နံပါတ် (၆၉၇)
Vol. 33 Ch. 447
တတိယအသုတ်၊ စတုတ္ထအသုတ် နှင့် ပဥ္စမအသုတ် ကျောက်တုံးများ ရောင်းချခွဲဖြတ်သည်ကို စုမင် စိတ်ရှည်လက်ရှည်ပင် စောင့်ကြည့်နေမိ၏။
ထိုလူများ၏ အလင်းကွင်းအား ထိန်းချုုပ်ပုံ၊ ၎င်အလင်းကွင်း၏ ထူးခြားဆန်းကြယ်မှုတို့နှင့် အလင်းကွင်းကို အသက်မသွင်းမီ အလင်းကွင်း အပေါ်ဘက်သို့ သိုလှောင်အိတ်တင်ပေးရသော လုပ်ရပ်များကို စုမင် ဂရုတစိုက်ပင် လေ့လာကြည့်ခဲ့သည်။ ထိုသိုလှောင်အိတ်ထဲတွင် ရှိနေသည်မှာ သူတို့ဝယ်ယူခဲ့သော ကျောက်တုံးအတွက် ပေးချေမှုဖြစ်သည့် ရှာမန်သလင်းကျောက်များဖြစ်ကြောင်း လေ့လာမှုများမှတစ်ဆင့် စုမင် သိလာရ၏။
ထို့အပြင် သူ့အနီးအနားရှိ စိတ်လှုပ်ရှားတက်ကြွလွန်ကာ ရူးမတတ်ဖြစ်နေသော ရှာမန်များကိုလည်း သူသတိပြုမိခဲ့သည်။
စုမင်စိတ်ထဲတွင် အကြမ်းဖျင်း တွက်ချက်ကြည့်ပြီးချေပြီ။ ခွဲဖြတ်ပြီးသွားသော သွေးကျောက်တုံးငါးရာအတွင်း (၁၂) တုံးမှာ ပုံမှန်မဟုတ်သောအလင်း တောက်ပခဲ့ပြီး ၎င်းတို့အထဲရှိ ငါးတုံးတွင်သာ ပစ္စည်းများပါကာ ကျန်ကျောက်တုံးများမှာမူ ဗလာဖြစ်သည်။
ထိုသို့ဆိုလျှင်တောင် ပေါ်ထွက်ခဲ့သော ပစ္စည်းငါးမျိုးအနက် ရုပ်ဝတ္ထုရှိသော နှစ်ခုမှာ လူထုကို ပွက်လောရိုက်လှုပ်ခတ်စေခဲ့မြဲပင်။ တစ်ခုသည် ဆောင်းဦးပင်လယ်မျိုးနွယ်စုမှ ဝယ်ယူသွားသော သံထည်ဖြစ်ပြီး အခြားတစ်ခုမှာမူ အတွင်းတွင် အနက်ရောင်ဆံနွယ်ခွေ တစ်ခုပါသော ကျောက်တုံးဖြစ်သည်။
လက်တစ်ဝါးအရွယ်ခန့်ရှိသော ထွင်းဖောက်မြင်နေရသည့် ကျောက်တုံးအတွင်းရှိ ဆံနွယ်ခွေမှာ အသက်ဓာတ် အလျှံအပယ်ဖြင့် အသက်ရှိနေသေးပုံပေါ်သည်။ မည်သူမဆို ထိုကျောက်တုံးကို ခွဲခြေလိုက်သည်နှင့် ၎င်း၏ ပုံစံအပြည့်အစုံအတိုင်းပင် ထုတ်ယူနိုင်ပေလိမ့်မည်။
ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲသည်ပင် ထိုပစ္စည်းထံမှ သိသိသာသာ ဆွဲဆောင်ခံလိုက်ရပြီး မတန်တဆဈေးနှုန်းတစ်ခုဖြင့် ဝယ်ယူသွားခဲ့၏။
အချိန်များ တရွေ့ရွေ့ကုန်လွန်သွားသည်။ ညအချိန်ရောက်လာသော်လည်း ကောင်းကင်ရှိသွေးကျောက်တုံးများထံမှ အလင်းတို့ကြောင့် ထိုနေရာတစ်ခုလုံးမှာ နေ့အချိန်ကဲ့သို့ လင်းထိန်နေဆဲဖြစ်သည်။
