တစ်ပါးသူလက်ထဲသို့ အပ်ရခြင်း
Vol. 189 Ch. 2694
ထိုမဟာအင်ပါယာအဆင့် အင်အားစုများသည် ညီညွတ်မနေပေ။ ဥပမာအားဖြင့် အစောက ရောက်ရှိလာသော ဗုဒ္ဓအရှင်များသည် အမြင်မတူကြပေ။ ထုံချန်းဗုဒ္ဓအရှင်နှင့် ရှန်းယန်ဗုဒ္ဓအရှင်တို့သည် ရီဖူရှင်းကို ဖျက်ဆီးလိုနေကြသည်။ သို့သော် နောက်မှ ထပ်မံရောက်ရှိလာသော ဗုဒ္ဓအရှင်အနည်းငယ်၏ အတွေးသည် ကွဲပြားကြောင်း ထင်ရှား၏။ သူတို့သည် ရီဖူရှင်းကို တရင်းတနှီးဆက်ဆံခဲ့ကြပြီး ရှန်းယန်ဗုဒ္ဓအရှင်အတွက် လက်စားမချေခဲ့ကြပေ။
မှော်နက်နန်းတော်နှင့် နတ်ဆိုးအင်ပါယာနန်းတော်သည်လည်း ထို့အတူပင်။ မကြာသေးခင်က မှော်နက်နန်းတော်မှ ကျင့်ကြံသူအချို့သည် အမွေအနှစ်နယ်မြေအတွင်းသို့ ဝင်ရန် စိတ်ဝင်စားကြောင်း ပြသခဲ့သည်။ သို့သော် မှော်နက်နန်းတော်မှ သေမင်း ရီချင်းယောင်သည် ထိုကိစ္စကို ခွင့်မပြုခဲ့ပေ။ ထို့အတူ ယူချင်းသည်လည်း နတ်ဆိုးလောကမှ လူတစ်စုကို ကိုယ်စားပြုခဲ့သည်။ သူသည် ယခုအထိ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူအားလုံးကို အပြည့်အဝမအုပ်စိုးနိုင်သေးကြောင်း ထင်ရှား၏။
သို့ပင်လျှင် ထိုမျှသည် လုံလောက်နေပေပြီ။ ထိုကဲ့သို့သော် ညီညွတ်မှုအောက်တွင် မည်သူမှ စီဝေ့အင်ပါယာနန်းတော်၏ ကျင့်ကြံသူများကို ဆက်စိန်ခေါ်ကာ ဤအမွေအနှစ်နယ်မြေကို သူတို့ထံမှ လုယူရန် မဖြစ်နိုင်တော့ကြောင်း ထင်ရှား၏။
“ဒီအမွေအနှစ်နယ်မြေထဲက ထွက်သွား...”
ယူချင်း၏ကိုယ်ပေါ်တွင် ဒီမွန်းအရှိန်အဝါ မြည်ဟည်းထွက်ပေါ်လာပြီး အားလုံးကို ထွက်သွားရန် အေးစက်စက်ပြောလိုက်၏။ ထိုကျင့်ကြံသူများသည် ကျေနပ်ပုံမပေါ်ကြပေ။ သို့သော် ဤကိစ္စတွင် နတ်ဆိုးလောကနှင့် မှော်နက်လောကမှ ကျင့်ကြံသူများ ပါဝင်လာလျှင် အခြေအနေဆိုးသွားမည်ကို သူတို့သိသည်။ ဗလာနတ္တိဘုံသည် ထိုလောကနှစ်ခုနှင့် ကောင်းမွန်သောဆက်ဆံရေးကို ဤနေရာတွင် ပျက်လိုမည်မဟုတ်သလို ဗုဒ္ဓဂိုဏ်းသည်လည်း ဝင်မပါရန် ရွေးချယ်ခဲ့သည်။
ကောင်းကင်ဒေသမှ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ဤနေရာတွင် မရှိပေ။ ထို့ကြောင့် ဤတိုက်ပွဲကို ဆက်၍မဖြစ်ကြောင်း ထင်ရှား၏။
“ရီဖူရှင်း... မင်းက နတ်ဆိုးလောကနဲ့ မှော်နက်လောကနဲ့ ပူးပေါင်းထားတာပဲ။ မင်း သတိထားနေတာ ကောင်းလိမ့်မယ်”
