ထူးချွန်ပြောင်မြောက်သူများ
Vol. 189 Ch. 2700
အနက်ကောင်းကင်အရှင်၏ ပတ်ပတ်လည်တွင် အဖျက်အရှိန်အဝါသည် ပျောက်ကွယ်မသွားသေးပေ။ ထို့အပြင် အနက်ရောင်မုန်တိုင်းသည်လည်း ကောင်းကင်ကို လွှမ်းခြုံထားဆဲဖြစ်သည်။ အဖျက်ဝိညာဉ်စွမ်းအား လည်ပတ်နေပြီး ပြိုင်စံရှားနတ်ဓားများသည် လှည့်ပတ်ယိမ်းထိုးနေကြသည်။ လေထုသည်ပင် အဖျက်အနက်ရောင်ဓားတစ်ခုကဲ့သို့ ခံစားနေရပြီး မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ခဲ့ပြီးသူများပင် ထိုဓားများဖြင့် ထိသွားလျှင် ပြာဖြစ်သွားတော့မလို ထင်ရသည်။
အနက်ကောင်းကင်အရှင်ကဲ့သို့ နတ်ဘုရားတစ်ဝက်များအတွက် သူတို့ အသုံးပြုသော လမ်းစဉ်သည် မဟာလမ်းစဉ်အတွင်းရှိ အမှီအခိုကင်းစွမ်းအားဖြစ်ပြီး သူတို့နှင့်သာ သက်ဆိုင်လေသည်။
သို့သော် တိဟောက်သည် အနည်းငယ် ကြောက်ရွံ့ဟန်မပြပေ။ သူ့ခန္ဓာကိုယ်ကို နတ်အလင်းက လှည့်ပတ်နေပြီး သူသည် တိမ်တိုက်များဆီသို့ ပျံတက်သွားကြသည်။ သူသည် မြင့်မားသော ကောင်းကင်ထက်သို့ ရောက်ရှိသွားပြီး အနက်ကောင်းကင်အရှင်နှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူသည် ကြောက်မက်ဖွယ် အရှိန်အဝါသည် ခံစားနေရ၏။ သူသည် သူ၏ဝိညာဉ်စွမ်းအားကို အသုံးပြုလိုက်ရာ သူ့ပတ်ပတ်လည်တွင် လွန်စွာတောက်ပေသော မြင်ကွင်းတစ်ခု ရုတ်ခြည်းထွက်ပေါ်လာလေသည်။ ၎င်းသည် လောကအသေးတစ်ခုဖြစ်ပြီး တောက်ပစွာလင်းလက်နေသည်။
များစွာသော နတ်အလင်းများသည် သူ့ဦးခေါင်းအထက်ရှိ တိမ်တိုက်များကို ထွင်းဖောက်သွားပြီး ထိုနေရာမှနေ၍ အရောင်အသွေးစုံသော နေအလင်းတန်းများ ကျဆင်းလာပြီး ထူးဆန်းသော မြင်ကွင်းတစ်ခုကို ထင်ထင်ရှားရှား ပေါ်လာစေသည်။ ထိုထူးဆန်းသောမြင်ကွင်းထဲတွင် နတ်ဘုရားတစ်ပါး၏ ဧရာမပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာ၏။ သို့သော် ထိုနတ်ဘုရားသည် လူသားကဲ့သို့ အရှိန်အဝါတစ်ခုရှိပြီး လူသားလောကမှ လာခဲ့သည်ဟုပင် ထင်ရသည်။
“လူသားနတ်ဘုရား...”
လူစုလူဝေးကြီးသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရင်ခုန်သွားကြသည်။ ထူးဆန်းသော မြင်ကွင်းသည် လူသားနတ်ဘုရားဖြစ်ပေသည်။ လူသားဘုံတွင် မှတ်ကျောက်တင်စရာအကောင်းဆုံး စွမ်းရည်သည် လူသားနတ်ဘုရားကို ဆင့်ခေါ်နိုင်သည့် စွမ်းရည်ဖြစ်သည်။
တိဟောက်သည် သူ၏လက်များဖြင့် ချိပ်စည်းတစ်ခုကို ဖန်တီးလိုက်ပြီး မဟာလမ်းစဉ်နတ်အလင်းများသည် သူ့ကို ဝန်းရံသွားသည်။ သူ၏အရှိန်အဝါသည် အနက်ကောင်းကင်အရှင်၏အရှိန်အဝါထက် မနိမ့်ပေ။ သူသည် သူ၏စွမ်းအားများကို သက်သေပြနေသည်။ သူသည် လူသားဘုံ၏ ပြယုဂ်ဖြစ်သော ဘိုးဘေး၏ အကြီးဆုံးတပည့်ဖြစ်ကာ လူသားဘုံ၏ ပထမတပည့်ဟု သတ်မှတ်ခံရသူပင် မဟုတ်ပါလား။ သူသည် အလွန်စွမ်းအားကြီးမည်ဖြစ်ကြောင်းကို တွေးကြည့်နိုင်ပေသည်။
ထိုထူးဆန်းသောမြင်ကွင်းတစ်ခုတည်းဖြင့် အကဲဖြတ်ရလျှင်ပင် သူ၏စွမ်းအားများသည် ဖုန်းရူထက် သာမည်ဖြစ်သည်ဟု အကဲဖြတ်နိုင်ပေသည်။
အနက်ကောင်းကင်အရှင်သည် တိဟောက်ကို ကြည့်လိုက်ပြီး သူ့ထံမှနေ၍ အန္တရာယ်အငွေ့အသက်တစ်ခုကို အာရုံခံမိသည်။ တိဟောက်သည် သူ့နီးနီး သန်မာနိုင်ချေ ရှိ၏။
ကြောက်မက်ဖွယ် အနက်ရောင်မုန်တိုင်းကြီးသည် ကောင်းကင်ကို လွှမ်းခြုံသွားပြီး တိဟောက်၏ အထက်ဘက်သို့ ဦးတည်သွားနေလေသည်။ တိဟောက်ပတ်ပတ်လည်မှ နတ်အလင်းသည် အတောက်ပဆုံးအနေအထားသို့ ရောက်သွား၏။ ထူးဆန်းသော မြင်ကွင်းသည် သူ့အထက်ရှိ ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားပြီး အရောင်ကွဲပြားသော နတ်အလင်းတန်းနှစ်ခုသည် ကောင်းကင်ထက်တွင် ထိခတ်သွားသည်။ ကောင်းကင်အလယ်တွင် ရှင်းလင်းထင်ရှားသော တိုက်ပွဲမျဉ်းတစ်ကြောင်းကို ဆွဲလိုက်သကဲ့သို့ပင်။
အနက်ကောင်းကင်အရှင်သည် လက်ချောင်တစ်ချောင်းကို ဆန့်ထုတ်လိုက်၏။ ရုတ်ခြည်းပင် ပြိုင်စံရှားအနက်ရောင်နတ်ဓားသည် ဟင်းလင်းပြင်ကို ဖြတ်သန်းကာ တိဟောက်ထံသို့ ပျံဝင်သွားသည်။
တိဟောက်၏မျက်ဝန်းများ လက်ခနဲဖြစ်သွား၏။ သူသည် သူ၏လက်များနှင့် နောက်ထပ် နတ်ချိပ်စည်းတစ်ခုကို ဖန်တီးလိုက်သည်။ ရုတ်ခြည်းပင် လူသားနတ်ဘုရားအတွင်းမှနေ၍ တောက်ပသော နတ်အလင်းတစ်ခု ထွက်ပေါ်လာကာ ကောင်းကင်အထက်တွင် အက်ကြောင်းတစ်ခု ပေါ်လာ၏။ ကောင်းကင်ထက်မှနေ၍ မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများ ကျဆင်းလာ၏။ ၎င်းတို့သည် လူသားနတ်ဘုရား၏ အမိန့်အရ ဖန်တီးထားသော လူသားမျိုးနွယ်၏ဓားများ ကဲ့သို့ပင်။
မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများနှင့် ပြိုင်စံရှားအနက်ရောင်နတ်ဓားတို့ ထိတိုက်သွားကြပြီး ဟင်းလင်းပြင်ထဲတွင် အဖျက်မုန်တိုင်းနှစ်ခု ပေါင်းစည်းသွားသည်။ တိဟောက်၏လူသားမျိုးနွယ်ဓားသည် ဖုန်းရူ အနက်ကောင်းကင်အရှင်နှင့် တိုက်ခိုက်ခဲ့စဉ်ကလို အရေးမနိမ့်သွားခဲ့ပေ။ နှစ်ဘက်စလုံးသည် အင်အားအရာတွင် လက်ရည်တူပုံပင်။
အောက်ဘက် ကောင်းကင်မှ ကြည့်နေသူများသည် အရောင်ကွဲသော ဓားနှစ်လက် တစ်လက်နှင့်တစ်လက် အပြင်းအထန် ထိခတ်နေကြပြီး အဖျက်ဓားမြစ်တစ်စင်း ဖြစ်ပေါ်လာစေနေသည်မှ လွဲ၍ အခြားအရာများကို မမြင်ရပေ။
အနက်ကောင်းကင်အရှင်သည် သူ၏လက်များကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်အောင် ရုတ်ခြည်းပင် များပြားသော ပြိုင်စံရှားနတ်ဓားများသည် ကြောက်မက်ဖွယ်မုန်တိုင်းကြီးကဲ့သို့ ပေါင်းစုသွားကြသည်။ ၎င်းတို့သည် ဧရာမအနက်ရောင်နတ်ဓားကြီးတစ်ချောင်းအဖြစ် ပေါင်းစည်းသွားသည်။ သူသည် တိဟောက်ကို ညွှန်ပြလိုက်သောအခါ ဧရာမ အနက်ရောင်ဓားကြီးသည် ကောင်းကင်ထက်မှ ကျဆင်းလာပြီး ဓားမြစ်ကို ဖြတ်သန်း၍ တိဟောက်ထံသို့ ဦးတည်ပျံဝင်သွားသည်။ ၎င်းသည် ၎င်းနှင့် ထိတွေ့သောအရာအားလုံးကို ပြာအဖြစ် ပြောင်းလဲပစ်လိုက်သည်။
တိဟောက်၏ ခန္ဓာကိုယ်သည် လူသားနတ်ဘုရားနှင့် တစ်သားတည်း ပေါင်းစည်းသွားသည်။ သူသည် နတ်ဘုရားတစ်ပါး ဖြစ်လာသကဲ့သို့ပင် ထင်ရ၏။ လူသားနတ်ဘုရား၏ခန္ဓာကိုယ်ပေါ်တွင် နတ်အလင်းတစ်ခု တောက်ပလာ၏။ ကောင်းကင်နှင့်မြေကြီးသည် တစ်သားတည်းဖြစ်ပြီး တိဟောက်ကိုယ်တိုင်သည် လမ်းစဉ်ဖြစ်ကာ လူသားမျိုးနွယ်လမ်းစဉ်ကို ထိန်းချုပ်နိုင်စွမ်း ရှိလေသည်။ သူသည် သူ၏လက်ဖဝါးများကို အထက်သို့ မြှောက်လိုက်ပြီး လူသားမျိုးနွယ်ချိပ်စည်းကို ထုတ်လွှတ်လိုက်သည်။ ၎င်းသည် အလွန်ကြီးမားပြီး အနက်ရောင်နတ်ဓားနှင့် ရိုက်ခတ်သွားသည်။
နတ်ချိပ်စည်းပေါ်ရှိ များစွာသော သင်္ကေတများသည် စတင်တောက်ပလာကြသည်။ အနက်ရောင်အဖျက်နတ်ဓားမှ ထွက်ပေါ်နေသော သတ်ဖြတ်လိုသည့်အရှိန်အဝါသည် အရာအားလုံးကို ဖျက်ဆီးသွားပြီး နတ်ချိပ်စည်းကို ဆက်၍ ဖျက်ဆီးနေသည်။ သို့သော် ၎င်း၏စွမ်းအားသည်လည်း ကျဆင်းလာပေသည်။
ဝုန်း...