ဤကြားထဲတွင် နန်ကုန်းဟန်သည် အံတင်းတင်းကြိတ်၍ သွေးကျောက်တုံးတစ်ခု ထပ်မံဝယ်ယူခဲ့သေးသော်လည်း…
“ညီလေးမော့ရေ၊ ငါတော့ ထပ်မဝယ်တော့ဘူးကွာ။ ထိုင်ပဲ ကြည့်နေတော့မယ်… အား… ငါက ဒီသွေးကျောက်တုံး တစ်ထောင်နဲ့ ကံမပါဘူး ထင်ပါတယ်… မင်းရော တစ်ခုခု မဝယ်ဘူးလား၊ ညီလေးမော့” စုမင်နံဘေးရှိ နန်ကုန်းဟန်မှာ သူ၏ ကံတရားကို လက်ခံလိုက်ပုံပေါ်သည်။
သူတို့နံဘေးရှိ လူငယ်လေး သုံးဦးသည်လည်း မြင်တွေ့ခဲ့ရသော အရာများကြောင့် ထိတ်လန့်မင်သက်နေခဲ့ကြသည်။ ပြင်းထန်သောလေထုသည် ထိုနေရာရှိ လူအားလုံး၏ ခံစားချက်များအပေါ် သက်ရောက်နေပုံပေါ်ပြီး မိမိကိုယ်ကို ထိန်းချုပ်နိုင်စွမ်းမရှိ ဖြစ်စေ၏။
စုမင် ခေါင်းညိတ်လိုက်မိသည်။ ထိုအချိန်မှာပင်၊ ရှာမန်နတ်ဘုရားကျောင်းတော်မှ မဟာအကြီးအကဲက၏ အသံက ပျံ့လွင့်လာ၏။
“ဒီသွေးကျောက်တုံး တစ်ထောင်လုံး ရောင်းချမပြီးမချင်း ရတနာလောင်းကစားပွဲက ရပ်တန့်မှာမဟုတ်ပါဘူး။ မင်းတို့အထဲမှာ ဆက်မကြည့်ချင်တော့တဲ့သူတွေရှိရင် အချိန်မရွေး ထွက်သွားနိုင်ပါတယ်။ ကဲ… အခု သွေးကျောက်တုံး နံပါတ် (၆၀၁) ကနေ (၇၀၀) အထိ လေလံပွဲကို စတင်ကြတာပေါ့” စကားဆုံးသည်နှင့် အဘိုးအိုသည် အောက်ဘက်ရှိ ဧရိယာကိုဝေ့ကြည့်လိုက်၏။
စုမင်တစ်ယောက် အသက်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်၏။ သူ တစ်နေ့တာလုံး စောင့်ဆုံးနေခဲ့သော အချိန်က ရောက်ရှိလာခဲ့ချေပြီ။
“၂၃၀,၀၀၀”
“၃၇၀,၀၀၀”
“၄၀၀,၀၀၀”
ညသန်းခေါင်အချိန် နီးလာသော်လည်း ဤနေရာ၏ လှုပ်ရှားသက်ဝင်နေမှုမှာ လျော့ကျမသွားသေးပေ။ ထိုအစား လေထုမှာ ပိုမို၍ပင် ပြင်းထန်လာပြီး လေလံဈေးများမှာလည်း ပိုမြင့်လာ၏။
စုမင်မှာ ငြိမ်သက်နေဆဲဖြစ်သည်။ သူသည် ဆက်လက်စောင့်ဆိုင်းနေခဲ့ပြီး နံပါတ် (၆၉၆) သွေးကျောက်တုံးအား သလင်းကျောက် ၄၂၀,၀၀၀ ဖြင့် တစ်စုံတစ်ဦးမှ ဝယ်ယူသွားပြီးချိန်တွင်တော့ သူစောင့်ဆိုင်းနေခဲ့သော သွေးကျောက်တုံး နံပါတ် (၆၉၇) ၏ လေလံပွဲမှာ စတင်လေပြီ။
သွေးကျောက်တုံး နံပါတ် (၆၉၇) သည် လူတစ်ရပ်သာသာ အရွယ်ခန့်သာရှိပြီး အရောင်အဆင်း တောက်တောက်ပပ မရှိပဲ အခြားကျောက်တုံးများနှင့် ထူးမခြားနားပင်ဖြစ်သည်။ သို့သော် ထိုအထဲတွင် ပွင့်ချပ်သုံးခုပါ ပန်းတစ်ပွင့်ရှိနေကြောင်းကိုတော့ စုမင်တစ်ဦးတည်းသာ သိ၏။ ပွင့်ချပ်နှစ်ခုမှာ ညှိုးနွမ်းခြောက်သွေ့နေပြီဖြစ်သော်လည်း ကျန်ပွင့်ချပ်တစ်ခုမှာမူ အသက်ရှိနေဆဲ ဖြစ်သည်။