လူသားဘုံမှ တိဟောက်က ပြောလိုက်၏။ သူသည် ထိုသို့ ပြောပြီးနောက် ထွက်ခွာသွားသည်။ မကြာခင်တွင် ကျူးကျော်လာသော အခြားကျင့်ကြံသူများသည်လည်း သူနှင့်အတူ လိုက်သွားကာ အတူတကွ ပြန်ဆုတ်သွားကြလေသည်။
ထုံချန်းဗုဒ္ဓအရှင်နှင့် ရှန်းယန်ဗုဒ္ဓအရှင်တို့သည် ထွက်သွားရန် အင်တင်တင်ဖြစ်နေသည်။ အထူးသဖြင့် ရှန်းယန်ဗုဒ္ဓအရှင်ပင်။ သူ၏မျက်လုံးနှစ်လုံးစလုံး ကန်းသွားခဲ့သော်လည်း ရီဖူရှင်းကို ပြန်လက်စားချေရန် သူလုပ်နိုင်သည့်အရာ မရှိချေ။ သူတို့သည် အမွေအနှစ်နယ်မြေကိုလည်း မလုယူနိုင်ခဲ့သလို ရီဖူရှင်းမှာလည်း အကောင်းအတိုင်း ရှိနေသေးပေသည်။ သူ၏ ယခု ခံစားချက်သည် မကောင်းပေ။
ဤတစ်ကြိမ်တွင် အဘက်ဘက်မှ ကျင့်ကြံသူများသည် အနည်းငယ် ဆုံးရှုံးခဲ့ရသည်။ သို့သော် သူတို့သည် ဘာမှ ပြန်မရခဲ့ပေ။ မှော်နတ်ကလေးငယ်သည်ပင် ဤနေရာတွင် အသတ်ခံခဲ့ရသည်။
ထိုရန်ငြိုးကို နောက်မှ ရှင်းရပေမည်။
ရီဖူရှင်းအနေဖြင့် ရှင်သန်လိုလျှင် ဤအမွေအနှစ်နယ်မြေထဲက ဘယ်တော့မှ မထွက်မှ ရပေလိမ့်မည်။ သူ ဤနယ်မြေအတွင်းမှ ထွက်လာသည်နှင့် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ပိုင်ဆိုင်တော့မည် မဟုတ်ပေ။ ထိုအခါ သူသည် မည်သို့ ရှင်သန်ရန် စီစဉ်ထားသည်ကို သူတို့ သိမြင်လိုနေကြသည်။
“ယူချင်း... ချင်းယောင်...”
ရီဖူရှင်းသည် အောက်သို့ ဆင်းလာပြီး မဟော်ရာဂီ၏ဝိညာဉ်စွမ်းအား ပျောက်ကွယ်သွားသည်။ သူသည် ယူချင်းနှင့် ချင်းယောင်တို့ကို ကြည့်သည်။ သူတို့ စစ်ကူရောက်လာသောအချိန်သည် ထိုထက်ပို၍ မပြီးပြည့်စုံနိုင်တော့ဟု သူတွေးလိုက်သည်။ အကယ်၍ ထိုမဟာအင်ပါယာအဆင့် အင်အားစုများသာ သူ့ကို အမှန်တကယ် ပစ်မှတ်ထားလိုလျှင် သူသည် ထိုသူများကို ခက်ခက်ခဲခဲ ခုခံရပေလိမ့်မည်။ မဟော်ရာဂီ၏ဝိညာဉ်စွမ်းအားသည် ပြိုင်ဘက်ကင်း မဟုတ်ပေ။
“တပ်ဖွဲ့ရှစ်ဖွဲ့လုံးရဲ့ အမွေအနှစ်နယ်မြေတွေ ပေါ်လာပြီ။ သူတို့က တခြား နယ်မြေတွေကို သွားပြီး ကျူးကျော်ရဲမှာ မဟုတ်လို့ အချိန်တစ်ခုအထိတော့ ဒီကိုပဲ လာနေဦးမှာပဲ”
ယူချင်း၏ပတ်ပတ်လည်တွင် အလွန်ကြောက်မက်ဖွယ်ကောင်းသည့် မမြင်နိုင်သော ဒီမွန်းစွမ်းအားတစ်ခု ရှိနေလေသည်။ သူ၏မျက်ဝန်းနက်များသည် အဝေးသို့ ကြည့်ကာ ဆက်ပြောလိုက်၏။
“နောက်တစ်ကြိမ်ဆိုတာ ရှိလာခဲ့ရင် ငါတို့ သူတို့အကုန်လုံးကို သတ်ပစ်မယ်။ လာရဲတဲ့ဘယ်သူမဆို သူတို့ရဲ့ စည်းမစောင့်မှုကြောင့် တန်ကြေးကြီးကြီး ပေးရလိမ့်မယ်”
