← Chapters

ပြိုင်စံရှားနတ်ဓား

Vol. 189 Ch. 2699

ပြိုင်စံရှားနတ်ဓား

Vol. 189 Ch. 2699

ကောင်းကင်ဘုံ၏ ကောင်းကင်နန်းတော်မှ အဖြူနှင့်အနက်ကောင်းကင်အရှင်များသည် ကောင်းကင်အင်ပါယာ၏ ကိုယ်ရံတော်များ ဖြစ်ကြသည်။ ကောလာဟလများက သူတို့သည် ယခင်က ဒဏ္ဍာရီလာ အဆုံးမဲ့ပင်လယ်သို့ ရောက်ဖူးခဲ့ကြသည်ဟု ဆို၏။ ထိုပင်လယ်သည် ကောင်းကင်များ၏ အဆုံးဖြစ်သည်ဟု ဆိုကြသည်။

ကောင်းကင်အင်ပါယာ ကျဆုံးသွားပြီး‌နောက်တွင် သူတို့သည် မင်းသမီး၏ အကူအညီများအဖြစ် ဆက်ကျန်ရစ်ခဲ့ကြသည်။ ထိုနှစ်များအတွင်း၌ ကောင်းကင်ဘုံ တဖြည်းဖြည်း တိမ်မြုပ်လာမှုနှင့်အတူ သူတို့၏အမည်ကို ကြားရသည်မှာလည်း နည်းလာခဲ့လေသည်။ ကောင်းကင်ဘုံအပြင်မှ လူများအတွက် သူတို့နှင့် တွေ့ဆုံနိုင်ရန် မဖြစ်နိုင်လုနီးပါး ဖြစ်လာသည်။ ထို့အပြင် သူတို့သည် တွေး၍မကြည့်နိုင်လောက်အောင် စွမ်းအားကြီးသည်ဟူသော အချက်ကို သိသူများလည်း နည်းပါးလာသည်။

လက်ရှိခေတ်မှ ကျင့်ကြံသူများသည် သူတို့အကြောင်းကို တစ်စိုးတစ်စိမှ မသိခြင်းလည်း ဖြစ်နိုင်ချေရှိပေသည်။

“အဖြူနဲ့အနက်ကောင်းကင်အရှင်နှစ်ပါးစလုံး ဒီမှာရှိနေတာပဲ။ ကောင်းကင်ဒေသက ဒွန်ဟောင်အင်ပါယာနန်းတော်အနေနဲ့ ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေကို သိမ်းပိုက်နိုင်ဖို့ မလွယ်လောက်ဘူး”

ဓားဧကရာဇ်အရှင်သည် ကြည့်နေသော လူအုပ်အကြားမှနေ၍ လေသံတိုးတိုးဖြင့် ပြောလိုက်၏။ ရီဖူရှင်းမှာလည်း သူ့အရှေ့သို့ ကြည့်လိုက်ပြီး စိတ်လှုပ်ရှားနေသည်။

လက်ရှိတွင် ဤနေရာ၌ ဘုံခုနစ်ခုမှ သန်မာသော သူရဲကောင်းများဟု သတ်မှတ်နိုင်သူများ ရှိနေကြသည်။

ထိုမတိုင်ခင်က သူသည် ကောင်းကင်နန်းတော်မှ ကောင်းကင်ဘုရင်လေးပါးကို မြင်ခဲ့ဖူးသည်။ ယခုတွင် သူသည် မဟာအရှင်ကိုးပါးနှင့် အဖြူနှင့်အနက်ကောင်းကင်အရှင်များကို တွေ့ခဲ့ရသည်။

ကောင်းကင်ဘုံမှ အသန်မာဆုံးကျင့်ကြံသူအားလုံးသည် လူလုံးထွက်ပြခဲ့ပြီးဖြစ်နိုင်သည်။ သို့သော် ကောင်းကင်ဒေသအတွက်မူ အချို့သည် လူလုံးထွက်မပြရသေးပေ။ သူတို့အားလုံးသည် ရှချင်းယွမ်ဘေးတွင် ရှိနေကြပြီး သူတို့ယခင်က မတွေ့ခဲ့ဖူးသည့် လူတော်တော်များများ ရှိနေလေသည်။

ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေအတွက် ဖြစ်ပေါ်လာသော ဤတိုက်ပွဲသည် မည်သို့ဖြစ်လာမည်နည်းဟု လူတိုင်း ခန့်မှန်းနေကြသည်။

ဖုန်းရူသည် အနက်ကောင်းကင်အရှင်ကို ကြည့်၍ နှုတ်ဆက်လိုက်သည်။

“ကျုပ် ဆရာ့ရဲ့ အကြောင်းကို ကြားဖူးတာ ကြာပါပြီ။ နောက်ဆုံးတော့ ကျုပ် ဆရာ့ကို ကိုယ်တိုင်တွေ့ခွင့်ရတာ ဝမ်းသာမိပါတယ်”

ဖုန်းရူသည်လည်း ကျင့်ကြံနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်သည်။ သို့သော် အဖြူနှင့်အနက်ကောင်းကင်အရှင်များနှင့် ယှဉ်လျှင် သူသည် တက်သစ်စတစ်ဦးကဲ့သို့သာဖြစ်သည်။ သူတို့နှစ်ဦးစလုံးသည် ရှေးကတည်းကပင် ကျော်ကြားခဲ့သူများဖြစ်သည်။

“စကြတာပေါ့”

အနက်ကောင်းကင်အရှင်သည် မည်သည့်ခံစားချက်မှ မပါဘဲ အေးစက်စက် ပြောလိုက်၏။

ဖုန်းရူခေါင်းညိတ်လိုက်၏။ ထို့နောက်တွင် သူ့ပတ်ပတ်လည်တွင် တလက်လက်တောက်ပနေသော နတ်အလင်း ဝန်းရံသွားသည်။ သူ၏ခန္ဓာကိုယ်ကို အခြေပြု၍ နတ်အလင်းသည် တလက်လက်တောက်ပနေသော တောင်များနှင့် မြစ်များ၏ ပုံရိပ်တစ်ခုအဖြစ် ပြောင်းလဲသွား၏။ ၎င်းပုံရိပ်သည် တောက်ပနေပြီး ကိုယ်ပိုင်လောကအသေးလေးတစ်ခုကဲ့သို့ ထင်ရသည်။

ထိုထူးဆန်သောအဖြစ်အပျက်သည် အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ယင်းအရှိန်အဝါသည် ကောင်းကင်နှင့်မြေကြီး၏ အပိုင်းအားလုံးမှ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားကို လောကအသေးလေးအတွင်းသို့ စီးဝင်စေရန် ဆွဲဆောင်လိုက်သည်။ နတ်အလင်းလျှပ်စီးတန်းများ လင်းလက်လာပြီး တိမ်တိုက်များကို ဖြတ်သန်းကာ ကျယ်ပြောသော အာကာပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။

အနက်ကောင်းကင်အရှင်သည် သူ့‌အောက်ကို ငုံ့ကြည့်လိုက်ပြီး သူ၏ဝိညာဉ်စွမ်းအားကို အသုံးပြုကာ ကြောက်မက်ဖွယ် အနက်ရောင်အဖျက်မုန်တိုင်းတစ်ခုကို ကောင်းကင်ထက်တွင် ဖြစ်ပေါ်လာစေလေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကောင်းကင်နှင့်မြေကြီးသည် မည်းမှောင်သွားပြီး ကောင်းကင်သည်လည်း အလယ်မှနေ၍ နှစ်ခြမ်းခွဲခံလိုက်ရသကဲ့သို့ ဖြစ်သွားသည်။ အမှောင်ထုသည် ကောင်းကင်တစ်ခွင် ပြန့်ကားသွားပြီး အနက်ကောင်းကင်အရှင်ကိုလည်း လွှမ်းခြုံသွားကာ ပို၍ပင် ကျယ်ပြန့်လာလေသည်။ အမှောင်ထုအတွင်းမှနေ၍ အဖျက်ဝိညာဉ်စွမ်းအားတန်းတစ်ခု ထွက်ပေါ်လာပြီး အောက်ဘက်ရှိ ကျင့်ကြံသူများကို ကြီးမားသောဖိအားကို ခံစားနေရစေလေသည်။

