စက်ကွင်းကို ချိုးဖျက်မည့် နတ်ဘုရားအုပ်စိုးလက်နက်
Vol. 189 Ch. 2704
ရီဖူရှင်းတို့လူစုသည် ကောင်းကင်နန်းတော်၏ ဂိတ်တံခါးရှေ့သို့ ရောက်လာသည်။ သူတို့သည် အတွင်းသို့ ဝင်သွားကြသည့် ကျင့်ကြံသူများကို အာရုံစိုက်နေကြ၏။ နေရာအနှံ့မှ ကျင့်ကြံသူများသည် သူတို့၏ကျင့်ကြံခြင်းကို မြှင့်တင်ပေးနိုင်လောက်သော စွမ်းအားကြီးအမွေအနှစ်များအတွက် တူညီစွာ စိတ်အားထက်သန်နေကြောင်း ရီဖူရှင်း သူ့ဘာသာ တွေးလိုက်သည်။
သို့သော် မဟာအင်ပါယာအဆင့် အင်အားစုများအားလုံး ရှိနေသဖြင့် ထိုကျင့်ကြံသူများသည် တစ်စုံတစ်ခုကိုရရန် အခွင့်အရေးပင် ရှိပါမည်လော။
သူတို့အတွက် အရှုပ်အထွေးသည် အခွင့်အရေးတစ်ခုထက် များစွာပို၍ ကောင်းပေလိမ့်မည်။ သို့သော် ထိုကျင့်ကြံသူများသည် အမွေအနှစ်များကိုရနိုင်မည့် အခွင့်အရေး မြူတစ်မှုန်လောက် ရှိနေလျှင်ပင် ဆက်၍ရောက်လာကြပေမည်။ အမှန်တွင် နတ်ဘုရားတစ်ဝက်များသာ အမွေအနှစ်များကို ရနိုင်မည့် အခွင့်အရေး အနည်းငယ် ရှိပေသည်။ ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများပင် မဟာအင်ပါယာအဆင့်လက်နက်များ၏ အကူအညီမပါလျှင် အခွင့်အရေး အနည်းအကျဉ်းသာ ရှိပေလိမ့်မည်။
အမွေအနှစ်များကို တွေ့ခဲ့လျှင်ပင် သူတို့သည် ထိုအဓိကအင်အားစုကြီးများနှင့် ယှဉ်နိုင်မည်မဟုတ်ပေ။ သို့သော် သူတို့ ကံကောင်းထောက်မစွာဖြင့် တစ်စုံတစ်ခု ရရှိခဲ့လျှင် နောက်ပိုင်းတွင် သူတို့သည် အမဲလိုက်ခံရကာ ထိုရရှိခဲ့သည့်အမွေအနှစ်ကို လုယူခဲ့ရမည်ဖြစ်သည်။
သို့တစေ ရီဖူရှင်းမှာလည်း အတွင်းသို့ လိုက်ဝင်သွားရန် ကြံစဉ်နေသည်။
ရီဖူရှင်းသည် ထိုကိစ္စကို များစွာ တွေးတောမနေတော့ဘဲ ကောင်းကင်နန်းတော်၏ဂိတ်တံခါးကို ဖြတ်လိုက်ပြီး ရှေးခေတ်တွင် ဒီဗာ အုပ်စိုးခဲ့သော နယ်မြေအတွင်းသို့ ဝင်သွားလေတော့သည်။
ရီဖူရှင်းနှင့် အခြားသူများသည် ကောင်းကင်နန်းတော်ဂိတ်တံခါးကို ဖြတ်ကာ အတွင်းသို့ ဝင်သွားသည်နှင့် တစ်ပြိုင်နက် သူတို့အရှေ့ရှိ မြင်ကွင်းကြောင့် အံ့အားသင့်သွားကြသည်။