“စီဝေ့အင်ပါယာနန်းတော်က မဟာအင်ပါယာအဆင့်အင်အားစု မဟုတ်ပေမယ့် တပ်ဖွဲ့ရှစ်ဖွဲ့ထဲက မဟော်ရာဂီအိမ်တော်ရဲ့ အမွေအနှစ်နယ်မြေကို တစ်ဖွဲ့တည်း ထိန်းချုပ်ထားနိုင်တယ်။ အဲဒီတော့ ဒီနယ်မြေက ပစ်မှတ်တစ်ခုဖြစ်လာတာ သဘာဝကျတယ်။ သူတို့ဘာကြောင့်လာခဲ့တယ်ဆိုတာ အံ့အားသင့်စရာ မရှိပါဘူး။ ဒီအငြင်းပွားစရာကိစ္စကို စခဲ့တာ ရှန်းယန်ပဲ။ အခု သူ့ရဲ့ နတ်မျက်လုံးတွေက ဖျက်ဆီးခံလိုက်ရပြီဆိုတော့ အဲဒါက ဝဋ်လည်တာလို့ ပြောရမှာပဲ”
ရီဖူရှင်းသည် ထိုကိစ္စတစ်ခုလုံးကို ပုံမှန်အတိုင်း သုံးသပ်နေသည်ဟု ထင်ရ၏။ ဖြစ်လာခဲ့သော ကိစ္စအားလုံးသည် သူ၏ခန့်မှန်းချက်အတွင်းမှာပင် ရှိခဲ့သည့်ပုံပင်။ သူတို့ အမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားသည်ဆိုသောအချက်ကို သိရှိသွားသူမှ ရှန်းယန်ဖြစ်ပြီး ထိုအချက်ကို သူ၏ကိုယ်ပိုင်ရည်ရွယ်ချက်အတွက် အသုံးချခဲ့ခြင်းပင်။ ဖြစ်ပေါ်လာခဲ့သော အရှုပ်အထွေးသည် ရှောင်လွှဲ၍မရပေ။
“မင်းတို့ရဲ့ ကျင့်ကြံခြင်းအခြေအနေ ဘယ်လိုလဲ”
ရီဖူရှင်းသည် ယူချင်းနှင့် ရီချင်းယောင်တို့ကို ကြည့်ကာ မေးလိုက်သည်။ နတ်ဆိုးအင်ပါယာနန်းတော်သည် ကာရူရာအမွေအနှစ်နယ်မြေနှင့် ဒီမွန်းအရှင်၏ အမွေအနှစ်ကို ထိန်းချုပ်ထားသည်။
တစ်ဘက်တွင်လည်း မှော်နက်နန်းတော်သည် အသူရာမျိုးနွယ်၏ အမွေအနှစ်နယ်မြေကို ရှာတွေ့ခဲ့သည်။ သူတို့ မျိုးနွယ်နှစ်ခုကို နောက်ကြောင်းပြန်လိုက်,လိုက်လျှင် ဘိုးဘေးများတူညီခဲ့သည်ကိုပင် တွေ့ရနိုင်လောက်ပေသည်။ ထိုမျိုးနွယ်နှစ်ခုသည် တစ်ခုအတွက်တစ်ခု အသင့်တော်ဆုံးဖြစ်သည်။
“ညီမ အခုထိ အပြည့်အဝနားမလည်သေးပါဘူး”
ရီချင်းယောင် တီးတိုးပြောလိုက်၏။ သူမသည် ဝတ်ရုံကို ခြုံထားဆဲပင်။ သူမသည် သတင်းကြားကြားချင် အပြေးအလွှား ရောက်လာခဲ့ခြင်းဖြစ်သည်။ သူမတို့သည် ရီဖူရှင်းတို့အုပ်စုသည် အခြားအဓိအင်အားစုအသီးသီး၏ ကျူးကျော်မှုကို ခံနေရသည်ကို သိခဲ့ကြောင်း သိသာပေသည်။
“ချင်းယောင်... မင်း ပြန်သွားရင် ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ရမယ်။ အပြင်လောက,က ကိစ္စတွေအားလုံးကို မေ့ထားလိုက်တော့”
