ကောင်းကင်နန်းတော်သို့ ဂိတ်တံခါး
Vol. 189 Ch. 2703
ရုတ်တရက် ပြောင်းလဲသွားသော အခြေအနေများကြောင့် ကျင့်ကြံသူများစွာသည် မှင်တက်သွားကြသည်။ ထိုတိုက်ပွဲသည် မူလက ကောင်းကင်ဒေသ၏ ဒွန်ဟောင်အင်ပါယာနန်းတော်နှင့် ကောင်းကင်ဘုံ၏ ကောင်းကင်နန်းတော်တို့၏ တိုက်ပွဲဖြစ်သည်။ သို့သော် ယခုတွင် အခြေအနေသည် ပြောင်းလဲသွားပြီး အင်အားစုအားလုံးမှ ထိပ်သီးများသည် တစ်ပြိုင်တည်း လှုပ်ရှားလာကြပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ဘုံမှ ကျင့်ကြံသူများကို တိုက်ထုတ်၍ ကောင်းကင်နန်းတော်ဟောင်းကို သိမ်းပိုက်လိုနေကြသည်။
ကောင်းကင်ဘုံမှ ကောင်းကင်နန်းတော်၏ အင်အားတွင် စွမ်းအားကြီးသူများစွာ ပါဝင်ပေသည်။ အဖြူနှင့်အနက်ကောင်းကင်အရှင်များ၊ ကောင်းကင်ဘုရင်လေးပါး၊ ကြယ်တာရာအရှင်ကိုးပါးအပြင် သူတို့နောက်မှ ကျင့်ကြံသူများလည်း ရှိပေသည်။ ထို့အပြင် ကောင်းကင်နန်းတော်ဟောင်း၏ ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်သော ကျိဝူတောက်လည်း ရှိပေသေးသည်။ သူတို့အုပ်စုသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားရှိသည်ဟု သတ်မှတ်ခံရသည့် အုပ်စုဖြစ်သည်။
သို့သော် ကောင်းကင်နန်းတော်သည် စွမ်းအားကြီးသော်လည်း လူအရေအတွက် နည်းပေသည်။ ဘုံခုနစ်ခုအကြားတွင် ကောင်းကင်ဘုံသည် အသေးဆုံးဖြစ်သည်။ သို့သော် ကောင်းကင်ဘုံသည် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သော ဒီဗာအမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားလေသည်။ ထို့ကြောင့် အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် သူတို့ကို တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိပေ။
ထိုနေရာတွင် ကောင်းကင်ဒေသမှ အင်အားစုများ၊ လူသားဘုံ၊ ဗလာနတ္တိဘုံ၊ မှောက်နက်လောကနှင့် နတ်ဆိုးလောကတို့မှ ကျင့်ကြံသူများလည်း ရှိနေလေသည်။ သို့သော် မှော်နက်လောကနှင့် နတ်ဆိုးလောကတို့မှ ထိပ်သီးအဆင့်ကျင့်ကြံသူများသည် ဤနေရာတွင်ရှိမနေပေ။ ထိုလောကနှစ်ခုထဲမှ တစ်ခုသည် ကာရူရာအမွေအနှစ်နယ်မြေကို ထိန်းချုပ်ထားပြီး ဒီမွန်းအရှင်၏ အမွေအနှစ်ကို ဖွင့်နိုင်ခဲ့ပြီဖြစ်သည်။ ကျန်တစ်ခုသည် အသူရာအမွေအနှစ်နယ်မြေကို သိမ်းပိုက်ထားလေသည်။ ထိုအမွေအနှစ်နယ်မြေများသည် သူတို့၏သဘာဝနှင့် ကိုက်ညီမှုအရှိဆုံး နယ်မြေများဖြစ်သည်။
ထို့ကြောင့် ထိုလောကနှစ်ခုမှ ထိပ်သီးကျင့်ကြံသူများသည် သူတို့၏ ကျင့်ကြံခြင်းတွင်သာ ပို၍အာရုံစိုက်နေကြမည်ဖြစ်သည်။ သူတို့သည် ဒီမွန်းအရှင်နှင့် အသူရာတို့၏ ဝိညာဉ်စွမ်းအားများကိုသာ အပြည့်အဝထိန်းချုပ်နိုင်ခဲ့လျှင် ကောင်းကင်နန်းတော်ဟောင်းကို အရေးစိုက်စရာမလိုပေ။ ယခင်က ကောင်းကင်ဘုံမှ ကျင့်ကြံသူများက ပြောခဲ့သလိုပင် ကောင်းကင်နန်းတော်ဟောင်းသည် အမှန်ပင် သူတို့နှင့် ကိုက်ညီမှု အရှိဆုံးဖြစ်သည်။
