ကောင်းကင်အင်ပါယာ၏ ဆက်ခံသူ
Vol. 189 Ch. 2701
ဒွန်ဟောင်တိယွမ် ရှေ့ထွက်လာသောအခါ ကျိဝူတောက်သည်လည်း ကောင်းကင်လှေကားမှ ဆက်၍ ဆင်းလာပြီး မင်းသမီးဒွန်ဟောင်ကို ကြည့်သည်။
ကျင့်ကြံသူအားလုံးသည် သူတို့နှစ်ယောက်ကို မျက်စိဒေါက်ထောက်ကြည့်နေကြပြီး တိုက်ပွဲကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။ အထူးသဖြင့် အင်အာပါယာအဆင့်နီးပါးရှိသူများသည် ပို၍ မျှော်လင့်စောင့်ဆိုင်းနေကြသည်။ ဒွန်ဟောင်တိယွမ်သည် ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေအတွက် ကျိဝူတောက်နှင့် တိုက်ခိုက်ရန် ဤနေရာသို့ လာလိုခဲ့ခြင်းဖြစ်ကြောင်း သူတို့သိပေသည်။
“ငါ မင်းနဲ့ မတိုက်ချင်ဘူး မင်းသမီးဒွန်ဟောင်... ဒါပေမဲ့ ကောင်းကင်နန်းတော်ဟောင်းရဲ့ အမွေအနှစ်နယ်မြေက ငါနဲ့ပဲ သက်ဆိုင်တယ်”
ကျိဝူတောက်သည် ဒွန်ဟောင်တိယွမ်ကို ပြောလိုက်၏။ သူ၏ဟန်ပန်သည် တည်ငြိမ်နေသော်လည်း ကောင်းကင်နန်းတော်ဟောင်း၏ အမွေအနှစ်နယ်မြေနှင့် ပတ်သက်လာလျှင် သူသည် သေချာပေါက် အလျှော့ပေးမည် မဟုတ်ပေ။
ဤနေရာသည် ကောင်းကင်နန်းတော်ဖြစ်ခဲ့ဖူးပြီး သူတို့နှင့် တရားဝင် သက်ဆိုင်ပေသည်။
ဒွန်ဟောင်တိယွမ်သည် မည်သို့မှ ပြန်မပြောလိုက်ပေ။ သူမ၏ကိုယ်တွင်းမှနေ၍ အံ့အားသင့်ဖွယ် အရှိန်အဝါတစ်ခု ထွက်လာ၏။ ၎င်းအရှိန်အဝါသည် ဒွန်ဟောင်တိယွမ်ကို ဝန်းရံသွားပြီး တလက်လက်တောက်ပနေသော ပုံရိပ်တစ်ခုကို ထွက်ပေါ်လာစေလေသည်။ သူမနောက်ဘက် ဘေးဘယ်ညာတွင် အံ့အားသင့်ဖွယ် နဂါးတစ်ကောင်နှင့် ရဲရဲနီသော နတ်ဖီးနစ်တစ်ကောင် ထွက်ပေါ်လာ၏။
နဂါးနှင့် နတ်ဖီးနစ်တို့သည် အိုစာနေပုံ၏။ ၎င်းတို့သည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ နေထိုင်ခဲ့သကဲ့သို့ပင်။ ထို့ကြောင့် ၎င်းတို့ကိုယ်ထဲတွင် အသက်အနှစ်သာရ ရှိနေလေသည်။ ၎င်းတို့သည် အမှန်ပင် စွမ်းအားကြီးကြလေသည်။
ဒွန်ဟောင်တိယွမ်၊ နဂါးနှင့် ဖီးနစ်တို့၏ ကိုယ်အနွင်း လေးမြတ်သောအရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး ထိုနေရာကို မွန်းကျပ်သွားစေ၏။ ကျင့်ကြံသူများစွာသည် ဒွန်ဟောင်တိယွမ်အနောက်ရှိ နဂါးနှင့် ဖီးနစ်တို့၏ ပုံရိပ်များကို ကြည့်ရင်း ရင်ခုန်မြန်သွားကြသည်။
“နဂါးဘိုးဘေး...”