နတ်ချိပ်စည်းသည် ကျယ်လောင်သောအသံတစ်သံနှင့်အတူ အမှုန့်ဖြစ်သွားပြီး အနက်ရောင်ဓားသည်လည်း ပျောက်ကွယ်သွားသည်။
“တိဟောက်က တော်တော်လေး သန်မာလာတာပဲ”
ဓားဧကရာဇ်အရှင်သည် အံ့ဩတကြီး ရေရွတ်လိုက်သည်။ သူသည် ထိုနှစ်ဦးစလုံးကို ကောင်းကောင်း ယှဉ်တိုက်နိုင်မည်မဟုတ်ပေ။ သူ ဓားဧကရာဇ်အရှင်သည် ရှုံးပင်ရှုံးသွားနိုင်သည်။
ရီဖူရှင်းမှာလည်း ဖြစ်ပေါ်နေသော တိုက်ပွဲကို လေ့လာနေသည်။ တိုက်ပွဲအတွင်းတွင် တိုက်ကွက်များစွာ မသုံးရသေးသော်လည်း တိုက်ကွက်တစ်ခုသည်ပင် ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးရန်လုံလောက်သော စွမ်းအားပါဝင်လေသည်။ ထိုတိုက်ပွဲသည် ကြောက်မက်ဖွယ်ကောင်းသည်ဆိုသည်ထက် ပိုပေသည်။
“အဲဒါက ဘာအတတ်လဲ”
ရီဖူရှင်းသည် တိဟောက်ဘက်သို့ကြည့်ကာ ဓားဧကရာဇ်အရှင်ကို မေးလိုက်သည်။ လူသားနတ်ဘုရားသည် အံ့အားသင့်ဖွယ်ကောင်းလှသည်။
“လူသားနတ်ဘုရား...”
ဓားဧကရာဇ်အရှင်က ပြန်ဖြေလိုက်သည်။
“အဲဒါက ဘိုးဘေး ဖန်တီးထားတဲ့ အတုမဲ့ မဟာစွမ်းအားပဲ။ အသန်မာဆုံး ကျင့်ကြံသူတွေပဲ အဲဒီအတတ်ကို ကျွမ်းကျင်တတ်မြောက်နိုင်တယ်... ပြီးရင် သူတို့က လူသားမျိုးနွယ်ရဲ့ မဟာလမ်းစဉ်နဲ့ တစ်သားတည်းဖြစ်သွားပြီး လူသားနတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားမှာ.. သူတို့က နတ်ဘုရားတစ်ပါးကို ဆင့်ခေါ်လိုက်သလိုပဲ၊ ပြီးတော့ အဲဒီနောက်ပိုင်းက တိုက်ခိုက်မှုတိုင်းမှာ နတ်ဘုရားစွမ်းအား ပါနေလိမ့်မယ်။ လူသားဘုံက ကျင့်ကြံသူတွေက အဲဒါကို လူသားမျိုးနွယ်လမ်းစဉ်လို့ အမည်ပေးခဲ့တယ်... လူသားမျိုးနွယ်အကြားက စွမ်းအားအကြီးဆုံး မဟာစွမ်းအားလို့ ဆိုလိုတာပဲ”
ရီဖူရှင်းသည် နားလည်သွားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။
“အဖြူကောင်းကင်အရှင်က အနက်ကောင်းကင်အရှင်ထက် ပိုပြီးစွမ်းအားကြီးတာလား”
သူတို့နှစ်ဦးထဲတွင် အနက်ကောင်းကင်အရှင်သည် တိုက်ခိုက်ရန် အရင်ဆုံးထွက်လာခဲ့သည်။ အဖြူကောင်းကင်အရှင်သည် ယခုအထိ ရှေ့ထွက်မလာသေးပေ။ ထို့ကြောင့် အဖြူကောင်းကင်အရှင်သည် အနက်ကောင်းကင်အရှင်ထက် ပို၍သန်မာလိမ့်မည်ဟု ရီဖူရှင်း ခံစားမိနေလေသည်။
“အင်း...”