ဒီဗာအိမ်တော်သည် တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်သဖြင့် ၎င်း၏အင်အားသည် အသန်မာဆုံးဖြစ်ပေလိမ့်မည်။ သို့သော် ကိုက်ညီမှုရှိခြင်းသည် ထည့်စဉ်းစားရမည့် အရေးအကြီးဆုံးအချက်ဖြစ်သည်။ ကျိဝူတောက်သည် ကောင်းကင်နန်းတော်ဟောင်း၏ ဝိညာဉ်စွမ်းအားကို ဆက်ခံရန် ကိုက်ညီပေသည်။ သို့သော် မှောက်နက်လောက,က ကျင့်ကြံသူများကတော့ ကိုက်ညီချင်မှ ကိုက်ညီပေလိမ့်မည်။
ထို့အပြင် ဗုဒ္ဓလောကမှ ကျင့်ကြံသူများ ရောက်ရှိနေသော်လည်း သူတို့သည် ဝင်မပါရန် ရွေးချယ်ခဲ့သည်။ ဗုဒ္ဓကျင့်ကြံသူအများအပြားသည် လူအုပ်ထဲမှနေ၍ သူတို့အရှေ့တွင် ဖြစ်ပျက်နေသော အရာအားလုံးကို ကြည့်နေလေသည်။
သူတို့ဝင်မပါသော်လည်း အင်အားစုများအသီးသီးမှ ကျင့်ကြံသူအားလုံး တိုက်ပွဲတွင် ဝင်ပါခဲ့သဖြင့် ကြောက်မက်ဖွယ် ကောင်းနေဆဲဖြစ်သည်။ အချိန်တစ်ခုအထိ ထို ကြောက်မက်ဖွယ် အရှိန်အဝါသည် ထိုနေရာရှိ ကောင်းကင်ကို လွှမ်းခြုံထားပြီး ကောင်းကင်လှေကားဆီသို့ ရိုက်ခတ်ကျဆင်းနေလေသည်။
ရီဖူရှင်း၊ ဓားဧကရာဇ်အရှင်နှင့် အခြားသူများသည် ကောင်းကင်ထက်ရှိ တိုက်ပွဲပြင်ကို ကြည့်သည်။ သူတို့သည် ကျိဝူတောက်ရှိနေသောနေရာကို ပို၍အာရုံစိုက်နေကြသည်။
တိုက်ပွဲအတွင်းတွင် ဒွန်ဟောင်တိယွမ်သည် ရှုံးနိမ့်သွားပြီဟုပင် သတ်မှတ်နိုင်သည်။ ကောင်းကင်ဒေသ၏ အနာဂတ်ဖြစ်သော ဒွန်ဟောင်အင်ပါယာနန်းတော်၏ ထိုမာနသမီးတော်သည် ကျိဝူတောက်ကို ရှုံးနိမ့်သွားသည်။ သို့သော် ဤနေရာသည် ကျိဝူတောက်၏နယ်မြေဖြစ်သဖြင့် သူသည် ကောင်းကင်နန်းတော်ဟောင်းအတွင်းရှိ ကောင်းကင်အင်ပါယာ၏ဝိညာဉ်စွမ်းအားကို အသုံးပြုနိုင်ပေသည်။ ထို့ကြောင့် သူ ဒွန်ဟောင်တိယွမ်ကို အနိုင်ယူနိုင်ခဲ့ခြင်းမှာ အံ့အားသင့်စရာမရှိပေ။
သို့သော် ထိုအချက်များကို ထည့်မတွက်ဘဲ ထိုနှစ်ယောက်၏ တိုက်ခိုက်စွမ်းရည်ပေါ်တွင်သာ အခြေခံကာ ကောက်ချက်ချမည်ဆိုလျှင်လည်း ကျိဝူတောက်သည် ဒွန်ဟောင်တိယွမ်ထက် အားမနည်းပေ။ သူတို့နှစ်ယောက်၏ ပြီးခဲ့သော တိုက်ခိုက်မှုများမှနေ၍ ကျိဝူတောက်သည် အလွန်သန်မာကြောင်း ထင်ထင်ရှားရှား သိနိုင်သည်။ သူသည် သူ၏စွမ်းအားအကုန်လုံးကို အပြည့်အဝ မထုတ်ပြရသေးခြင်းလည်း ဖြစ်နိုင်သေးသည်။
“ကောင်းကင်ဘုံရဲ့ ဆက်ခံသူက ကောင်းကင်ဒေသရဲ့ မင်းသမီးကိုတောင် အနိုင်ယူနိုင်တဲ့ အဲဒီလို အံ့အားသင့်စရာကောင်းတဲ့ စွမ်းရည် ရှိလိမ့်မယ်လို့ ငါ မမျှော်လင့်ခဲ့ဘူး။ ပြီးတော့ သူ့မှာ ထူးကဲတဲ့ ကျောထောက်နောက်ခံ မရှိဘူးလို့လည်း ငါကြားတယ်။ သူ ဘယ်လို အခွင့်အရေးမျိုးများ ရခဲ့တာလည်းဆိုတာ ငါသိချင်တယ်။ နောက်ကျရင် သူက မဟာအင်ပါယာဖြစ်မယ့်လမ်းမှာ ရှေ့ဆုံးက ရှိနေမှာပဲ”
ဓားဧကရာဇ်အရှင်သည် လေသံတိုးတိုးဖြင့် ပြောလိုက်၏။
ယနေ့ တိုက်ပွဲသည် ကျိဝူတောက်၏အမည်ကို လောကတစ်ခွင်တွင် ကျော်ကြားသွားစေရန် လုံလောက်ပေသည်။ ထိုမတိုင်ခင်က သူသည် အပြင်လောကတွင် လူလုံးထွက်မပြခဲ့ပေ။ သို့သော် ဤဒွန်ဟောင်တိယွမ်နှင့်တိုက်ပွဲသည် သူ့အမည်ကို ဘုံအားလုံးတွင် ပျံ့နှံ့သွားစေရန် လုံလောက်ပေသည်။
ဤလောကရှိ ဤမျိုးဆက်အတွင်းမှ လူမည်မျှသည် ဒွန်ဟောင်တိယွမ်နဲ့ ထိုကဲ့သို့ တိုက်ခိုက်နိုင်စွမ်းရှိပါသနည်း။
“အင်း...”
