အဖြူနှင့်အနက် အရှင်များ
Vol. 189 Ch. 2698
ထိုအခိုက်တွင် လူအုပ်အတွင်းမှနေ၍ အခြား ကျင့်ကြံသူများလည်း အပြင်သို့ ထွက်လာကြသည်။
“လူသားဘုံက ကျင့်ကြံသူတွေ...”
လူစုလူဝေးကြီးသည် သူတို့အုပ်စုကို လှည့်ကြည့်လိုက်ကြသည်။ ရှေ့ဆုံးမှလူမှာ လူသားဘုံမှ သူ၏မျိုးဆက်တွင် အထူးချွန်ဆုံးသူများထဲမှ တစ်ယောက်ဖြစ်သူ တိဟောက်ဖြစ်သည်။
သူက ခေါင်းမော့၍ ကောင်းကင်လှေကားပေါ်မှ ကျင့်ကြံသူများကို ကြည့်သည်။ သူ ပြောလိုက်၏။
“ကောင်းကင်နန်းတော်နဲ့ ဒွန်ဟောင်အင်ပါယာနန်းတော်တို့က အတိတ်တုန်းက နက်ရှိုင်းတဲ့ဆက်ဆံရေး ရှိခဲ့တယ်။ အခု တစ်ဘက်နဲ့တစ်ဘက် ပဋိပက္ခများနေရတာ စိတ်မကောင်းစရာပဲ။ ကောင်းကင်ဘုံက ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားတယ်... ကောင်းကင်ဒေသက နဂါအမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားတယ်... ငါတို့ လူသားဘုံကတော့ ယွဲ့ရှန်းအမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားတယ်။ တကယ်လို့ ကောင်းကင်ဘုံက ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေကို လိုလိုလားလား မျှဝေပေးမယ်ဆိုရင် ကောင်းကင်ဒေသနဲ့ လူသားဘုံတို့ကလည်း သိမ်းပိုက်ထားတဲ့ အမွေအနှစ်နယ်မြေတွေကို မျှဝေပေးမှာပါ... လူတိုင်း အဲဒီနယ်မြေသုံးခုမှာ ကျင့်ကြံနိုင်တာပေါ့။ မင်း ဘယ်လိုထင်ပါသလဲ”
လူစုလူဝေးကြီးသည် ထိုစကားကို ကြားလိုက်သောအခါ အံ့အားသင့်သွားကြသည်။ လူသားဘုံတွင်လည်း ဤကိစ္စတွင် ဝင်ပါလိုနေသည်။
သူတို့သည်လည်း ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေကို များစွာအရေးထားသည့်ပုံပင်။
ထို့အပြင် တိဟောက်သည် ကောင်းကင်နန်းတော်နှင့် ဒွန်ဟောင်အင်ပါယာနန်းတော်တို့က နက်ရှိုင်းသောဆက်ဆံရေး ရှိခဲ့ဖူးသည်ဟု ဆိုခဲ့သည်။ ထိုကိစ္စတွင် မျက်စိဖြင့်မြင်ရသည်ထက်ပိုသော နောက်ကွယ်မှကိစ္စများ ရှိနေသေးသလော။
“ငါတို့ စိတ်မဝင်စားဘူး”
ကောင်းကင်ဘုံ၏ ဆက်ခံသူက ပြန်ပြောလိုက်၏။
တိဟောက်က ထိုဆက်ခံသူကို မော့ကြည့်သည်။
“ကျိဝူတောက်... ငါတို့က စစ်ပွဲထဲမှာ ထိပ်တိုက်တွေ့မှ ရမှာလား”
“မင်းတို့လူတွေက ကိုယ့်အမွေအနှစ်နယ်မြေမှာ ကိုယ်မကျင့်ကြံဘဲ ငါတို့နယ်မြေကို လာကျူးကျော်တာပဲ။ အဲဒါကို မင်းက ငါ့ကို ဒီမေးခွန်းမေးနေတုန်းပဲလား”
ကျိဝူတောက်၏အကြည့်သည် တိဟောက်ကို ဖြတ်သန်းသွားပြီး ဒွန်ဟောင်တိယွမ်အပေါ်တွင် ရပ်လိုက်သည်။