ထိုနေရာသည် လောကအသေးလေးတစ်ခုကဲ့သို့ ဖြစ်သည်။ ထို့အပြင် ထိုနယ်မြေသည် ဤရှေးဟောင်းကုန်းမြေပေါ်ရှိ အမွေအနှစ်နယ်မြေအားလုံးထဲတွင် ကောင်းမွန်စွာ ထိန်းသိမ်းထားခြင်း အခံရဆုံး နယ်မြေတစ်ခုဖြစ်သည်။ ထိုလောကအသေးလေးထဲတွင် နေရာအနှံ့ရှိ အဆောက်အဦးများသည် ပြိုပျက်နေသော်လည်း ကောင်းကင်နန်းတော်၏ ကြီးကျယ်ခမ်းနားသော အပျက်အစီးများကိုမူ ဝိုးတိုးဝါးတား မြင်နေရလေသည်။
လောကအသေးလေးသည် အမှန်တွင် အတော်လေး ကျယ်ပေသည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် နေရာအနှံ့တွင် အဆောက်အဦးများ အစုလိုက်၊ အပြုံလိုက် ရှိနေသည်ကို မြင်ရလေသည်။ ၎င်းတို့အားလုံးသည် အရှေးဟောင်းအမွေအနှစ်များ ဖြစ်ကြသည်။ အဆောက်အဦးအစုအဝေးတစ်ခုစီတိုင်းသည် ခမ်းနည်းထည်ဝါပြီး နေရာအနှံ့တွင် တည်ရှိနေကြကာ ကိုယ်ပိုင်လက္ခဏာသွင်ပြင်များ ရှိကြသည်။
ထိုနေရာများသည် ကောင်းကင်နန်းတော်မှ နတ်စစ်သူကြီးများအတွက် ကျင့်ကြံရန်နေရာများ ဖြစ်နိုင်ပေသည်။ နှစ်ပေါင်းများစွာကြာပြီးနောက်တွင် ၎င်းတို့သည် အမွေအနှစ်များ ဖြစ်လာကြသည်။ သို့သော် ၎င်းတို့သည် လွန်စွာကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေဆဲပင်။
ကောင်းကင်နန်းတော်ဟောင်း၏ ဆရာသခင်သည် ရှေးခေတ်တွင် အသန်မာဆုံးလူများထဲမှ တစ်ယောက်ဖြစ်ပေလိမ့်မည်။ ထို့ကြောင့်လည်း သူသည် ဒီဗာကို ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။
ထိုကဲ့သို့သော သူမျိုး၏အမိန့်အောက်တွင် မဟာအင်ပါယာများစွာ ရှိပေလိမ့်မည်။
ထိုခေတ်သည် အင်ပါယာများ၏ခေတ်ဖြစ်ခဲ့သည် မဟုတ်ပါလား။
ဒီဗာသည် ကောင်းကင်လမ်းစဉ်အောက်မှ တပ်ဖွဲ့ရှစ်ဖွဲ့၏ ခေါင်းဆောင်ဖြစ်ပြီး လောကတစ်ခွင်လုံးကို သိမ်းပိုက်နိုင်ခဲ့သည်။
အဝေးတွင် ကျင့်ကြံသူများစွာသည် ဦးတည်ရာတစ်ဘက်တည်းသို့ သွားနေကြသည်။ ရီဖူရှင်းတို့လူစုသည် ခေါင်းမော့၍ သူတို့သွားနေသော နေရာကိုကြည့်လိုက်သောအခါ ကောင်းကင်အစွန်းရှိ ကောင်းကင်နန်းတော်တစ်ခုကို တွေ့လိုက်ရလေသည်။ ထိုနန်းတော်သည် ဖော်ပြ၍မရနိုင်လောက်အောင် ကြီးကျယ်ခမ်းနားပေသည်။ ထိုနန်းတော်သည် ရှေးခေတ်က ကောင်းကင်အင်ပါယာ ဒီဗာအရှင်သခင် နေထိုင်ခဲ့သော ကောင်းကင်နန်းတော်အစစ်အမှန် ဖြစ်ပေလိမ့်မည်။