အနက်ကောင်းကင်အရှင်သည် ပို၍မြင့်သော ကောင်းကင်ထက်သို့ ပျံတက်သွားသည်။ နှစ်ခြမ်းခွဲခံထားရသော ကောင်းကင်သည် သူ့ခေါင်းအထက်တွင် အမြဲတည်ရှိနေသည်။ အဖျက်ဝိညာဉ်စွမ်းအား ထွင်း‌ဖောက်ခံရသော အဝန်းအဝိုင်းသည် ပို၍ ကြီးလားပြီး ၎င်းသည် အရာအားလုံးကို ဝါးမျိုသွားတော့မည်ဟု ခံစားရလေသည်။ အနက်ကောင်းကင်အရှင် ပို၍မြင့်သော ကောင်းကင်ထက်သို့ ပျံတက်သွားရသော အကြောင်းရင်းမှာ တိုက်ပွဲက ပတ်ဝန်းကျင်ကို ရိုက်ခတ်မည်ကို ကာကွယ်လို၍ ဖြစ်နိုင်ပေသည်။

ဖုန်းရူသည်လည်း တိမ်များဆီသို့ ပျံတက်သွားလိုက်သည်။ သူတို့နှစ်ဦးစလုံးသည် အလင်းတန်းနှစ်ခုအဖြစ် ပြောင်းလဲသွားကြသည်။ ပွဲကြည့်ပရိသတ်များသည် ခေါင်းမော့ကာ မြင့်မားသော ကောင်းကင်ထက်သို့ မော့ကြည့်လိုက်ကြပြီး အလွန်ကွဲပြားသော စွမ်းအားအမျိုးအစားနှစ်ခုကို တွေ့လိုက်ကြသည်။ ထိုစွမ်းအားနှစ်ခုလုံ၏ အရှိန်အဝါသည် ကျင့်ကြံသူများစွာ၏ နားလည်နိုင်မှုထက် ကျော်လွန်ပေသည်။

ထို့အပြင် သူတို့သည် မဟာအင်ပါယာအဆင့်လက်နက်များကို အသုံးမပြုဘဲ သူတို့၏ ကိုယ်ပိုင်စွမ်းရည်များကို အသုံးပြု၍ တိုက်ခိုက်နေကြခြင်းဖြစ်သည်။

ဗြုန်း...

လောကအသေးပုံရိပ်အတွင်းမှ နတ်အလင်းများသည် ကောင်းကင်ထက်သို့ ပျံတက်သွားကြပြီး များစွာသော အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြသည်။ အလင်းတန်းများသည် မည်းမှောင်နေသော ကောင်းကင်ကို ဖောက်ထွင်းရန် ကြိုးစားလိုက်သည်။ သို့သော် အနက်ကောင်းကင်အရှင်၏ အကြည့်သည် တစ်ချက်ပင် မတုန်လှုပ်သွားပေ။ သူသည် ခေါင်းငုံ့၍ တစ်ချက်ကြည့်လိုက်၏။ အဖျက်ကပ်ဘေးအလင်း အမြောက်အမြားသည် မည်းမှောင်နေသော လောကအတွင်းသို့ မိုးစက်မိုးပေါက်များကဲ့သို့ ကျဆင်းလာပြီး ပျံတက်လာသည့် နတ်အလင်းတန်းများနှင့် ထိခတ်သွားကြသည်။

ရုတ်ခြည်းပင် အလင်းတန်းများသည် ကောင်းကင်ထက်တွင် ရှင်းလင်းပြတ်သားစွာ ထိခတ်သွားကြသည်။ အလင်းတန်းထိခတ်မှုတိုင်းသည် ကြောက်မက်ဖွယ် အဖျက်စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ထိုစွမ်းအင်သည် ပတ်ဝန်းကျင်ကို ပျံ့နှံ့သွား၏။ အကွာအဝေးသည် ဝေးသော်လည်း အောက်ဘက်မှ ကျင့်ကြံသူများသည် ထိုစွမ်းအင်ကို ခံစားလိုက်ရ၏။ သူတို့တော်တော်များများသည် ရင်ခုန်မြန်သွားကြသည်။

တောင်များနှင့်မြစ်များရှိသည့် လောကအသေးပုံရိပ်သည် ကောင်းကင်နှင့်မြေကြီးမှ မဟာလမ်းစည်ဝိညာဉ်စွမ်းအားကို အပြင်းအထန်စုပ်ယူနေသည်။ ဖုန်းရူသည် လက်ဆန့်ထုတ်လိုက်ပြီး သူ၏လက်ညှိုးဖြင့် ညွှန်လိုက်သည်။ ချက်ချင်းပင် လက်ညှိုးထိပ်တွင် လွန်စွာတောက်ပသော နတ်အလင်းထွက်ပေါ်လာ၏။

“ချိန်ခွင်းလက်ချောင်း...”

