ပြိုင်ဘက်ကင်း...
Vol. 189 Ch. 2702
“ရူးလောက်စရာပဲ...”
ကျင့်ကြံသူများသည် ကျိဝူတောက်ကို မော့ကြည့်လိုက်ကြသည်။ သူပြောလိုက်သည့် ဒွန်ဟောင်တိယွမ်ကို အနိုင်မယူချင်ဟူသော စကားမှာ ဘာအဓိပ္ပာယ်နည်း။
သူသည် သူသာဆန္ဒရှိပါက တိုက်ပွဲအတွင်းတွင် ဒွန်ဟောင်တိယွမ်ကို အနိုင်ယူနိုင်မည့်ပုံဖြင့် ပြောနေခြင်းပင်။
ကောင်းကင်ဘုံမှ ကောင်းကင်အင်ပါယာ၏ ဆက်ခံသူသည် ထိုကဲ့သို့သော ကောင်းကင်အာခံစွမ်းရည်များကို ပိုင်ဆိုင်လေသလော။
ဒွန်ဟောင်တိယွမ်၏မျက်နှာထားသည် ပြောင်းလဲမသွားပေ။ သူမသည် သူ့၏စကားများကြောင့် စိတ်မလှုပ်ရှားသွားချေ။ လက်တစ်ထောင်ချိပ်စည်းသည် ကောင်းကင်အင်ပါယာချိပ်စည်းကို အပြင်းအထန် ဆက်၍တိုက်ခိုက်နေသည်။ သန်းဆယ်ချီသော လက်များ အဆက်မပြတ် ကျဆင်းလာသည်။ ရုတ်ခြည်းပင် ချိပ်စည်းပေါ်ရှိ “အင်ပါယာ” စာလုံးအပေါ်နှင့် ဧရာမ “အင်ပါယာ” စာတန်းပေါ်တွင် အက်ကြောင်းတစ်ခု ထွက်ပေါ်လာ၏။
ရုတ်တရက် ဟင်းလင်းပြင်သည် အပြင်းအထန် တုန်ခါသွားပြီး ကျယ်လောင်သော ပေါက်ကွဲသံတစ်သံနှင့်အတူ ကောင်းကင်အင်ပါယာချိပ်စည်းနှင့် လက်တစ်ထောင်ချိပ်စည်း နှစ်ခုစလုံးသည် အစိတ်စိတ်အမွှာမွှာ ဖြစ်သွားသည်။
သူတို့နှစ်ယောက်သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့နှစ်ယောက်စလုံးသည် အင်ပါယာများ၏ ဆက်ခံသူများဖြစ်ကြပြီး ထူးကဲသောပင်ကိုစရိုက် ရှိကြလေသည်။ ဒွန်ဟောင်တိယွမ်၏ ဘေးနှစ်ဘက်တွင် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့ရှိပြီး သူမကို ကာကွယ်ပေးထားသည်။ ကျိဝူတောက်မှာမူ ကောင်းကင်အင်ပါယာ ပြန်ဝင်စားသူကဲ့သို့ ထင်ရသည်။
ထိုစဉ်တွင် သန့်စင်သောဗုဒ္ဓအလင်းတစ်ခုသည် ဒွန်ဟောင်တိယွမ်ကို ဝန်းရံသွားသည်။ အလင်းသည် နူးညံ့သိမ်မွေ့ပြီး မည်သည့် သတ်ဖြတ်လိုသောအငွေ့အသက်မှ မပါပေ။ ၎င်းသည် ကျိဝူတောက်ထံသို့ ပျံထွက်သွားသည်။ ကျိဝူတောက်သည် ထိုအလင်းကို မြင်လိုက်သောအခါ အံ့အားသင့်ပုံပေါ်သွား၏။ သူ့မျက်ခုံနှစ်ခုအကြားတွင် နတ်အလင်းတောက်ပနေသော ခပ်ရေးရေးအမှတ်သားတစ်ခု ပေါ်ထွက်လာ၏။
“ဗုဒ္ဓတန်ခိုးတော်ခြောက်ပါး...”