ရီဖူရှင်းသည် ရီချင်းယောင်ကိုကြည့်၍ ပြောလိုက်၏။ ရီချင်းယောင်သည် ထူးကဲပြီး မှော်နက်နန်းတော်သခင်က သူမကို များစွာတန်ဖိုးထားကြောင်း သူသိပေသည်။ သို့သော် အကယ်၍ အခြားတစ်ယောက်ကသာ အသူရာဘုရင်၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံသွားနိုင်ခဲ့လျှင် မှော်နက်နန်းတော်ထဲတွင် ရီချင်းယောင်၏ အဆင့်အတန်းသည် သိသိသာသာ ကျဆင်းသွားပေလိမ့်မည်။
“ညီမ သိပါပြီ”
ရီချင်းယောင်သည် လိမ္မာသော ကောင်မလေးတစ်ယောက်ကဲ့သို့ ခေါင်းညိတ်လိုက်သည်။ သူမ၏အသံသည် အခြားသူများကို ပြောခဲ့စဉ်က ရှိခဲ့သော အေးစက်မှုအငွေ့အသက်တစ်ခုမှပင် မရှိဘဲ ကြည်လင်နေလေသည်။
“ငါ ပြဿနာနည်းနည်းနဲ့ ကြုံခဲ့ရတယ်... မင်းများ တစ်ချက်လောက် လာကြည့်ပေးနိုင်မလားလို့ ငါမင်းဆီလာခဲ့တာပဲ”
ယူချင်းက ရီဖူရှင်းကို ပြောလိုက်၏။ သူသည် ရီဖူရှင်းကို မည်သည့်အရာအား လာကြည့်ခိုင်းနေခြင်းနည်း။
သူသည် ယူချင်းဘေးရှိ ကျင့်ကြံသူများကိုကြည့်လိုက်ရာ သူတို့အားလုံးသည် နတ်ဆိုးအင်ပါယာနန်းတော်မှ စွမ်းအားကြီးကျင့်ကြံသူများဖြစ်ကြောင်း တွေ့လိုက်ရ၏။ နတ်ဆိုးသူတော်စင် ယန်ကွေ့ရီသည်လည်း သူနှင့်အတူ ပါလာသည်။ ထိုအုပ်စုသည် ယူချင်း၏အကြံကို သဘောတူသူများဖြစ်ပုံရလေသည်။ ထို့ကြောင့် သူတို့သည် ယူချင်းနှင့်အတူ လိုက်လာခြင်းပင်။
“နတ်ဆိုးအင်ပါယာနန်းတော်က တခြားကျင့်ကြံသူတွေကရော အဲဒါကို လက်ခံပါ့မလား”
ရီဖူရှင်း မေးလိုက်သည်။
“အဲဒါက ပြဿနာမဟုတ်ပါဘူး”
ယန်ကွေ့ရီ ပြန်ပြောလိုက်၏။
“အဲဒါဆိုလည်း ကောင်းပြီလေ”
ရီဖူရှင်းသည် ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထိုကိစ္စသည် သူ့အတွက် ကောင်းပေသည်။ ထို့ကြောင့် သူ့တွင် ငြင်းဆန်ရန် အကြောင်းမရှိချေ။
“ကျုပ်တို့ အခုပဲ သွားရင် ဘယ်လိုလဲ”
ယန်ကွေ့ရီက ကမ်းလှမ်းလိုက်သည်။
“ပြီးခဲ့တဲ့ တိုက်ပွဲကြောင့် အပြင်ကလူတွေ ဒီနေရာမှ ပြဿနာလာရှာရဲမယ် မထင်ဘူး”
“ကောင်းပြီ”
ရီဖူရှင်း ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူသည် အားလုံးနှင့် ဆွေးနွေးလိုက်သည်။ သူသည် သိမ်းငှက်လေးကို အပြင်ဘက်တွင် နေရာချထားလိုက်သည်။ ထိုမှ လှုပ်ရှားမှုတစ်စုံတစ်ရာ ရှိလာလျှင် သူသည် ချက်ချင်း အလျင်အမြန် ပြန်လာနိုင်မည်ဖြစ်သည်။
“ပြီးပြီဆိုရင် သွားကြတာပေါ့”
ယန်ကွေ့ရီ ပြောလိုက်၏။ ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် ကျင့်ကြံသူအားလုံးသည် လမ်းခွဲလိုက်ကြလေသည်။ ရီချင်းယောင်သည် မှော်နက်နန်းတော်မှ လူများနှင့်အတူ ထွက်သွားသည်။ ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများနောက်သို့ လိုက်သွားပြီး ကျန်လူများသည် ဆက်၍ ကျင့်ကြံရန် ပြန်သွားကြလေသည်။
