← Chapters

မဟာအင်ပါယာအဆင့်လက်နက်ကို လက်ဆောင်ပေးခြင်း

Vol. 189 Ch. 2696

မဟာအင်ပါယာအဆင့်လက်နက်ကို လက်ဆောင်ပေးခြင်း

Vol. 189 Ch. 2696

ရီဖူရှင်း၏ ကျင့်ကြံမှုသည် ငါးနှစ်တိုင်တိုင် ကြာခဲ့လေသည်။

ငါးနှစ်ဟူသောအချိန်သည် ကိစ္စများစွာ ဖြစ်ပျက်ရန် လုံလောက်ပေသည်။ သို့သော် ထိပ်သီးကျင့်ကြံသူများအတွက်မူ ထိုအချိန်သည် လုံလောက်အောင် မရှည်ကြာသကဲ့သို့ပင်။ ကျင့်ကြံသူတစ်ဦး၏ ကျင့်ကြံခြင်းသည် အဆင့်တစ်ခုအထိ ရောက်သွားပြီဆိုလျှင် သီးခြားကျင့်ကြံခြင်းသည် ဆယ်စုနှစ်များအထိ ကြာနိုင်ပေသည်။ အခွင့်အရေးတစ်ခု သို့မဟုတ် ဉာဏ်အလင်းပွင့်မှုတစ်ခု ကျင့်ကြံသူ၏ ကျင့်ကြံခြင်းအတွင်းသို့ အပြည့်အဝပေါင်းစည်းသွားနိုင်စေရန် နှစ်နှင့်ချီ၍ ကြာနိုင်ပေသည်။

ဥပမာအားဖြင့် လက်ရှိတွင် ဤရှေးဟောင်းကုန်းမြေပေါ်၌ ကျင့်ကြံသူများစွာသည် မဟာအင်ပါယာများ ချန်ထားခဲ့သော ရှေးဟောင်းအမွေအနှစ်များကို ဆက်၍လေ့လာနေကြသည်။

နတ်ဘုရား၏အမွေအနှစ်များသည် ကျင့်ကြံသူများ၏ လောကကို နှစ်ပေါင်းများစွာ အလုပ်များနေအောင် လုပ်ထားရန် လုံလောက်ပေသည်။

မည်သို့ပင်ဖြစ်စေ လူများစွာသည် ဤရှေးဟောင်းကုန်းမြေပေါ်တွင် ပြီးခဲ့သောငါးနှစ်အတွင်း သူတို့၏အဆင့်မှ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့ကြသည်။ လူများစွာသည် ရန်ဟောင်အဆင့်၏ အတားအဆီးများကို ကျော်ဖြတ်နိုင်ကာ မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကိုပင် ကျော်လွှားနိုင်ခဲ့ကြသည်။

ထိုကဲ့သို့ အံ့အားသင့်ဖွယ် ဖြစ်ရပ်များဖြစ်ရခြင်း အကြောင်းမှာ အမွေအနှစ်များ၏ အရည်အသွေးကြောင့်အပြင် ဤလောက၏ သဘာဝကြောင့်လည်းဖြစ်သည်။ ဤလောကသည် သူတို့လာခဲ့သော လောကများနှင့် လွန်စွာကွဲပြားပေသည်။

လက္ခဏာအားလုံးသည် ကျင့်ကြံခြင်းလောက,က စည်ပင်ဝပြောမည့် လမ်းကြောင်းပေါ်သို့ ရောက်တော့မည်ဟု ညွှန်ပြနေသည်။ ထိုအရာသည် ဤတစ်ခေါက်တွင် မဟာအင်ပါယာအချို့ ထွက်ပေါ်လာမည့် အဓိပ္ပာယ်လောဟူသည်ကိုမူ မည်သူမှမသိပေ။

ရီဖူရှင်းသည် ထိုနေ့တွင် သူ၏သီးခြားကျင့်ကြံခြင်းမှ နိုးထလာသည်။ သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မဟာလမ်းစဉ် စည်းမျဉ်းအရိပ်အယောင်များ လှည့်ပတ်နေ၏။ သူမျက်လုံးဖွင့်လိုက်သည်။ သူသည် သူ၏အရှိန်အဝါသည် သိသာသောပြောင်းလဲမှုအချို့နှင့် ကြုံတွေခဲ့ရကြောင်း ခံစားနိုင်ပေသည်။

“ဒီတစ်ခေါက် နင်က အချိန်အကြာကြီး ကျင့်ကြံခဲ့တာပဲ”

ဟွာဂျီယာသည် ရီဖူရှင်းနိုးထလာသောအခါ သူ့ကို တီးတိုးပြောလိုက်၏။

“အင်း...”