ထိုနဂါးတွင် နဂါးနတ်ဘုရား၏ဝိညာဉ်စွမ်းအား ပါဝင်၏။ ၎င်းသည် နဂါးအားလုံး၏အရှင်သခင်ဖြစ်သော နာဂါအိမ်တော်၏ အင်ပါယာဖြစ်ခဲ့သည်။
ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်သည် နာဂါအမွေအနှစ်နယ်မြေကို ရရှိထားသဖြင့် ဒွန်ဟောင်တိယွမ်သည် နဂါးဘိုးဘေး၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ ကျင့်ကြံသူများသည် သူတို့ဘာသာ ထိုသို့ တွေးလိုက်ကြသည်။ ထိုနဂါးနတ်ဘုရားသည် ရှေးခေတ်က နာဂါအိမ်တော်ကို အုပ်စိုးခဲ့သော နဂါးအရှင်ဖြစ်သည်။
နဂါးဘိုးဘေး၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အကြေးခွံများသည် အရောင်ခုနစ်မျိုးပါသည့် နတ်အလင်းဖြင့် တောက်ပနေသည်။ ၎င်း၏ လေးမြတ်၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါက ၎င်းသည် အောင်နိုင်သူဘုရင်တစ်ပါးဖြစ်ကြောင်း ဆိုနေသည်။
ဒွန်ဟောင်တိယွမ်၏ အခြားတစ်ဘက်ရှိ ဖီးနစ်သည်လည်း ဖီးနစ်ဘိုးဘေးဖြစ်သည်။
ဒွန်ဟောင်တိယွမ်သည် အမွေအနှစ်နယ်မြေအတွင်းသို့ မဝင်ခင်ကတည်းက ဖီးနစ်ဘိုးဘေး၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ပြီးဖြစ်သည်။ အရှင်ဒွန်ဟောင်သည် သူ၏တစ်ဦးတည်းသောသမီးကို လေ့ကျင့်ပေးလိုသော ဆန္ဒရှိသဖြင့် သူမကို ဖီးနစ်ဘိုးဘေး၏သွေးထဲတွင် စိမ်စေခဲ့သည်။ ထို့ကြောင့် သူမ၏ခန္ဓာကိုယ်အတွင်း၌ နတ်ချိပ်စည်းတစ်ခု ရှိနေပြီဖြစ်သည်။
သူမသည် ဖီးနစ်ဘိုးဘေးနှင့် တစ်သားတည်း ဖြစ်နေပေပြီ။
ယခုတွင် သူမသည် နာဂါအမွေအနှစ်နယ်မြေကို သိမ်းပိုက်နိုင်ထားသဖြင့် နဂါးဘိုးဘေး၏ဝိညာဉ်စွမ်းအားကိုလည်း ရရှိခဲ့ပြီး နဂါးဘိုးဘေး၏ဝိညာဉ်ကို အမွေဆက်ခံနိုင်ခဲ့သည်။
နဂါးနှင့် ဖီးနစ်တို့သည် သူမနှင့် ပေါင်းစည်းထားရာ သူမထုတ်လွှတ်လိုက်သော အရှိန်အဝါသည် လူများကို ခြောက်လှန့်ရန် လုံလောက်ပေသည်။ နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့သည် သူမကို လှည့်ပတ်နေရာ သာမန်ကျင့်ကြံသူများအနေဖြင့် သူမကို ယှဉ်တိုက်ခိုက်ရန်ပင် သတ္တိရှိမည် မဟုတ်ပေ။ ထို့အပြင် သူမနှင့်အဆင့်တူသော ကျင့်ကြံသူများသည်လည်း သူမ၏ထံမှ ရှိန်လောက်ဖွယ်အငွေ့အသက်ကို ရရုံဖြင့်ပင် မွန်းကျပ်မှုကို ခံစားရပေလိမ့်မည်။
သို့သော် ဒွန်ဟောင်တိယွမ်၏ကိုယ်အတွင်း၌ ဒီမွန်းအရှိန်အဝါ တစ်စိုးတစ်စမှပင် ရှိမနေပေ။ ထိုအစား သူမထံမှ သန့်စင်သောနတ်အလင်းသာ လင်းလက်နေပြီး သူမ၏ခြေထောက်အောက်တွင် ကြာပွင့်များ ပွင့်လန်းနေလေသည်။ တောက်ပနေသော နတ်အလင်းများအတွင်း၌ ဒွန်ဟောင်တိယွမ်သည် နတ်မိမယ်တစ်ပါးကဲ့သို့ မှင်တက်ဖွယ် ဖြစ်နေသည်။
