← Chapters

တစ္ဆေဝိညာဥ် ပန်းပွင့်

Vol. 33 Ch. 448

တစ္ဆေဝိညာဥ် ပန်းပွင့်

Vol. 33 Ch. 448

စုမင် ပေးလိုက်သောအရာကို အဘိုးအိုနှင့် စုမင်တို့သာသိ၏။ အခြားသူများအနေဖြင့် အလဲအလှယ်ကို မြင်လိုက်သော်လည်း အသေးစိတ်သိရန်မူ မဖြစ်နိုင်ပေ။ ထို့ကြောင့်ပင် ရှာမန်နတ်ဘုရားကျောင်းတော်မှ အဘိုးအိုသည် မြူမှုန်ထိုးခွဲငါးလုံးကို မြင်သည်နှင့် စကားတစ်ခွန်းမျှမဆိုပဲ စုမင်၏ အလင်းကွင်းအား အသက်သွင်းပေးလိုက်ခြင်း ဖြစ်သည်။

စုမင်ပေးလိုက်သည်ကို မည်သူမျှမသိသဖြင့် ပွဲပြီးသည်နှင့် သူပိုင်ဆိုင်သော ပစ္စည်းများထဲမှ အစားထိုးတစ်ခုခုကိုသာ ထုတ်ပေးလိုက်လျှင် ထိုအရည်အသွေးမြင့်သော မြူမှုန်ထိုးခွဲများမှာ သူ့အပိုင်ဖြစ်သွားပေလိမ့်မည်။

ပေါ်ပေါ်ထင်ထင်ပင် ဖြစ်သော်လည်း မည်သူမျှမသိနိုင်သော ဤအလဲအလှယ်မျိုးအား အဘိုးအိုဘက်မှ ငြင်းပယ်စရာ အကြောင်းမရှိပေ။ တစ်ကယ်တမ်းတွင်မူ သူ့စိတ်ထဲ၌ ထိုရလဒ်နှင့် ပက်သက်၍ အလွန်ပင် ကျေနပ်နေသဖြင့် သူ၏ စုမင်အပေါ် အကြည့်များမှာလည်း အနည်းငယ် ပြောင်းလဲသွားလေသည်။ သူ့အနေဖြင့် ထိုမြူမှုန်ထိုးခွဲများ၏ မူလဇစ်မြစ်အကြောင်း စုံစမ်းလိုလျှင်တောင် အလွယ်တကူ လုပ်ဆောင်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့ပြီဖြစ်သည်။

‘ဒီလူက အတွေ့အကြုံများပြီး ဥာဏ်ပြေးတဲ့ သူပဲ…’ ရှာမန်နတ်ဘုရားကျောင်းတော်မှ မဟာအကြီးအကဲသည် မြူမှုန်ထိုးခွဲများပါသော သိုလှောင်အိတ်ကို သိမ်းဆည်းလိုက်ပြီး စုမင်အား တစ်ချက်သာကြည့်ကာ လျစ်လျူရှုလိုက်တော့သည်။

ဤအဖြစ်အပျက်ကြောင့် စုမင်အပေါ်သို့ အာရုံစိုက်သော အကြည့်များစွာ ရောက်ရှိလာသည်။ သို့သော် တရွှီရွှီမြည်သံများ ထွက်ပေါ်လာပြီး သွေးကျောက်တုံးများကို စတင်ခွဲဖြတ်လိုက်သော အခြားသူများကြောင့် သူ့အပေါ် ကျရောက်နေသော အကြည့်များမှာလည်း တစ်ဖြည်းဖြည်း ပြန်လည် ပြန့်ကျဲသွားခဲ့သည်။