“မင်းသမီးတိယွမ်... ငါ မင်းနဲ့ မတိုက်ခိုက်ချင်ပါဘူး။ ဒါပေမဲ့ ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေက ကောင်းကင်ဘုံနဲ့ပဲ သက်ဆိုင်တယ်”
ရီဖူရှင်းသည် ကျိဝူတောက်၏စကားများကို ကြားလိုက်သောအခါ အံ့အားသင့်သော မျက်နှာထားဖြစ်သွားသည်။ ကျိဝူတောက်နှင့် ဒွန်ဟောင်တိယွမ်အကြားတွင် မည်ကဲ့သို့သော ဆက်ဆံရေး ရှိသနည်း။
အတိတ်တွင် သူတို့သည် တူညီသော စွမ်းရည်ကို အသုံးပြုခဲ့ကြသည်။ ထိုစွမ်းရည်မှာ ကောင်းကင်ပြစ်ဒဏ်ပေးဓားဖြစ်သည်။
သူတို့သည် ထိုစွမ်းရည်ကို မည်သည့်နေရာက ကျင့်ကြံခဲ့ခြင်းနည်း။
“ကျိဝူတောက်... မင်းက အလျှော့မပေးမှတော့ ကောင်းကင်ဘုံက ကျင့်ကြံသူတွေ ဒီကောင်းကင်လှေကားကို ဆက်ပြီးယူထားနိုင်ဦးမလားဆိုတာ ကြည့်ကြသေးတာပေါ့”
တိဟောက်၏ လေသံသည် တည်ငြိမ်ပေသည်။ သို့သော် ထိုလေသံ၏နောက်ကွယ်တွင် ဩဇာအာဏာသံပါသည်ကို ခံစားရနိုင်ပေသည်။
ပတ်ဝန်းကျင်မှ လူအုပ်သည် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူတို့သည် အင်အားအကြီးဆုံးဘုံများ၏ တိုက်ပွဲတစ်ခုကို မြင်ရတော့မည်လော။
“ငါ မင်းတို့ကို တစ်ယောက်ချင်း တိုက်ရမလား... ဒါမှမဟုတ် အကုန်လုံးကို တစ်ပြိုင်တည်းတိုက်ရမလား”
ကျိဝူတောက်သည် အောက်ဘက်မှ ကျင့်ကြံသူများကို ငုံ့ကြည့်ကာ အရေးမစိုက်သော လေသံဖြင့် ပြန်ပြောလိုက်၏။ ထို့ကြောင့် သူတို့သည် ရင်ခုန်သွားကြသည်။
လက်ရှိတွင် ကောင်းကင်ဘုံသည် အင်အားနည်းနေသဖြင့် အခြား အင်ပါယာအဆင့်အင်အားစုများနှင့် မယှဉ်နိုင်ဖြစ်နေသည်ဟု ထင်ရ၏။
သို့သော် ယခုတွင် ကောင်းကင်ဘုံ၏ဆက်ခံသူသည် သူတို့အားလုံးကို တစ်ပြိုင်တည်း တိုက်ခိုက်ရန် စိန်ခေါ်လိုက်သည်။
ကောင်းကင်ဘုံသည် အမှန်ပင် ထိုမျှစွမ်းအားကြီးသည်လော။
သို့မဟုတ် သူသည် ဟန်လုပ်နေခြင်းသာလော။
လူသားဘုံမှ လူများသည် ကောင်းကင်ဘုံ၏ဆက်ခံသူက တစ်ကိုယ်တော်သမားတစ်ဦးကဲ့သို့ အလွန်လျှို့လျှို့ဝှက်ဝှက် နေခဲ့သဖြင့် သူ့အကြောင်းကို များစွာမသိပေ။ ထိုအရာကို လက်ရှိ ကောင်းကင်ဘုံ၏ သိုသိုသိပ်သိပ်နေမှုနှင့် တွဲဖက်လိုက်သောအခါ အခြားဘုံများတွင် ကျိဝူတောက်၏အကြောင်းကို သိသူသည် အနည်းငယ်သာ ရှိလေသည်။
သူတို့သည် ယခုမှ သူ့အမည်ကို ကြားဖူးကြခြင်းပင်။ အင်ပါယာအဆင့်အင်အားစုများမှ ထိပ်သီးများသာ သူ၏တည်ရှိမှုကို ယခင်ကတည်းက သိခဲ့ကြသည်။
ထိုသူသည် ထူးကဲသောပါရမီရှိပြီး ကောင်းကင်ဘုံ၏ တစ်ဦးတည်းသောဆက်ခံသူအနေဖြင့် မြင်ရခဲသော မွေးရာပါ အရည်အချင်းဖြင့် မွေးဖွာလာသူဖြစ်သည်။