ရီဖူရှင်းသည် ရှေ့သို့ ဆက်သွားလိုက်သည်။ ကျင့်ကြံသူများအားလုံးသည် ဤနေရာအတွင်းသို့ ဝင်ခဲ့ပြီးနောက်တွင် ကွဲပြားသောနေရာအသီးသီးသို့ သွားလိုက်ကြသည်။ သူတို့သည် အခြားနေရာများစွာတွင်လည်း မဟာအင်ပါယာများ၏ အမွေအနှစ်များ တည်ရှိနေကြောင်းကို အာရုံခံမိခဲ့ကြသည်။
“ဒီနေရာမှာရှိတဲ့ အမွေအနှစ်တွေက မဟော်ရာဂီမျိုးနွယ်က အမွေအနှစ်တွေထက် ပိုများလောက်တယ်”
ဓားဧကရာဇ်အရှင်က နူးညံ့စွာ ပြောလိုက်၏။
“ဒီဗာက တပ်ဖွဲ့ရှစ်ဖွဲ့ရဲ့ ခေါင်းဆောင်ဆိုတော့ ဒီဗာအခြေချခဲ့တဲ့ နယ်မြေမှာ အမွေအနှစ်တွေပိုများတာ ပုံမှန်ပါပဲ”
ရီဖူရှင်းသည် ဓားဧကရာဇ်အရှင် ပြောသောစကားကို ထောက်ခံသည့်အနေဖြင့် ပြန်ပြောလိုက်၏။ သူတို့သည် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားပါဝင်သော အမွေအနှစ်များရှိသော နေရာများကို ခံစားမိနေကြပြီဖြစ်သည်။
“အင်အားစုတွေအများကြီး ဒီနယ်မြေအတွက် တိုက်ခိုက်နေကြတာ အံ့ဩစရာ မရှိတော့ပါဘူး”
ဓားဧကရာဇ်အရှင်က ပြောလိုက်၏။ သူတို့သည် သူတို့သိမ်းပိုက်ထားခဲ့သော အမွေအနှစ်နယ်မြေများအတွင်း၌ နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီးနောက်တွင် ဒွန်ဟောင်တိယွမ် ဦးဆောင်သော ကောင်းကင်ဒေသ၏ တိုက်ခိုက်မှုများကြောင့် အခွင့်အရေးအသစ်များကို တွေ့ခဲ့ကြလေသည်။ သူတို့သာ အတူတကွ ပူးပေါင်းထားလျှင် ကောင်းကင်နန်းတော်ဟောင်းအတွင်းသို့ ကျူးကျော်နိုင်ရန် ပို၍အခွင့်အရေးများလေသည်။
သူတို့သည် ကောင်းကင်နန်းတော်ဟောင်းမှ အမွေအနှစ်များကို လက်မလွှတ်လိုပေ။ မဟာအင်ပါယာအဆင့် အင်အားစုများ၏ မျက်လုံးထဲတွင် ရီဖူရှင်း ထိန်းချုပ်ထားသော မဟော်ရာဂီ၏အမွေအနှစ်များသည် ကောင်းကင်နန်းတော်ဟောင်းမှ အမွေအနှစ်များနှင့်ယှဉ်လျှင် အရေးမပါတော့ပေ။
ယခုတွင် သူတို့သည် သူတို့အလိုရှိခဲ့သည့်အတိုင်း ဤနေရာသို့ ရောက်လာကြပြီဖြစ်သည်။
ထိုအခိုက်တွင် ရီဖူရှင်းတို့လူစုပေါ်သို့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာ၏။ ထို့ကြောင့် ရီဖူရှင်းတို့လူစုသည် မျက်မှောင်ကြုတ်သွားကြသည်။ ထို့နောက်တွင် နေရာအသီးသီးမှနေ၍ ကျင့်ကြံသူအများအပြားသည် သူတို့ကို လာရောက်ဝန်းရံလိုက်ကြသည်။ သူတို့၏ သတ်ဖြတ်လိုသောအငွေ့အသက်သည် မိုးထိုးနေသည်။
“ဒီ စိတ်အနှောင့်အယှက်ပေးတဲ့ လူဖျင်းတွေကတော့...”