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။

“အချိန် တော်တော်ကြာခဲ့ပြီပဲ။ အားလုံးရဲ့ ကျင့်ကြံမှုအခြေအနေကရော ဘယ်လိုရှိလဲ”

“သူတို့လည်း တော်တော်လေး တိုးတက်လာကြတယ်။ တာအိုဘုန်းတော်ကြီးမူနဲ့ ဦးလေးထျယ်တို့က ဒုတိယကပ်ဘေးအဆင့်တောင် ရောက်သွားကြပြီ။ ပြီးတော့ ပထမကောင်းကင်ကပ်‌ဘေးကို ကျော်လွှားနိုင်ခဲ့တဲ့သူတွေလည်း အများကြီးရှိတယ်။ အစ်ကို့ဘာသာ သွားကြည့်နိုင်ပါတယ်”

ဟွာဂျီယူက ပြုံး၍ ပြောလိုက်၏။

“ဦးလေးထျယ်က အဆင့်ထပ်တက်သွားပြီပေါ့”

ရီဖူရှင်း အနည်းငယ် အံ့အားသင့်သွားသည်။ တာအိုဘုန်းတော်ကြီးမူသည် သူနှင့်မသိခင်ကတည်းက ပထမကပ်ဘေးအဆင့် ကျင့်ကြံသူဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာ ရှိနေခဲ့ပြီးဖြစ်သည်။ မျက်မမြင်ထျယ်မှာမူ ကွဲပြားပေသည်။ သူ ရန်ဟောင်အထွတ်အထိပ်အဆင့်သို့ ရောက်ကတည်းက သူ၏ကျင့်ကြံခြင်းတိုးတက်နှုန်းသည် အနည်းငယ် အံ့အားသင့်ဖွယ် ကောင်းခဲ့သည်။

“အင်း... ဦးလေးထျယ်ရဲ့ ကျင့်ကြံခြင်းက သန့်စင်လို့နေမှာပါ။ ဒီအမွေအနှစ်နယ်မြေထဲမှာ သူက မဟာအင်ပါယာတစ်ပါးရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့တယ်။ ဒီတော့ သူက ပိုပြီး အဆင့်တက် မြန်သွဦးတာပေါ့”

ဟွာဂျီယူ သုံးသပ်လိုက်သည်။

ရီဖူရှင်း ခေါင်းညိတ်လိုက်၏။ ထို့နောက် သူထရပ်ကာ ပြောလိုက်၏။

“သူတို့ကို သွားတွေ့ကြစို့”

ဤနယ်မြေသည် အလွန် ကျယ်ပြောပေသည်။ နေရာများစွာတွင် မဟာလမ်းစဉ်အမွေအနှစ်အမျိုးမျိုး ရှိနေသည်။ ကျင့်ကြံသူအများအပြားသည် ထိုအမွေအနှစ်များထဲရှိ ဝိညာဉ်စွမ်းအားများကို လေ့လာဆက်ခံကာ သူတို့၏ ကျင့်ကြံခြင်းအဆင့်ကို တိုးမြှင့်ခဲ့ကြသည်။ သူတို့သည် လျင်မြန်သောနှုန်းဖြင့် တိုးတက်နေကြသည်။

တာအိုဘုန်းတော်ကြီးမူနှင့် မျက်မမြင်ထျယ်တို့သည် မလှမ်းမကမ်းတွင် ကျင့်ကြံနေကြ၏။ သူတို့သည် ရီဖူရှင်းနှင့် ဟွာဂျီယူတို့ လျှောက်လာသည်ကို မြင်လိုက်သောအခါ ကျင့်ကြံခြင်းကို ရပ်တန့်လိုက်ကြသည်။ သူတို့သည် ရီဖူရှင်းကို ကြည့်လိုက်၏။ တာအိုဘုန်းတော်ကြီးမူသည် ဦးညွှတ်ကာ ခေါ်လိုက်သည်။

“နန်းတော်သခင်... သခင်မ...”