ကျိဝူတောက်သည် သူ့ဘာသာ ရေရွတ်လိုက်သည်။ ထို့နောက် သူသည် ဒွန်ဟောင်တိယွမ်ကို ကြည့်ကာ ပြောလိုက်၏။
“မင်းသမီးတိယွမ်က ဘာကို မြင်ချင်တာပဲဖြစ်စေ စိတ်ကြိုက်ကြည့်ပါ”
ဒွန်ဟောင်တိယွမ်၏အရှေ့ရှိ ဗုဒ္ဓအလင်းထဲတွင် မြင်ကွင်းများစွာ ထွက်ပေါ်လာ၏။ ထိုမြင်ကွင်းများသည် ကျိဝူတောက်၏ ဘဝဇာတ်ကြောင်းကို ပြသနေခြင်းပင်။
သူမသည် ရှေ့သို့ စိုက်ကြည့်နေပြီး သူမ၏မျက်ဝန်းများအတွင်း၌ ပုံရိပ်ပေါင်းမြောက်မြားစွာ ပေါ်လာ၏။ သူမသည် ကျိဝူတောက်၏ ကျင့်ကြံခြင်းလမ်းခရီးကို ကြည့်နေခြင်းဖြစ်သည်။ သူသည် ကောင်းကင်ဘုံတွင် ထူးကဲသောပါရမီမရှိသည့် သာမန်လူတစ်ဦးအနေဖြင့် စတင်ခဲ့ပြီး အောက်ခြေမှနေ၍ အထက်သို့ သူ့ဘာသာ ကြိုစားတက်လှမ်းသွားခြင်းပင်။ သူသည် အသက်အန္တရာယ်နှင့်နီးသည့် ဘေးအန္တရာယ်များစွာကို ဖြတ်ကျော်ခဲ့ရပြီး အနီးကပ်တိုက်ပွဲများစွာကို ဆင်နွှဲခဲ့ရသည်။ သူသည် တိုက်ပွဲပြင်တစ်ခုအတွင်းမှနေ၍ သူ့ခြေထောက်ပတ်ပတ်လည်တွင် အရိုးစုများနှင့်အတူ ထွက်လာသော ပုံရိပ်များသည် ရက်စက်၊ ခက်ထန်ပေသည်။
သူသည် ကောင်းကင်ဘုံ၏ ရွေးချယ်မှုအတွင်း၌ ခက်ခဲကြမ်းတမ်းသော စမ်းသက်မှုများစွာကို ဖြတ်ကျော်ခဲ့ရသည်။ သူသည် သူ့ပြိုင်ဘက်အားလုံးကို သတ်ပစ်ခဲ့ပြီး ကောင်းကင်ဘုံ၏ ဆက်ခံသူဖြစ်လာခဲ့သည်။ ထိုအချိန်ကတည်းကပင် သူသည် ပြိုင်ဘက်ကင်းအရည်အချင်းကို ရရှိထားပြီဖြစ်ပြီး လူသစ်တစ်ဦးကဲ့သို့ ဖြစ်နေခဲ့ပေပြီ။
ဒွန်ဟောင်တိယွမ်သည် မြင်ကွင်းတစ်ခုပြီးတစ်ခုမှနေ၍ ကျိဝူတောက်တစ်ယောက် ကောင်းကင်ဒေသတွင် ကျင့်ကြံခဲ့ခြင်း၊ ဒီမွန်းဘုံ၏ ကန့်သတ်နယ်မြေများထဲတွင် ကျင့်ကြံခဲ့ခြင်း၊ ဗုဒ္ဓလောကတွင် မထင်မရှားလူတစ်ယောက်အဖြစ် ကျင့်ကြံခဲ့ခြင်းနှင့် ဗလာနတ္တိဘုံ၊ လူသားဘုံ၊ မှော်နက်လောကနှင့် မူလဘုံတို့တွင်ပင် ကျင့်ကြံခဲ့ခြင်းများကို ကြည့်နေလေသည်။ သူသည် ကမ္ဘာပေါ်ရှိ နေရာတိုင်းတွင် သူ၏ခြေရာကို ချန်ထားခဲ့သလိုပင်။
“မင်းသမီးတိယွမ် ရှာနေတာကို တွေ့ပြီလား...”