ဓားဧကရာဇ်အရှင်သည် မျက်ခုံးနှစ်ခုကို ကျုံ့၍ ပြောလိုက်၏။ ထိုလူများသည် ကောင်းကင်ဒေသ၏ ရှေးဟောင်းနတ်ဘုရားကလန်များမှ ကျင့်ကြံသူများ ဖြစ်နေပြန်ပေသည်။ သူတို့သည် ဤနေရာမှ အမွေအနှစ်များကို လုယက်ရန် အလျင်လိုမနေကြပေ။ ထိုအစား သူတို့သည် ဤအခွင့်အရေးကို အသုံးချ၍ ရီဖူရှင်းကို တိုက်ခိုက်လိုနေလေသည်။
သူတို့သည် ရီဖူရှင်းကို စောင့်ကြည့်ကာ သူ၏လှုပ်ရှားမှုတိုင်းကို ခြေရာခံနေကြောင်း ထင်ရှား၏။
အရှေ့ဆုံးတွင် ဗုဒ္ဓကုန်းမြေအရှင်သခင်က ရပ်နေ၏။ သူ့ကို ရွှေရောင်နတ်အလင်းက ဝန်းရံထားပြီး ထိုအလင်းသည် အကန့်အသတ်မဲ့ အာကာပြင်ကိုလည်း လွှမ်းခြုံထားလေသည်။ မဟော်ရာဂီအမွေအနှစ်နယ်မြေတွင် မှော်နတ်ကလေးငယ်သည် ဖန်းစွင်၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ ရန်ငြိုးဟောင်းများတွင် သွေးကြွေးအသစ်တစ်ခုပါ ထည့်ပေါင်းလိုက်ရာ ဗုဒ္ဓကုန်းမြေသည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို အသည်းနင့်အောင် မုန်းတီးပေသည်။ သူတို့သည် စီဝေ့အင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ချက်ချင်းသတ်ပစ်ရန် မစောင့်နိုင်ကြတော့ပေ။
“မင်းက ဘယ်လိုလုပ် မဟော်ရာဂီနယ်မြေထဲကနေ ထွက်လာရဲရတာလဲ”
ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ကြောက်မက်ဖွယ် သတ်ဖြတ်လိုသောအငွေ့အသက်ဖြင့် ပြောလိုက်၏။ ထိုမတိုင်ခင် သူတို့ မဟော်ရာဂီနယ်မြေသို့ ရောက်သွားစဉ်က ရီဖူရှင်းသည် မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအားကို ထိန်းချုပ်ထားနိုင်သဖြင့် သူတို့သည် မည်သို့မှ မလုပ်နိုင်ခဲ့ကြပေ။ ထိုစဉ်က ယူချင်းနှင့် ရီချင်းယောင်တို့လည်း ရောက်ရှိလာသဖြင့် သူတို့သည် ရွေးချယ်စရာမရှိတော့ဘဲ ပြန်ဆုတ်ခဲ့ရလေသည်။ ထို့ကြောင့် သူတို့သည် အတော်လေး ဆုံးရှုံးခဲ့ရသည်။ နောက်ဆုံးတွင် သူတို့သည် ရီဖူရှင်းနှင့် အခြားသူများကို ထိခိုက်အောင် မလုပ်နိုင်ခဲ့ပေ။
သို့သော် ယခုတွင် ရီဖူရှင်းသည် မဟော်ရာဂီနယ်မြေအတွင်းမှ ထွက်လာပြီး ဤနေရာသို့ ရောက်လာခဲ့ပေပြီ။
မဟော်ရာဂီ၏ ဝိညာဉ်စွမ်းအား မရှိလျှင် သူသည် သူတို့ကို မည်သို့ ယှဉ်မည်နည်း။