ယခုတွင် တာအိုဘုန်းတော်ကြီးမူသည် ရီဖူရှင်းကို အမှန်ပင် လေးစားနေပြီဖြစ်သည်။ သူ စီဝေ့အင်ပါယာနန်းတော်မှလူ ဖြစ်လာကတည်းက စီဝေ့အင်ပါယာနန်းတော်၏ အလျင်အမြန် တိုးတက်မှုကို သူမြင်ခဲ့ရသည်။ ထိုတိုးတက်မှုသည် အလွန်လျင်မြန်ရာ သူသည် ယခင်က ထိုသို့ တွေးပင်မတွေးဝံ့ခဲ့ချေ။

ပို၍အရေးကြီးသည်မှာ သူ  စီဝေ့အင်ပါယာနန်းတော်လက်အောက်သို့ စတင်ရောက်ခဲ့ကတည်းက သူ၏ကျင့်ကြံခြင်းသည် တိုးတက်ခဲ့ပြီး ယခုတွင် သူသည် ဒုတိယကပ်ဘေးအဆင့်သို့ ရောက်ခဲ့ခြင်းဖြစ်သည်။ ထိုအဆင့်သည် သူ အိပ်မက်မက်ခဲ့ရ၊ မျှော်လင့်ခဲ့ရသော အဆင့်ဖြစ်သည်။ ယခုတွင် အိပ်မက်သည် လက်တွေ့ဖြစ်လာပေပြီ။ အနာဂတ်တွင် သူသည် ဒုတိယကပ်ဘေးအဆင့်ရှိသည့် ဆေးလုံးများကို စတင်ထုတ်လုပ်နိုင်ပေတော့မည်။

“ဂုဏ်ပြုပါတယ်...”

ရီဖူရှင်းနှင့် ဟွာဂျီယူတို့ နှစ်ယောက်စလုံးသည် ပြုံး၍ ပြောလိုက်ကြသည်။ သူတို့သည် သူတို့ထံသို့လာနေသော တာအိုဘုန်းတော်ကြီးမူနှင့် မျက်မမြင်ထျယ်တို့ကို ခေါင်းညိတ်ပြလိုက်သည်။ ရီဖူရှင်းသည် ထိုနှစ်ယောက်ကိုကြည့်ကာ ပြုံးလိုက်၏။

“စီဝေ့ရဲ့ ချပ်ဝတ်လက်နက်နန်းတော်နဲ့ အာခီမီနန်းတော်တို့ရဲ့ သခင်တွေက အဆင့်တက်သွားကြတာပဲ။ ဒါက သေချာပေါက် ကြီးကျယ်ပြီး ဝမ်းသားစရာကောင်းတဲ့ သတင်းပဲ”

အနာဂတ်တွင် စီဝေ့အင်ပါယာနန်းတော်၏ အာခီမီနှင့် ချပ်ဝတ်လက်နက်ပြုလုပ်ခြင်းဆိုင်ရာ စွမ်းရည်များသည် အများအပြား တိုးတက်လာပေတော့မည်။

“နောက်ကျရင် နန်းတော်သခင်အနေနဲ့ အာခီမီအပိုင်းကို အာရုံစိုက်စရာမလိုတော့ပါဘူး။ ကျုပ် လုပ်နိုင်မယ့် ကိစ္စအကုန်လုံးကို ကျုပ်ကို ခိုင်းပါ... ကျုပ် နန်းတော်သခင်ရဲ့ ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးကို လျှော့ချပေးနိုင်ပါပြီ”

တာအိုဘုန်းတော်ကြီးမူက ပြောလိုက်၏။ သူသည် ရီဖူရှင်း၏တာဝန်အချို့ကို လက်လွှဲယူပေးလိုနေသည်။ ထို့အပြင် ရီဖူရှင်း၏အညွှန်းအတိုင်း ထိုဆေးလုံးများကို ဖော်စပ်ခြင်းသည် သူ၏အာခီမီစွမ်းရည်ကို တိုးတက်အောင် လေ့ကျင့်သကဲ့သို့လည်း ဖြစ်ပေလိမ့်မည်။

“ကောင်းပါပြီ... အဲဒီလိုလုပ်နိုင်ဖို့က ကျုပ်ရဲ့ အိပ်မက်ပါပဲ။ နောက်ကျရင် စီဝေ့အင်ပါယာနန်း‌တော်အတွက် ကျုပ် စိတ်ပူဖို့ မလိုတော့ဘူးပေါ့”