“အဲဒါက ဗုဒ္ဓစွမ်းအားပဲ”
ဒွန်ဟောင်တိယွမ်နှင့် အရှင်ဒွန်ဟောင်တို့သည် ကျင့်စဉ်များစွာကို ကျင့်ကြံခဲ့ပြီး နှံ့နှံ့စပ်စပ် ကျွမ်းကျင်ထားပုံပင်။ သူမသည် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့၏ ဝိညာဉ်စွမ်းအားကို ရရှိထားသည့်အပြင် သူမထံမှ ထွက်ပေါ်လာသော နတ်အလင်းသည် ဗုဒ္ဓအလင်းဖြစ်နေသည်။ သူမအနောက်တွင် တောက်ပနေသော ရောင်ခြည်တော်စက်ဝိုင်းတစ်ခု ရှိနေ၏။ သူမသည် ကွမ်ယင်မယ်တော်ဟုပင် ထင်ရသည်။
သူမကိုယ်ထဲတွင် ကွဲပြားသောစွမ်းအားအမျိုးမျိုးသည် အမှန်ပင် တစ်သားတည်း ဖြစ်နေကြသည်။ ၎င်းတို့သည် သူမ၏ခန္ဓာကိုယ်ထဲတွင် ပြီးပြည့်စုံစွာ အံဝင်ခွင်ကျ ဖြစ်နေပြီး သူမ၏စွမ်းအားများ ဖြစ်လာကြသည်။
“ဒွန်ဟောင်တိယွမ်က နတ်ဘုရားတစ်ဝက်အဆင့်နဲ့ နီးနေပြီပဲ”
ဓားဧကရာဇ်အရှင်က ရေရွတ်လိုက်သည်။
“အဲဒါက စပြီး ပုံပေါ်နေပြီ... နည်းနည်းလောက်သာ ထပ်ပြီးပုံပေါ်လာရင် သူက နတ်ဘုရားတစ်ဝက် ဖြစ်သွားတော့မှာပဲ။ သူ့ရဲ့ပါရမီက အံ့အားသင့်စရာပဲ။ အရှင်ဒွန်ဟောင်ရဲ့ သမီးတော်ဆိုမှတော့ ဒီလောက်တော့ ရှိမှာပေါ့လေ”
ရီဖူရှင်းသည် တစ်ဘက်ရှိ ဒွန်ဟောင်တိယွမ်ကို လှမ်းကြည့်သည်။ မယုံနိုင်လောက်အောင်ပင်။ သူမသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ပင် ချဉ်းကပ်နေပြီလော။
အကယ်၍ ဒွန်ဟောင်တိယွမ်သာ နတ်ဘုရားတစ်ဝက်အဆင့် ရောက်သွားလျှင် သူမသည် လက်ရှိတွင် ထိုအဆင့်၌ရှိနေသော သူမ၏စီနီယာများထက် နိမ့်ကျတော့မည်မဟုတ်ပေ။
သို့သော် စီနီယာကျင့်ကြံသူများသည်လည်း နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်ခဲ့နိုင်သဖြင့် လူပျင်းလူဖျင်းများ မဟုတ်သည့် သဘောပင်။ သူတို့သည် ပို၍မြင့်သော အဆင့်သို့ တက်လှမ်းနိုင်ရန် ကြိုးစားနေကြပြီဖြစ်ပြီး အားနည်းသူများ မဟုတ်ကြပေ။ သူတို့သည် သူတို့၏လမ်းစဉ်ကို ထုဆစ်နေကြခြင်းပင်။
သို့သော် ထိုကိစ္စများ ဖြစ်နေချိန်အတွင်း၌ ကျိဝူတောက်သည် တိတ်တဆိတ်သာ ကြည့်နေလေသည်။ သူသည် မည်သည့်အရှိန်အဝါကိုမှ မထုတ်လွှတ်ရသေးပေ။ ထို့အပြင် သူသည် ဖြစ်ပေါ်နေသောကိစ္စများကြောင့် အံ့အားသင့်ပုံလည်းမပေါ်သလို အကြောက်တရား အနည်းငယ်ပင် မပြချေ။
ကျင့်ကြံသူများစွာသည် ကျိုဝူတောက်ကို ကြည့်လိုက်ပြီး ကောင်းကင်ဘုံ၏ ထိုလျှို့ဝှက်ဆန်းကြယ်သောဆက်ခံသူသည် မည်မျှစွမ်းအားကြီးသည်ကို သိရှိရန် မျှော်လင့်နေကြသည်။
ဝှီး...