“၁၅၀,၀၀၀”
ဤသွေးကျောက်တုံးအတွက် လေလံပွဲစသည်နှင့် တစ်ပြိုင်နက် တစ်စုံတစ်ယောက်က ချက်ချင်း ဈေးခေါ်လိုက်၏။ ထိုလူသည် ဤကျောက်တုံးထံမှ ထူးခြားမှုကို တွေ့ရှိခဲ့ခြင်းကြောင့် ဈေးခေါ်လိုက်ခြင်း မဟုတ်ပဲ ဤသို့ဈေးခေါ်မှုမျိုးမှာ သွေးကျောက်တုံးတိုင်းလိုလို ကြုံတွေ့ရခြင်းသာ ဖြစ်သည်။
“၁၈၀,၀၀၀”
“၂၀၀,၀၀၀”
“၂၃၀,၀၀၀”
လေလံဈေးများမှာ မရပ်မနား ထိုးတက်လာသည်။ စုမင်၏ အမူအယာမှာ တည်ငြိမ်နေဆဲပင်။ တစ်စုံတစ်ယောက်မှ ၂၃၀,၀၀၀ ဈေးခေါ်လိုက်သည်နှင့် စုမင်မျက်လုံးများမှာ တောက်ပသွားပြီး ပထမဆုံးအကြိမ်အဖြစ် လေလံစဆွဲလိုက်တော့၏။
“၃၀၀,၀၀၀”
စုမင်၏ ကျယ်လောင်သောအသံကို ကြားသောအခါ နံဘေးရှိ နန်ကုန်းဟန်မှာ ချက်ချင်း လှည့်ကြည့်လာသည်။
လူငယ်သုံးဦးသည်လည်း အလွန် စိတ်လှုပ်ရှားလာကြ၏။
“၃၅၀,၀၀၀” လူအုပ်ထဲမှ အခြားလူတစ်ဦး၏ အသံ ထွက်ပေါ်လာသည်။
ဤနေရာတွင် လူပေါင်းများစွာရှိနေသဖြင့် စုမင်အတွက် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်ကြည့်လျှင်တောင် ဈေးပေးလိုက်သူကို သိရန်မဖြစ်နိုင်ပေ။ သို့သော်လည်း ရှာမန်နတ်ဘုရားကျောင်းတော်မှ ကျင်းပသော ဤလေလံပွဲတွင် ဟန်ဆောင်ကာ ဈေးတိုးပေးခြင်းမျိုးတော့ ရှားပေသည်။ သူတို့သာ ထိုသို့လုပ်မိလျှင် ဖြစ်လာမည့်အကျိုးဆက်များကိုလည်း နားလည်ထားရမှာ ဖြစ်သည်။
“၄၀၀,၀၀၀” စုမင် တုန့်ဆိုင်းခြင်းမရှိ ဈေးခေါ်လိုက်သည်။
နေ့အချိန်က ရောင်းချခဲ့သော သွေးကျောက်တုံးများအတွက်ဆိုလျှင် ၄၀၀,၀၀၀ ဆိုသည်မှာ ပျမ်းမျှပမာဏတစ်ခု ဖြစ်နေခဲ့ချေပြီ။ ဈေးမြင့်မြင့်ပေးဝယ်ထားပြီး ရှုံးနိမ့်ခဲ့လျှင် ဆုံးရှုံးမှုဒဏ်ကို အပြင်းအထန် ခံစားရမှာ ဖြစ်သည်။ သူတို့တွင်သာ ယုံကြည်ချက်မရှိလျှင် ဤအနေအထားမျိုး၌ ဈေးပေးခြင်းကို ရပ်တန့်လိုက်တော့မှာဖြစ်၏။ မည်သို့ပင်ဖြစ်စေ၊ ဤတစ်တုံးပြီးလျှင်လည်း အခြားသွေးကျောက်တုံးများ ရှိနေသေးသဖြင့် တစ်တုံးတည်းကိုသာ ဝိုင်းလုနေရန် မလိုအပ်ပေ။
“၄၂၀,၀၀၀” လူအများစုအတွက် ဈေးပေးခြင်းရပ်တော့မည့်အချိန်မှာပင် တစ်စုံတစ်ဦးက ထပ်မံတိုးပေးလိုက်သည်။