ရီဖူရှင်းသည် ပြုံး၍ ပြန်ပြောလိုက်၏။ သူ၏အကြီးမားဆုံးအိပ်မက်သည် မည်သည့်အတွက်ကိုမှ စိတ်ပူနေစရာ မလိုတော့ရန်ဖြစ်သည်။

“ဦးလေးထျယ်... ဦလေးက မဟာအင်ပါယာတစ်ပါးရဲ့ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရခဲ့တယ်လို့ ဂျီယူဆီက ကျုပ်ကြားတယ်။ အဲဒါက ဘာလဲ”

ရီဖူရှင်း မေးလိုက်သည်။

မျက်မမြင်ထျယ်၏အတွေးသည် အနည်းငယ် လှုပ်ရှားသွားပြီး သူ့ကိုယ်ပေါ်တွင် မဟာလမ်းစဉ်နတ်အလင်းတန်းများ စတင်စီးဆင်းလာသည်။ သူ၏နဖူးပေါ်တွင် လွန်စွာဖိအားကြီးသော သင်္ကေတတစ်ခု ထွက်ပေါ်လာ၏။ ထိုအခိုက်တွင် မျက်မမြင်ထျယ်သည် ကောင်းကင်မှ နတ်ဘုရားတစ်ပါးကဲ့သို့ ရှိနေပြီး သူ၏ခန္ဓာကိုယ်သည် အတုမဲ့စွမ်းအားနှင့် ပြည့်နှက်နေလေသည်။

“အရှိန်အဝါ ကြီးလိုက်တာ...”

ရီဖူရှင်းသည် ထိုအခိုက်တွင် မျက်မမြင်ထျယ်ကို ကြည့်၍ လွန်စွာနှစ်ထောင်းအားရရှိနေသည်။ သူဆက်ပြောလိုက်၏။

“ဒါက စွမ်းအားဓာတ်ပဲ... အရမ်းကောင်းတယ်။ အဲဒါက ဦးလေးထျယ်နဲ့ အံ့အားသင့်လောက်အောင် ကိုက်ညီနေတာပဲ”

“အင်း...”

မျက်မမြင်ထျယ်သည် ရီဖူရှင်းကို ခေါင်းညိတ်ပြလိုက်သည်။

“ဒါပေမဲ့ အပြင်လောက,က လူတွေအားလုံးလည်း တိုးတက်နေကြတယ်လို့ ကျုပ်ကြားတယ်။ သူတို့တော်တော်များများလည်း အဆင့်တက်သွားကြပြီ... ကျုပ်ရဲ့ ကျင့်ကြံခြင်းအဆင့်က မလုံလောက်သေးမှာ စိုးမိတယ်”

သူပြောသည့် မလုံလောက်သေးဟူသော စကားမှာ နှိုင်း၍ပြောကြောင်း ထင်ရှား၏။

လက်ရှိ စီဝေ့အင်ပါယာနန်းတော်သည် ယခင်ကနှင့် မတူတော့ပေ။ ယခုတွင် စီဝေ့အင်ပါယာနန်းတော်သည် ပို၍မြင့်သော အဆင့်တွင် ရှိနေပြီဖြစ်သည်။ သူတို့သည် မဟာအင်ပါယာအဆင့်အင်အားစုများကဲ့သို့ တပ်ဖွဲ့ရှစ်ဖွဲ့ချန်ထားခဲ့သော အမွေအနှစ်နယ်မြေများထဲမှ နယ်မြေတစ်ခုကို ထိန်းချုပ်ထားပေသည်။

ရီဖူရှင်း ပြုံးလိုက်၏။ ထို့နောက် သူတစ်ချက်တွေးလိုက်ရာ သူ့လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက် ကောင်းကင်တုန်ဟည်းနတ်တူ ရုတ်တရက် ထွက်ပေါ်လာ၏။ သူသည် မဟာအင်ပါယာအဆင့်လက်နက်ကို လက်နှစ်ဘက်ဖြင့် မကာ မျက်မမြင်ထျယ်ကို ပေးလိုက်သည်။

“ဦလေးထျယ်... ဦးလေးက ကိုယ်ရံတော်ရဲ့ နတ်တူပညာရပ်နဲ့ ကောင်းကင်ထုနှက်ခြင်းတူပညာရပ်ကိုလည်း ကျင့်ကြံတယ်။ ဒီမဟာအင်ပါယာအဆင့်လက်နက်က ဦးလေးနဲ့ သင့်တော်မှာပါ။ အခုကစပြီး ဒီလက်နက်က ဦးလေးရဲ့ဟာဖြစ်သွားပြီ”