သို့သော် သူ မည်မျှစွမ်းအားကြီးသည်ကို မမြင်ရသေးပေ။ သူ၏စွမ်းရည်ကို တိုက်ပွဲအတွင်းတွင်သာ ထုတ်ပြလောက်ပေသည်။
ကျိဝူတောက်၏ စိတ်ကြီးဝင်နေသော စိန်ခေါ်မှုကို ကြားလိုက်ရသောအခါ ရုတ်ခြည်းပင် သန်မာသော ကျင့်ကြံသူ ကိုးယောက်သည် ဒွန်ဟောင်တိယွမ်၏အနောက်မှ အရှေ့သို့ ထွက်သွားကြသည်။ သူတို့သည် ကောင်းကင်ဒေသအင်ပါယာနန်းတော်၏ နတ်စစ်သူကြီးကိုးဦးဖြစ်သည်။ ထို့ကြောင့် လူစုလူဝေးအကြားတွင် လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
အရှင်ဒွန်ဟောင် ကောင်းကင်ဒေသကို စည်းရုံးခဲ့စဉ်နှင့် နတ်စစ်သူကြီးကိုးဦးကို သူရဲကောင်းပြုခဲ့စဉ်က သူတို့သည် အရည်အချင်းရှိနေကြပြီဖြစ်ပြီး အလားအလာကောင်းများ ရှိခဲ့သည်။ သို့သော် သူတို့သည် ယခုအထိ သူတို့၏အလားအလာအပြည့်အဝသို့ မရောက်ကြသေးပေ။ သို့ပေသည့် သူတို့ထုတ်လွှတ်ထားသည့် ဒုတိယကပ်ဘေးအဆင့် အရှိန်အဝါများသည် ကြောက်မက်ဖွယ်ကောင်းလှသည်။
သူတို့ထဲတွင် လှံအင်ပါယာတုယူသည် အမွေအနှစ်နယ်မြေအတွင်း ရှိနေခဲ့စဉ်၌ အဆင့်တက်သွားပြီး မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သည်။
ယခုတွင် နတ်စစ်သူကြီးကိုးဦးစလုံး ဒုတိယကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီဖြစ်ပြီး သူတို့၏ဟန်ပန်အမူအရာတွင် အင်ပါယာအဆင့်အင်အားစုမှ ထိပ်သီးများ၏ အငွေ့အသက်များ ရှိနေလေသည်။
ဒွန်ဟောင်တိယွမ်၏ဘေးတွင် သူတို့အပြင် အခြား စွမ်းအားကြီးသူရဲကောင်းများစွာ ရှိပေသေးသည်။
နတ်စစ်သူကြီးကိုးဦးသည် ဒွန်ဟောင်အင်ပါယာနန်းတော်ထဲတွင် အသန်မာဆုံး တိုက်ခိုက်ရေးသမားများ မဟုတ်ပေ။
ကောင်းကင်လှေကားပေါ်ရှိ ကျိဝူတောက်၏နောက်ရှိ သန်မာသော ကျင့်ကြံသူကိုးဦးသည်လည်း တုံ့ပြန်သည့်အနေဖြင့် ရှေ့သို့ ထွက်လာကြသည်။ သူတို့သည် အရှေ့သို့ ထွက်သွားကြပြီး မြင့်မားသောအမြင့်တွင် ရပ်နေကြသည်။ သူတို့၏အရှိန်အဝါများသည် ကောင်းကင်ထက်မှ သူတို့အပေါ် ဖြာကျလာသော တလက်လက်တောက်ပနေသည့် နတ်အလင်းကဲ့သို့ မျက်စိကျိန်းလောက်ဖွယ်ဖြစ်သည်။ သူတို့ကိုးဦးစလုံးသည် ထိပ်တန်းကျင့်ကြံသူများဖြစ်ပြီး ဒွန်ဟောင်အင်ပါယာနန်းတော်မှ နတ်စစ်သူကြီးကိုးဦးကဲ့သို့ပင် ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးကြပြီဖြစ်သည်။ သူတို့၏ဟန်ပန်အမူအရာသည် သူတို့ မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်းကို ဖော်ပြနေသည်။