“၄၅၀,၀၀၀” စုမင် တည်တည်ငြိမ်ငြိမ်ပင် ထပ်တိုးပေးလိုက်၏။
အသက်ရှူချိန်များစွာ ကြာသွားပြီးနောက် မည်သူမျှ ဈေးထပ်တိုးမပေးတော့သည်နှင့် ရှာမန်နတ်ဘုရားကျောင်းတော် မဟာအကြီးအကဲသည် သွေးကျောက်တုံး နံပါတ် (၆၉၈) အတွက် လေလံပွဲကို စတင်လိုက်တော့သည်။
ခဏကြာပြီးနောက်… ဤတစ်သုတ်၏ ကျောက်တုံးများအားလုံး ရောင်းချပြီးချိန်တွင် ဝယ်ယူထားသူများသည် ခံစားချက်အမျိုးမျိုးဖြင့် လေထဲရှိအလင်းကွင်းများထံ ပျံတက်လိုက်ကြသည်။
“ကံကောင်းပါစေ၊ ညီလေးမော့” နန်ကုန်းဟန်သည် စုမင်အား လက်သီးဆုပ် နှုတ်ဆက်လိုက်သည်။ စုမင် သူ့အား ခေါင်းညိတ်ပြလိုက်ပြီး တစ်ချက်လှုပ်ရှားကာ ကောင်းကင်သို့ခုန်တက်လိုက်၏။
ဤသည်က ရတနာလောင်းကစားပွဲအတွင်းရှိ ရှာမန်များ၏ မျက်စိရှေ့သို့ သူပထမဆုံးအကြိမ် ပေါ်ထွက်လာခြင်းဖြစ်ပြီး လူအုပ်ရှေ့တွင် သူ၏ ပထမဆုံးသွေးကျောက်တုံးကို ခွဲဖြတ်ဖွင့်မည့် အချိန်လည်းဖြစ်သည်။
ဤသည်က စုမင်လှုပ်ရှားမှု၏ အစလည်းဖြစ်ပေသည်။
အလင်းတန်းတစ်ရာသည် သက်ဆိုင်ရာအလင်းကွင်းများထံ ဦးတည်ပြေးလွှားသွားကြ၏။ စုမင်သည် ကျောက်တုံးနံပါတ် (၆၉၇) အားဝယ်ယူထားသဖြင့် သူသွားရမည်မှာ နံပါတ် (၉၇) အလင်းကွင်းဆီသို့ ဖြစ်သည်။ စုမင်သည် ထိုနေရာတွင် ရပ်လိုက်ပြီး သူ့ရှေ့ရှိ အလင်းကွင်းအား တည်ငြိမ်စွာကြည့်လိုက်သည်။ အလင်းကွင်းသည် နေရာမှာပင် ဖြည်းညှင်းစွာလည်ပတ်နေပြီး အတွင်း၌ တရွှီးရွှီးမြည်သံများနှင့်အတူ အလင်းတန်းများက အချင်းချင်းဖြတ်တောက်နေကြသည်။
တစ်ခဏကြာပြီးနောက် သွေးကျောက်တုံးတစ်ရာသည် သူတို့ပိုင်ရှင်များရှေ့သို့ အသီးသီး ရောက်ရှိလာကြသည်။ စုမင် သူ့ကျောက်တုံးကိုကြည့်လိုက်ရာ အမှန်တစ်ကယ်ပင် သူအရင်က ကြည့်ရှုခဲ့သော ကျောက်တုံးဖြစ်ကြောင်း သိလိုက်ရ၏။ ၎င်းထံမှ ဆေးရနံ့ဖျော့ဖျော့ကိုပင် နောက်တစ်ကြိမ်ပြန်ရလိုက်လေသည်။
သူ့အနီးရှိ လူအများစုသည် အမူအယာမျိုးစုံဖြင့် ရှာမန်သလင်းကျောက်ပါသော အိတ်များကို သက်ဆိုင်ရာအလင်းကွင်းများပေါ် တင်လိုက်ကြသည်။ သူတို့မျက်နှာများပေါ်ရှိ တစ်ခုတည်းသော တူညီမှုမှာ မျှော်လင့်ခြင်းအရိပ်အယောင်များသာ ဖြစ်သည်။ သိုလှောင်အိတ်များ တင်လိုက်သည်နှင့် အလင်းကွင်းများထံမှ စူးရှသောအလင်းတို့ တောက်ပလာသည်။