အောက်မှလူများသည် ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်ပြီး ဖုန်းရူသည် ချိန်ခွင်းလက်ချောင်းကို ကောင်းကင်သို့ ချိန်ရွယ်ထားသည်ကို တွေ့လိုက်ရ၏။ လောကအသေးပုံရိပ်အတွင်းမှနေ၍ မယုံနိုင်လောက်အောင် တောက်ပသော နတ်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ဟင်းလင်းပြင်ကို ဖောက်ထွင်းသွားကာ တစ်ဘက်သို့ ဦးတည်သွားသည်။

တစ်ပြိုင်တည်းမှာပင် အနက်ကောင်းကင်အရှင်အထက်ရှိ မည်းမှောင်‌နေသော အဖျက်လောကသည် အနက်ရောင်နတ်ဓားတစ်ချောင်းကို ထုတ်လွှတ်လိုက်သည်။ ဓား၏အနောက်ဘက်တွင် ကြောက်မက်ဖွယ် အနက်ရောင်ဝဲကတော့ကြီးတစ်ခု ရှိပေသည်။ ထိုနေရာရှိ ကောင်းကင်ပြင်သည် ဆွဲဖြဲပစ်ခံနေရကဲ့သို့ ထင်ရ၏။

‘ပြိုင်စံရှားနတ်ဓား...’

ဓားဧကရာဇ်အရှင်သည် သူ့ဘာသာ တွေးတောလိုက်သည်။ ထိုဓားနှင့် သူ၏ ဧကရာဇ်ဓား ပြိုင်လျှင် မည်သို့ဖြစ်မည်နည်းဟု သူတွေးတောနေသည်။

ပြိုင်စံရှားနတ်ဓားသည် မဟာလမ်းစဉ်၏ အထွတ်အထိပ်ဖြစ်ပြီး ပြိုင်စံရှားအနက်ရောင်နတ်ဓားဟုလည်း ခေါ်ပေသည်။ ၎င်းတွင် တိုင်းတာ၍မရနိုင်သော အဖျက်စွမ်းအားများ ပါဝင်၏။ သူ၏ ဧကရာဇ်ဓားသည်လည်း ထို့အတူပင် ဖြစ်သည်။

မဟာလမ်းစဉ်အတွင်း၌ ၎င်းနှင့် ယှဉ်ပြိုင်နိုင်မည့် အားမရှိလောက်ပေ။ ၎င်းသည် ကမ္ဘာဖျက်နတ်ဓားတစ်လက်ဟုပင် ထင်ရသည်။

ပြိုင်စံရှားနတ်ဓားနှင့် ချန်ခွင်းလက်ချောင်းသည် ကောင်းကင်ထက်တွင် ထိပ်တိုက် ထိခတ်သွားသည်။ ထိုအခိုက်တွင် အဖျက်မုန်တိုင်း ထွက်ပေါ်လာပြီး မြင့်မားသော ကောင်းကင်ထက်ရှိ မဟာလမ်းစဉ်စွမ်းအား အားလုံးကို ဖျက်ဆီးသွား၏။ ထိုနေရာသည် ပျောက်ကွယ်လုဆဲဆဲ ဖြစ်နေသည်ဟု ထင်ရပြီး အဖျက်မုန်တိုင်းသည် အောက်ဘက်သို့ပါ ဆင်းသက်လာသည်။ ထို့ကြောင့် ကျင့်ကြံသူအားလုံးသည် နတ်အလင်းများ ထုတ်လွှတ်လိုက်ကြသည်။

မုန်တိုင်းသည် အားနည်းသော ကျင့်ကြံသူများကို လွင့်သွားစေပြီး ကောင်းကင်လှေကားအောက်ဘက်ရှိ နေရာကို လုံးဝတစ်ပြေးညီဖြစ်သွားစေ၏။ ထိုမုန်တိုင်းသည် လွန်စွာ ကြောက်မက်ဖွယ် ကောင်းပေသည်။

အကယ်၍ သူတို့နှစ်ဦးသာ နိမ့်သော ကောင်းကင်တွင် တိုက်ခိုက်ခဲ့ကြပါက ပျက်စီးမှုပမာဏသည် မည်မျှ ကြီးမားသွားမည်ကို တွေးကြည့်နိုင်လေသည်။

ဝုန်း...