“ကောင်းကင်ဘုံရဲ့ မဟာအရှင်ကိုးပါးကလည်း ဒုတိယကပ်ဘေးကို ကျော်ဖြတ်ပြီးသွားပြီပဲ”
လူအများစုသည် သူတို့ကို မသိသော်လည်း အင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများသည် ကောင်းကင်နန်းတော်၏ အင်အားကို အတိုင်းအတာတစ်ခုအထိ သိကြပေသည်။
ကောင်းကင်နန်းတော်၏ ကောင်းကင်ဘုရင်လေးပါးသည် ယခင်ကပင် ဒုတိယကပ်ဘေးကို ကျော်ဖြတ်ပြီးကြပြီဖြစ်ပြီး တိုင်းတာ၍ မရနိုင်လောက်အောင် လွှမ်းမိုးမှုကြီးပေသည်။
ကောင်းကင်ဘုရင်လေးပါး၏အောက်တွင် မဟာအရှင်ကိုးပါးရှိသည်။ သူတို့သည် ကောင်းကင်ဘုရင်များထက် အနည်းငယ် အားနည်းသော်လည်း အမွေအနှစ်နယ်မြေတွင်း၌ လေ့ကျင့်ပြီးသွားသောအခါ သူတို့သည်လည်း ဒုတိယကပ်ဘေးကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။ နတ်အမွေအနှစ်များ ထွက်ပေါ်လာမှုသည် ကျင့်ကြံသူများအပေါ် သိသာသော အကျိုးသက်ရောက်မှုတစ်ခု ရှိစေလေသည်။ သူတို့တော်တော်များများသည် ပြောင်းလဲမှုနှင့် ကြုံခဲ့ရပြီး အမွေအနှစ်နယ်မြေများအတွင်း၌ ကျင့်ကြံပြီးနောက်တွင် အတားအဆီးများကို ဖြတ်ကျော်နိုင်ခဲ့ကြသည်။
သူတို့ကိုးဦး ရှေ့ထွက်လာသောအခါ ဟင်းလင်းပြင်အထက်တွင် နတ်အလင်းများ၏ အရောင်ကိုးရောင် တစ်ပြိုင်တည်း ထွက်ပေါ်လာပြီး တလက်လက် တောက်ပနေလေသည်။ သူတို့အကြားတွင် အလယ်မှကျင့်ကြံသူမှာ အထင်ရှားဆုံးဖြစ်သည်။ သူသည် နေရောင် နတ်အလင်းအောက်တွင် ရှိနေပြီး ထိုအလင်းသည် ကောင်းကင်ထက်ရှိ ကောင်းကင်လှေကား၏ထိပ်မှနေ၍ အောက်ဘက်အထိ ဖြာကျနေလေသည်။ သူသည် နေနတ်ဘုရားတစ်ပါးကဲ့သို့ပင် ထင်ရသည်။
သူသည် မဟာအရှင်ကိုးပါး၏ခေါင်းဆောင် အရှင်ထိုက်ယန်ဖြစ်သည်။
သူ၏ဘေးတစ်ဘက်တွင်မူ လှပသောမိန်းမပျိုလေးတစ်ဦးရှိသည်။ သူမ၏ဟန်ပန်သည် ထူးကဲပြီး အရှင်ထိုက်ယန်၏အရှိန်အဝါနှင့် ဆန့်ကျင်ဘက် အရှိန်အဝါတစ်ခုရှိလေသည်။ သူမသည် အရှင်မထိုက်ဟန်ဖြစ်ပြီး အရှင်ထိုက်ယန်၏ ဇနီးဖြစ်သည်။ သူမသည် အရှင်ထိုက်ယန်၏ယန်ဓာတ်အတွက် ယင်ဓာတ်ဖြစ်လေရာ သူတို့၏ ရောယှက်နေသော ကွဲပြားသည့် အရှိန်အဝါများသည် လူများအပေါ် အတော်လေး သက်ရောက်မှု ရှိနေလေသည်။
မဟာအရှင်ကိုးပါးသည် နတ်စစ်သူကြီးကိုးဦးနှင့် ယှဉ်ပြိုင်နိုင်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။