ဓားဧကရာဇ်အရှင်က ခေါင်းညိတ်လျှက် ပြောလိုက်၏။
“ဒဏ္ဍာရီတွေက ပြောကြတာတော့ အရင်တုန်းက သူတို့နှစ်ယောက်စလုံးက လောကကြီးရဲ့ အဆုံးမှာ တည်ရှိတဲ့ အဆုံးမဲ့ပင်လယ်ကို ရောက်ခဲ့ဖူးတယ်တဲ့။ သူတို့က အဲဒီမှာ ပြိုင်စံရှားလမ်းစဉ်ကို ကျင့်ကြံခဲ့တာပဲ။ အဖြူကောင်းကင်အရှင်က ပြိုင်စံရှားလမ်းစဉ်ထဲက ‘ ဖန်ဆင်းခြင်း ’လမ်းစဉ်ကို ကျင့်ကြံခဲ့ပြီးတော့ အနက်ကောင်းကင်အရှင်က ‘ ဖျက်ဆီးခြင်း ’လမ်းစဉ်ကို ကျင့်ကြံခဲ့တယ်။ ‘ ဖန်ဆင်းခြင်း ’က ‘ ဖျက်ဆီးခြင်း ’ထက်ပိုပြီး စွမ်းအားကြီးတယ်လို့ ပြောလို့မရပေမယ့် အဖြူကောင်းကင်အရှင်ရဲ့ စွမ်းအားကတော့ အနက်ကောင်းကင်အရှင်ရဲ့စွမ်းအားအထက်မှာ ရှိတယ်”
ရီဖူရှင်းသည် ဓားဧကရာဇ်အရှင် ပြောသောစကားများကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ယခုတွင် သူတို့လို အသန်မာဆုံးသူများသာ တိုက်ပွဲရလဒ်ကို ပြောင်းလဲနိုင်ပေလိမ့်မည်။
ကပ်ဘေးများကို ဖြတ်ကျော်ပြီးသူများပင် ထိုသို့ မလုပ်နိုင်ချေ။ အခြေအနေသည် အင်ပါယာအဆင့်နီပါး ရှိသူများ တစ်ဦးနှင့်တစ်ဦး တိုက်ရိုက်တိုက်ခိုက်နေသည့် အခြေအနေသို့ ရောက်နေပြီမဟုတ်ပါလား။
“ဒါပေမဲ့ ဒွန်ဟောင်တိယွမ်ရဲ့နောက်မှာ ရပ်နေတဲ့သူကလည်း စိတ်ဝင်စားစရာပဲ... ဖုန်းရူထက်တောင် ပိုပြီးစိတ်ဝင်စားစရာကောင်းသေးတယ်”
ဓားဧကရာဇ်အရှင်က စတင်ရှင်းပြလိုက်၏။
“သူက ‘နံပါတ်တစ်’ဆိုတဲ့ ဂုဏ်ပုဒ် ချီးမြှင့်ခံထားရတဲ့သူပဲ... အရှင်ဒွန်ဟောင်ပြီးရင် သူပဲလို့ လူတွေက ပြောကြတယ်။ သူက အတော်လေး ထူးချွန်တယ်”
သူသည် ဒွန်ဟောင်တိယွမ်အနောက်တွင် ရပ်နေသော ကျင့်ကြံသူကို လှမ်းကြည့်သည်။
ရီဖူရှင်းမှာလည်း လိုက်ကြည့်လိုက်ရာ ထိုကျင့်ကြံသူသည် အသက်အရွယ်ကြီးရင့်သူတစ်ဦးဖြစ်ကြောင်း တွေ့လိုက်ရ၏။ သူသည် တိုက်ပွဲကို တိတ်တဆိတ်ကြည့်နေပြီး မျက်နှာထားသည် တည်ငြိမ်နေသည်။ သူသည် သူ့ရှေ့တွင် ဖြစ်ပျက်နေသည့်အရာများကြောင့် စိတ်ထဲတွင် မည်သို့မှ မခံစားနေရသကဲ့သို့ပင် ထင်ရသည်။
ရီဖူရှင်းသည် သူ့ကို ယခုမှ ပထမဆုံးအကြိမ်တွေ့ဖူးခြင်း ဖြစ်သည်။ သူသည် ဒွန်ဟောင်အင်ပါယာနန်းတော်၏ နောက်ဆုံးဝှက်ဖဲတစ်ချပ် ဖြစ်နိုင်သည်။
သူသည် တိုက်ပွဲထဲတွင် ဝင်ပါမည်လော။
သို့ဆိုလျှင် ကောင်းကင်ဘုံဘက်မှ အဖြူကောင်းကင်အရှင်လည်း တိုက်ပွဲထဲ ဝင်ပါလာနိုင်သည်။ ထိုအဆင့် တိုက်ပွဲတစ်ပွဲသည် မည်သို့ဖြစ်မည်ကို သူတွေးမိနေသည်။