ရီဖူရှင်းသည် ထောက်ခံကြောင်း ခေါင်းညိတ်လိုက်သည်။ ကျိဝူတောက်၏အင်အားသည် သူမျှော်လင့်ထားသည်ထက် ပို၍ကြီးပေသည်။ မဟာအင်ပါယာတစ်ပါးဖြစ်လာရန်အတွက် သူသည် စွမ်းအားအကြီးဆုံး ပြိုင်ဘက်ဖြစ်ပေလိမ့်မည်။
ပို၍အရေးကြီးသည်မှာ သူနှင့် ဒွန်ဟောင်တိယွမ်တို့ နှစ်ယောက်စလုံးသည် ယခုကတည်းက မဟာအင်ပါယာလမ်းစဉ်ကို လိုက်နေလောက်ပေပြီ။ သူတို့နှစ်ယောက်စလုံးသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ ရောက်တော့မည်ဖြစ်သည်။
ဤနေရာသည် သူတို့ မဟာအင်ပါယာတစ်ပါးဖြစ်လာမည့် ခရီးလမ်း၏ စမှတ်ဖြစ်သည်။
သို့ပေသည့် အဆုံးတွင်မူ သူတို့ထဲမှ မည်သူမှ ဤလောကထဲတွင် မဟာအင်ပါယာလမ်းစဉ်ကို သက်သေပြနိုင်မည်ကို မသိနိုင်ချေ။
ကျိဝူတောက်နှင့် ဒွန်ဟောင်တိယွမ်အပြင် လူသားဘုံမှ တိဟောက်၊ နတ်ဆိုးလောကမှ ယူချင်းနှင့် ယန်ကွေ့ရီ၊ မှော်နက်နန်းတော်မှ ရီချင်းယောင်၊ ဗုဒ္ဓလောကမှ ထိပ်သီးကျင့်ကြံသူများနှင့် ဗလာနတ္တိဘုံမှ တုကူးဝူရှဲ့တို့လည်း ရှိပေသေးသည်။ သူတို့အားလုံးသည် ထိုမက်မောဖွယ်လမ်းစဉ်ကို လျှောက်နိုင်စွမ်းရှိသူများ ဖြစ်သည်။
ထို့အပြင် ရီဖူရှင်း ကိုယ်တိုင်လည်း ရှိပေသေးသည်။
ထို့အပြင် ထိုကိစ္စအပေါ် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်များ သို့မဟုတ် အခြားလောကများမှ မဟာအင်ပါယာများ အုပ်ချုပ်သည့် အင်အားစုများကို မည်သို့ တုံ့ပြန်မည်ကို မသိနိုင်ပေ။ လက်ရှိတွင် ကောင်းကင်ဒေသရှိ ရှေးဟောင်းနတ်ဘုရားကလန်များ၏ မဟာအင်ပါယာဝိညာဉ်စွမ်းအားများသည် ၎င်းတို့၏ကျင့်ကြံသူများနှင့်အတူ ဤကုန်းမြေပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းတို့သည်လည်း အရှင်ထျန်းယန်ကဲ့သို့ ပြန်လည်မွေးဖွားလာမည်လော။
ကောင်းကင်နှင့် မြေကြီးအကြားတွင် သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်ပျက်နေသဖြင့် အရာအားလုံးသည် ဖြစ်နိုင်ချေရှိလေသည်။
ရီဖူရှင်း၏မျက်လုံးများသည် အထက်ကောင်းကင်သို့သာ စိုက်ကြည့်နေဆဲဖြစ်သည်။ အစောပိုင်းက ကျိဝူတောက်သည် ထိုကျင့်ကြံသူအားလုံးကို တစ်ယောက်ချင်းတိုက်မည်လော သို့မဟုတ် စုပေါင်း၍ တိုက်မည်လောဟု မေးခဲ့သည်။ ယခုတွင် အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည် သူအလိုရှိသလို စုပေါင်းတိုက်ခိုက်ရန် ပြင်နေကြပေပြီ။ သူသည် သူတို့၏တိုက်ခိုက်မှုများကို မည်သို့ ပြန်လည်ခုခံတိုက်ခိုက်ရန် ကြံရွယ်ထားသနည်း။