သူ့အတွက် သေရုံမှလွဲ၍ အခြားမရှိချေ။
ရှေးဟောင်းနတ်ဘုရားကလန်များသည် မဟာအင်ပါယာများ၏ ဝိညာဉ်စွမ်းအားများကို ပိုင်ဆိုင်ထားပေသည်။ ထို့ကြောင့် သူတို့၏ပြိုင်ဘက်သည် ဓားဧကရာဇ်အရှင်နှင့် ရှီးချီယောင်တို့ကဲ့သို့သော သူများ၏ အထောက်အပံ့ကို ရထားသော်လည်း ထိုအချက်သည် သူတို့ကို ဟန့်တားနိုင်ရန် မလုံလောက်သေးပေ။
“ကျုပ် အခု ခင်ဗျားတို့နဲ့ ကစားဖို့ စိတ်မဝင်စားသေးဘူး။ ခင်ဗျားတို့ ကျင့်ကြံခြင်းကို ပိုအာရုံစိုက်ပြီး ကိုယ့်ရဲ့အင်အားကို မြှင့်တင်သင့်တယ်။ အဲဒီလိုမှ ခင်ဗျားတို့ နောက်ထပ် နှစ်နည်းနည်းလောက်ဆက်ပြီး အသက်ရှင်နိုင်လိမ့်မယ်”
ရီဖူရှင်းသည် သူတို့ကိုကြည့်ကာ ပြောလိုက်၏။ သူ၏စကားများသည် ထိုကျင့်ကြံသူများကို မျက်မှောင်ကြုတ်သွားစေ၏။ သူသည် အဘယ်ကြောင့် ထိုမျှ စိတ်ကြီးဝင်နေဝံ့သနည်း။
ရီဖူရှင်းသည် သူတို့နှင့် ယှဉ်ပြိုင်ရန် မည်သည်ကို အသုံးပြုစရာ ရှိသနည်း။
“ငါတို့ မင်းကို သတ်ပြီးရင် မဟော်ရာဂီအမွေအနှစ်နယ်မြေက စောင့်ကြပ်တဲ့သူ ရှိတော့မှာ မဟုတ်ဘူး။ အဲဒီအချိန်ကျမှ ငါတို့ အထဲက ကျင့်ကြံသူတွေ အကုန်လုံးကို သတ်ပစ်ပြီး မဟော်ရာဂီအမွေအနှစ်နယ်မြေကို သိမ်းပိုက်လိုက်မယ်။ မဟော်ရာဂီအမွေအနှစ်နယ်မြေကလည်း ဒီကောင်းကင်နန်းတော်ဟောင်းအမွေအနှစ်နယ်မြေလောက် ကောင်းမှာပါပဲ”
ဗုဒ္ဓကုန်းမြေအရှင်သခင်က ပြောလိုက်၏။ ကောင်းကင်ထက်တွင် ကြောက်မက်ဖွယ် ဗုဒ္ဓစက်ကွင်းတစ်ခု ထွက်ပေါ်လာပြီး ကောင်းကင်နှင့် နေမင်းကို ကာရံသွားပြီး ထိုနေရာရှိ ကောင်းကင်ကို ချိပ်ပိတ်လိုက်သည်။ ဗုဒ္ဓကုန်းမြေ၏ အတုမဲ့နတ်စွမ်းအားသည် ဗုဒ္ဓကုန်းမြေအရှင်သခင်ပေါ်သို့ ကျဆင်းလာသည်။ ထိုဗုဒ္ဓကုန်းမြေ၏စွမ်းအားအောက်တွင် ဗုဒ္ဓကုန်းမြေအရှင်သခင်သည် မြေပေါ်သို့ ဆင်းသက်လာသည့် ဗုဒ္ဓကုန်းမြေ၏ ရှေးဟောင်းနတ်ဘုရားတစ်ပါးကဲ့သို့ ထင်ရသည်။
ဗုဒ္ဓကုန်းမြေအရှင်သခင်သည် မမြင်ခဲ့ရသော နှစ်အနည်းငယ်အတွင်း၌ ထပ်မံ၍ စွမ်းအားတိုးလာသည့်ပုံပင်။