သို့သော် ရီဖူရှင်း သူတိုက်ပွဲဝင်သည်ကို တွေ့ရရန် အခွင့်အရေးတစ်ခု မရသေးခင်မှာပင် တစ်စုံတစ်ယောက်သည် ဒွန်ဟောင်အင်ပါယာနန်းတော်ဘက်မှ ရှေ့သို့ထွက်သွားသည်ကို အံ့အားသင့်ဖွယ် တွေ့လိုက်ရ၏။
ထိုသူမှာ ဒွန်ဟောင်တိယွမ် ကိုယ်တိုင်ပင် ဖြစ်လေသည်။
ရီဖူရှင်းသာမက ထိုနေရာရှိလူအားလုံးသည် ဒွန်ဟောင်တိယွမ်ကြောင့် အံ့အားသင့်သွားကြသည်။ သူမသည် ကိုယ်တိုင် တိုက်ခိုက်ရန် ကြံရွယ်နေခြင်းလော။
ယခင်က အရှင်ဒွန်ဟောင်၏ သမီးတော် တိုက်ခိုက်သည်ကို မြင်ခဲ့ဖူးသူ သိပ်မရှိပေ။ ရီဖူရှင်းသည်ပင် နတ်ဆိုးလောကထဲတွင် သူမနှင့် တစ်ကြိမ်သာ တိုက်ခိုက်ခဲ့ဖူးလေသည်။
ယနေ့တွင် သူတို့သည် သူမ တိုက်ပွဲဝင်သည်ကို တွေ့နိုင်ကောင်း တွေ့နိုင်ပေလိမ့်မည်။
ဒွန်ဟောင်တိယွမ်သည် ရှေ့ထွက်လာပြီးနောက်တွင် ကောင်းကင်လှေကားပေါ်ရှိ တစ်စုံတစ်ယောက်ကို မော့ကြည့်သည်။ သူမကြည့်လိုက်သူမှာ ကောင်းကင်ဘုံ၏ တစ်ဦးတည်းသော ဆက်ခံသူ ကျိဝူတောက်ဖြစ်သည်။
အကယ်၍ ဒွန်ဟောင်တိယွမ်သာ ကိုယ်တိုင်ဝင်တိုက်မည်ဆိုလျှင် သူမ၏ပြိုင်ဘက်သည် ကျိဝူတောက်သာ ဖြစ်မည်ကို အားလုံး သဘောပေါက်ပေသည်။ သူတို့နှစ်ဦးစလုံးသည် ဆက်ခံသူများ ဖြစ်ကြသည်။ တစ်ဦးသည် ကောင်းကင်ဒေသ၏ဆက်ခံသူဖြစ်ပြီး ကျန်တစ်ဦးသည် ကောင်းကင်ဘုံ၏ဆက်ခံသူဖြစ်သည်။ သူတို့နှစ်ဦးလုံးသည် တော်ဝင်အဆင့်အတန်းရှိပြီး ထူးချွန်ပြောင်မြောက်သူများဖြစ်သည်။
သူတို့သည် အနက်ကောင်းကင်အရှင်နှင့် တိဟောက်တို့လောက် မသန်မာနိုင်လောက်သေးသော်လည်း သူတို့၏တိုက်ပွဲသည်လည်း မျှော်လင့်ရမည့် တိုက်ပွဲတစ်ပွဲပင်။ ထူးချွန်သောဆက်ခံသူများ၏ တိုက်ပွဲတစ်ပွဲသည် အနက်ကောင်းကင်အရှင်နှင့် တိဟောက်တို့၏ တိုက်ပွဲထက် ပို၍ စိတ်ဝင်စားဖွယ်ကောင်းသည် မဟုတ်ပါလား။
ရီဖူရှင်းမှာလည်း အတော်လေး အံ့အားသင့်နေသည်။ ဒွန်ဟောင်တိယွမ်သည် တိုက်ပွဲအတွင်း၌ ဝင်ပါလိမ့်မည်ဟု သူမတွေးမိခဲ့ပေ။
သူသည် ထိုမတိုင်ခင်က နတ်ဆိုးလောကရှိ နတ်ဆိုးအင်ပါယာနန်းတော်တွင် ဒွန်ဟောင်တိယွမ်နှင့် တိုက်ခိုက်ခဲ့ဖူးပေသည်။ ထိုစဉ်က သူတို့သည် သရေကျခဲ့သည်။ ဒွန်ဟောင်တိယွမ်၏အစွမ်းသည် သူ့ထက်မနိမ့်ပေ။