ကျိဝူတောက်သည် ဒွန်ဟောင်တိယွမ်ကိုကြည့်၍ မေးလိုက်၏။ သူ၏မျက်ဝန်းများသည် တောက်ပနေပြီး သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် နတ်အလင်းစီးဆင်းနေလေသည်။ သူသည် ကောင်းကင်နှင့်မြေကြီးနှင့် တစ်သားတည်းဖြစ်နေပြီး မည်သည့်အားနည်းချက်မှ မရှိသည့် ခြောက်ပစ်ကင်းသဲလဲစင် လူတစ်ယောက်ကဲ့သို့ ထင်ရသည်။
သို့သော် သူဖြတ်ကျော်ခဲ့ရသည့် အတွေ့အကြုံများအရ ကျိဝူတောက်သည် ပြီးပြည့်စုံသောသူတစ်ယောက်ဟု ဆို၍မရပေ။ သူသည် ရက်စက်၍ သွေးဆာသူတစ်ယောက်ဟုပင် ဆိုနိုင်ပေသည်။ သူသည် သေရေး၊ ရှင်ရေး အခြေအနေများစွာကို ဖြတ်ကျော်ခဲ့ရပြီး အချိန်တိုင်းတွင် ဘေးကင်းကင်ဖြင့် ကျော်ဖြတ်နိုင်ခဲ့သည်။ သူသည် အလွန်ပါးနပ်ပြီး ရှင်သန်နိုင်ရန် မည်သည့်အချိန်တွင် သည်းခံရမည်ကို သိပေသည်။ သူသည် ထူးခြားသော ဘုံအသီးသီးကို ရောက်ဖူးသော်လည်း ထိုဘုံများမှ မည်သူကမှ သူ၏အမည်ကို မသိကြပေ။ သူ့ကိုမှတ်မိသူပင် အနည်းငယ်သာ ရှိပေသည်။
ထို့အပြင် သူသည် ဒွန်ဟောင်တိယွမ်က သူ့ထံမှ ဘာကိုရှာလိုနေသည်ကို ခန့်မှန်းထားပြီးသည့်ပုံပင်။
ဒွန်ဟောင်တိယွမ်သည် ကျိဝူတောက်ကို စူးစူးစိုက်စိုက် ငေးကြည့်သည်။ သူမမြင်ခဲ့ရသောအရာများသည် ကျိဝူတောက်က သူမကို မြင်ခွင့်ပေးထားသောအရာများသာ ဖြစ်ပုံပေါ်လေသည်။ ထိုအထဲတွင် သူမရှာနေသည့် အရေးအကြီးဆုံးကိစ္စမပါပေ။
ကျိဝူတောက်သည် အဘယ်သို့ ပြောင်းလဲခဲ့ပြီး ယနေ့ကျိဝူတောက်ဖြစ်လာရသနည်း။
သူ ဖြတ်ကျော်ခဲ့သည့် အတွေ့အကြုံများကို ကြည့်ရသည်အရ ၎င်းတို့သည် အန္တရာယ်နှင့် ပြည့်နှက်နေသော်လည်း အလုံးစုံပြောင်းလဲမှုတစ်ခုကို ဖြစ်စေရန် မလုံလောက်သေးပေ။ အရေးကြီးသည့်ဖြစ်ရပ်တစ်ခု ပျောက်နေပေသေးသည်။ ဥပမာအားဖြင့် လက်ခံနိုင်ချေအရှိဆုံး အမွေဆက်ခံမှု သို့မဟုတ် တခြားတစ်ခုခုကဲ့သို့သော ဖြစ်ရပ်မျိုးဖြစ်သည်။
ဒွန်ဟောင်တိယွမ်သည် ထိုဖြစ်ရပ်များကို မရှာနိုင်သလို မည်သည့်အားနည်းချက်ကိုမှလည်း မရှာနိုင်ပေ။ သူသည် အပြစ်အနာအဆာကင်းနေသကဲ့သို့ပင်။
ဝုန်း...