******
ကာရူရာအမွေအနှစ်နယ်မြေအတွင်းရှိ မြို့တော်ထဲတွင် ရီဖူရှင်းသည် သူ ယခင်က ထွက်ခွာခဲ့သော နေရာသို့ ရောက်သွားသည်။ ထိုနေရာသည် ကာရူရာအိမ်တော်၏ ဘုံကျောင်းတည်ရှိသော နေရာပင်။
ထိုဘုံကျောင်းမှနေ၍ လွန်စွာကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်နေပြီး အကန့်အသတ်မဲ့ နယ်မြေကို လွှမ်းခြုံထားသည်။ ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများနောက်သို့ လိုက်ရင်း ဒီမွန်းအရှင်နှင့် ကာရူရာဘုရင်တို့၏ နတ်ခန္ဓာများရှိသည့် နေရာသို့ ရောက်လာသည်။ သူတို့ကို ကြောက်မက်ဖွယ်အငွေ့အသက်တစ်ခုက လွှမ်းခြုံသွားသည်။ ဖိအားတစ်ခုသည် သူတို့ထံသို့ လာနေပြီး ရီဖူရှင်းကို အနည်းငယ် အသက်ရှူမဝအောင် လုပ်နေသည်။
ရီဖူရှင်းသည် ခေါင်းမော့လိုက်ပြီး ထိုအလောင်းနှစ်ခုကို ကြည့်သည်။ သူ ရင်ခုန်သွားသည်။ ၎င်းတို့ပတ်ပတ်လည်ရှိ လျှို့ဝှက်ဆန်းကြယ်သောအရှိန်အဝါသည် ပျက်စီးသွားပေပြီ။ ထို့အပြင် ဤနေရာတွင် အလောင်းများစွာ ရှိနေပေသေးသည်။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ဤနေရာတွင် ကျင့်ကြံနေခဲ့ပြီး အကျိုးကျေးဇူးအများအပြား ရခဲ့လေသည်။
“မင်းက ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ”
ရီဖူရှင်း မေးလိုက်သည်။ ယူချင်းနှင့် ယန်ကွေ့ရီတို့သည် သူ၏ဘေးတစ်ဖက်တစ်ချက်စီတွင် ရှိနေကြသည်။
သူတို့ပတ်ပတ်လည်တွင် လူများစွာသည် ရီဖူရှင်းထံသို့ လျှောက်လာကြသည်။ သူတို့အားလုံးသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများဖြစ်သည်။ သူတို့အများစုသည် အေးစက်စက် မျက်နှာထားရှိနေပြီး ဖော်ရွေပုံမပေါက်ပေ။ လေ့လာသိမြင်နိုင်ရန် ရည်ရွယ်ချက်တစ်ခုတည်းဖြင့် အပြင်လူတစ်ယောက်ကို ဤနေရာသို့ ဖိတ်ခေါ်ခဲ့ရသည်ဟူသောအချက်ကို သူတို့ မျက်မှောင်ကြုတ်လိုကြကြောင်း ထင်ရှား၏။ ထိုအရာသည် သူတို့မြင်တို့လိုသောအရာ မဟုတ်ပေ။
သို့သော် ယူချင်း၊ ယန်ကွေ့ရီနှင့် အခြား ဒီမွန်းကျင့်ကြံသူများသည် ထိုသို့လုပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ထို့ကြောင့် သူတို့သည် ရီဖူရှင်းကို ကြိုးစားကြည့်ရန် ခွင့်ပြုခဲ့ခြင်းပင်။
“အဲဒီမှာ...”