ဒွန်ဟောင်တိယွမ်သည် သူမ၏ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်သည်။ တစ်ချိန်တည်းမှာပင် ကောင်းကင်ထဲတွင် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့၏ အရိပ်ပုံရိပ်များ ထွက်ပေါ်လာ၏။ ၎င်းတို့သည် အလွန်ကြီးမားပြီး ကောင်းကင်တစ်ခွင်လုံးကို လွှမ်းခြုံထားလေသည်။ ထိုဖြစ်စဉ်အကြားတွင် မရေမတွက်နိုင်အောင် များပြားသော နတ်ဓားများထွက်ပေါ်လာ၏။ ဓားတစ်ချောင်းချင်းစီတိုင်းတွင် ကောင်းကင်ပြစ်ဒဏ်ပေးစွမ်းအား ပါဝင်လေသည်။
“ထျန်ရှင်းနတ်ဓား...”( ‘ထျန်ရှင်း’ သည် ကောင်းကင်မှပေးသော အပြစ်ဒဏ်ဟု အဓိပ္ပာယ်ရသည် )
အားလုံးသည် ထိုဓားများမှာ စွမ်းအားကြီး ထျန်ရှင်းနတ်ဓားဖြစ်ကြောင်း သိပေသည်။ ၎င်းသည် ကောင်းကင်မှပေးသော ပြစ်ဒဏ်ကို ရည်ညွှန်းပြီး ၎င်း၏လွှမ်းမိုးအားကြီးသော သဘာဝလည်း ရှိပေသည်။
ထို့အပြင် ယခုတွင် ထိုထျန်ရှင်းနတ်ဓား၌ နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့၏ စွမ်းအားများ ပါဝင်နေလေသည်။ ထို့ကြောင့် ၎င်းဓားသည် ကွဲပြားသော ဓားနှစ်လက်အဖြစ် ပြောင်းလဲသွား၏။ တစ်လက်သည် နဂါးတစ်ကောင်၏ ပုံစံရှိပြီး ကျန်တစ်လက်သည် ဖီးနစ်ပုံစံရှိလေသည်။ ၎င်းတို့သည် ကြောက်မက်ဖွယ်စွမ်းအားများကို ပိုင်ဆိုင်ထားကြပြီး ချစ်ချစ်တောက်ပူပြင်းသော နတ်မီးတောက်များကို ထုတ်လွှတ်နေကြသည်။
ဝုန်း...