အောက်ဘက်ရှိ လူအုပ်ကြီး၏ အသက်ရှူသံများမှာ လျင်မြန်လာပြီး ကောင်းကင်ရှိ လူအယောက်တစ်ရာထံမှ အကြည့်မခွာကြတော့ပေ။ ဤတစ်သုတ်တွင်ရော သာမန်မဟုတ်သော အလင်းများနှင့် ပစ္စည်းများ ပေါ်ထွက်လာမည်လား ဆိုသည်ကို သူတို့အားလုံး သိချင်နေကြလေသည်။
အလင်းကွင်း (၉၉) ခုမှာ အရောင်တောက်ပလာပြီး ကျောက်တုံးများကိုပင် စတင်ခွဲဖြတ်နေကြပြီဖြစ်သော်လည်း ယခုအချိန်ထိ အရောင်မထွက်သေးသော စုမင်၏ အလင်းကွင်းက ကောင်းကင်ထက်တွင် ထင်ထင်ရှားရှားပင် မြင်သာနေခဲ့သည်။
ယနေ့တစ်နေ့တာလုံး ဤအရာမျိုး မဖြစ်ခဲ့ဖူးပေ။ အောက်ဘက်ရှိလူများ၏ အကြည့်သည် စုမင်အပေါ် ချက်ချင်းရောက်ရှိလာကြပြီး အနက်ရောင် မျက်နှာဖုံးကိုမြင်သည်နှင့် စုမင်အား ချက်ချင်းပင် သတိပြုမိသွားကြသည်။
“အဲဒါ သူပဲ”
“သူက အရှေ့မြူရွက် မျိုးနွယ်စုရဲ့ နှောင်းပိုင်းရှာမန် တိုင်မူနဲ့ တိုက်ခဲ့တဲ့ တစ်ယောက်ပဲ။ မော့စုဆိုတဲ့ တစ်ယောက်”
“သူ့ကျင့်ကြံဆင့်အမှန်ကိုသာ ဖုံးကွယ်ထားတာ မဟုတ်ဘူးဆိုရင်တော့ ဒီလူက အလယ်အလတ်ရှာမန်တွေထဲမှာ ကျိန်းသေပေါက် အသန်မာဆုံး ဖြစ်လိမ့်မယ်”
“အဲဒီနေ့က သူနဲ့ စီနီယာတိုင်မူရဲ့ တိုက်ပွဲကို ငါမြင်ခဲ့တယ်။ အဲဒီတိုက်ပွဲရဲ့ အားက အလယ်အလတ်ရှာမန် တစ်ယောက် တိုက်နိုင်မယ့်ဟာမျိုး မဟုတ်ဘူး”
တစ်ချိန်တည်းမှာပင် ကောင်းကင်ရှိ ခန်းမရှစ်ခုထဲမှ လေးခုထဲတွင်ရှိနေသူများ၏ အမူအယာများမှာလည်း ပြောင်းလဲသွားခဲ့ကြသည်။
ခန်းမတစ်ခုထဲတွင် တိုင်မူနှင့် သူ၏ အခြားမျိုးနွယ်စုဝင်များ ထိုင်နေကြသည်။ ပြဿနာရှာခဲ့သော အမျိုးသမီးသည်လည်း ထိုအထဲတွင်ရှိနေပြီး သူမသည် စုမင်အား မုန်းတီးမှုအပြည့်ဖြင့် စိုက်ကြည့်နေခဲ့၏။
‘သူပဲ…”
တိုင်မူသည် စုမင်အား သေချာစိုက်ကြည့်လိုက်သည်။ သူသည် စုမင်နှင့် ပဋိပက္ခဖြစ်ခဲ့ဖူးသောလည်း တစ်ဖက်လူ၏ ယဥ်ကျေးမှုကြောင့် အမျက်မထွက်ပဲ အနည်းငယ်ပင် သဘောကျနေခဲ့ခြင်း ဖြစ်သည်။ ထို့ကြောင့်ပင် သူသည် စုမင်ကို မြင်လိုက်သောအခါ အေးအေးဆေးဆေးပင် ဖြစ်နေပြီး ယခင်အချိန်ကကဲ့သို့ သတ်ဖြတ်လိုစိတ်များပင် ရှိမနေတော့ချေ။