စုမင်သည် အခြားသူများကို လိုက်ကြည့်မနေတော့ပဲ သူ့ရှေ့ရှိအလင်းကွင်းပေါ်သို့ ညာလက်အား တင်ကာ သေချာစိုက်ကြည့်လိုက်သည်။ ထို့နောက် သူ့မျက်လုံးများကို မှိတ်လိုက်သည်နှင့် အလင်းကွင်းမှာ သူနှင့် တစ်သားတည်းဖြစ်သွားသည်ဟု ခံစားလိုက်ရပြီး ကျောက်တုံးအား ခွဲဖြတ်ရန် ၎င်းအား အလိုရှိသလို စိတ်ကြိုက်ထိန်းချုပ်နိုင်ကြောင်း သိလိုက်ရသည်။

သူသည် ယခင်က အခြားသူများလုပ်သည်ကိုသာ မြင်ဖူးခဲ့၏။ ယခုမူ သူထိန်းချုပ်ရမည့် အလှည့်ဖြစ်သဖြင့် ခဏတာ ခံစားကြည့်လိုက်ပြီးမှ ဘယ်လက်ဖြင့် သွေးကျောက်တုံးကို ညွှန်ပြလိုက်သည်။ သွေးကျောက်တုံးမှာ အလင်းကွင်းထံ တိုးဝင်လာသည်။ အလင်းကွင်းသည် တစ်ဖြည်းဖြည်းကျယ်ပြန့်လာပြီး သွေးကျောက်တုံးအား အလျင်အမြန် ဖုံးအုပ်သွား၏။ ထို့နောက် ဖြည်းဖြည်းချင်း စတင်လည်ပတ်လာပြီး ၎င်းတစ်ကြိမ် လှည့်ပတ်လိုက်တိုင်း သွေးကျောက်တုံးထံမှ ကျောက်ချပ်များ ကွာကျလာလေသည်။

အလင်းကွင်း လည်ပတ်နေစဥ် စုမင်သည် မျက်လုံးများကိုမှိတ်ကာ သိုလှောင်အိတ်ထဲရှိ အနက်ရောင်လူတူသတ္တဝါလေးထံသို့ နတ်ဘုရားစိတ်အာရုံကို ပို့လွှတ်ထားလိုက်သည်။ တစ်ခဏကြာပြီးနောက် သွေးကျောက်တုံးထံမှ ဆေးရနံ့ဖျော့ဖျော့ ထွက်ပေါ်လာသည်နှင့် အနက်ရောင်လူတူသတ္တဝါလေးမှာ တုန်ခါသွားသည်ကို မြင်လိုက်ရ၏။ ၎င်း၏ နံဖူးအလယ်တွင် အလင်းများ တောက်ပလာပြီး ပွင့်ချပ်သုံးခုဖြင့် ထူးဆန်းသော အနက်ရောင်ပန်းတစ်ပွင့်၏ ပုံရိပ်က ၎င်း၏ ဦးခေါင်းထက်၌ လွင့်မျောဖြစ်တည်လာသည်။

စုမင်၏ နှေးကွေးသော အရှိန်နှုန်းဖြင့်စာလျှင် အချို့လူများမှာ သွေးကျောက်တုံးများကိုပင် ခွဲဖြတ်ပြီးသွားခဲ့ပြီဖြစ်ပြီး သူတို့သုံးခဲ့သော ရှာမန်သလင်းကျောက်များမှာ ချက်ချင်းဆိုသလို မြောင်းထဲရောက်သွားပြီဖြစ်ကြောင်း စိတ်ပျက်လက်ပျက်ဖြင့် သိလိုက်ကြရ၏။

အချိန်များကုန်လွန်လာသည်နှင့် ကျောက်တုံးခွဲဖြတ်ပြီးသူများမှာ အောက်ဘက်ရှိ လူအုပ်ထဲသို့ တစ်ယောက်ပြီးတစ်ယောက်ဆိုသလို စိတ်ပျက်လက်ပျက် ပြန်ဆင်းသွားကြသည်။