ယန်ကွေ့ရီသည် သူ့အရှေ့သို့ ညွှန်ပြလိုက်သည်။ ဒီမွန်းအရှင်၏အပေါ်တွင် နတ်ဘုရားအုပ်စိုးလက်နက်သည် တည့်တည့်မတ်မတ် စိုက်ဝင်နေလေသည်။ ၎င်းသည် ဒီမွန်းအရှင်ကို ဤနေရာတွင် အကျဉ်းချထားနိုင်ရန် ဒီမွန်းအရှင်၏ ခန္ဓာကိုယ်အတွင်းသို့ နက်နက်ရှိုင်းရှိုင်း စိုက်ဝင်နေသည်။ ၎င်းသည် ထိုနေရာတစ်ဝိုက်တွင် အရာအားလုံးကို ချိပ်ပိတ်ထားသည့် လွန်စွာအားကောင်းသော စွမ်းအားတစ်ခုကို ဖြစ်ပေါ်စေနေလေသည်။
ရီဖူရှင်းသည် ထိုအရာအားလုံးကို သတိပြုမိကြောင်း ပြောနေရန်ပင် မလိုပေ။ သူသည် ဤနေရာသို့ ရောက်လာချင်းချင်းပင် သူ့ကိုယ်ထဲတွင် တစ်စုံတစ်ခု ရွေ့လျားသွားပြီး သူ၏စိတ်ဝိညာဉ်သည် ဖျတ်လတ်လာလေသည်။ ထိုနတ်ဘုရားအုပ်စိုးလက်နက်က သူ၏စိတ်ဝိညာဉ်ကို ဖျတ်လတ်လာစေခြင်းဖြစ်ကြောင်း သူသံသယမရှိပေ။
“ဒီနတ်ဘုရားအုပ်စိုးလက်နက်က ဒီမွန်းအရှင်ရဲ့ ပတ်ပတ်လည်နေရာကို ချိပ်ပိတ်ထားတယ်။ မင်း အဲဒါကို ဖယ်ပစ်နိုင်မလား”
ယန်ကွေ့ရီ မေးလိုက်သည်။
“ငါတို့အကုန်လုံး ကြိုးစားကြည့်ပြီးပြီ... အချည်းနှီးပဲ။ ယူချင်းက မင်းကို ဒီကိုလာခိုင်းပြီး စမ်းကြည့်ခိုင်းသင့်တယ်လို့ အကြံပေးလို့...”
ယန်ကွေ့ရီက အဘယ်ကြောင့် သူ့ကိုရှာရန် ကြိုးစားနေခဲ့ခြင်းဖြစ်ကြောင်း ရီဖူရှင်း သဘောပေါက်သွားသည်။ သူ့ကို နတ်ဘုရားအုပ်စိုးလက်နက်ကို ဖယ်ခိုင်း၍ ဒီမွန်းအရှင်၏ ဝိညာဉ်စွမ်းအားကို လွှတ်ပေးခိုင်းရန် ဖြစ်လေသည်။
ယူချင်းသည် သူ့ကို အကြံပြုခဲ့သော်လည်း နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် သူလုပ်နိုင်လိမ့်မည်ဟု မထင်ကြပေ။
သို့သော် သူတို့ဘာသာ ကြိုးစားကြည့်ခဲ့သော်လည်း ကျရှုံးခဲ့သည်။ ထို့ကြောင့် သူတို့တွင် ရီဖူရှင်းကို တစ်ချက်စမ်းကြည့်ခိုင်းရုံမှ လွဲ၍ အခြားလုပ်စရာ မရှိတော့ပေ။ ရီဖူရှင်းသည် သိမြင်နားလည်မှုအပိုင်းတွင် အလွန်ကျော်ကြားသူ မဟုတ်ပါလား။ ထို့အပြင် သူသည် မဟာအင်ပါယာများစွာထံမှလည်း အမွေဆက်ခံထားသူဖြစ်သည်။
“ကျုပ် ကြိုးစားကြည့်လို့တော့ ရပါတယ်...”