အခြားခန်းမတစ်ခုရှိ လှေကားပေါ်တွင်ရပ်နေသော ဆောင်းဦးပင်လယ်မျိုးနွယ်စု၏ မြင့်မြတ်သောမိန်းမပျို ဝမ်ချိုးသည် ညကောင်းကင်အောက်ရှိ သွေးကျောက်တုံးထံမှ အနီရောင်အလင်းများ ထင်ဟပ်နေသော စုမင်၏ပုံရိပ်ကို လှမ်းကြည့်လိုက်ပြီး မျက်မှောင်ကြုတ်သွားခဲ့သည်။
‘သူတို့ ခန္ဓာကိုယ်ပုံစံတွေက တူနေပေမယ့်… ဒီလူဆီကရတဲ့ အရှိန်အဝါက… သူ့အရှိန်အဝါနဲ့ နည်းနည်းကွဲပြားနေတယ်’ ဝမ်ချိုးတစ်ယောက် အတွေးနွံနစ်နေစဥ် သူမညာလက်ပေါ်ရှိ အနီရောင်နဂါး အမှတ်အသားမှာ ဖျတ်ခနဲတောက်ပသွားလေသည်။
တတိယခန်းမထဲ၌… ကောင်းကင်မြူခိုးဘိုးဘေးသည် နေရာမှာပင် အေးအေးဆေးဆေး ထိုင်နေပြီး သူ့အရှေ့တွင် ထိုင်နေသော ထျန်းလန်မုန်နှင့် ထျန်းလန်ယို့မှာမူ အပြင်ဘက်သို့ လှမ်းကြည့်နေကြသည်။ စုမင်အား မြင်သောအခါ ထျန်းလန်မုန်၏ အကြည့်ထဲတွင် ဝေခွဲမရမှုများ ပေါ်လာခဲ့သည်။
စတုတ္ထခန်းမထဲတွင်ရှိနေသူမှာ ရှည်လျားသောဆံပင်ရှည်တို့ဖြင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမသည် စုမင်အား ရှုပ်ထွေးသောအကြည့်များဖြင့် ငေးစိုက်ကြည့်နေခဲ့သည်။ သူမသာ ကြယ်တာရာနတ်သမီး မဟုတ်ပဲ ထိုခန္ဓာကိုယ်မှ ထွက်ပေါ်နေသည့် အလွန်အားပျော့သော အရှိန်အဝါကို မခံစားမိခဲ့လျှင် ယခု သူမ မြင်နေရသူမှာ… သူဖြစ်ကြောင်း မှတ်မိခဲ့လိမ့်မည် မဟုတ်ပေ။
“ရှင် ဘာလို့များ ဒီနေရာမှာ ပေါ်လာခဲ့ရတာလဲ… ဒီနေရာမှာ ပေါ်လာလိုက်တာနဲ့ ရှင့်အတွက် ဘယ်လိုအန္တရာယ်မျိုးတွေ ဆောင်ကျဥ်းလိုက်မိပြီလဲဆိုတာမှ သိပါလေစ…” ဆံပင်ရှည်တို့ဖြင့် အမျိုးသမီးသည် သူမတစ်ဦးတည်းသာ ကြားနိုင်သော အသံမျိုးဖြင့် တီးတိုးရေရွတ်လိုက်ပြီး မျက်ဝန်းထဲရှိ စိတ်ရှုပ်ထွေးမှုများမှာလည်း စိုးရိမ်ပူပန်မှုများအဖြစ်သို့ ကူးပြောင်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မြေပြင်ရှိ လူအုပ်ထဲမှ အနက်ရောင်ဝတ်ရုံဖြင့် လူတစ်ဦးသည် စုမင်အား အေးစက်ကောက်ကျစ်သော အပြုံးတစ်ခုနှင့် စူးစူးရဲရဲ စိုက်ကြည့်နေခဲ့၏။
“သွေးကျောက်တုံး နံပါတ် (၆၉၇) ပိုင်ရှင်၊ လုံလောက်တဲ့ သလင်းကျောက်ပမာဏထုတ်ပြီး မင်းရဲ့ အလင်းကွင်းကို ထွန်းညှိလိုက်ပါ” လူတိုင်း၏ အကြည့်များအောက်မှာပင် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲသည် စုမင်အား လှမ်းကြည့်လိုက်ပြီး ခပ်တိုးတိုး သတိပေးလိုက်သည်။