ဒွန်ဟောင်တိယွမ်သည် သူမ၏ဝိညာဉ်စွမ်းအားကို လှုပ်ရှားလိုက်သည်။ ရုတ်တရက် ကောင်းကင်ထက်ရှိ နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့သည် စတင်လှုပ်ရှားလိုက်၏။ ၎င်းတို့သည် အစစ်အမှန် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေး ပြန်လည်အသက်ဝင်လာသည်ဟု ထင်ရသည်။ နတ်စွမ်းအားတစ်ခု ကျဆင်းလာပြီး အာကာပြင်တစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။
ထိုစဉ်တွင် ထိုနေရာရှိ လူအားလုံးသည် သူတို့အပေါ်သို့ ကျဆင်းလာသည့် အားကောင်းသော ဖိအားအငွေ့အသက်ကို ခံစားလိုက်ရပြီး မော့ကြည့်လိုက်ရာ ကောင်းကင်အထက်ရှိ နတ်သားရဲနှစ်ကောင်သည် ဒွန်ဟောင်တိယွမ်နှင့် ကျိဝူတောက်တို့၏ခေါင်းအထက်တွင် လှည့်ပတ်နေသည်ကို တွေ့လိုက်ကြရသည်။ တစ်ချိန်တည်းမှာပင် ဒွန်ဟောင်တိယွမ်ထံမှနေ၍ စွမ်းအားအများအပြား ထွက်ပေါ်လာ၏။
ဒွန်ဟောင်တိယွမ်သည် ကောင်းကင်ထက်သို့ ပျံတက်သွားပြီး နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးအကြားတွင် ရပ်လိုက်လေသည်။ ထိုအခိုက်တွင် သူမသည် နတ်မိမယ်တစ်ပါးနှင့် တူနေပြီး မြင့်မြတ်ထည်ဝါနေသည်။
“သူက နဂါးဘိုးဘေးနဲ့ ဖီးနစ်ဘိုးဘေးတို့ရဲ့ စွမ်းအားတွေကို စုပ်ယူနေတာပဲ”
ကျင့်ကြံသူများမှာ ထပ်မံရင်ခုန်သွားကြသည်။ ဒွန်ဟောင်တိယွမ်သည် အမြဲပင် ဖီးနစ်ဘိုးဘေး၏ ကောင်းချီးပေးမှုကို ခံခဲ့ရပြီး နတ်ဖီးနစ်ကို ကိုယ်စားပြုသူဟုပင် သတ်မှတ်ခံခဲ့ရသည်။ သူမသည် နာဂါအမွေအနှစ်ကို အမွေဆက်ခံပြီးသွားသည့်နောက်တွင် နဂါးဘိုးဘေး၏ ကောင်းချီးပေးမှုကိုလည်း ခံခဲ့ရပြီး နဂါးဝိညာဉ်ကို ဆက်ခံရရှိခဲ့သည်။
သူမ၏ခန္ဓာကိုယ်အတွင်း၌ နဂါးနှင့် ဖီးနစ်စွမ်းအားများ ပြန်ပေါက်ဖွားနေရာ သူမသည် သူမ၏မူလအဆင့်ကို ကျော်လွန်သွားသည်။
အကယ်၍ ကျိဝူတောက်တွင် အခြားဝှက်ဖဲအချို့ မရှိလျှင် သူသည် သေချာပေါက် ရှုံးနိမ့်သွားပေလိမ့်မည်။
လက်ရှိ ဒွန်ဟောင်တိယွမ်သည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်သွားပေပြီ။
“မင်းသမီးက ဘာလို့ ဒီလောက် ခေါင်းမာနေရတာလဲ...”