ရီဖူရှင်း စကားစလိုက်သည်။
“ဒါပေမဲ့ အဲဒီလိုလုပ်နေတုန်း ကျုပ်က မဟာအင်ပါယာအဆင့်လက်နက်ရဲ့ ဝိညာဉ်စွမ်းအားနဲ့ ဆက်သွယ်နိုင်သွားပြီး အဲဒါကို ထိန်းချုပ်နိုင်သွားတယ်ဆိုရင် ကျုပ် ဘယ်လို လုပ်ရမှာလဲ”
ယူချင်းသည် မည်သို့မှ မပြောပေ။ သူ၏သဘောထားသည် ထင်ရှား၏။ သို့သော် ထိုကိစ္စသည် နတ်ဆိုးအင်ပါယာနန်းတော်မှ လူများ၏ သဘောထားအပေါ်တွင် အဓိကမူတည်နေလေသည်။
ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် သာမန်လက်နက်တစ်ခုမဟုတ်ပေ။ ၎င်းသည် ဒီမွန်းအရှင်၏ စွမ်းအားကို ဖိနှိပ်ထားနိုင်သည့် စွမ်းရည် ပိုင်ဆိုင်၏။ ထို့ကြောင့် ၎င်း၏စွမ်းအားပမာဏကို တွေးကြည့်၍ပင် မရနိုင်ချေ။ အကယ်၍ သူသာ ထိုလက်နက်ကို အမှန်တကယ် ဖယ်ရှားပေးနိုင်ခဲ့ပါက နတ်ဆိုးအင်ပါယာနန်းတော်သည် ထိုကဲ့သို့သော ရတနာမျိုးကို လက်လွှတ်ခံလိုမည်လော။
“ငါတို့ မင်းကို ကာရူရာဘုရင်ရဲ့ အလောင်းကောင်ကို လက်ဆောင်အနေနဲ့ ပေးရင်ရော”
ယန်ကွေ့ရီသည် သူ့ဘေးရှိ ကာရူရာဘုရင်၏ အလောင်းကောင်ကို လက်ညှိုးထိုးပြလိုက်သည်။ ထိုအလောင်းကောင်သည်လည်း ရတနာတစ်ခုဖြစ်သော်ငြား ဒီမွန်းကျင့်ကြံသူများအတွက် များစွာ အသုံးမဝင်ပေ။ သို့သော် ထိုနတ်ဘုရားအုပ်စိုးလက်နက်မှာမူ အဖိုးမဖြတ်နိုင်သော ရတနာတစ်ခုဖြစ်သည်။ ထို့ကြောင့် သူတို့သည် ထိုလက်နက်ကို ရယူနိုင်ရန် မျှော်လင့်နေကြသေးပေသည်။
ရီဖူရှင်း ခေါင်းခါလိုက်သည်။
“တကယ်လို့ ကျုပ်သာ နတ်ဘုရားအုပ်စိုးလက်နက်နဲ့ ဆက်သွယ်လို့ ရသွားရင် ကျုပ် အဲဒီလက်နက်နဲ့ ခွဲချင်စိတ် မရှိမှာ စိုးမိတယ်။ ပြီးတော့ နတ်ဆိုးအင်ပါယာနန်းတော်က တခြားကျင့်ကြံသူတွေက နတ်ဘုရားအုပ်စိုးလက်နက်ကို ထိန်းချုပ်ဖို့ ကြံထားရင် သူတို့က ကျုပ်အပေါ် မကောင်းကြံလာနိုင်တယ်။ ကျုပ်စွန့်စားရမယ့် အန္တရာယ်က တော်တော်ကြီးနေတာပဲ”
ယန်ကွေ့ရီသည် သူ့အရှေ့ရှိ ဒီမွန်းအရှင်၏ အလောင်းကိုကြည့်ကာ ပြောလိုက်၏။
“မင်းသာ အဲဒါကို ထိန်းချုပ်နိုင်ရင် မင်းယူသွားလို့ရတယ်”
သူတို့၏ပန်းတိုင်သည် ဒီမွန်းအရှင်ဖြစ်နေဆဲပင်ဖြစ်သည်။
“ကျုပ် နတ်ဆိုးသူတော်စင်ရဲ့ စကားကို ယုံကြည်ပေးနိုင်တယ်။ ဒါပေမဲ့ တခြားသူတွေကရော...”