ထိုစဉ်တွင် လှံအင်ပါယာတုယူသည် လက်ထဲတွင် ရွှေလှံကို ကိုင်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်။ သူသည် ကြောက်မက်ဖွယ် နတ်အလင်းကို ထုတ်လွှတ်လိုက်ပြီး သူ့လှံအထက်တွင် အင်ပါယာ၏ဝိညာဉ်စွမ်းအားအရိပ်များ လှည့်ပတ်နေ၏။ သူသည် နတ်စစ်သူကြီးကိုးဦးအကြားတွင် နောက်ဆုံးအဆင့်ဖြစ်ပြီး မကြာသေးခင်ကမှ အဆင့်တက်ခဲ့ခြင်းဖြစ်သော်လည်း အရှင်ဒွန်ဟောင်၏ တပည့်ရင်းတစ်ဦးအနေဖြင့် မဟာအင်ပါယာ၏ ဝိညာဉ်စွမ်းအားကို အပြည့်အဝထိန်းချုပ်နိုင်သဖြင့် သေချာပေါက် စွမ်းအားကြီးပေသည်။ မဟုတ်လျှင် သူသည် ရှေ့သို့ ပထမဆုံးထွက်လာသူဖြစ်မည် မဟုတ်ပေ။
မဟာအရှင်ကိုးပါးထဲမှလည်း သူရဲကောင်းတစ်ဦးသည် ရှေ့သို့ ထွက်လာသည်။ သူသည် တုတ်ခိုင်ပြီးသန်မာပြီး လှံအင်ပါယာတုယူ၏အရွယ်အစားထက် နှစ်ဆလောက်ရှိလေသည်။ သူသည် သာမန်လူများထဲတွင် ထင်းနေပြီး သူ ဟင်းလင်းပြင်ထဲတွင် ရပ်နေရုံဖြင့်ပင် ထင်ရှားသောစွမ်းအား ထွက်ပေါ်လာသည်ကို ခံစားရပေသည်။ ထိုစွမ်းအားသည် လူများကို ဖိနှိပ်ခံနေရသည်ဟု ခံစားသွားရစေ၏။
သူသည် မဟာအရှင်ကိုးပါးထဲမှ တစ်ပါးဖြစ်သော အရှင်ရွှမ်ဝူဖြစ်သည်။ သူ ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် လူများကို သူသည် အနိုင်ယူ၍မရနိုင်သူဖြစ်သည်ဟု ခံစားနေရစေလေသည်။
လှံအင်ပါယာတုယူသည် ကောင်းကင်လှေကားဆီသို့ စတင်သွားလိုက်သည်။ သူ၏အရှိန်အဝါသည် ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းတွင် ပို၍အားကောင်းလာပြီး လေထုသည်လည်း လျင်မြန်စွာ တင်းမားလာလေသည်။ ရုတ်တရက် ထွက်ပေါ်လာသော နတ်အလင်းလျှပ်စီးတစ်ခုသည် ကောင်းကင်ကို ရိုက်ခတ်သွားပြီး သူ့အနောက်တွင် နတ်အရိပ်တစ်ခု ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းသည် မဟာအင်ပါယာတစ်ပါး ဆင်းသက်လာသည်ဟုပင် ထင်ရသည်။
ဝုန်း...
ဟင်းလင်းပြင်အထက်တွင် ကြောက်မက်ဖွယ် အသံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် လူများ၏ဦးခေါင်းများသည် ကြောက်မက်ဖွယ် ဧရာနတ်သားရဲလိပ်နက်ကြီး၏ လွှမ်းခြုံမှုကို ခံလိုက်ရ၏။
တစ်ချိန်တည်းမှာပင် ပြင်းထန်သော ရေလှိုင်းများ အောက်ဘက်သို့ စီးဆင်းလာပြီး ဟင်းလင်းပြင်ထဲတွင် မျောနေသော ပင်လယ်တစ်စင်း ထွက်ပေါ်လာ၏။ ပင်လယ်သည် အပြင်းအထန် မြည်ဟည်းလိုက်ပြီး တုယူကို ၎င်း၏ရေများထဲတွင် နှစ်ရန် ကြိုးစားလိုက်သည်။ သို့သော် တုယူသည် တစ်လှမ်းပြီးတစ်လှမ်း ခပ်မှန်မှန် ဆက်လျှောက်နေသည်။
သို့သော် သူ့ကို ကြည့်နေသော လူအုပ်အတွက်မူ သူသည် လှိုင်းလုံးများ၏ ရိုက်ခတ်မှုကို ခံနေရသည်ဟု ထင်နေရသည်။
ဗြုန်း...