ယခုအချိန်တွင် ကောင်းကင်ထက်၌ ခွဲဖြတ်မပြီးသေးသူများမှာ တစ်ဒါဇင်ခန့်သာ ကျန်ရစ်တော့၏။ အချိန်တစ်ချို့ကြာပြီးနောက် တဝုန်းဝုန်းပေါက်ကွဲသံများနှင့်အတူ လူခုနစ်ယောက်ကျော်၏ သွေးကျောက်တုံးများမှာ ပေါက်ကွဲသွားပြီး အတွင်း၌ မည်သည့်အရာမျှရှိမနေကြောင်း ပေါ်လာခဲ့သည်။ ထိုလူများသည်လည်း ခါးသက်သက်အမူအယာများဖြင့် အောက်သို့ပြန်ဆင်းသွားကြသည်။

လေထဲတွင်တော့ စုမင်အပါအဝင် လူလေးဦးသာ ကျန်တော့လေသည်။

စုမင်သည် မျက်လုံးများကိုမှိတ်လျက် အခြားသူများကို လျစ်လျူရှုထားဆဲဖြစ်သည်။ သူသည် အလင်းကွင်းအား ဖြည်းညှင်းစွာလှည့်ပတ်ရင်း သွေးကျောက်တုံးကို တစ်ဖြည်းဖြည်း ဖြတ်ထုတ်နေခဲ့သည်။ အနက်ရောင် လူတူသတ္တဝါငယ်လေး၏ နံဖူးပေါ်မှ ပုံရိပ်ကို အာရုံစိုက်ရင်း ရံဖန်ရံခါဆိုသလို အလင်းကွင်း၏ အနေအထားကိုလည်း ချိန်ညှိလိုက်သေး၏။

အသက်ရှူကြိမ်ပေါင်းများစွာ ကြာသွားပြီးနောက် အခြားသွေးကျောက်တုံးတစ်ခု ထပ်မံကွဲကြေသွားပြီး ကောင်းကင်ထက်တွင် လူသုံးဦးသာ ကျန်ရစ်ခဲ့သည်။ ထိုအခိုက်အတန့်မှာပင် သုံးဦးအနက် ဆယ်ကျော်သက်လူငယ်လေး၏ သွေးကျောက်တုံးထံမှ စူးရှတောက်ပသော အနီရောင်အလင်းတစ်ဖြာ တိုးထွက်လာသည်။

အနီရောင်အလင်းကိုမြင်သည်နှင့် ကောင်လေး၏ မျက်နှာထက်တွင်လည်း အံ့ဩဝမ်းသာမှုများ ထင်ဟပ်လာသည်။

“အလင်း… ဟားဟား… ငါ့ဆီက အလင်းတစ်ခု ပေါ်လာတယ်ကွ… ဟားဟား”

အောက်ဘက်ရှိ လူများ၏ အကြည့်များမှာ ချက်ချင်းစုဝေးသွားပြီး ပုံမှန်မဟုတ်သော အလင်းတန်းကို မြင်သည်နှင့် ချက်ချင်း စိတ်အားတက်ကြွကုန်ကြသည်။

သို့သော် ကောင်လေး၏ စိတ်လှုပ်ရှားမှုအပြည့်ဖြင့် အော်ဟစ်ရယ်မောသံ ထွက်ပေါ်လာစဥ်မှာပင် အခြားသွေးကျောက်တုံးတစ်ခုထံမှလည်း အလားတူ အနီရောင်အလင်းမျိုး စူးစူးရှရှ ထွက်ပေါ်လာခဲ့လေသည်။

ထိုသွေးကျောက်တုံး၏ ပိုင်ရှင်မှာမူ အရပ်ရှည်ရှည်၊ ထောင်ထောင်မောင်းမောင်းဖြင့် သက်လတ်ပိုင်းအရွယ် တိုက်ပွဲရှာမန်တစ်ဦး ဖြစ်သည်။ ထိုသူသည်လည်း နှုတ်ခမ်းများကို လျှာဖြင့်သပ်လိုက်ပြီး အားပါးတရ ရယ်မောလိုက်သည်။ အဆိုပါတိုက်ပွဲရှာမန်သည် စုမင်နံဘေးမှဖြစ်ပြီး စုမင်မှာ နံပါတ် (၉၇) ဖြစ်ကာ ထိုလူမှာ နံပါတ် (၉၆) ဖြစ်သည်။