ကျိဝူတောက်သည် ဒွန်ဟောင်တိယွမ်ကို မေးလိုက်သည်။
“မင်းတစ်ယောက်ပဲ ကောင်းကင်အမွေအနှစ်နယ်မြေထဲမှာ ကျင့်ကြံမယ်ဆိုရင်တော့ ငါလက်ခံပေးမယ်။ ငါနဲ့အတူ ကောင်းကင်အင်ပါယာနန်းတော်ထဲမှာ လာကျင့်ကြံပေါ့။ နောက်ကျရင် မင်းနဲ့ငါက ကောင်းကင်နန်းတော်ရဲ့ အုပ်ချုပ်သူတွေဖြစ်လာမှာပေါ့”
သူ၏စကားများသည် အောက်ဘက်မှ ကြည့်နေသော ကျင့်ကြံသူများကို အံ့အားသင့်သွားစေ၏။
ကျိဝူတောက်သည် ထိုကဲ့သို့သော တောင်းဆိုမှုမျိုးကို အဘယ်ကြောင့် လုပ်ခဲ့သနည်း။
ဒွန်ဟောင်တိယွမ်သည် အောက်ဘက်ကို ငုံ့ကြည့်လိုက်ပြီး စကားတစ်ခွန်းမှ မပြောလိုက်ပေ။ နဂါးဘိုးဘေးသည် ဟိန်းလိုက်ပြီး တစ်ချိန်တည်းမှာပင် ကောင်းကင်သည် တုန်ခါသွားသည်။ နဂါးဟိန်းသံသည် တုန်ခါလှိုင်းများ ဖြစ်ပေါ်လာစေပြီး ၎င်းလှိုင်းများသည် အောက်ဘက်ရှိ ကျင့်ကြံသူများစွာကို ဖြတ်သန်းသွားသည်။ သူတို့သည် အမှုန့်ဖြစ်သွားတော့မလို ခံစားလိုက်ရ၏။ ကျင့်ကြံသူအနည်းငယ်သည် ညည်းတွားလိုက်ပြီး သူတို့၏ပါးစပ်အစွန်းမှနေ၍ သွေးအနည်းငယ် စီးကျလာလေသည်။ သူတို့၏မျက်နှာများသည် အလွန်ဖြော့တော့နေကြသည်။
ထိုဟိန်းသံသည် သူတို့ကို ဦးတည်ထားသည်မဟုတ်ဘဲ ကျိဝူတောက်ကို ဦးတည်ထားခြင်းသားဖြစ်သည်။
သို့ပင်လျှင် သူတို့သည် ထိုဟိန်းသံကို တောင့်မခံနိုင်ကြပေ။
ကျိဝူတောက်မှာမူ သူ့ခန္ဓာကိုယ်ပေါ်တွင် အလွန်တောက်ပသောနတ်အလင်းတစ်ခု လင်းလက်လာပြီး ကောင်းကင်လှေကကားပေါ်သို့ ဖြာကျသွားသည်။ လွန်စွာစွမ်းအားကြီးသော အားတစ်ခုသည် ကောင်းကင်နန်းတော်ဟောင်းပေါ်သို့ ကျဆင်းသွားပြီး နတ်အလင်းသည် ကျိဝူတောက်၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွား၏။ ကောင်းကင်ထက်တွင် သန့်စင်သောအလင်းတစ်ခု ထွက်ပေါ်လာ၏။
ကျိဝူတောက်သည် ထိုအလင်းအောက်တွင် ရပ်နေသည်။ ကောင်းကင်နန်းတော်ဟောင်း၏ အုပ်စိုးသူသည် ကမ္ဘာမြေပေါ်သို့ ကိုယ်တိုင်ဆင်းသက်လာသကဲ့သို့ပင် ထင်ရသည်။
“ကောင်းကင်နန်းတော်ဟောင်း...”
လူများစွာက ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်ကြသည်။ ကောင်းကင်လှေကားအထက်တွင် နန်းတော်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းသည် ကောင်းကင်နန်းတော်ဟောင်းအမွေအနှစ်နယ်မြေ ဖြစ်နိုင်ပေသည်။
လွန်ခဲ့သော နှစ်ပေါင်းများစွာက ဒီဗာအိမ်တော်၏ ခေါင်းဆောင်သည် တပ်ဖွဲ့ရှစ်ဖွဲ့တွင် ပထမဖြစ်ခဲ့ပြီး ကောင်းကင်နန်းတော်ဟောင်းကို အုပ်စိုးခဲ့သည်။ သူ့ကိုလည်း ကောင်းကင်အင်ပါယာဂုဏ်ပုဒ် ပေးခဲ့သလော။
ကောင်းကင်နန်းတော်ဟောင်၏ အုပ်စိုးသူသည် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင် ဖြစ်နိုင်ပြီး ကောင်းကင်လမ်းစဉ်၏ ပထမဖြစ်သည်။
ကျိဝူတောက်သည် ကောင်းကင်နန်းတော်ဟောင်း၏ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ခြင်းလော။
နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးသို့သည် ပျံဆင်းလာကြပြီး လျှပ်တစ်ပြက်အတွင်းမှာပင် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေး၏ အရိပ်များသည် ကျိဝူတောက်ထံ ပျံဝင်သွားကြသည်။ နဂါးဘိုးဘေးထဲတွင် မတွေးနိုင်လောင်သော စွမ်းအားပါဝင်ပြီး ဖီးနစ်ဘိုးဘေးကို နတ်မီးတောက်တစ်ခုက လွှမ်းခြုံထားကာ ဟင်းလင်းပြင်ကို မီးလောင်တိုက်သွင်းနေပြီး အရာအားလုံးကို လောင်ကျွမ်းပြာချပစ်ကာ ကျိဝူတောက်ထံ ဦးတည်ပျံဝင်သွားသည်။
ထိုကဲ့သို့သော ကြောက်မက်ဖွယ် တိုက်ခိုက်မှု မြင်ကွင်းကို မြင်လိုက်ရသောအခါ နတ်ဘုရားတစ်ဝက်များသည်ပင် ရင်ခုန်မြန်နေခြင်းကို မရပ်တန့်နိုင်ခဲ့ချေ။
“ဒီတိုက်ခိုက်မှုရဲ့ စွမ်းအားက ငါ့ရဲ့အဆင့်တောင် ရှိနေပြီ”
ဓားဧကရာဇ်အရှင်က ခေါင်းမော့၍ ကောင်းကင်ထက်တွင် ဖြစ်ပေါ်နေသော တိုက်ပွဲကို ကြည့်ရင်း မှတ်ချက်ပြုလိုက်သည်။ ဒွန်ဟောင်တိယွမ်၏ တိုက်ခိုက်မှုသည် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့ထံမှ စုပ်ယူထားသည့် စွမ်းအား၏ အကူအညီကြောင့် နတ်ဘုရားတစ်ဝက်အဆင့်သို့ပင် ရောက်နေပေပြီ။
သူမသည် စည်းအနားတွင် ရှိနေပြီဖြစ်ပြီး နောက်ထပ်ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်နှင့် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်သွားတော့မည်ဖြစ်သည်။ သူမ၏အစွမ်းနှင့် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့၏ စွမ်းအားကို ပေါင်းစည်းထားရာ ထိုတိုက်ခိုက်မှုသည် မည်မျှ ကြောက်မက်ဖွယ်ကောင်းမည်ကို တွေးကြည့်ရုံသာ တတ်နိုင်လေသည်။
ကျိဝူတောက်သည် ထိုတိုက်ခိုက်မှုကို ခုခံနိုင်မည်လော။
ကျိဝူတောက်သည် ကောင်းကင်နန်းတော်ဟောင်း၏ နတ်အလင်းအောက်တွင် ရှိနေပြီး သူ့ခန္ဓာကိုယ်အတွင်းမှနေ၍ အထင်ကြီးဖွယ် စွမ်းအားတစ်ခု ထွက်နေလေသည်။ သူ့နောက်ကျောဘက်တွင် ကောင်းကင်အင်ပါယာပုံရိပ်သည် ဒြပ်ထည်ရှိလာသကဲ့သို့ ထင်ရ၏။ သူသည် ကောင်းကင်အင်ပါယာအရှေ့တွင် ရပ်ကာ လက်မြှောက်လိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်ထက်မှနေ၍ နတ်အလင်းတစ်ခု ဖြာကျလာသည်။ ကျိဝူတောက်၏လက်ထဲတွင် နတ်ဓားတစ်ချောင်း ပေါ်ပေါက်လာပြီး သူ့နောက်ရှိ ပုံရိပ်သည်လည်း လက်နှစ်ဘက်စလုံးတွင် နတ်ဓားတစ်ချောင်းစီ ကိုင်ထားလေသည်။
နတ်ဓားထွက်ပေါ်လာသောအခါ ကျင့်ကြံသူများစွာ၏ ဓားများသည် ကျယ်လောင်စွာ စတင်လှုပ်ခါအသံမြည်လာလေသည်။ ၎င်းတို့သည် ထိုနတ်ဓားကို ဦးညွှတ်လိုနေသကဲ့သို့ပင်။
ဓားဧကရာဇ်အရှင်သည်လည်း အံ့အားသင့်သွားသည်။ သူ၏ ဓားအတတ်က ထိုဓားအတတ်ထက် အဆင့်နိမ့်ကြောင်း သိရှိသွားသောအခါ သူမှင်တက်သွားသည်။
“ကောင်းကင်အင်ပါယာရဲ့ဓား...”