ကောင်းကင်ထက်တွင် ကျိဝူတောက်သည် အထက်သို့ ဆက်ပျံတက်သွားပြီး ကောင်းကင်လှေကားထိပ်ဆုံးတွင် ရပ်လိုက်သည်။ ကောင်းကင်နန်းတော်ဟောင်း၏ အောက်ဘက်တွင် ကောင်းကင်နန်းတော်ဟောင်းမှ ဖြာကျနေသော အတောက်ပဆုံးနတ်အလင်းရှိနေသည်။ ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် ပြိုင်ဘက်ကင်း ဝိညာဉ်စွမ်းအား ကျဆင်းလာပြီး ထိုအနန္တအာကာပြင်ကို လွှမ်းခြုံသွားသည်။
ရုတ်တရက် ထိုကျယ်ပြောကာ အဆုံးမဲ့သော အာကာပြင်သည် ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအား၏ လွှမ်းမိုးမှုကို ခံလိုက်ရ၏။ ထိုထိပ်သီးကျင့်ကြံသူများသည်လည်း ခေါင်းမော့ကာ ကျိဝူတောက်ကို ကြည့်လိုက်ကြသည်။ သူတို့၏မျက်လုံးများက သူတို့ကို သစ္စာဖောက်၍ သူတို့ခံစားခဲ့ရသည့် စိတ်လှုပ်ရှားမှုကို လှစ်ဟပြနေသည်။
ကျိဝူတောက်သည် ကောင်းကင်နန်းတော်ဟောင်း၏ဝိညာဉ်စွမ်းအားကို အပြည့်အဝ အမွေဆက်ခံခဲ့ပြီးပြီလော။
သူသည် ကောင်းကင်နန်းတော်ဟောင်းထဲတွင် မည်သည့်အရာကို ရရှိခဲ့သနည်း။
သူသည် ကောင်းကင်နန်းတော်ဟောင်း၏ ဆရာသခင်ထံမှပင် အမွေဆက်ခံခဲ့ပြီးပြီလော။
“ပြန်လာခဲ့...”
ကျိဝူတောက်သည် ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။ ရုတ်ခြည်းပင် ကောင်းကင်ဘုံမှ ကျင့်ကြံသူအားလုံးသည် ကောင်းကင်လှေကားထိပ်ဆီသို့ ပျံသန်းသွားလိုက်ကြသည်။ ထိုအထဲတွင် အဖြူနှင့်အနက်ကောင်းကင်အရှင်များလည်း ပါပေသည်။ သူတို့သည် တိုက်ပွဲမှနေ၍ ပြန်ဆုတ်ခဲ့ကြခြင်းပင်။ အတိုချုပ်ပြောရလျှင် အားလုံးသည် ကောင်းကင်လှေကားထိပ်ရှိ ကောင်းကင်နန်းတော်ဟောင်းရှိရာဘက်သို့ ပြန်ဆုတ်နေကြသည်။
အခြားကျင့်ကြံသူများသည် နောက်မှ လိုက်၍တိုက်ခိုက်လိုသော်လည်း သူတို့သည် သူတို့အထက်တွင် စွမ်းအားကြီးအားတစ်ခု ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်ကြသည်။ ရုတ်ခြည်းပင် သူတို့၏မျက်နှာများသည် မည်းမှောင်သွားပြီး မည်သူမှ မဆင်မခြင် မလုပ်ဝံ့ကြတော့ပေ။
ကောင်းကင်ထက်တွင် ကောင်းကင်အင်ပါယာ၏ အတုမဲ့တော်ဝင်ပုံရိပ်ထွက်ပေါ်လာ၏။ သူ့လက်ထဲတွင် နတ်ဓားကို ကိုင်ထားလေသည်။ သူသည် ကျိဝူတောက်၏လှုပ်ရှားမှုများအတိုင်း လိုက်လုပ်နေသည်။ ပို၍ပင် စွမ်းအားကြီးသော နတ်ဓား အောက်သို့ ကျဆင်းလာသည်။ ရုတ်ခြည်းပင် ကောင်းကင်နှင့်မြေကြီးသည် ထိုဓားကြောင့် ခုတ်ပိုင်းခံလိုက်ရသကဲ့သို့ ထင်လိုက်ရ၏။ နတ်ဓား ကောင်းကင်ပေါ်မှ ကျဆင်းလာသောအခါ ၎င်း၏လမ်းကြောင်းတစ်လျှောက်ရှိ အရာအားလုံး ဖျက်ဆီးခံလိုက်ရ၏။
လှုပ်ရှားခဲ့ကြသော ထိုကျင့်ကြံသူများသည် ခုခံရန် သူတို့၏ ကြောက်စရာအကောင်းဆုံး စွမ်းအားများကို ထုတ်လွှတ်လိုက်ကြပြီး သူတို့ကိုယ်သူတို့ မဟာလမ်းစဉ်နတ်အလင်းဖြင့် လွှမ်းခြုံထားလိုက်သည်။ သဘာဝမြင်ကွင်းများသည် အကြွင်းမဲ့စက်ကွင်းတစ်ခုကို ဖန်တီးလိုက်သည်ကိုလည်း မြင်လိုက်ရပြီး ထိုစက်ကွင်းမှနေ၍ တိုက်ခိုက်မှုတစ်ခုသည် သူတို့ပေါ်သို့ ကျဆင်းလာသည့် ကောင်းကင်ဓားထံသို့ ပျံထွက်သွားသည်။