ကောင်းကင်ထက်တွင် ကျန်ရှိနေသေးသော သွေးကျောက်တုံး သုံးတုံးအနက် နှစ်တုံးထံမှ ပုံမှန်မဟုတ်သော အလင်းတို့ တောက်ပလာခဲ့ချေပြီ။ ဤသည်က လူအုပ်၏ အာရုံကို ချက်ချင်းဖမ်းစားသွားပြီး ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာစေသည်။

“ကျောက်တုံးနှစ်ခုကနေ အလင်းတန်းနှစ်ခု တစ်ပြိုင်တည်း ပေါ်လာတယ်။ သူတို့ကံတွေကတော့ တစ်ကယ်ကိုပဲ…”

“သေလိုက်ပါတော့ကွာ၊ ငါအဲဒီကျောက်တုံးကို မှတ်မိတယ်။ သူက ငါ့ထက် သလင်းကျောက် ၅၀,၀၀၀ ပဲ ပိုပေးခဲ့တာ။ ဒါ… ဒါကြီးက…”

ဆွေးနွေးသံများမှာ ဆူညံနေပြီး နန်ကုန်းဟန်သည် စုမင်အား တစ်ချက်လှမ်းကြည့်ကာ ခေါင်းခါယမ်းလိုက်သည်။ သို့သော်လည်း မည်သို့ကြောင့်မှန်းမသိ စိတ်ထဲတွင် အနည်းငယ်ပို၍ နေသာထိုင်သာ ရှိလာလေသည်။

ပုံမှန်မဟုတ်သော အလင်းကို ရခဲ့သူနှစ်ဦးသည် သွေးကျောက်တုံးများကို ဖြတ်ထုတ်ကာ ဆူးချွန်များကိုပင် ထိန်းချုပ်နေစဥ် စုမင်သည်တော့ မျက်လုံးမှိတ်လျက်ဖြင့် သွေးကျောက်တုံးအား အနေအထား အမျိုးမျိုးပြောင်းပြီး အပေါ်ယံအလွှာများကို ဖြတ်ထုတ်ပစ်နေခဲ့သည်။

အချိန်တစ်ချို့ကြာပြီးနောက်၊ လူအုပ်၏ မျှော်လင့်တကြီး အကြည့်များအောက်မှာပင် ဆယ်ကျော်သက်ကောင်လေးသည် အံတင်းတင်းကြိတ်လျက် သွေးကျောက်တုံးအား ဆူးချွန်ဖြင့် ထိုးဖောက်လိုက်၏။ ထိုဖြစ်ရပ်ကို ထပ်ခါတလဲလဲဆိုသလို လျင်မြန်စွာ ပြုလုပ်ပြီးနောက် သွေးကျောက်တုံးမှာ ဝုန်းခနဲ နှစ်ခြမ်းကွဲထွက်သွားသည်။

ဗလာနတ္ထိ…

ကောင်လေးမှာ အံ့အားသင့်မင်သက်သွားပြီး နန်ကုန်းဟန်ကဲ့သို့ပင် အမှန်တရားကို လက်မခံနိုင်ဟန်ဖြင့် ကျောက်တုံးအား ဆက်လက်ပိုင်းဖြတ်လိုက်သည်။ သွေးကျောက်တုံး လုံးလုံးလျားလျား ကွဲကြေသွားသောအခါ သူ့လက်ထဲတွင် လက်သည်းခွံ အရွယ်ခန့်ရှိသော ကျောက်တုံးအကြည်လေး ပေါ်လာခဲ့သော်လည်း ၎င်းအထဲတွင်တော့ ဘာမျှရှိမနေခဲ့ပါချေ။