‌နောက်ထပ် မွန်းကျပ်ဖွယ် မုန်တိုင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်ထက်မှနေ၍ ပို၍ပင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာလေသည်။ ထိုအမှောင်အရှိန်အဝါထက်တွင် မရေမတွက်နိုင်အောင် များပြားသော ပြိုင်စံရှားနတ်ဓားများ ထွက်ပေါ်လာပြီး ၎င်းတို့အားလုံးသည် အောက်ဘက်သို့ တစ်ချိန်တည်း ကျဆင်းသွားကြသည်။ ဖုန်းရူသည် တုန်လှုပ်သွားပြီး လက်နှစ်ဘက်လုံးကို ဆန့်တန်းကာ ချိန်ခွင်းလက်ချောင်းကို ဟင်းလင်းပြင်အထက်သို့ အသည်းအသန် ညွှန်လိုက်သည်။

နိမ့်သော ကောင်းကင်တွင် ကျင့်ကြံသူအားလုံးသည် အဖျက်မုန်တိုင်းအတွင်း၌ ရှိနေသည်ပင် အထက်ကောင်းကင်ရှိ တိုက်ပွဲကို ဆက်၍ မော့ကြည့်နေကြသည်။ ဖုန်းရူပေါ်ရှိ လောကပုံရိပ်သည် ပိတ်သွားပုံပေါ်၏။ သို့သော် ပြိုင်စံရှားနတ်ဓားများသည် ဆက်၍တိုက်ခိုက်လိုက်ပြီး လောကအသေးလေးကို ပြိုပျက်သွားစေ၏။ ဖုန်းရူသည် ဟင်းလင်းပြင်ထဲမှ ပြုတ်ကျလာသည်။ ပြိုင်စံရှားအနက်ရောင်နတ်ဓားသည် တိုက်ခိုက်မှုကို မရပ်တန့်သေးပေ။ နောက်ဆုံးတွင် လောကပုံရိပ်၏ အတွင်းမျက်နှာပြင်တွင် အက်ကြောင်းများစွာ ထွက်ပေါ်လာကာ ကြောက်မက်ဖွယ်အသံတစ်သံနှင့်အတူ အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်။ ဖုန်းရူသည် တစ်ချက် ညည်းတွားလိုက်ပြီး သူ့ခန္ဓာကိုယ်သည် နိမ့်သော ကောင်းကင်သို့ လွင့်သွားသည်။

“ကောင်းကင်ဒေသရဲ့ အသန်မာဆုံးကျင့်ကြံသူတွေထဲက တစ်ယောက်ဖြစ်တဲ့ ဖုန်းရူ ရှုံးသွားပြီ”

လူစုလူဝေးကြီးသည် ရင်ခုန်မြန်သွားသည်။ ဖုန်းရူ၏ခန္ဓာကိုယ်သည် မြေပေါ်သို့ ပြုတ်ကျလာသည်။ သူ့ပါးစပ်စွန်းမှနေ၍ သွေးများ စီးကျလာ၏။ သူ့အထက်ရှိ အနက်ကောင်းကင်အရှင်သည် တိုက်ခိုက်မှုကို ရပ်တန့်လိုက်သည်။ သို့သော် အနက်ရောင် အဖျက်မုန်တိုင်းသည် ဆက်၍ ရှိနေသေးပြီး လေထဲတွင်လည်း ဓားများ အမြောက်အမြား ရှိနေပေသေးသည်။ ၎င်းတို့သည် အမိန့်ပေးလိုက်သည်နှင့် တိုက်ခိုက်ရန် ပြင်ဆင်ထားပုံပင်။