ကြောက်မက်ဖွယ်အသံတစ်သံ ထွက်ပေါ်လာပြီး ကောင်းကင်သည် ပွင့်ထွက်သွားသည်။ ထိုအပွင့်နေရာကို ဖြတ်သန်း၍ မရေတွက်နိုင်သော နတ်အလင်းတန်းများသည် နတ်ဓားများအတွင်းသို့ ကျဆင်းလာသည်။
“ဘယ်လိုလုပ် သူတို့ရဲ့ စွမ်းအားတွေက တူနေရတာလဲ”
လူများသည် ထုတ်လွှတ်လိုက်သော ထိုအရှိန်အဝါကို အာရုံခံမိသောအခါ အံ့အားသင့်သွားကြသည်။ ကျိဝူတောက်သုံးနေသော ဓားသည်လည်း ထျန်ရှင်းနတ်ဓားဖြစ်ပုံပေါ်လေသည်။
လူအနည်းငယ်သာ ကျိဝူတောက်နှင့် ဒွန်ဟောင်တိယွမ်တို့ နှစ်ဦးစလုံးသည် ထျန်ရှင်းနတ်ဓားကို ကျွမ်းကျင်ကြောင်း သိပေသည်။
ပို၍ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခု ထွက်ပေါ်လျက်ရှိပြီး နတ်အလင်း၏ အဖြူနှင့်အနက် အရောင်နှစ်မျိုးသည် ဆန့်ကျင်ဘက်စွမ်းအမျိုးအစားကို ကိုယ်စားပြုသည့်အလား ကောင်းကင်ထက်တွင် ထွက်ပေါ်လာ၏။
“အဖြူနဲ့အနက် ပြိုင်စံရှားစွမ်းအား...”
ကျင့်ကြံသူများသည် ထိုမြင်ကွင်းကို မြင်လိုက်ကြသောအခါ ရင်ခုန်သွားကြသည်။ ထိုအရာသည် ပြိုင်စံရှားလမ်းစဉ်ဖြစ်ပြီး အဖြူနှင့်အနက် ပြိုင်စံရှားနတ်ဓားများနှင့် ထျန်ရှင်းနတ်ဓားတို့၏ ပေါင်းစည်းမှုပင်။ ကောင်းကင်ထက်ရှိ ထျန်ရှင်းနတ်ဓားသည် အဖြူရောင်နှင့်အနက်ရောင်အဖြစ် ပြောင်းလဲသွား၏။
ပြိုင်စံရှားအဖြူရောင်နတ်ဓားသည် ဖန်ဆင်းခြင်းကို ကိုယ်စားပြုပြီး ကောင်းကင်ထက်မှ နတ်ဓားများသည် အချိန်နှင့်အမျှ ဆတိုး တိုးပွားလာပြီး ကောင်းကင်တစ်ခွင်လုံးကို ကာရံသွားသည်။ ပြိုင်စံရှားအနက်ရောင်နတ်ဓားသည် ဖျက်ဆီးခြင်းကို ကိုယ်စားပြုပြီး ထိုစွမ်းအားကြီးနှစ်ခုလုံးသည် တစ်သားတည်း ပေါင်းစည်းသွားကာ ကျင့်ကြံသူများကို ရင်တုန်သွားစေမည့် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်လေသည်။
ဒွန်ဟောင်တိယွမ်သည် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့၏ စွမ်းအားများကို သူမ၏ထျန်ရှင်းနတ်ဓားအတွင်းသို့ ပေါင်းထည့်ခဲ့ပြီး ကျိဝူတောက်သည် ပြိုင်စံရှားလမ်းစဉ်ကို သူ၏ထျန်ရှင်းနတ်ဓာအတွင်းသို့ ပေါင်းထည့်ခဲ့သည်။ ပြိုင်စံရှားအနက်ရောင်နတ်ဓားသည် အနက်ကောင်းကင်အရှင်ပိုင်ဆိုင်သော ဓားဖြစ်ပြီး လွန်စွာကြောက်မက်ဖွယ်ကောင်းလှသည်။ သူနှင့် ကျိဝူတောက်တို့သာ အဆင့်တူဖြစ်ပါက ကျိဝူတောက်၏ နတ်ဓားသည်ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေလိမ့်မည်။
နတ်ဓားနှစ်ချောင်းလုံးကို တစ်ချိန်တည်း ထုတ်လိုက်ကြသည်။ နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့၏ စွမ်းအားများ ပါဝင်သော နတ်ဓားများနှင့် ပြိုင်စံရှားလမ်းစဉ်ပါဝင်သော နတ်ဓားများသည် အချင်းချင်း ထိတိုက်သွားကြပြီး ကြောက်မက်ဖွယ် အဖျက်မုန်တိုင်းတစ်ခုကို ဖြစ်ပေါ်လာစေ၏။ ၎င်းမုန်တိုင်းသည် ၎င်း၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို ဖျက်ဆီးသွားသည်။ သို့သော် ကျိဝူတောက်နှင့် ဒွန်ဟောင်တိယွမ်တို့သည် သူတို့နေရာတွင်သာ မြဲမြဲမြံမြံရပ်နေကြသည်။ ထိုကဲ့သို့သော အဖျက်အားကောင်းသည့် တိုက်ခိုက်မှုသည် သူတို့အတွက် သွေးပူရုံသာ ရှိသည့်ပုံပင်။
ရွှီး...