မျက်မမြင်ထျယ်သည် မမြင်နိုင်သော်လည်း အရာအားလုံးကို အာရုံခံနိုင်ပေသည်။ သူ့ခန္ဓာကိုယ်သည် အနည်းငယ် တုန်ရင်သွားသည်။ သူ၏မျက်နှာထားအရ သူရင်ထဲထိသွားကြောင်း သိနိုင်ပေသည်။ သို့သော် သူသည် ခပ်ပြတ်ပြတ် ငြင်းဆိုလိုက်သည်။

“ဟင့်အင်း... ဒါက နန်းတော်သခင်ရဲ့ မဟာအင်ပါယာအဆင့်လက်နက်ပါ”

သူသည် ထိုလက်နက်ကို မယူလိုပေ။ ထိုလက်နက်သည် ရီဖူရှင်း စွမ်းအားအကြီးဆုံး တိုက်ခိုက်မှုများကို ထုတ်လွှတ်ရန် သုံးနိုင်သော မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်သည်။ ထိုလက်နက်သည် သူ့လက်ထဲတွင် ရှိခြင်းထက် ရီဖူရှင်း၏လက်ထဲတွင်ရှိခြင်းက ပို၍အသုံးဝင်ပေလိမ့်မည်။

သူတို့ဘေးမှ တာအိုဘုန်းတော်ကြီးမူသည်လည်း ရင်ခုန်စိတ်လှုပ်ရှားနေသည်။ ရီဖူရှင်းသည် မျက်မမြင်ထျယ်ကို မဟာအင်ပါယာအဆင့်လက်နက်တစ်ခု လက်ဆောင် ‌ပေးလိုက်နေသည်။ ထိုကဲ့သို့သော ရက်ရောခြင်းမျိုးသည်...

ထိုလက်နက်သည် ရီဖူရှင်း ထျန်းယန်မြို့၏ ဝမ်ကလန်ထံမှ ရယူခဲ့သော သူပိုင်သည့် မဟာအင်ပါယာအဆင့်လက်နက်တစ်ခုဖြစ်သည်။ ယခုတွင် သူသည် ထိုလက်နက်ကို မျက်မမြင်ထျယ်အား ပေးနေလေသည်။

“ဦးလေးထျယ်... ဒီမဟာအင်ပါယာအဆင့်လက်နက်က ဦးလေးလက်ထဲမှာဆိုရင်လည်း ကျုပ်လက်ထဲမှာထက် အင်အားသေးမှာ မဟုတ်ပါဘူး။ သက်ရောက်မှုကို ယှဉ်လို့ရမှာပါ။ အခု ကျုပ်က တခြားနတ်လက်နက်တစ်ခုကို ရထားပါပြီ... အဲဒီလက်နက်ကိုသုံးပြီး ကျုပ် ထုတ်လွှတ်နိုင်တဲ့စွမ်းအားက ဒီမဟာအင်ပါယာအဆင့်လက်နက်ကိုသုံးပြီး ထုတ်လွှတ်နိုင်တဲ့စွမ်းအားထက် နိမ့်မှာမဟုတ်ပါဘူး။ ဒီမဟာအင်ပါယာအဆင့်လက်နက်ကလည်း ကျုပ်ကို ပိုပြီးစွမ်းအားပေးနိုင်မှာ မဟုတ်‌တော့ပါဘူး... အဲဒါကြောင့် ကျုပ် ဒီလက်နက်ကို ဦးလေးကို မေးနေတာပါ”

ရီဖူရှင်း ဆက်ပြောလိုက်၏။

“အဲဒါကို လက်ဆောင်လို့ပဲ မတွေးနဲ့ပေါ့... ဦးလေးထျယ်က ကျုပ်ကို ကာကွယ်ပေးဖို့လည်း မျှော်လင့်ပါတယ်”

မျက်မမြင်ထျယ်မှာ ရင်ထဲတွင် အလွန်လှုပ်ခတ်သွားသည်။ ရီဖူရှင်း ရွာသို့ ခြေချခဲ့ကတည်းက ရီဖူရှင်းသည် သူ့ကို တိုးတက်လာအောင် ဦးဆောင်ပေးခဲ့သည်။ လက်ရှိ သူရထားသော အရာအားလုံးသည် ရီဖူရှင်း၏ ကျေးဇူးကြောင့်သာဖြစ်သည်။ သူသည် ရီဖူရှင်းအပေါ် အကြွေးတင်ထား၏။