ကောင်လေး၏ မျက်နှာမှာ ဖြူဖျော့သွားသည်။ စိတ်ဓာတ်တက်ကြွနေရာမှ ရုတ်ခြည်းဆိုသလို စိတ်ပျက်လက်ပျက် ဖြစ်သွားရခြင်းမှာ မြန်ဆန်ပြင်းထန်လွန်းလှသဖြင့် သူ့အတွက် အတော်လေး လက်မခံနိုင်ဖြစ်သွားစေ၏။

ထိုမြင်ကွင်းကိုမြင်သည်နှင့် အောက်ဘက်ရှိ လူအုပ်ကြီးထံမှလည်း သက်ပြင်းချသံများ အသီးသီး ထွက်ပေါ်လာသည်။ သို့သော် ထိုအခိုက်အတန့်မှာပင် တစ်စုံတစ်ဦး၏ အံ့ဩတကြီး အော်ဟစ်သံတစ်ခု ပေါ်လာခဲ့သည်။

“နှစ်ရောင်ခြယ် အလင်း… အဲဒါ… အဲဒါ နှစ်ရောင်ခြယ်အလင်းပဲ… နှစ်ရောင်ခြယ်အလင်း ထပ်ပေါ်လာပြန်ပြီ”

“တစ်ကယ်ကို နှစ်ရောင်ခြယ်အလင်းပဲ။ ဒီနေ့တော့ ကျောက်တုံးတစ်ထောင်ထဲမှာကို နှစ်ရောင်ခြယ်အလင်းတွေ ပေါ်နေတော့တာပဲဟေ့”

ဆူညံသံများ ထွက်ပေါ်လာပြီး လူအားလုံး၏အကြည့်မှာ စုမင်နံဘေးရှိ သက်လတ်ပိုင်းလူထံသို့ ရောက်ရှိသွားကြသည်။ ယခုအချိန်တွင် သက်လတ်ပိုင်းလူမှာမူ ထိန်းချုပ်မရနိုင်အောင် စိတ်လှုပ်ရှားနေခဲ့ပြီဖြစ်သည်။ သူ့ရှေ့ရှိ သွေးကျောက်တုံးထံမှ အနီနှင့် အပြာအလင်းတို့ တောက်ပနေလေသည်။

ဆူညံပွက်လောရိုက်သံများကြားမှာပင် တစ်စုံတစ်ဦး၏ ထိုကျောက်တုံးကိုဝယ်ရန် ဈေးကမ်းလှမ်းသံက ထွက်ပေါ်လာသည်။ ထိုအချိန်တွင် အခြားတစ်ဖက်ရှိ စုမင်မှာမူ သူ့သိုလှောင်အိတ်ထဲရှိ အနက်ရောင်လူတူသတ္တဝါငယ်လေး၏ နံဖူးအလယ်မှ ရုပ်ပုံထဲကိုသာ အာရုံစူးစိုက်ထားဆဲဖြစ်သည်။ ထိုပုံရိပ်သည် လှုပ်ရှားနိုင်ခြင်းမရှိပဲ ထိုအစား သူသွေးကျောက်တုံးကို ခြစ်ထုတ်လိုက်သည်နှင့် ၎င်းကပါ လိုက်ပါပြောင်းလဲသွားလေသည်။

ကျောက်တုံး၏ အနေအထားကို သူလှည့်လိုက်သည်နှင့် ပန်းပွင့်ပုံရိပ်ကပါ လိုက်လှည့်သွားခြင်းဖြစ်သည်။ စုမင်သည် သတိကြီးကြီးထားကာ လှုပ်ရှားနေရ၏။ ထို့နောက် သူ့မျက်လုံးများသည် အလျင်အမြန်ပင် ပြန်ပွင့်လာပြီး အလင်းကွင်းအား ညာလက်ဖြင့်ညွှန်ပြလိုက်သည်နှင့် တဝှီးဝှီးလည်ပတ်နေသော အလင်းကွင်းပေါ်တွင် ချွန်ထက်သော ဆူးချွန်တစ်ချောင်း ပေါ်လာခဲ့သည်။