ထို့အတူ ရှေးဟောင်းနတ်ဘုရားကလန်များမှ အခြားကျင့်ကြံသူများသည်လည်း ကြောက်မက်ဖွယ်အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လိုက်ပြီး ယင်းအရှိန်အဝါသည် ထိုနေရာကို လွှမ်းခြုံသွားကာ ရီဖူရှင်းတို့လူစုကို ထွက်မပြေးနိုင်စေရန် တားဆီးလိုက်သည်။ ရီဖူရှင်းသည် ဖမ်းဆီးမှုများမှနေ၍ အလွယ်တကူထွက်ပြေးနိုင်သည့် ဗုဒ္ဓရောင်ဝါခြေလှမ်းကို ကျွမ်းကျင်ကြောင်း အားလုံးသိပေသည်။ ရီဖူရှင်းနှင့် ရင်ဆိုင်ရန် သူတို့ပထမဆုံးလုပ်ရမည့်အရာမှာ သူတို့ရှိနေသောနေရာကို ချိပ်ပိတ်လိုက်ရန် ဖြစ်သည်။
“ဓားဧကရာဇ်... အားလုံး လုံခြုံအောင် ကာကွယ်ပေးပါဦး”
ရီဖူရှင်းသည် ဓားဧကရာဇ်အရှင်ကို ပြောလိုက်၏။
“ကိစ္စမရှိဘူး”
ဓားဧကရာဇ်အရှင်သည် မဟာအင်ပါယာအဆင့်လက်နက် နတ်ဓားကို ဆွဲကိုင်၍ သူတို့၏ကျင့်ကြံသူများကို ကာကွယ်ရန် ဓားစက်ကွင်းတစ်ခု ဖန်ဆင်းလိုက်သည်။
ရီဖူရှင်းသည် ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးလိုက်ပြီး ဗုဒ္ဓကုန်းမြေအရှင်သခင်ကို တစ်ချက်ကြည့်လိုက်ကာ ခေါင်းမော့၍ ကောင်းကင်ထက်ရှိ စက်ကွင်းကို အာရုံစိုက်လိုက်သည်။
ထိုစက်ကွင်းအထက်တွင် ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားသည် အဆုံးမဲ့ လှည့်ပတ်နေသည်။ ရွှေရောင်နတ်အလင်းသည် တောက်ပလင်းလက်နေပြီး ဖျက်ဆီး၍ မရနိုင်ဟု ထင်ရသည်။
ထိုအရာသည် ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအား အစစ်အမှန်ဖြစ်ပြီး မဟာအင်ပါယာ၏ဝိညာဉ်စွမ်းအား၏ နတ်စွမ်းအားပါဝင်၍ အရာအားလုံးထက် အင်အားကြီးကာ ဖျက်ဆီး၍ မရနိုင်ပေ။
အားလုံးသည် ရီဖူရှင်းကို ထူးဆန်းသောအကြည့်ဖြင့် ကြည့်သည်။ သူသည် ဤကဲ့သို့သောအချိန်တွင် တစ်ယောက်တည်းရှေ့ထွက်လာကာ မည်သို့ လုပ်လိုနေခြင်းနည်း။
သူသည် သေချင်နေသည်လော။
အားလုံးသည် ဓားဧကရာဇ်အရှင်က အရင်ဆုံး လှုပ်ရှားလိမ့်မည်ဟု တွေးခဲ့ကြသည်။
သို့သော် ထိုအခိုက်တွင် သူတို့သည် ရီဖူရှင်းအပေါ်တွင် မဟာလမ်းစဉ် နတ်အလင်းတန်းများ စီးဆင်းလာသည်ကို ခံစားလိုက်ရ၏။ တစ်ချိန်တည်းမှာပင် သူသည် သူ၏လက်ကို ဆန့်တန်းလိုက်သည်။ မဟာလမ်းစဉ်နတ်အလင်းသည် သူ့လက်ဝါးအတွင်း စီးဆင်းသွားသောအခါ သူ့လက်ထဲတွင် နတ်ဘုရားအုပ်စိုးလက်နက်တစ်ခု ရုတ်တရက်ထွက်ပေါ်လာလေသည်။
