကိစ္စကို ခင်ဗျား စိတ်ပူဖို့ မလိုပါဘူး”
ရီဖူရှင်းက ပြန်ပြောလိုက်၏။
“နန်းတော်သခင်ရီ ကျုပ်တို့ ဝင်သွားပြီး တစ်ချက်လောက်ကြည့်ရုံက ဘာပြဿနာမှ မရှိဘူးမလား”
မှော်နက်နန်းတော်မှ နောက်ထပ်ထိပ်သီးကျင့်ကြံသူတစ်ဦးက မေးလိုက်သည်။
“စိတ်မကောင်းပါဘူး... အခု ဒီနေရာကို စီဝေ့အင်ပါယာနန်းတော်က ကျင့်ကြံသူတွေက သိမ်းပိုက်ထားတယ်။ ယာယီတော့ အပြင်လူတွေကို ဝင်ခွင့်မပြုနိုင်သေးဘူး။ ကျုပ် ဒီကိစ္စကို အချိန်နည်းနည်းလောက် စဉ်းစားပြီးသွားရင် ဘယ်သူတွေကို အထဲဝင်ခွင့်ပေးရမလဲဆိုတာ ဆုံးဖြတ်မယ်”
ရီဖူရှင်းသည် မှော်နက်နန်းတော်၏ တောင်းဆိုမှုကို ငြင်းဆိုလိုက်သည်။
အကယ်၍ အင်အားစုတစ်စုကို ဝင်ခွင့်ပြုလိုက်လျှင် အခြားအင်အားစုများသည်လည်း တူညီသောဆက်ဆံမှုကို လိုချင်လာပေလိမ့်မည်။ သို့ဆိုလျှင် ထိန်းချုပ်ထားနိုင်ခြင်းက ဘာအဓိပ္ပာယ်ရှိတော့မည်နည်း။
မကြာခင်တွင် မဟာအင်ပါယာအဆင့် အင်အားစုများသည် အတွင်းသို့ အင်အားသုံး၍ ဝင်လာကာ ဤနယ်မြေကို သိမ်းပိုက်ပေလိမ့်မည်။
ရီဖူရှင်းသည် ကိုယ့်သေလမ်းကိုယ်ရှာနေသည်ဟု ရှေးဟောင်းနတ်ဘုရားကလန်များက တိတ်တဆိတ်မှတ်ချက်ပြုလိုက်သည်။ သူသည် မဟာအင်ပါယာအဆင့် အင်အားစုနှစ်စု၏ တောင်းဆိုချက်ကို ရှေ့ဆင့်နောက်ဆင့် ငြင်းဝံ့သလော။
ရီဖူရှင်းသည် ကိုယ့်သေတွင်း ကိုယ်တူးနေခြင်းသာဖြစ်သည်။
“ကျုပ်တို့ အတင်းဝင်ပြီး ကျင့်ကြံမယ်ဆိုရင်ရော...”
မှော်နက်နန်းတော်မှ အခြားကျင့်ကြံသူတစ်ဦးသည် ဆက်၍ဖိအားပေးလိုက်သည်။ ပတ်ဝန်းကျင်သည် ရုတ်တရက် အနည်းငယ် ဖိအားများလာသည်။ လေထုထဲတွင် ထူထဲသော တင်းမာမှု ရှိနေလေသည်။ အချိန်အရွေး တိုက်ပွဲတစ်ခု ဖြစ်ပေါ်လာတော့မလိုပင်။
“ကြိုးစားကြည့်လေ...”
အေးစက်စက်အသံတစ်သံက ပြောလိုက်၏။ အားလုံးသည် ထိုအသံ ထွက်ပေါ်လာရာဘက်သို့ ကြည့်လိုက်ကြသည်။ သူတို့သည် မှော်နက်နန်းတော်မှ အခြားကျင့်ကြံသူများကို ဦးဆောင်၍ ဤဘက်သို့ လာနေသော ဝတ်ရုံခြုံထားသည့် လူတစ်ယောက်ကို တွေ့လိုက်ရ၏။ ထိုသူမှာ သေမင်းဟု ကျော်ကြားသူ ရီချင်းယောင်ပင် ဖြစ်လေသည်။
ရီချင်းယောင်သည် မှော်နက်နန်းတော်မှ ထိုကျင့်ကြံသူရှေ့သို့ လျှောက်သွားပြီး ပြောလိုက်၏။
“မှော်နက်နန်းတော်က ကျင့်ကြံသူတွေ ဒီထဲကို မဝင်ရဘူး”
မှော်နက်နန်းတော်မှ ထိုကျင့်ကြံသူသည် မျက်မှောင်ကြုတ်သွားသည်။ သူသည် မှော်နက်နန်းတော်မှ ထိပ်သီးကျင့်ကြံသူတစ်ဦးဖြစ်သည်။ သို့သော် မှော်နက်နန်းတော်တွင် ရီချင်းယောင်၏ အဆင့်အတန်းကို မည်သူမှ မယှဉ်နိုင်ချေ။
“အထဲကို ဝင်ဖို့ ကြိုးစားတဲ့သူမှန်သမျှ နတ်ဆိုးလောကရဲ့ ရန်သူဖြစ်လာလိမ့်မယ်”
အဝေးမှနေ၍ ယူချင်းသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူတစ်စုနှင့်အတူ ရောက်ရှိလာသည်။ သူ့ကိုယ်ပေါ်တွင် ဒီမွန်းအရှိန်အဝါ လှည့်ပတ်နေပြီး လွန်စွာ ကြောက်မက်ဖွယ်ကောင်းနေလေသည်။
ထိုအခိုက်တွင် မဟာအင်ပါယာအဆင့် အင်အားစုနှစ်စုဖြစ်သော နတ်ဆိုးလောကနှင့် မှော်နက်နန်းတော်တို့သည် ရီဖူရှင်းနှင့်တစ်ဘက်တည်းတွင် ရပ်တည်ရန် ရွေးချယ်ခဲ့ကြသည်။
အခြေအနေများသည် ဤကဲ့သို့ ဖြစ်လာလိမ့်မည်ဟု မည်သူမှ မမျှော်လင့်ထားခဲ့ကြပေ။ သေမင်းနှင့် ယူချင်းတို့သည် မှော်နက်နန်းတော်နှင့် နတ်ဆိုးအင်ပါယာနန်းတော်တို့တွင် မြင့်မားသော အဆင့်အတန်းကို ပိုင်ဆိုင်ထားကြသည်။ ယခုတွင် သူတို့နှစ်ဦးစလုံးသည် ရီဖူရှင်းကို ကာကွယ်ရန် ရှေ့ထွက်လာကြသည်။ သူ့အနောက်တွင် ထို မဟာအင်ပါယာအဆင့် အင်အားစုနှစ်စုရှိနေပြီး ဗုဒ္ဓဂိုဏ်းသည်လည်း ဘေးထွက်နေမည်ဆိုလျှင် ဤအမွေအနှစ်နယ်မြေကို မည်သူက သိမ်းပိုက်ရန် ကြိုးစားနိုင်သေးသနည်း။
ရီဖူရှင်း ဦးဆောင်သော စီဝေ့အင်ပါယာနန်းတော်သည် အဋ္ဌမမြောက် အင်အားစုအနေဖြင့် တပ်ဖွဲ့ရှစ်ဖွဲ့၏ အမွေအနှစ်နယ်မြေတစ်ခုကို ထိန်းချုပ်နိုင်တော့မည့်ပုံပင်ဖြစ်လေသည်။