ဓားဧကရာဇ်အရှင်သည် ကောင်းကင်ထက်သို့ မော့ကြည့်သည်။ ထိုနတ်ဓားသည် ဓားတစ်ချောင်းဆိုသည်ထက် ပိုပေသည်။ ၎င်းတွင် ကောင်းကင်၏ဝိညာဉ်စွမ်းအား ပါဝင်ပြီး ကောင်းကင်အင်ပါယာ၏ဓားဖြစ်သည်။ ၎င်း၏ မြင့်မားသောအဆင့်အတန်းကြောင့် လောကအတွင်းရှိ အရာအားလုံးသည် ၎င်း၏အမိန့်ကို နာခံရလေသည်။
ထိုနတ်ဓားပေါ်တွင်”အင်ပါယာ”စာလုံးရေးထားပေသည်။ ၎င်းသည် နတ်အလင်းတောက်ပနေပြီး အားကောင်းသောစွမ်းအားတစ်ခုကို ထုတ်လွှတ်နေပြီး သက်ရှိအားလုံးကို ခယနေစေလေသည်။
ဒွန်ဟောင်တိယွမ်သည် နဂါးဘိုးဘေး၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံရရှိခဲ့သည်။ သို့သော် ကျိဝူတောက်သည် ကောင်းကင်နန်းတော်ဟောင်း၏ ဝိညာဉ်စွမ်းအားကို အမွေဆက်ခံခဲ့ရပေသည်။ လူများသည် အံ့အားသင့်နေကြလေသည်။ ထိုမတိုင်ခင်က ကောင်းကင်ဘုံ၏ဆက်ခံသူ ကျိဝူတောက်ကို မည်သူမှ မကြားခဲ့ဖူးပေ။ သူသည် အလွန်အထင်ကြီးစရာကောင်းကာ ထိုမျှ ထူးချွန်ပြောင်မြောက်ကြောင်းကို မည်သူသိခဲ့မည်နည်း။
“ဒီနေရာက ကောင်းကင်းနန်းတော်ဟောင်းရဲ့ အောက်မှာပဲ... ပြီးတော့ ကျိဝူတောက်က ကောင်းကင်နန်းတော်ဟောင်းကနေပြီး စွမ်းအားကို တိုက်ရိုက်စုပ်ယူနေတာဆိုတော့ သူ့ဘက်က အလေးသာနေတာပေါ့။ ဒွန်ဟောင်တိယွမ် ရှုံးတော့မယ်လို့ ငါထင်တယ်”
ဓားဧကရာဇ်အရှင်သည် တိုက်ပွဲကို မျက်တောင်မခတ်တမ်းကြည့်ကာ ပြောလိုက်၏။ ကျိဝူတောက်၏လက်ထဲရှိ နတ်ဓားသည် နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတိုးနှင့် ထိခတ်သွားကာ ကောင်းကင်ကို ပြိုကျလုနီးပါး ဖြစ်သွားစေ၏။ နတ်အလင်းဖြာကျလာပြီး အောက်ဘက်မှ ကျင့်ကြံသူများစွာသည် ခုခံအကာအရံကို ချက်ချင်း ထုတ်လွှတ်လိုက်ရလေသည်။
ဧရာမ နဂါးဘိုးဘေးနှင့် ဖီးနစ်ဘိုးဘေးတို့သည် ကောင်းကင်အင်ပါယာဓားနှင့် တိုက်ခိုက်နေဆဲဖြစ်သည်။ ၎င်းတို့ ထိတိုက်သွားတိုင်းတွင် နတ်အလင်းပေါက်ကွဲထွက်လာသည်။ သို့သော် ၎င်းတို့သည် ဆက်တိုက် ခုတ်ပိုင်းခံလိုက်ရ၏။ ၎င်းတို့သည် ကောင်းကင်အင်ပါယာဓား၏ စွမ်းအားနှင့် မယှဉ်နိုင်ပေ။