စုမင်သည် တုန့်ဆိုင်းခြင်းအလျင်းမရှိပဲ ထိုဆူးချွန်ဖြင့် သွေးကျောက်တုံး၏ မျက်နှာပြင်တစ်ခုကို ထိုးဖောက်လိုက်သည်။ ထိုသို့ အကြိမ်ပေါင်းများစွာထိုးဖောက်ရင်း အလင်းကွင်း၏အရှိန်မှာ တစ်ဖြည်းဖြည်းမြန်ဆန်လာပြီး ဝုန်းခနဲ ပေါက်ကွဲသံတစ်ချက်နှင့် သွေးကျောက်တုံးထံမှ အပိုင်းငယ်တစ်ခု ပဲ့ထွက်သွားသည်။

ထို့နောက် အလင်းကွင်းမှာ တစ်ဖြည်းဖြည်း ရပ်တန့်သွားပြီး စုမင်သည် နေရာမှာပင်ရပ်လျက် ခဏတာခန့် အတွေးထဲတွင် နစ်မြုပ်နေခဲ့၏။ ထိုအချိန်မှာပင် သူ့နံဘေးရှိလူ၏ ရယ်မောသံက တစ်ဖြည်းဖြည်း ပိုမိုကျယ်လောင်လာသည်။ ထိုသူသည် ဈေးကမ်းလှမ်းနေမှုများကို လုံးဝဂရုမစိုက်ပါချေ။ သူသည် စုမင်အား လှောင်ပြောင်သရော်ဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီးနောက် တစ်ဖက်သို့ပြန်လှည့်သွားကာ အလင်းကွင်းအားထိန်းချုပ်၍ ကျောက်တုံးကို ပိုင်းချလိုက်သည်။ သူထိုသို့ပိုင်းချလိုက်ချိန်မှာပင် စုမင်သည်လည်း စိတ်ပိုင်းဖြတ်လိုက်ဟန်ဖြင့် သူ့ရှေ့ရှိ အလင်းကွင်းကို ညွှန်ပြလိုက်လေသည်။

စုမင်အရှေ့ရှိ အလင်းကွင်းမှာ ပြန်လည်ပတ်လာပြီး သူ့သွေးကျောက်တုံးထံမှ အပိုင်းငယ်တစ်ခု ပဲ့ကျလာပြန်သည်။ စုမင်၏ လှုပ်ရှားမှုမှာ သက်လတ်ပိုင်းလူ၏ လှုပ်ရှားမှုနှင့် တစ်ပြိုင်တည်းလိုလို ပြီးသွားခဲ့ပြီး သက်လတ်ပိုင်းလူရှေ့ရှိ သွေးကျောက်တုံးထံမှ နှစ်ရောင်ခြယ်အလင်းမှာ ယခင်ထက် ပိုမိုစူးရှစွာ တောက်ပလာခဲ့သည်။ ထိုမြင်ကွင်းသည် လူအားလုံး၏ အာရုံစိုက်မှုကို သိသိသာသာပင် ဆွဲဆောင်သွားပြီး ရှာမန်နတ်ဘုရားကျောင်းတော်မှ မဟာအကြီးအကဲ၏ အကြည့်သည်ပင် ထိုကျောက်တုံးထံသို့ ရောက်ရှိလာခဲ့၏။