“နောက်ကျ... ထျယ်ထို ပိုမြင့်တဲ့အဆင့်ကို ရောက်သွားရင် ဦးလေးထျယ် ဒီမဟာအင်ပါယာအဆင့်လက်နက်ကို သူ့ကို လက်ပြောင်းပေးလိုက်လို့ရတာပဲ”

ရီဖူရှင်းသည် မျက်မမြင်ထျယ်က အနည်းငယ် ချီတုံချတုံဖြစ်နေ‌သေးကြောင်း တွေ့သဖြင့် ပြောလိုက်၏။ မျက်မမြင်ထျယ်သည် ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်လိုက်ပြီး ထျယ်ထိုသည် ရီဖူရှင်း၏တပည့်ဖြစ်သည်ဟု တွေးလိုက်သည်။ ထျယ်ထိုက ထိုလက်နက်ကို ရရှိခြင်းသည် သူရရှိခြင်းထက် ပို၍ အကျိုးအကြောင်းသင့်ပေသည်။

မျက်မမြင်ထျယ်သည် နောင်တွင် ထိုမဟာအင်ပါယာအဆင့်လက်နက်ကို ပေးနိုင်ကြောင်း အကြံပြုချက်ကို ကြားလိုက်သောအခါ ထိုအကြံသည် ပို၍လက်ခံနိုင်သည်ဟု တွေးမိသည်။

“ကောင်းပါပြီ...”

မျက်မမြင်ထျယ်သည် အတော်ကြာ ချီတုံချတုံဖြစ်နေပြီးနောက် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် သူက လက်လှမ်းကာ ကောင်းကင်တုန်ဟည်းနတ်တူကို ယူလိုက်သည်။ သူ၏ရင်ထဲတွင် ခံစားချက်မျိုးစုံနှင့် ပြည့်နှက်နေသည်။

သူတို့ သားအဖနှစ်ယောက်စလုံးသည် ရီဖူရှင်းအပေါ် များစွာအကြွေးတင်နေသည်။ သူတို့ကို ရီဖူရှင်းသည် ဒုတိယအခွင့်အရေးတစ်ခု ပေးခဲ့သည်။

တာအိုဘုန်းတော်ကြီးမူသည် သူ့ရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကိုကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူသည်လည်း သူ၏ကိုယ်ပိုင်မဟာအင်ပါယာအဆင့်လက်နက်တစ်ခုကို လိုချင်ပေသည်။ သို့သော် လက်ရှိတွင် ရီဖူရှင်းထံ၌ ထပ်ပေးရန် မဟာအင်ပါယာအဆင့်လက်နက် ရှိမနေ‌တော့ပေ။ ထို့အပြင် အခြားသူများစွာသည်လည်း စီဝေ့အင်ပါယာနန်းတော်တွင် စောင့်ဆိုင်းနေကြသည်။ ထိုမဟာအင်ပါယာအဆင့်လက်နက်သည် မျက်မမြင်ထျယ်နှင့် အသင့်တော်ဆုံးဖြစ်သဖြင့် ရီဖူရှင်းသည် သူ့ကို လက်ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

“ဆရာ...”

ထိုအခိုက်တွင် ‌တောက်ပသော ရွှေရောင်လျှပ်စီးတစ်ခုသည် ဟင်းလင်းပြင်ကို ဖြတ်သန်းလာသည်။ သိမ်းငှက်လေးကိုယ်ပေါ်ရှိ အနက်ရောင်ငှက်မွေးများကို ရွှေရောင်အလင်းတစ်ခုက လွှမ်းခြုံထားပြီး သူ့ကို ရွှေရောင်တောက်ပနေစေလေသည်။ သူသည်လည်း မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ပြီဖြစ်သည်။ ထို့အပြင် သူ၏အရှိန်အဝါသည်လည်း အံ့အားသင့်ဖွယ်ကောင်းနေသည်။ သူသည် သာမန်ဒီမွန်းသားရဲတစ်ကောင်သာ ဖြစ်သော်လည်း ယခုတွင် သူ၏ပြောင်းလဲမှုသည် ပြီးပြည့်စုံခဲ့ပေပြီ။