ဟင်းလင်းပြင်ထဲတွင် လွန်စွာ ကြောက်မက်ဖွယ်ကောင်းသော အဖျက်နတ်အလင်း ပေါက်ကွဲထွက်ပေါ်လာပြီး ဓားသည် မျက်စိကျိန်းလောက်ဖွယ် တောက်ပနေသော ကမ္ဘာဖျက်နတ်အလင်းဖြင့် ခုတ်ချလိုက်သည်။
အောက်ဘက်ရှိ ကျင့်ကြံသူများ ရင်တုန်ပန်းတုန်ဖြစ်သွားသည်။ အချို့မှာ ထိုနေရာမှ မြန်နိုင်သမျှမြန်မြန် ထွက်သွားနိုင်ရန် လျင်မြန်စွာပင် ရှောင်လိုက်ပြီး နောက်သို့ ပြန်ဆုတ်သွားကြသည်။ အဝေးမှ ကြည့်နေသော ကျင့်ကြံသူများလည်း နောက်ဆုတ်လိုက်ကြသည်။ ထိုကောင်းကင်ဓားသည် ကျဆင်းလာသောအခါ ကျယ်ပြောသောအဝန်းအဝိုင်းကို လွှမ်းခြုံနိုင်ပေသည်။ ထို့ကြောင့် သူတို့အများစုသည် တိုက်ပွဲပြင်နှင့် လွန်စွာနီးနီးကပ်ကပ်တွင် ရှိနေသည်ကို နောင်တရသွားကြသည်။
ဓားဧကရာဇ်အရှင်သည် သူ၏လက်နှစ်ဘက်စလုံးကို ဝှေ့ယမ်းလိုက်ရာ အထက်ကောင်းကင်ကို ချိန်ရွယ်ထားသော နတ်ဓားတစ်ချောင်း ထွက်ပေါ်လာ၏။ ထိုက်ရှန့်ဓားအတတ်သည် ၎င်း၏အစွမ်းအကုန်ကို ထုတ်လွှတ်လိုက်သည်။ ကောင်းကင်ဓားကျဆင်းလာသောအခါ ၎င်းသည် ဓားဧကရာဇ်အရှင် ဖန်တီးထားသော အကာအရံကို မလှုပ်ခတ်နိုင်ခဲ့ချေ။ သို့သော် ထိုသို့ဖြစ်ရခြင်းမှာ သူတို့သည် တိုက်ပွဲအလယ်တွင် မရှိ၍ဖြစ်သည်။ သူတို့သည် ထိုနေရာ၏ အစွန်ပိုင်းတွင် တိုက်ခိုက်မှု၏ အဟုန်လှိုင်းများ အဖျားခတ်မှုကို ခံရသည်ဆိုရုံသာ ခံလိုက်ရခြင်းဖြစ်သည်။
ဓားကျဆင်းလာသောအခါ ဓားအလင်းသည် မိုင်ရာချီ၊ ထောင်ချီသော အဝန်းအဝိုင်းကို လင်းလက်သွားစေ၏။ နတ်ဓားကျဆင်းသွားပြီးနောက်တွင် ထိုနေရာသည် စုတ်ပြတ်သွားခဲ့လေသည်။ မြေပြင်ပေါ်တွင် ကျင်းများ၊ ချိုင့်များ အများအပြားဖြစ်ပေါ်သွားသည်။ မြေပြင်သည် ထက်ခြမ်းကွဲအက်သွားသကဲ့သို့ပင် ထင်ရသည်။ ထိုကျင်များ၊ ချိုင့်များအားလုံးတွင် မဟာအင်ပါယာ၏ ကြောက်မက်ဖွယ် ဓားဝိညာဉ်စွမ်းအားနှင့် ပြည့်နှက်နေသည်။
အဘက်ဘက်မှ ကျင့်ကြံသူများသည် နေရာအသီးသီးသို့ ထွက်ပြေးရင်း တစ်ကွဲတစ်ပြားဖြစ်ကုန်ကြသည်။ လုံလောက်အောင် မသန်မာသော ကျင့်ကြံသူများနှင့် ကာကွယ်ပေးမည့်သူမရှိသော ကျင့်ကြံသူများသည် ထိုဓားအောက်တွင် သေဆုံးသွားကြသည်။ သူတို့သည် ဘေးမှ တိုက်ပွဲကြည့်နေရုံဖြင့် ထိုသို့သေဆုံးသွားခြင်းမှာ အတော်လေးကံဆိုးပေသည်။
သို့သော် ဤနေရာသို့ရောက်လာ၍ တိုက်ပွဲကြည့်နေသူများ၏ စိတ်ထဲတွင် မကောင်းသည့် ကိုယ်ပိုင်အကြံများ ရှိနေနိုင်ပေသည်။