သူသည် ယခင်က ကျိဝူတောက်နှင့်လည်း တိုက်ခိုက်ခဲ့ဖူးသည်။ ကျိဝူတောက်သည် လျှို့ဝှက်ဆန်းကြယ်ပြီး ခန့်မှန်းရခက်သည်။ သူတို့သည် တစ်ခါမျှသာ တိုက်ခိုက်ခဲ့ရခြင်းပင်။ သို့သော် ကျိဝူတောက်သည် ကောင်းကင်ပြစ်ဒဏ်ပေးဓားကို ထုတ်သုံးခဲ့သည်။ ထို့ကြောင့် သူ၏စွမ်းရည် အတိမ်အနက်ကို ပြောရန် ခက်ပေသည်။
ထိုအဖြစ်အပျက်သည် နှစ်ပေါင်းများစွာ ကြာခဲ့ပြီဖြစ်ပြီး ကျင့်ကြံသူများသည် နတ်ဘုရားသင်္ချိုင်းမှနေ၍ အမွေအနှစ်များ ဆက်ခံရရှိခဲ့သည်။ သူတို့သည်လည်း ရီဖူရှင်းကဲ့သို့ပင် ပို၍သန်မာလာကြပေလိမ့်မည်။ သူ နတ်ဘုရားအုပ်စိုးလက်နက်ကို အပြည့်အဝထိန်းချုပ်နိုင်ရန် ကြိုးစားနေခဲ့စဉ်က ဒွန်ဟောင်တိယွမ်နှင့် ကျိဝူတောက်တို့သည်လည်း အမွေအနှစ်နယ်မြေတစ်ခုစီကို ထိန်းချုပ်ခဲ့ကာ ထိုအမွေအနှစ်နယ်မြေမှနေ၍ အကျိုးအမြတ် အများအပြား ရခဲ့ပေလိမ့်မည်။
ထို့အပြင် ကျိဝူတောက် ထိန်းချုပ်ထားသော အမွေအနှစ်နယ်မြေသည် တပ်ဖွဲ့ရှစ်ဖွဲ့ထဲတွင် ပထမအဆင့်ရှိသည့် ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေဖြစ်သည်။ သူသည် ထိုနယ်မြေအတွင်းမှ မည်သည့်အကျိုးအမြတ်များ ရခဲ့ကြောင်းကို မည်သူသိမည်နည်း။
ယခု တိုက်ပွဲသည် သူတို့၏ လက်ရှိစွမ်းအားများကို ပြသပေလိမ့်မည်။
သူသည် ထိုတိုက်ပွဲကို မျှောင့်လင့်နေမိကြောင်း ရီဖူရှင်း သူ့ကိုယ်သူ သတိပြုမိသည်။ သူသည် ကျင့်ကြံခြင်းလောကအတွင်းသို့ စတင်ခြေချခဲ့သည့်နေ့မှစ၍ တဖြည်းဖြည်း တိုးတက်လာခဲ့ပြီး ယခု သူရင်ဆိုင်ရသော ပြိုင်ဘက်အားလုံးသည် ထိပ်သီးများ၊ ထူးချွန်ပြောင်မြောက်သူများ ဖြစ်နေပေပြီ။ လက်ရှိတွင် ဒွန်ဟောင်တိယွမ်၊ ကျိဝူတောက်၊ တိဟောက်နှင့် သူတို့ကဲ့သို့ သူများသည် သူ၏ကျင့်ကြံခြင်းခရီးတွင် သူ့အတွက် အသန်မာဆုံး ပြိုင်ဘက်များ ဖြစ်ပေလိမ့်မည်။ အကယ်၍ သူသာ သူတို့ကို ဖြတ်ကျော်နိုင်ခဲ့လျှင် မဟာအင်ပါယာတစ်ပါး ဖြစ်နိုင်မည့် လမ်းအထက်သို့ ရောက်သွားပေလိမ့်မည်။
ထိုလူများသည် သူ့ကဲ့သို့ပင်ဖြစ်သည်။ သူတို့အားလုံးသည်လည်း မဟာအင်ပါယာအဆင့်အထိ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်ရှိပေသည်။ ဘုံတစ်ခုချင်းစီမှ ဆက်ခံသူများ၊ အထူးချွန်ဆုံး ကျင့်ကြံသူများနှင့် နတ်ဘုရားအမွေအနှစ်များ ထွက်ပေါ်လာမှုနှင့်အတူ ကျင့်ကြံသူမည်မျှသည် လမ်းစဉ်ကို အောင်နိုင်ကာ အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်နည်း။
သူတို့ စောင့်ကြည့်ရုံသာ ရှိလေသည်။