သူနှင့်အတူ ကျွင်းနှင့် သူ့အဖော်များ ပါလာသည်။ ကျွင်း၏မူလပုံစံသည် ရွှေတောင်ပံနတ်ငှက်ဖြစ်သည်။ သူတို့သည် သိမ်းငှက်လေးနှင့်အတူ ကာရူရာ၏ခန္ဓာကိုယ်အတွင်းမှ နတ်သင်္ကေတများကို လေ့လာနေကြခြင်းဖြစ်ပြီး အတော်လေး တိုးတက်နေပြီဖြစ်သည်။

“ကျုပ် အပြင်က ကောလာဟလတွေ ကြားခဲ့တယ်... ကောင်းကင်ဒေသက ကောင်းကင်ဘုံနဲ့ စစ်ဖြစ်တော့မယ်တဲ့၊ ဆရာ အပြင်ကိုသွားပြီး လှည့်ပတ်ကြည့်ချင်လား”

သိမ်းငှက်လေးသည် စိတ်လှုပ်ရှားစွာ ပြောလိုက်၏။ သူသည် အပြင်ဘက်နှင့် နီးသောနေရာတွင် ကျင့်ကြံနေခဲ့ပြီး အပြင်လောကမှ လှုပ်ရှားမှုများကို စောင့်ကြည့်နေခဲ့ခြင်းဖြစ်သည်။ သူသည် မကြာမကြာဆိုသလို အပြင်သို့ လှည့်ပတ်သွားခဲ့သည်။ ထို့ကြောင့် သူသည် အပြင်လောကမှ သတင်းနည်းနည်းကို သိပေသည်။

ရီဖူရှင်း၏မျက်ဝန်းများထဲတွင် အလင်းတစ်ချက် လက်သွားသည်။ ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံသည် လက်တလောတွင် စစ်မဖြစ် သေးပေ။ ကောင်းကင်ဘုံသည် အရေးပါသော နယ်မြေတစ်ခုကို ရှာဖွေတွေ့ရှိကာ သိမ်းပိုက်ထားခြင်းဖြစ်လေသည်။ ထိုနယ်မြေသည် တစ်ချိန်က ကောင်းကင်နန်းတော်ဟောင်းနှင့် သက်ဆိုင်ခဲ့သည်။ နှစ်ပေါင်းများစွာတိုင်အောင် လောကအားလုံးမှ ကျင့်ကြံသူများသည် သူတို့ရှာဖွေတွေ့ရှိခဲ့သော အမွေအနှစ်များကို လေ့လာကျင့်ကြံနေခဲ့ကြသည်။

သို့‌သော် ယခုတွင် ငါးနှစ်ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။ သူတို့သည် သူတို့ရှာတွေ့ထားသော နယ်မြေများနှင့်ပင် မကျေနပ်နိုင်တော့ခြင်း ဖြစ်ပေမည်။

ထိုအခိုက်တွင် ကောင်းကင်လုံ၏အင်အားသည် မဟာအင်ပါယာအဆင့်အင်အားစု ခုနစ်စုထဲတွင် အနိမ့်ဆုံးဖြစ်နိုင်ပေသည်။ ထို့ကြောင့် အခြားအင်အားစုများက ကောင်းကင်ဘုံကို ပစ်မှတ်ထားခြင်းသည် အကျိုးအကြောင်း လျော်ညီ၏။ သို့သော် အကယ်၍ တစ်ဖွဲ့ဖွဲ့ကသာ ထိုသို့လုပ်ရန် အမှန်တကယ် တွေးတောခဲ့ပါက ကောင်းကင်ဘုံသည် ကောင်းကင်နန်းတော်ဟောင်းနှင့် ဆက်နွယ်မှုတစ်ခု ရှိသည်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။

ဒဏ္ဍာရီများအရ ကောင်းကင်ဘုံ၏အမည်သည် ဒီဗာထံမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထို့အပြင် ယခုတွင် ကောင်းကင်ဘုံတွင် ကောင်းကင်နန်းတော်တစ်ခု ရှိနေပြီဖြစ်သည်။

သို့သော် ထိုအချက်သည် အခြားအဓိကအင်အားစုများ ကောင်းကင်နန်းတော်ဟောင်းကို တပ်မက်မလာစေရန် မဟန့်တားပေးနိုင်ချေ။