နောက်ထပ် နတ်ဓားတစ်လက်ထွက်ပေါ်လာ၏။ ၎င်းထဲတွင် နဂါးနှင့်ဖီးနစ်တို့၏ စွမ်းအား ပေါင်းစုနေပြီး ၎င်းသည် ဟင်းလင်းပြင်ကို တိုက်ရိုက် ဖောက်ထွင်းကာ မုန်တိုင်းကိုဖြတ်၍ တစ်ဘက်သို့ ပျံထွက်သွားပြီး ၎င်း၏လွှမ်းမိုးအားကို ထုတ်လွှတ်နေလေသည်။ အဖြူနှင့်အနက်နတ်ဓားသည် ၎င်းနှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။ ဓားနှစ်လက်ထိခတ်သွားသောအခါ ၎င်းတို့၏ အဖျက်နတ်အလင်း ထွက်ပေါ်လာလေသည်။
“နဂါး-ဖီးနစ်နတ်ဓားရဲ့ တိုက်ခိုက်စွမ်းအားက ပိုကြီးတယ်... ဒါပေမဲ့ အဖြူနဲ့အနက်ပြိုင်စံရှားလမ်းစဉ်နတ်ဓားက အဖျက်စွမ်းအားရော ဖန်ဆင်းစွမ်းအားရော ပါတော့ စွမ်းအားကို အဆက်မပြတ်ထုတ်လွှတ်နိုင်တယ်။ အဲဒါက ဓားတစ်လက်ပဲဆိုပေမယ့် ဓားအများကြီးရဲ့ ဝိညာဉ်စွမ်းအားတွေပါတယ်... အဲဒီတော့ နဂါး-ဖီးနစ်နတ်ဓားရဲ့ တိုက်ခိုက်မှုကို တန်ပြန်တိုက်ခိုက်နိုင်တာပေါ့”
ဓားဧကရာဇ်အရှင်က ကောင်းကင်ထက်သို့ စူးစူးစိုက်စိုက်ကြည့်၍ ပြောလိုက်၏။ ယခု တိုက်ခိုက်နေသူများမှာ သူ၏ဂျူနီယာများဖြစ်သော်လည်း သူတို့၏အောင်မြင်မှုသည် ပြိုင်ဘက်ကင်းပေသည်။
ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ ထိုစွမ်းအားသည် သူတို့တွင်ရှိသည့် စွမ်းအားများစွာအနက်မှ တစ်ခုသာ ဖြစ်ခြင်းပင်။
သူတို့နှစ်ယောက်စလုံးသည် နတ်ဘုရားတစ်ဝက်အဆင့်၏ တံခါးကို ခေါက်နေပြီဖြစ်ပြီး အချိန်မရွေး ဝင်သွားနိုင်တော့မည်ဖြစ်သည်။
ထိုစဉ်တွင် ဒွန်ဟောင်တိယွမ်သည် ကောင်းကင်လှေကားဆီသို့ ခြေတစ်လှမ်းတိုးလိုက်သည်။ သူမလမ်းလျှောက်သွားသောအခါ သူမ၏ခြေထောက်အောက်တွင် ကြာပန်းများ ပွင့်လာပြီး သူမအနောက်တွင် ကွမ်ယင်မယ်တော်၏ပုံရိပ်ထွက်ပေါ်လာ၏။ ၎င်းသည် အလွန်ကြီးမားပြီး ကောင်းကင်အမိုးထိပါ ရောက်ပေသည်။ ၎င်းထံမှ စွမ်းအင်များ ဖြာထွက်နေ၏။
ကွမ်ယင်မယ်တောင်၏အနောက်တွင်မူ လက်ပေါင်းများစွာ ရှိလေသည်။