ရီဖူရှင်းမေးလိုက်သည်။ နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံသူပေါင်းများစွာ ရှိလေသည်။ သူတို့အားလုံးသည် သူ့ကိုခြိမ်းခြောက်နိုင်သော စွမ်းအားများ ရှိသည်။
“ယူချင်းနဲ့ ငါ့ရဲ့အာမခံချက်က မင်းအတွက် မလုံလောက်ဘူးလား”
ယန်ကွေ့ရီက ရီဖူရှင်းကို ကြည့်၍ ပြန်ပြောလိုက်၏။ ရီဖူရှင်းသည် သူ့ဘေးရှိ ယူချင်းကို ကြည့်လိုက်ရာ ယူချင်းသည် သူ့ကိုခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရ၏။ ယူချင်းသည် ထိုအပေးအယူကို သဘောတူကြောင်း ထင်ရှားသည်။ ယန်ကွေ့ရီသာ သဘောတူနေသ၍ မည်သည့် မထင်မှတ်ထားသည့်ကိစ္စမှ ဖြစ်လာမည်မဟုတ်ပေ။
“ကောင်းပြီလေ... အဲဒီလိုဆိုမှတော့ ကျုပ် သဘောတူတယ်။ ဒါပေမဲ့ ကျုပ် လုပ်နိုင်လိမ့်မယ်လို့တော့ အာမမခံနိုင်ဘူး”
ရီဖူရှင်း ပြောလိုက်၏။
“ကျုပ် တခြားလူတွေကို ထွက်သွားစေချင်တယ်။ ကျုပ်ရဲ့ အလုပ်ကို အနှောင့်အယှက်မဖြစ်ရအောင် ယူချင်းပဲ ကျန်နေခဲ့ပါ”
ယန်ကွေ့ရီသည် ရီဖူရှင်းကို ကြည့်လိုက်ပြီး ထိုလူသည် တစ်ကိုယ်ကောင်းဆန်သော ရည်ရွယ်ချက်အချို့ရှိနေသည်ဟု တွေးလိုက်သည်။
“ကောင်းပြီ...”
သူ ခေါင်းညိတ်လိုက်ပြီး နောက်လှည့်ကာ သူ့ပတ်ပတ်လည်မှ လူများကို လက်ဝှေ့ယမ်းပြလိုက်သည်။ ရုတ်တရက် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် လှုပ်ရှားလိုက်ကြပြီး ထိုကိစ္စကို ရီဖူရှင်းနှင့် ယူချင်းတို့ လက်ထဲသို့ အပ်ခဲ့လေတော့သည်။
“မင်းဘယ်လိုထင်လဲ”
ယူချင်းသည် ရီဖူရှင်းကိုကြည့်ကာ မေးလိုက်သည်။ ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် သူတို့အားလုံးကို လက်မခံခဲ့ပေ။ နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ကြိုးစားကြည့်ခဲ့သော်လည်း အားလုံး ကျရှုံးခဲ့သည်။
“ငါလည်း ကြိုးစားကြည့်မှ သိမှာပဲ”
ရီဖူရှင်းသည် ယူချင်းကို ပြုံး၍ကြည့်ကာ ပြောလိုက်၏။
“ဒါပေမဲ့ အောင်မြင်မယ်လို့တော့ ငါမျှော်လင့်တယ်”
သူ၏စိတ်ဝိညာဉ်ကို ဖျတ်လတ်လာအောင် လုပ်နိုင်ခဲ့သည့် အရာတစ်ခုသည် သူနှင့်ဆက်နွယ်မှု အနည်းငယ် ရှိနေပေလိမ့်မည်။ ထို့ကြောင့် သူအောင်မြင်နိုင်ချေ များပေသည်။