ယခုတွင် ကောင်းကင်ဒေသသည် ဆက်၍ စိတ်မထိန်းထားနိုင်တော့ဘဲ ကောင်းကင်ဘုံ သိမ်းပိုက်ထားသော နယ်မြေကို ကျုးကျော်ရန် အဆင့်သင့်ဖြစ်နေသည့်ပုံပင်။

“တစ်ချက်သွားကြည့်ကြတာပေါ့”

ရီဖူရှင်း ပြောလိုက်၏။ သူသည် ကောင်းကင်ဘုံနှင့် ကောင်းကင်ဘုံ၏ လျှို့ဝှက်ဆန်းကြယ်သော ဆက်ခံသူကို စိတ်ဝင်စားနေပေလေသည်။ သူသည် ကောင်းကင်နန်းတော်ဟောင်းကိုပင် ထိုမျှ စိတ်မဝင်စားပေ။

လက်ရှိတွင် ကောင်းကင်ဘုံသည် သူတို့သိထားသလို လောက၏ဖွဲ့စည်းတည်ဆောက်ပုံကိုပင် လွှမ်းမိုးမှုရှိခဲ့သည့် အတိတ်ကကဲ့သို့ အလွန်ဩဇာညောင်းသော အင်အားစုတစ်စုမဟုတ်‌တော့ဟု သူခံစားနေရသည်။ သို့သော် ထိုသို့ အဆုံးစွန် ဩဇာကျဆင်းခဲ့ရခြင်းသည် တစ်စုံတစ်ခု ဖြစ်ပျက်ခဲ့၍ ဖြစ်ရပေမည်။

“ငါလည်း အဲဒီကိုသွားဖို့ စိတ်ဝင်စားတယ်”

ဓားဧကရာဇ်အရှင်က လျှောက်လာပြီး ပြောလိုက်၏။ သူသည်လည်း ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံတို့အကြားမှ ထိပ်တိုက်တွေ့မှုကို အတော်လေး စိတ်ဝင်စားနေသည်။

“အဲဒီကိုသွားချင်တဲ့သူတွေက ကျုပ်နဲ့အတူ လိုက်ခဲ့ပါ... မသွားချင်တဲ့သူတွေက ဒီမှာပဲ ဆက်ကျင့်ကြံပြီးနေခဲ့ပါ”

ရီဖူရှင်းက အမိန့်ပေးလိုက်သည်။ သူ့နှင့်အတူလိုက်ချင်သူများသည် များစွာရှိ၏။ သူတို့သည် သူ့ပတ်ပတ်လည်တွင် စတင်စုဝေးလိုက်ကြသည်။ ရီဖူရှင်းသည် ထိုသူများကို ဦးဆောင်၍ အပြင်သို့ ထွက်သွားသည်။

သူတို့အုပ်စုသည် ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းနေသည်။ အပြင်လောကရှိ အမွေအနှစ်နယ်မြေများအကြားတွင် ကျင့်ကြံသူများ နေရာအနှံ့တွင် ရှိနေသည်။  လွန်ခဲ့သော ငါးနှစ်က အခြေအနေနှင့် မတူ‌တော့ပေ။ သို့သော် တိုက်ပွဲအနည်းငယ်သာ ဖြစ်နေသည်ဖြစ်ရာ ကုန်းမြေသည် အတော်လေး အေးချမ်းနေသည်။ သို့ပေသည့် ကောင်းကင်ဘုံ၏ နယ်မြေဟောင်းတွင် ကြီးမားသောတိုက်ပွဲကြီးတစ်ခုသည် ဖြစ်ပွားရန် တာဆူနေလေသည်။

ကောင်းကင်ဒေသနှင့် ကောင်းကင်ဘုံ...

“ကောင်းကင်ဘုံအကြောင်းကို အကြီးအကဲ ဘယ်လောက်သိထားပါသလဲ”

ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်ကို မေးလိုက်သည်။ ဓားဧကရာဇ်အရှင်သည် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော အကြီးအကဲတစ်ဦးဖြစ်ပြီး သူ၏ကျင့်ကြံခြင်းအစွမ်းသည် စွမ်းအားကြီးပေသည်။ သူသည် လွန်ခဲ့သောနှစ်ပေါင်းများစွာက ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များအကြောင်းကို အနည်းငယ်သိနိုင်လေသည်။

All Chapters