လက်တစ်ထောင်ကွမ်ယင်မယ်တော်ဟု ကျင့်ကြံသူများ သူတို့ဘာသာ တွေးလိုက်ကြသည်။ ဒွန်ဟောင်တိယွမ်သည် လက်တစ်ထောင်ကွမ်ယင်မယ်တော်နှင့် တစ်သားတည်းဖြစ်နေပုံပင်။ သူမ၏ခန္ဓာကိုယ်သည် လေထဲတွင် ရှိနေပြီး သူမ၏ခြေထောက်အောက်တွင် နတ်ကြာပွင့်များ ထွက်ပေါ်လာ၏။ သူမသည် လက်ဝါးကို ရှေ့သို့ ဆန့်လိုက်ပြီး ကျိဝူတောက်ကို တိုက်ခိုက်ရန် ချိန်ရွယ်လိုက်သည်။ ကွမ်ယင်မယ်တော်၏ လက်တစ်ထောင်သည် တစ်ပြိုင်တည်း ရှေ့သို့ ထွက်သွားပြီး လက်တစ်ထောင်ချိပ်စည်းကို ပစ်လွှတ်လိုက်သည်။
ကျယ်လောင် ပြင်းထန်သော ပေါက်ကွဲသံတစ်သံ ထွက်ပေါ်လာကာ များစွာသော နဂါးအရိပ်များ ပေါ်လာပြီး ချိပ်စည်းသည် ၎င်း၏ပစ်မှတ်ထံသို့ ပျံထွက်သွားသည်။ ၎င်းသည် နဂါးချိပ်စည်းကဲ့သို့ ထင်ရပြီး လွန်စွာ လွှမ်းမိုးအားကောင်းပေသည်။ လူများစွာသည် အံ့အားသင့်သွားကြသည်။ ဒွန်ဟောင်တိယွမ်သည် ပြိုက်ဘက်ကင်းအလှပဂေးတစ်ယောက်ဖြစ်ပြီး တိုက်ပွဲထဲတွင် သူတော်စင်မတစ်ဦးကဲ့သို့ ဟန်ပန်ရှိလေသည်။ သို့သော်လည်း သူမသည် လွန်စွာ လွှမ်းမိုးအားကြီးနေဆဲဖြစ်သည်။ သူမသည် မိန်းကလေးတစ်ဦးဖြစ်သော်လည်း ကမ္ဘာပေါ်မှ လူမည်မျှသည် သူမနှင့် ယှဉ်နိုင်မည်နည်း။
သန်းဆယ်ချီသော နဂါးချိပ်စည်းများသည် အစွမ်းကုန် တိုက်ခိုက်လိုက်သည်။ သန်းဆယ်ချီ၊ ရာချီသော နတ်နဂါးများ တွန်လိုက်သကဲ့သို့ပင်။ ၎င်းတို့သည့် အဖျက်ဓားမုန်တိုင်းကို ဖောက်ထွင်းသွားပြီး ကောင်းကင်လှေကားပေါ်တွင် ရပ်နေသော လူထံသို့ ဦးတည်ပျံဝင်သွားကြသည်။
ထိုအခိုက်တွင် ကျိဝူတောက်သည် ကောင်းကင်လှေကားအပြင်သို့ ထွက်ကာ ကောင်းကင်ထဲသို့ ပျံသွားလိုက်သည်။ နတ်အလင်းတန်းတစ်ခု ကျဆင်းလာပြီး ရုတ်ခြည်းပင် သူ့ပတ်ပတ်လည်၌ စက်ကွင်းတစ်ခု ထွက်ပေါ်လာလေသည်။ ထွက်ပေါ်လာသော စက်ကွင်းအထဲတွင် ရှေးဟောင်းနတ်ဘုရားများစွာ၏ ထူးဆန်းသောမြင်ကွင်းတစ်ခု ရှိ၏။ သူတို့သည် ရှေးခေတ်က ကောင်းကင်နန်တော်၏ နတ်စစ်သူကြီးများနှင့် ကောင်းကင်စစ်တပ်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် မဟာနတ်အရိပ်တစ်ခုသည် ကျိဝူတောက်နောက်တွင် ထွက်ပေါ်လာ၏။ ၎င်းသည် အလွန်တောက်ပနေပြီး ကောင်းကင်အင်ပါယာသည် ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသကဲ့သို့ပင် ထင်ရသည်။