ကောင်းကင်ဒေသမှ ကျင့်ကြံသူများသည် ကောင်းကင်လှေကားထိပ်တွင် ရပ်နေကြသည်။ ကျိဝူတောက်သည် သူတို့၏အလယ်တွင် ရပ်နေ၏။ သူ့အပေါ်သို့ နတ်အလင်းဖြာကျနေပြီး သူသည် အောက်ဘက်ရှိ ကျင့်ကြံသူများကို ငုံ့ကြည့်ကာ ကျယ်လောင်စွာ ကြေညာလိုက်သည်။
“မင်းတို့ထဲက ဘယ်သူမဆို ကောင်းကင်ဘုံက ထိန်းချုပ်ထားတဲ့ အမွေအနှစ်နယ်မြေကို လုယူချင်နေသေးတယ်ဆိုရင် ငါ နောက်တစ်ကြိမ်ညှာတော့မှာ မဟုတ်ဘူး”
အောက်ဘက်မှ ကျင့်ကြံသူများသည် သူ၏နတ်ဘုရားကဲ့သို့ဟန်ပန်ကို တွေ့လိုက်ရသောအခါ ရင်တုန်သွားကြသည်။ သူတို့၏မျက်လုံးများအတွင်း၌ ကျိဝူတောက်သည် ပြိုင်ဘက်ကင်းတစ်ဦးနှင့် တူပေသည်။
သို့သော် ဟင်းလင်းပြင်ထဲမှ ဒွန်ဟောင်တိယွမ်ဖြစ်စေ၊ အခြားသူများဖြစ်စေ ပြန်မဆုတ်လိုက်ကြပေ။ သူတို့ထံမှ မဟာလမ်းစဉ်အရှိန်အဝါသည် ယခင်ကကဲ့သို့ပင် လွှမ်းမိုးအားကြီးနေဆဲဖြစ်သည်။ တစ်ချိန်တည်းမှာပင် တောက်ပသော နတ်အလင်းတန်း လင်းလက်လာပြီး ရုတ်ခြည်းပင် မဟာအင်ပါယာအဆင့်ဝိညာဉ်စွမ်းအားတန်းများသည် ကောင်းကင်နှင့် မြေကြီးကို ထွင်းဖောက်သွားသည်။
ထိုထိပ်သီးကျင့်ကြံသူများသည် မဟာအင်ပါယာအဆင့်လက်နက်များကို ထုတ်လိုက်ကြခြင်းပင်။ သူတို့ထဲက မည်သူမှ နောက်ဆုတ်ရန် စိတ်ကူးမရှိပေ။
ကျိဝူတောက်သည် စွမ်းအားကြီးနိုင်သော်လည်း ကောင်းကင်နန်းတော်ဟောင်း၏ဝိညာဉ်စွမ်းအားနှင့် အပြည့်အဝ မပေါင်းစည်းရသေးသည့်ပုံပင်။ ထို့ကြောင့် သူတို့သည် သူ့ကို အနိုင်ယူနိုင်ချေ ရှိပေသေးသည်။
သူတို့သည် ကောင်းကင်နန်းတော်ဟောင်းကို အရယူရန် ဆုံးဖြတ်ထားကြသည်။
ရီဖူရှင်းသည် သူ့မျက်စိရှေ့မှ အဖြစ်အပျက်ကို မြင်လိုက်သောအခါ ကျိဝူတောက်၏ တိုက်ခိုက်မှုသည် စွမ်းအားကြီးသော်လည်း ထိုနေရာရှိ လူအားလုံးကို မဟန့်တားနိုင်သေးကြောင်း သဘောပေါက်သွားသည်။ သူ၏ပြိုင်ဘက်များသည် သူတို့လက်ထဲတွင် မဟာအင်ပါယာအဆင့်လက်နက်များ ရှိပါက သေချာပေါက် အသားစီးရနိုင်လိမ့်မည်ဟု ခံစားနေကြရသည်။
ထိုလူများသည် အင်အားကို သုံးသပ်ရာတွင် လွန်စွာ အမြင်စူးရှပေသည်။ အကယ်၍ မည်သူမှ လက်လျှော့ရန် မရွေးချယ်လျှင် ကောင်းကင်ဘုံအနေဖြင့် ကောင်းကင်နန်းတော်ဟောင်းကိုဆက်၍ သိမ်းပိုက်ထားနိုင်ရန် ခက်ခဲပေလိမ့်မည်။ ဤဖြစ်ရပ်သည် ရီဖူရှင်းတစ်ယောက် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို အသုံးပြုခဲ့သော်လည်း အဘက်ဘက်မှ ကျူးကျော်လာမှုများကို မတားနိုင်ခဲ့သည့် အချိန်တုန်းကဖြစ်ရပ်နှင့် ဆင်တူပေသည်။ သူအလိုအပ်ဆုံးအချိန်တွင် သူ့ကိုကူညီခဲ့သော ယူချင်းနှင့် ရီချင်းယောင်တို့ကြောင့်သာ မဟုတ်လျှင် သူသည် မဟော်ရာဂီအမွေအနှစ်နယ်မြေကို ဆုံးရှုံးလိုက်ရမည်ဖြစ်သည်။