ရွှေရောင်နတ်အလင်းတစ်ခုသည် ဟင်းလင်းပြင်ထဲသို့ ထိုးတက်သွားသည်။ ၎င်းသည် တောက်ပစွာလင်းလက်နေပြီး လျင်မြန်သောနှုန်းဖြင့် ရွေ့လျားနေသည်။ သို့သော် မျောနေသော ပင်လယ်ထဲတွင် ၎င်း၏အရှိန်သည် လျော့ကျသွားသည်ဟုထင်ရသည်။ တုယူ၏လှုပ်ရှားမှုသည်လည်း နှေးကွေးသွားသည်။ နတ်သားရဲလိပ်နက်ကြီးသည် အောက်ဘက်သို့ ရိုက်ချလိုက်သည်။ ဧရာမလိပ်နက်ချိပ်စည်း ထွက်ပေါ်လာပြီး ရွှေလှံအထက်တွင် တိုက်ရိုက် ပေါက်ကွဲသွားသည်။
ဝုန်း...
ရွှေလှံသည် လိပ်နက်ချိပ်စည်းကို ထိမှန်သွားသည်။ ၎င်းတို့ ထိမှန်သွားသည့်နေရာတွင် ချိပ်စည်းပေါ်၌ ပြင်းထန်သောနတ်အလင်း ထွက်ပေါ်လာ၏။ ထို့နောက်တွင် ချိပ်စည်းပေါ်တွင် အက်ကြောင်းတစ်ခု ထင်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ချိပ်စည်းကြီးသည် အစိတ်စိတ်အမွှာမွှာ ကွဲသွားသည်။ သို့သော် တုယူသည်လည်း ကြောက်မက်ဖွယ် လှိုင်းများ၏ လွှမ်းခြုံ ရိုက်ခတ်မှုကို ခံလိုက်ရ၏။
အရှင်ရွှမ်ဝူသည် မြဲမြဲ ရပ်နေလိုက်သည်။ ကောင်းကင်ထက်ရှိ နတ်သားရဲလိပ်နက်ကြီးထဲတွင် မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအား ပါဝင်ပေသည်။ ၎င်းသည် ကောင်းကင်လှေကားကို ကာကွယ်နေသည်။ ထိုနေရာတွင် ၎င်းရှိနေလျှင် မည်သူမှ လှေကားအနီးသို့ မကပ်နိုင်သည့်ပုံပင်။
ဤယှဉ်ပြိုင်မှုတွင် တုယူသည် အသာမရသည့်ပုံပင်။
ကောင်းကင်ဒေသမှ သူရဲကောင်းများသည် ဟင်းလင်းပြင်ထဲတွင် ဖြစ်ပေါ်နေသော တိုက်ပွဲကို ကြည့်နေကြသည်။ ထိုနေရာကို မဟာအရှင်ကိုးပါးက ကာကွယ်နေသဖြင့် ဒွန်ဟောင်အင်ပါယာနန်းတော်၏ နတ်စစ်သူကြီးကိုးဦးသည် အင်အားသုံး၍ ရယူနိုင်ရန် မဖြစ်နိုင်သလောက်ပင်။ မဟာအရှင်ကိုးပါးသည် နတ်စစ်သူကြီးကိုးဦးကဲ့သို့ သန်မာပေသည်။
“မင်းသမီးတိယွမ်... ကျုပ် သွားလိုက်ပါမယ်”
ဒွန်ဟောင်တိယွမ်အနီးတွင် ရပ်နေသော ဖုန်းရူသည် သူ့ဘာသာ ဆန္ဒပြုလိုက်သည်။ သူသည် ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်၏ အရေးအပါဆုံးသူများထဲမှ တစ်ယောက်ဖြစ်ပြီး နတ်ဘုရားတစ်ဝက်စာရင်းထဲတွင် ဝင်သူဖြစ်သည်။ သူသည် အမွေအနှစ်နယ်မြေအတွင်းသို့ မဝင်ခင်ကပင် နတ်ဘုရားတစ်ဝက်အဆင့် ရောက်နေခဲ့သည်။ အကယ်၍ သူတို့သာ ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေကို သိမ်းပိုက်လိုပါက သူတို့တွင် သူ့ကဲ့သို့ အဆင်ရှိသူတစ်ဦး လိုအပ်ပေသည်။