ထိုတိုက်ပွဲသည် မျှတသောတိုက်ပွဲမဟုတ်ကြောင်း ကျင့်ကြံသူများ မြင်နိုင်ပေသည်။ ရှုံးသွားသောကိစ္စတွင်လည်း ဆွေးနွေးစရာမရှိပေ။ ဖုန်းရူသည် ဤထိပ်တိုက်,တိုက်ခိုက်မှုတွင် အရေးနိမ့်ခဲ့သည်။ အနက်ကောင်းကင်အရှင်၏စွမ်းအားနှင့် သူ့စွမ်းအားအကြားတွင် ကြီးမားသောကွာခြားမှု ရှိပေသည်။

ရီဖူရှင်းမှာလည်း ထိုတိုက်ပွဲကို ကြည့်ပြီးသွားသောအခါ စိတ်လှုပ်ရှားသွားသည်။ သူသည် ယခင်က ဖုန်းရူနှင့် တိုက်ခိုက်ခဲ့ဖူးသည်။ သူသည် နတ်ဘုရားတစ်ဝက်စာရင်း ဝင်သော ဖုန်းရူနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်းတွင် အရှင်စီဝေ့၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သည်။

ထိုအချိန်က ဖုန်းရူသည် ပြိုင်ဘက်ကင်းဟုပင် ပြောနိုင်သည်။ သို့သော် ဤနေရာတွင် သူသည် အရေးနိမ့်ခဲ့ပြီး အလွယ်တကူ ရှုံးနိမ့်သွားသည်။

“ပြိုင်စံရှားနတ်ဓားအတတ်က နာမည်နဲ့ ထိုက်တန်ပါတယ်... ကျုပ် ဖုန်းရူ ခေါင်းငုံ့ အရှုံး‌ပေးပါတယ်”

ဖုန်းရူသည် ဟင်းလင်းပြင်ထဲရှိ အနက်ကောင်းကင်အရှင်ကို ပြောလိုက်၏။ သူသည် ရှုံးနိမ့်ခဲ့ပေပြီ။ လူတစ်ယောက်သည် ရှုံးနိမ့်ချိန်တွင် အရှုံးကို ဝန်ခံသင့်ပေသည်။

အနက်ကောင်းကင်အရှင်သည် မည်သို့မှ ပြန်မပြောလိုက်ပေ။ သူ၏နက်မှောင်နေသော မျက်လုံးများသည် ကောင်းကင်အောက်ရှိ ကျင့်ကြံသူများကို ဝေ့ဝဲကြည့်သည်။

ကောင်းကင်နန်းတော်ဟောင်းသည် ကောင်းကင်ဘုံနှင့်သာ သက်ဆိုင်ပေသည်။ မည်သူမှ ထိုနန်းတော်အပေါ် လက်ချောင်းတစ်ချောင်းပင် မတင်စေရပေ။

ကောင်းကင်ဘုံမှ သန်မာသူများသည် ကောင်းကင်လှေကားပေါ်တွင် ရပ်နေကြပြီး အလွန်တိတ်ဆိတ်နေကြကာ ထိုတိုက်ပွဲကို အနိုင်ရသွားသဖြင့် ပျော်ရွှင်သည့် အရိပ်အယောင်တစ်ခုပင် မပြပေ။ သူတို့၏တည်ငြိမ်မှုသည် အနည်းငယ် ထိတ်လန့်ဖွယ်ပင် ကောင်းလေသည်။

ကောင်းကင်ဘုံသည် ထိုနှစ်များအတွင်းတွင် သိုသိုသိပ်သိပ် နေခဲ့ပြီး ကိစ္စများကို တိတ်တဆိတ် တောင့်ခံခဲ့ကြသည်။ သို့သော် နတ်ဘုရားအမွေအနှစ်များ ထွက်ပေါ်လာခြင်းသည် သူတို့ လောကထဲသို့ ထွက်လာပြီး သူတို့ပိုင်သောအရာကို ယူရတော့မည့် အချိန်ကျပြီဆိုသော အဓိပ္ပာယ်ပင်။

ယနေ့တွင် လောကကြီးသည် ကောင်းကင်ဘုံ၏ စွမ်းအားအစစ်အမှန်ကို ထိပ်မံ မြင်တွေ့ခဲ့ရလေသည်။