မဟော်ရာဂီအမွေအနှစ်နယ်မြေအတွက်ပင် အခြေအနေ အတော်လေးတင်းမာခဲ့ရာ ကောင်းကင်နန်းတော်ဟောင်းအတွက် ယှဉ်ပြိုင်မှုသည် ဤမျှပြင်းထန်နေခြင်းမှာ အံ့အားသင့်စရာမရှိပေ။
“ကောင်းကင်ဘုံကလူတွေအတွက် သူတို့နယ်မြေကို ကာကွယ်နိုင်ဖို့ ခက်လိမ့်မယ်”
ရီဖူရှင်း ပြောလိုက်၏။ ထိုမတိုင်ခင်က ကျိဝူတောက်သည် ဤနေရာရှိ ကျင့်ကြံသူများကို ဟန့်တားလိုခဲ့သည်။ သို့သော် သူ၏အင်အားသည် မလုံလောက်သေးပေ။ သူသည် နတ်ဘုရားတစ်ဝက်အဆင့်သို့ လုံးလုံးလျားလျား မရောက်သေးသည် မဟုတ်ပါလား။ သို့သော် သူသည် နတ်ဘုရားတစ်ဝက်စာရင်းအတွင်းရှိ စွမ်းအားကြီးကျင့်ကြံသူများစွာနှင့် ရင်ဆိုင်နေပြီး ထိုသူများထံတွင် မဟာအင်ပါယာအဆင့်လက်နက်များလည်း ရှိနေသည်။ သူတို့သည် ထိုသို့သော အားသာချက်များရှိနေပေရာ အဘယ်ကြောင့် လိုလိုချင်ချင် ပြန်ဆုတ်သွားကြမည်နည်း။
“တကယ်လို့ ကောင်းကင်ဘုံက ဒီနယ်မြေကို မကာကွယ်နိုင်ခဲ့ရင် ငါတို့ ဘာလုပ်ကြမလဲ”
ရီဖူရှင်းဘေးမှ ဓားဧကရာဇ်အရှင်က မေးလိုက်သည်။ သူသည် ထိုအခြေအနေအပေါ် ရီဖူရှင်း၏အတွေးကို စဉ်းစားနေသည်။
“တစ်ခါတုန်းက ကျိဝူတောက်က စီဝေ့ကြယ်ကောင်းကင်က ထိန်းချုပ်ထားတဲ့ နယ်မြေကို ရောက်လာပြီး ကျင့်ကြံခဲ့ဖူးတယ်... သူအဲဒီတုန်းက ပြောတာက သူသာတတ်နိုင်ရင် ကောင်းကင်နန်းတော်ဟောင်းဆီသွားပြီး တစ်ချက်လောက်ကြည့်ချင်တယ်တဲ့”
ရီဖူရှင်းသည် ပုံမှန်အတိုင်း ပြန်ပြောလိုက်၏။ လက်ရှိကျင့်ကြံခြင်းလောကတွင် မည်သည့် စည်းမျဉ်း၊ စည်းကမ်းမှ မရှိပေ။
အင်အားသည်သာ အရေးပါဆုံးအရာဖြစ်သည်။ အမွေအနှစ်နယ်မြေများတွင် ကျင့်ကြံနိုင်မည့် အခွင့်အရေးကို မည်သူမှ အလျှော့ပေးမည် မဟုတ်ပေ။ အကယ်၍ သူတို့သာ သူသိမ်းပိုက်ထားသော မဟော်ရာဂီအမွေအနှစ်နယ်မြေကို ဖောက်ဝင်နိုင်ပါက ဤရှေးဟောင်းကုန်းမြေပေါ်ရှိ မည်သူကမှ သူ့ကို လေးစားမှုပြ၍ အလျှော့ပေးမည် မဟုတ်ချေ။
မိုးကောင်းကင်ထက်တွင် အားလုံးသည် အထက်သို့ ပျံတက်နေကြသည်။ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ဆုတ်နေရပြီး ကောင်းကင်လှေကားထိပ်သို့ပင် ရောက်နေပေပြီ။ သူတို့သည် ကောင်းကင်နန်းတော်ဟောင်း အောက်တည့်တည့်တွင် ရပ်နေကြရသည်။
ထိုအချိန်တွင် ကောင်းကင်ထဲရှိ အခြားကျင့်ကြံသူများသည်လည်း အထက်သို့ တက်လာကြသည်။ ထိုအထဲတွင် လောကအသီးသီးမှ အင်အားစုအားလုံး ပါဝင်ပေသည်။ သူတို့သည် မီးလောင်ရာလေပင့်ရန် ဝန်မလေးပေ။ သူတို့ထဲက မည်သူသည် ကောင်းကင်နန်းတော်ဟောင်းအမွေအနှစ်နယ်မြေထဲတွင် မကျင့်ကြံချင်ဘဲနေမည်နည်း။
“ဟာ...”