ဒွန်ဟောင်တိယွမ်သည် သူမရှေ့အရှိ မြင်ကွင်းကို စိုက်ကြည့်နေရင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဖုန်းရူသည် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး ပြောလိုက်၏။
“ကျန်တဲ့သူတွေ နောက်ဆုတ်လိုက်ပါ”
နတ်စစ်သူကြီးကိုးဦးသည် သူ၏စကားကို နာခံကာ နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်လိုက်သည်။ ဖုန်းရူသည် တစ်ယောက်တည်း ရှေ့သို့ ထွက်သွားသည်။
မဟာအရှင်ကိုးပါးသည် သူ့ကို မြင်လိုက်သောအခါ သတိကြီးကြီး နောက်သို့ ဆုတ်လိုက်ကြသည်။ သူတို့သည် နတ်ဘုရားတစ်ဝက်စာရင်းတွင် ရှိသူတစ်ဦး၏ ပြိုင်ဘက်မဟုတ်ပေ။ ထို့ကြောင့် သူတို့နေရာကို အခြားတစ်ယောက်က ဝင်ယူရပေလိမ့်မည်။
ထိုအခိုက်တွင် ကောင်းကင်လှေကားပေါ်သို့ အရိပ်နှစ်ခု ဆင်းသက်လာပြီး ကျိဝူတောက်ထံ လျှောက်သွားကြသည်။
ထိုနှစ်ဦးထဲတွင် တစ်ဦးသည် ဆံပင်ဖြူ၊ မုတ်ဆိတ်ဖြူများရှိပြီး ပြတ်တောင်းတောင်း အရှိန်အဝါတစ်ခု ရှိသည်။ သူသည် အသက်အရွယ်ကြီးရင့်ပြီး နတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရသည်။ ကျန်တစ်ဦးမှာ အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး အသက်လတ်ပိုင်းအရွယ်ဖြစ်သည်။ သူ၏အရှိန်အဝါသည် အရိုးထိအောင် အေးစိမ့်သွားစေ၏။
သူတို့ထွက်ပေါ်လာမှုသည် ဖုန်းရူကို မျက်နှာပျက်သွားစေသည်။ သူ တစ်ချက်မှ ချွတ်ချော်၍မရကြောင်း သူသိပေသည်။
ကောင်းကင်ဘုံနှင့် ကောင်းကင်နန်းတော်တို့မှ အသန်မာဆုံး ကျင့်ကြံသူအားလုံးသည် ဤနေရာတွင် စုဝေးနေသည်။ သူတို့သည် အသန်မာဆုံးများထဲမှ အသန်မာဆုံးများဖြစ်ကြရာ ဖုန်းရူသည် သူ၏ပြိုင်ဘက်မှာ မည်သူဖြစ်ကြောင်း သိ၏။ သူတို့သည်လည်း နတ်ဘုရားတစ်ဝက်စာရင်းတွင် ပါပြီး အလွန်အသက်ကြီးနေသော ကျင့်ကြံသူများဖြစ်သည်။ သူတို့သည် ကောင်းကင်ဘုံ၏ အရှင်ဟောင်းကို ကူညီထောက်ပံ့ခဲ့ကြသူများဖြစ်သည်။
သူတို့သည် ကောင်းကင်အင်ပါယာ၏ခေတ်ကတည်းက ရှိခဲ့သူများဖြစ်သည်။
သူတို့နှစ်ဦးသည် ကောင်းကင်နန်းတော်တွင် အလွန်အရေးပါသူများဖြစ်သည်။ ထို့အပြင် သူတို့သည် ကောင်းကင်နန်းတော်၏ ကိုယ်ရံတော်အရှင်များဖြစ်ကြပြီး အဖြူနှင့်အနက်ကောင်းကင်အရှင်များဟု အမည်တွင်သည်။
အဖြူနှင့်အနက်ကောင်းကင်အရှင်များသည် ဖုန်းရူထက်များစွာ ဝါကြီး၏။ ဤအကြိမ်တွင် သူတို့သည် ဤနေရာတွင် ရှိနေခဲ့ကြလေသည်။