လွန်ခဲ့သော နှစ်ပေါင်းများစွာက ကောင်းကင်အင်ပါယာသည် ကောင်းကင်ဘုံကို အုပ်စိုးခဲ့ပြီး မည်သူမှ သူတို့နှင့် မယှဉ်ဝံ့ခဲ့ကြပေ။

ထိုတိုက်ပွဲသည် ကျင့်ကြံသူများကို ကောင်းကင်ဘုံ၏ စွမ်းအားကို မျက်ဝါးထင်ထင် မြင်တွေ့သွားစေပြီး ကောင်းကင်ဘုံကို လောကထဲမှ သူတို့၏နေရာကို ပြန်ရယူစေနိုင်ခဲ့လေသည်။ ယခုမှစ၍ မည်သူမှ ကောင်းကင်ဘုံကို လျှော့တွက်ဝံ့တော့မည်မဟုတ်ပေ။

မည်သူသည် ကောင်းကင်ဘုံ၏ ကိုယ်ရံတော်အရှင်များဖြစ်သော အဖြူနှင့်အနက်ကောင်းကင်အရှင်များနှင့် ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်ကို ယှဉ်မည်နည်း။

လူများစွာသည် ဒွန်ဟောင်တိယွမ်ဘက်သို့ ကြည့်လိုက်ကြသည်။ ဒွန်ဟောင်အင်ပါယာနန်းတော်တွင် ဖုန်းယူသည် အသန်မာဆုံးမဟုတ်ပေ။

သို့သော် ဒွန်ဟောင်တိယွမ်ဘက်မှ သန်မာသူများ ရှေ့ထွက်မလာနိုင်ခင်မှာပင် ကျင့်ကြံသူတစ်ဦးသည် အခြားဘက်ရှိ လူအုပ်အတွင်းမှနေ၍ အရှေ့သို့ ထွက်လာသည်။

ကျင့်ကြံသူများသည် ရှေ့ထွက်လာသော သူ့ကို ကြည့်လိုက်ကြပြီး ရုတ်ခြည်း အံ့အားသင့်သွားကြသည်။

သူသည် လူသားဘိုးဘေး၏ အကြီးဆုံးတပည့် ဖြစ်သည့် လူသားဘုံမှ တိဟောက်ဖြစ်လေသည်။

လူသားဘုံတွင် တိဟောက်ကို မသိသူ တစ်ဦးမှ မရှိပေ။ သူသည် ထူးကဲစွာမွေးဖွားလာသူဖြစ်ပြီး ရှေးဟောင်းနတ်ကလန်တစ်ခုတွင် မွေးဖွားခဲ့သူဖြစ်သည်။ သူသည် လွန်စွာစွမ်းအားကြီးသော အင်ပါယာတစ်ပါး၏ မျိုးဆက်ဖြစ်ပြီး လူသားဘုံ၏ ပထမတပည့်ဖြစ်သည်။ သူသည် နတ်ဘုရားတစ်ဝက်စာရင်းဝင်သော လူတစ်ယောက်ဖြစ်သဖြင့် လူများသည် သူမည်မျှစွမ်းအားကြီးမည်ကို သိလိုနေကြသည်။

တိဟောက် ရှေ့သို့ ထွက်လာခြင်းသည် အနက်ကောင်းကင်အရှင်နှင့် ယှဉ်ပြိုင်မည့် အဓိပ္ပာယ်လော။

“ကောင်းကင်အရှင်က နာမည်နဲ့ လိုက်ဖက်ပါပေတယ်... ပြီးတော့ ကောင်းကင်ဘုံရဲ့ ကိုယ်ရံတော်အရှင်ဖြစ်ဖို့ ထိုက်တန်တယ်။ ကျုပ် တိဟောက် ကောင်းကင်အရှင်ရဲ့ အင်အားကို ကိုယ်တိုင်စမ်းကြည့်ဖို့ အခွင့်အရေးတစ်ခု ရချင်ပါတယ်”

တိဟောက်သည် ဟင်းလင်းပြင်ထဲရှိ အနက်ကောင်းကင်အရှင်ကို မော့ကြည့်သည်။

“ကျေးဇူးပြုပြီး ကျုပ်ကို အခွင့်အရေးပါ”

All Chapters