“အဲဒါက ဘာလဲ”
ကျင့်ကြံသူများသည် ရီဖူရှင်း၏လက်ထဲရှိ နတ်ဘုရားအုပ်စိုးလက်နက်ကို ကြည့်သည်။ ၎င်းသည် မဟာအင်ပါယာအဆင့်လက်နက်တစ်ခု မဟုတ်သော်လည်း ထူးခြားသော မဟာလမ်းစဉ်စွမ်းအား ရှိပေသည်။ သို့သော် ၎င်းထဲတွင် ပါဝင်သည့် အရှိန်အဝါသည် သူတို့ကို အနည်းငယ် ပူပန်သွားစေ၏။
ရီဖူရှင်းသည် နောက်ထပ် အံ့အားသင့်ဖွယ်လုပ်ရပ်မျိုးကို ထပ်လုပ်ပြဦးမည်လော။
ရွှီး...
သူတို့သည် ထိုကိစ္စကို တွေးတောနေစဉ်မှာပင် ရီဖူရှင်း၏ခန္ဓာကိုယ်သည် အထက်သို့ ပျံတက်သွားပြီး ရုတ်ခြည်းအတွင်း ကောင်းကင်ထက်တစ်နေရာတွင် ပြန်ပေါ်လာလေသည်။ သူက လက်မြှောက်ထားပြီး သူ့လက်အတွင်း၏ နတ်ဘုရားအုပ်စိုးလက်နက်သည် ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားဖြင့် ဖန်တီးထားသော စက်ကွင်းထံသို့ ပျံထွက်သွားကာ ချိပ်ပိတ်ထားသောနေရာအပေါ် ကျဆင်းသွားသည်။
“မင်းက သစ်ပင်ကို လှုပ်ဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်တစ်ကောင်ထက် မပိုပါဘူး”
ဗုဒ္ဓကုန်းမြေအရှင်သခင်သည် ကျယ်လောင်စွာ အော်ပြောလိုက်၏။ သူသည် ရီဖူရှင်းလုပ်နေသည်ကို အထင်သေးဟန်ဖြင့် လှောင်ပြောင်စကားဆိုလိုက်ခြင်းပင်။
သူသည် ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားကိုသုံးကာ ဖန်တီးထားသော ဗုဒ္ဓစက်ကွင်းကို နတ်ဘုရားအုပ်စိုးလက်နက်တစ်ခုဖြင့် ချိုးဖျက်နိုင်လိမ့်မည်ဟု တွေးရလောက်သည်အထိ အဘယ်ကြောင့် စိတ်ကြီးဝင်နေနိုင်သနည်း။
ရှဲ...
နတ်ဘုရားအုပ်စိုးလက်နက်က ဗုဒ္ဓစက်ကွင်းအလယ်သို့ တိုက်ရိုက်စိုက်ဝင်သွားသောအခါ ပြတ်သားထင်ရှားသောအသံတစ်သံ ထွက်ပေါ်လာ၏။ ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားသည် အဆုံးမဲ့စီးဆင်းနေသည်။
ဗုဒ္ဓကုန်းမြေ၏ နတ်စွမ်းအားသည် နတ်ဘုရားအုပ်စိုးလက်နက်နှင့် ထိတွေ့သွားသော အခိုက်တွင် ထိုလက်နက်ကို အသည်းအသန် ရှောင်ရှားကာ ၎င်းပြန်ဆုတ်နိုင်သည့် လမ်းကြောင်းများအတိုင်း ဆုတ်သွားသည်။
ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားသည် လုံးဝ ဖိနှိပ်ခံလိုက်ရသည်ဟု ထင်ရသည်။
“ချိုးဖျက်...”