ထိုအခိုက်တွင် လူများစွာသည် အံ့အားသင့်သွားသည်။ ကောင်းကင်ဘုံမှ ကျင့်ကြံသူများသည် ကောင်းကင်နန်းတော်ဟောင်းအတွင်းသို့ ဝင်သွားကြောင်း သူတို့တွေ့လိုက်ရ၏။ မိုးကောင်းကင်အထက်မှ ထိုကျင့်ကြံသူအုပ်စုသည် သူတို့ရှိနေခဲ့သောနေရာမှ တိုက်ရိုက်ပျောက်ကွယ်သွားသည်။
အင်အားစုအသီးသီးမှ ကျင့်ကြံသူများသည်လည်း အံ့အားသင့်သွားကြသည်။ သူတို့သည်လည်း တစ်ယောက်ပြီးတစ်ယောက် မြင့်မားသော ကောင်းကင်ထက်သို့ ပျံတက်သွားကြသည်။ သူတို့ထဲတွင် ကောင်းကင်လှေကားထိပ်သို့ ပထမဆုံးရောက်သွားသူများမှာ ဒွန်ဟောင်တိယွမ်ပါဝင်သော မဟာအင်ပါယာအဆင့် အင်အားစုများမှ ကျင့်ကြံသူများဖြစ်ပေသည်။
သူတို့ ကောင်းကင်လှေကားထိပ်သို့ ရောက်သွားသောအခါ ခမ်းနားထည်ဝါ၍ အထင်ကြီးစရာကောင်းသော အဆောက်အဦးများစွာကို တွေ့လိုက်ရ၏။ ယိုယွင်းနေသော နန်းတော်များနှင့် ဘုံကျောင်းများ၊ သူတို့ယခင်ကမြင်ခဲ့ဖူးသည့် ပြိုကျနေသော ကျောက်တိုင်ကြီးများအားလုံးသည် ကောင်းကင်နန်းတော်ဟောင်း၏ ကိုယ်ရံတော်များ၏နေရာများဖြစ်သည်။
သူတို့အရှေ့တွင် ဝင်ပေါက်တံခါးတစ်ချပ်ရှိသည်။ ထိုတံခါးသည် ကောင်းကင်နန်းတော်ဟောင်း၏ ဝင်ပေါက်ဖြစ်ပြီး ကောင်းကင်နန်းတော်သို့သွားရာ ဂိတ်တံခါးဖြစ်လေသည်။
သူတို့ရှေ့ရှိ မြင်ကွင်းသည် လွန်စွာခမ်းနားကြီးကျယ်ပေသည်။ ထို့ကြောင့် သူတို့နောက်မှ တက်လာသော ကျင့်ကြံသူများသည် အပြင်းအထန် ရင်ခုန်သွားကြသည်။ ဤနေရာတွင် တပ်ဖွဲ့ရှစ်ဖွဲ့ထဲမှ ပထမဖြစ်သော ဒီဗာအိမ်တော်၏ ကောင်းကင်နန်းတော်ဟောင်းသို့သွားရာ ဂိတ်တံခါးရှိနေလေသည်။
“မင်းသမီးတိယွမ် ကြွပါ...”
တိဟောက်က ဒွန်ဟောင်တိယွမ်ကို အတွင်းသို့ ဝင်ရန် လက်ဟန်ပြ၍ ပြောလိုက်၏။ ရုတ်ခြည်းပင် ဒွန်ဟောင်တိယွမ်သည် ဂိတ်တံခါးကို ဖြတ်လိုက်ပြီး ကောင်းကင်နန်းတော်ဟောင်းအတွင်းသို့ ဝင်သွားသည်။