ကျိဝူတောက်သည် လက်မြှောက်လိုက်ပြီး နတ်ချိပ်စည်းတစ်ခုကို ပစ်လွှတ်လိုက်သည်။ ၎င်းသည် လျင်မြန်စွာ ကြီးထွားလာပြီး ကောင်းကင်တစ်ခွင်လုံးနှင့် သူ့အရှေ့ရှိနေရာကို လွှမ်းခြုံသွားသည်။ ထိုနတ်ချိပ်စည်းအတွင်း၌ ရွေ့လျာနေသည့်မျဉ်းကြောင်းများ အများအပြားရှိသည်။ ၎င်းတို့သည် အံ့အားသင့်စရာကောင်းပြီး ထိုမျဉ်းကြောင်းများ တစ်ခုပြီးတစ်ခု ပေါင်းစုသွားကာ ရှေးဟောင်း”အင်ပါယာ”စာလုံးကို ဖန်တီးလိုက်သည်။
“ကောင်းကင်အင်ပါယာချိပ်စည်း...”
အင်ပါယာအဆင့်အင်အားစုများမှ ကျင့်ကြံသူများစွာသည် တုန်လှုပ်သွားကြသည်။ ကျိဝူတောက်သည် ကောင်းကင်အင်ပါယာချိပ်စည်းကို ကျင့်ကြံခဲ့သည်။
လွန်ခဲ့သောနှစ်ပေါင်းများစွာက ကောင်းကင်အင်ပါယာသည် လောကအတွင်းရှိ နတ်စွမ်းအား အားလုံးကို ဖိနှိပ်ရန် ကောင်းကင်အင်ပါယာချိပ်စည်းကို ထုတ်လွှတ်ခဲ့သည်။ ထိုချိပ်စည်းသည် နတ်ချိပ်စည်များအားလုံးထဲတွင် စွမ်းအားအကြီးဆုံးဖြစ်၏။ လက်ရှိတွင် ကျိဝူတောက်သည် ၎င်းကို အသုံးပြုနေလေသည်။ ၎င်းသည် ကောင်းကင်အင်ပါယာအဆင့်အထိ မရှိနိုင်သေးသော်လည်း ၎င်း ပုံပေါ်လာသည်ကိုမူ မြင်နိုင်သေးပေသည်။ နတ်ချိပ်စည်းအပေါ်ရှိ”အင်ပါယာ”စာလုံးသည် တောက်ပစွာ လင်းလက်နေပြီး အားလုံးကို မျက်စိကျိန်းနေစေလေသည်။
ဝုန်း...ဝုန်း...ဝုန်း...
နဂါးဘိုးဘေးချိပ်စည်း အများအပြားသည် ကောင်းကင်အင်ပါယာချိပ်စည်းကို တိုက်ခိုက်လိုက်သော်လည်း ထိတွေ့သွားသောအခါ အစိတ်စိတ်အပိုင်းပိုင်း ဖြစ်သွားကြသည်။”အင်ပါယာ”စာလုံးသည် ၎င်း၏နေရာတွင် ရှိနေသေးပြီး ချိပ်စည်းသည်လည်း အကောင်းပကတိရှိနေပေသေးသည်။
ဟင်းလင်းပြင်ထဲတွင် ကျိဝူတောက်သည် ဒွန်ဟောင်တိယွမ်ကိုကြည့်ကာ ပြောလိုက်၏။
“မင်းသမီးတိယွမ်... ငါ အရင်က ပြောခဲ့သလိုပဲ ငါ မင်းကို တိုက်ပွဲထဲမှာ အနိုင်မယူချင်ဘူး။ ကျေးဇူးပြုပြီး နောက်ဆုတ်လိုက်ပါ”