ရီဖူရှင်း ပြောလိုက်၏။ ရုတ်တရက် နတ်ဘုရားအုပ်စိုးလက်နက်ထံမှနေ၍ အုပ်စိုးအလင်းတစ်ခု ပေါက်ကွဲထွက်လာသည်။ ရုတ်ခြည်းအတွင်းမှာပင် ထိုအလင်းသည် ဟင်းလင်းပြင်ထဲတွင် ပျံ့နှံ့သွားပြီး ဗုဒ္ဓစက်ကွင်းသည် ကွဲအက် ပျက်စီးသွားကာ အလုံးစုံ ဖျက်ဆီးခံလိုက်ရလေသည်။
ဗုဒ္ဓကုန်းမြေ၏နတ်စွမ်းအားဖြင့် ဖန်တီးထားသော မဟာလမ်းစဉ်စက်ကွင်းသည် ရုတ်ခြည်းအတွင်း ပျက်စီးသွားသည်။
ဗုဒ္ဓကုန်းမြေအရှင်သခင်သည် သူရှေ့တွင် ဖြစ်ပျက်နေသော မြင်ကွင်းကို မြင်လိုက်သောအခါ ရင်ထဲတွင် အလွန်အမင်း ကြောက်လန့်သွားပြီး သူ့မျက်လုံးများကို ထိုမြင်ကွင်းမှ မခွာနိုင် ဖြစ်သွားသည်။ ထိုအရာသည် မည်သို့ ဖြစ်နိုင်မည်နည်း။ ထို့အပြင် ရီဖူရှင်းသည် အဘယ်သို့ ထိုသို့လုပ်နိုင်ခဲ့ခြင်းနည်း။
အခြားကျင့်ကြံသူများ၏ မျက်လုံးများသည်လည်း ထိုဘက်မှ မခွာနိုင်ဖြစ်နေကြသည်။ သူတို့သည် ရီဖူရှင်း၏လက်ထဲရှိ နတ်ဘုရားအုပ်စိုးလက်နက်ကို ငေးကြည့်နေကြပြီး ထိုလက်နက်သည် မည်ကဲ့သို့သော နတ်ပစ္စည်းဖြစ်ကြောင်း တွေးတောနေကြသည်။
ထိုနတ်ဘုရားအုပ်စိုးလက်နက်သည် ဗုဒ္ဓစက်ကွင်းကို အမှန်ပင် ဖောက်ထွင်း ဖျက်ဆီးသွားနိုင်လေသည်။
သူတို့သည် ထိုနတ်ဘုရားအုပ်စိုးလက်နက်အပြင် ရီဖူရှင်းအပေါ်တွင် မဟာလမ်းစဉ်အလင်းတန်းတစ်ခု လွတ်လပ်စွာ စီးဆင်းနေသည်ကိုလည်း တွေ့ခဲ့ရသည်။ သူ့အပေါ်ရှိ မဟာလမ်းစဉ်ဝိညာဉ်စွမ်းအားသည် ၎င်းဘာသာ ရပ်တည်နိုင်ပြီး နတ်ဘုရားအုပ်စိုးလက်နက်နှင့် အပြည့်အဝ လိုက်လျောညီထွေမှု ရှိနေပုံပင်။
သူတို့ရှေ့တွင် မြင်နေရသော အရာသည် မကြာသေးခင်က ဒွန်ဟောင်တိယွမ်နှင့် ကျိဝူတောက်တို့ပတ်ပတ်လည်တွင် စီးဆင်းနေသော နတ်အလင်းနှင့် ဆင်တူပေသည်။
ရီဖူရှင်းမှာလည်း နတ်ဘုရားတစ်ဝက်အဆင့်သို့ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့ပေသည်။