“ကျုပ်မှာ လုံလောက်တဲ့ ရှာမန်သလင်းကျောက် ပမာဏမရှိဘူး” စုမင်သည် မဟာအကြီးအကဲအား တည်တည်ငြိမ်ငြိမ်ပင် ပြန်ကြည့်လိုက်သည်။
အဆုံးသတ်ရှာမန်ဖြစ်ရန် လမ်းတစ်ဝက်သို့ ရောက်နေပြီဖြစ်သော မဟာအကြီးအကဲသည် သူ၏ စိတ်ခံစားချက်များကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်ပြီး မျက်နှာထက်တွင် မည်သည့်ခံစားချက်မှ ရှိမနေပေ။ သူသည် စုမင်အား တည်ငြိမ်စွာကြည့်လိုက်ပြီး ဖြည်းဖြည်းချင်းပြောလိုက်သည်။ “ငါမင်းကို အသက်သုံးရှိုက်စာ အချိန်ပေးမယ်။ အဲဒါပြီးလို့မှ လိုအပ်တဲ့ ရှာမန်သလင်းကျောက်တွေနဲ့ တန်ဖိုးချင်းတူညီတဲ့ ပစ္စည်းတစ်ခုခု ထုတ်မလာနိုင်ဘူးဆိုရင် ငါမင်းကို နေရာမှာတင် သတ်ပစ်မယ်”
စုမင်သည် ဤအတွက် ပြင်ဆင်ထားပြီးဖြစ်သည်။ သူသည် စကားတစ်ခွန်းမျှမဆိုပဲ ပြင်ဆင်ထားသော သိုလှောင်အိတ်ကိုထုတ်ကာ မဟာအကြီးအကဲထံ ပစ်ပေးလိုက်သည်။
သိုလှောင်အိတ်သည် ထိုအဘိုးကြီးရှေ့တွင် ရပ်တန့်သွား၏။ သူသည် စုမင်အား အေးစက်စက် စိုက်ကြည့်လိုက်ပြီး သိုလှောင်အိတ်ကို လှမ်းယူလိုက်လေသည်။ ထို့နောက် အထဲတွင်ပါသော ပစ္စည်းများကို တစ်ချက်ကြည့်လိုက်ပြီးနောက် အမူအယာကင်းမဲ့သော မျက်နှာထားဖြင့်ပင် စုမင်ရှေ့ရှိ အလင်းကွင်းကို ညာလက်ဖြင့် ညွှန်ပြလိုက်လေသည်။ အလင်းကွင်းထံမှ အလင်းများ ချက်ချင်း တောက်ပလာပြီး ယခုအခါ အချိန်မရွေး စတင်အသုံးပြုလို့ ရသွားပြီဖြစ်သည်။
အဘိုးအို၏ အပြင်ပန်းပုံစံမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်မူ မုန်တိုင်းထန်နေခဲ့ချေပြီ။ ထိုသိုလှောင်အိတ်ထဲတွင် မြူမှုန်ထိုးခွဲငါးလုံးကို တွေ့လိုက်ရ၏။ သူသည် ယခင်က မြူမှုန်ထိုးခွဲများကို မြင်ဖူးသည့်အပြင် တစ်လုံးပင် သုံးစွဲကြည့်ဖူးသူ ဖြစ်သည်။ ထို့ကြောင့် ယခုမြင်သောအခါ မြူမှုန်ထိုးခွဲ၏ ထူးခြားဆန်းကြယ်သော ခံစားချက်ကြောင့် ဤပစ္စည်းများမှာ အစစ်အမှန်ဖြစ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့် အသိအမှတ်ပြုလိုက်နိုင်ခြင်း ဖြစ်၏။
ဤသိုလှောင်အိတ်ထဲရှိ မြူမှုန်ထိုးခွဲများ၏ အရည်အသွေးမှာမူ သူသုံးစွဲခဲ့ဖူးသည်ထက် များစွာသာလွန်နေခဲ့လေသည်။