ထိုစဉ်တွင် ဒွန်ဟောင်တိယွမ်၏နောက်မှနေ၍ ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခု ထွက်ပေါ်လာ၏။ ကောင်းကင်ဒေသမှ ထိပ်တန်းသူရဲကောင်းတစ်ဦးသည် ရှေ့သို့ထွက်လာသည်။ သူထံမှနေ၍ အံ့အားသင့်ဖွယ် အရှိန်အဝါနှင့် စွမ်းအား ထွက်နေလေသည်။
တစ်ချိန်တည်းမှာပင် ကောင်းကင်လှေကားထက်ရှိ အဖြူကောင်းကင်အရှင်သည် တစ်ချက်မာန်သွင်းလိုက်ပြီး ရှေ့သို့ထွက်လာသည်။ သူသည် ကျိဝူတောက်ဘေးရှိ တိုက်ပွဲပြင်တွင် ဆင်းသက်လိုက်သည်။ သူတို့နှစ်ဦးစလုံးသည် သူတို့၏ သခင်လေးနှင့် သခင်မလေးကို ကာကွယ်ရန် အသင့်ရှိနေသည်။
ဒွန်ဟောင်တိယွမ်သည် အရှင်ဒွန်ဟောင်၏ တစ်ဦးတည်းသော သမီးတော်ဖြစ်သည်။ သူမ၏နောက်ခံတစ်ခုတည်းဖြင့်ပင် သူမ၏အဆင့်အတန်းသည် မြင့်လိမ့်မည်ဖြစ်ကြောင်း အတပ်ပြောနိုင်ပေသည်။ ထိုထဲတွင် သူမ၏ပါရမီကိုပါ ထည့်ပေါင်းလိုက်သောအခါ ဒွန်ဟောင်အင်ပါယာနန်းတော်တွင် သူမ၏အဆင့်အတန်းသည် မည်မျှ မြင့်မည်ကို ပြောနေရန်ပင် မလိုတော့ပေ။
တစ်ဘက်က ကျိဝူတောက်သည်လည်း သူ၏ကြိုးပမ်းမှုကြောင့် ကောင်းကင်အင်ပါယာနန်းတော်မှ သူများ၏ ထောက်ခံမှုကို ရရှိခဲ့သည်။ ကောင်းကင်ဘုံမှ သန်မာသူများသည် သူ၏အမိန့်ကို နာခံ၍ သူ့ကို ကူညီပေးလိုနေကြသည်။ ထိုသူများထဲတွင် အဖြူနှင့်အနက်ကောင်းကင်အရှင်များလည်း ပါဝင်ပေသည်။
ကြောက်မက်ဖွယ် ထိတိုက်သံများသည် ကောင်းကင်ကို တုန်ခါနေစေပြီး မြေပြင်ကို ကွဲအက်နေစေလေသည်။ ထို့ကြောင့် ကျင့်ကြံသူများသည် အလွန်အမင်း ရင်တုန်နေကြသည်။ သူတို့သည် နေရာအသီးသီးမှ သန်မာသူများက ကောင်းကင်လှေကားရှိရာဘက်သို့ ထွက်သွားသည်ကို မြင်လိုက်သောအခါ ဖြစ်ပျက်နေသည်များကို မယုံနိုင်ဖြစ်နေကြသည်။ သူတို့၏မျက်ဝန်းများသည် ကျုံ့နေပြီး တိုက်ပွဲပြင်ကို ငေးကြည့်နေကြလေသည်။ ထိုသို့ထွက်လာသူများမှာ အင်ပါယာအဆင့်အင်အားစုများမှ ထိပ်သီးကျင့်ကြံသူများဖြစ်ကြသည်။
ထိုထိပ်သီးကျင့်ကြံသူများသည် တိုက်ပွဲကို စိတ်ရှည်လက်ရှည် ကြည့်နေကြခြင်းဖြစ်သော်လည်း ယခုတွင် သူတို့သည် သူတို့ကိုယ်သူတို့ ဆက်၍မထိန်းချုပ်နိုင်တော့ပေ။ သူတို့သည် ကောင်းကင်လှေကားဆီသို့ သွားနေကြသည်။ သူတို့သည်လည်း ကောင်းကင်နန်းတော်ဟောင်းအမွေအနှစ်နယ်မြေကို အလွန်တပ်မက်နေကြောင်း သိသာပေသည်။