ထိုနှစ်ရောင်ခြယ်အလင်းသည် ပိုမိုတောက်ပလာပြီး သက်လတ်ပိုင်းလူ၏ သွေးကျောက်တုံးအနောက်ဘက်၊ စုမင်အနီးရှိ ကောင်းကင်ယံမှာ တွန့်လိမ်ပုံပျက်သွားပြီး ကြီးမားသောပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ထိုပုံရိပ်ထဲတွင် ရှိနေသည်မှာ အနက်ရောင်ပန်းတစ်ပွင့်ဖြစ်သည်။ ထိုပန်းပွင့်တွင် ပွင့်ချပ်သုံးခုပါပြီး ပွင့်ချပ်တစ်ခုစီတိုင်းတွင် အရိုးစုတစ္ဆေမျက်နှာတစ်ခုဆီ ရှိနေ၏။ အလွန်တရာ ရုပ်ဆိုးအကျည်းတန်သော ၎င်းတို့ပုံစံကြောင့် အနက်ရောင်ပန်းပွင့်၏ပုံစံမှာ အလွန်ကြောက်မက်ဖွယ် ကောင်းနေလေသည်။ သို့သော် ပုံရိပ်မှာ အလွန်ဝေဝါးနေသဖြင့် စောင့်ကြည့်နေသူများမှာ ၎င်း၏ အကြမ်းဖျင်းပုံစံကိုသာ မြင်ရလေသည်။

အနက်ရောင်ပန်းပွင့်၏ ပုံရိပ်ယောင်ထွက်ပေါ်လာသည်နှင့် လူအုပ်ကြီးထံမှ ဆူညံပွက်လောရိုက်သံများ ထွက်ပေါ်လာသည်။ လူပေါင်းများစွာသည် မတ်တပ်ထရပ်လိုက်ကြပြီး လေထဲသို့ အလိုလို ပျံတက်လိုက်မိသူများပင်ရှိ၏။

“အရိပ်… အဲဒါ အရိပ်မလား”

“တစ်… တစ်ကယ်ကြီး အရိပ်ပေါ်လာတာလား။ အဲဒါ ဘာပန်းလဲ”

“တစ္ဆေဝိညာဥ်ပန်းပွင့်… အဲဒါ တစ္ဆေဝိညာဥ် ပန်းပွင့်ပဲ။ ပွင့်ချပ်သုံးခုနဲ့ တစ္ဆေဝိညာဥ်ပန်းပွင့်”

“နှစ်ရောင်ခြယ်အလင်းနဲ့ အရိပ်တစ်ခု။ အဲဒီတိုက်ပွဲရှာမန်ကတော့ အကုန်လုံးကို သတ်ချသွားပြီဟေ့။ ဒီပန်းပွင့်က ဘယ်လောက်အနေအထားအထိ ကျောက်ဖြစ်နေပြီလဲဆိုတာပဲ သိရဖို့လိုတော့တယ်။ အဲဒါက ခုနစ်ပုံလောက်ပဲ ကျောက်ဖြစ်သေးပြီး ဆေးအာနိသင် သုံးပုံလောက်သာ ကျန်နေဦးမယ်ဆိုရင်၊ သူ့တန်ဖိုးက စောစောက ရောင်းလိုက်တဲ့ ဆံခြည်မျှင်ထက် အများကြီးသာသွားတော့မှာပဲ”

“ပထမဆုံးအကြိမ်အဖြစ် ရှာမန်နတ်ဘုရားကျောင်းတော်မှ မဟာအကြီးအကဲသည် ထိတ်လန့်မှုကို ဖုံးကွယ်နိုင်ခြင်းမရှိပဲ မတ်တပ်ထရပ်လိုက်ပြီး ပွင့်ချပ်သုံးခုပါ တစ္ဆေဝိညာဥ်ပန်းပွင့် ပုံရိပ်ယောင်ကို လိုချင်တပ်မက်မှုအပြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

သူ တစ်ဦးတည်းသာ ထိုသို့ပြုမူလိုက်ခြင်း မဟုတ်ပဲ ခန်းမရှစ်ခုထဲရှိ လူတစ်ဦးတစ်ယောက်ချင်းစီတိုင်း၏ အကြည့်မှာ ထိုပုံရိပ်ယောင်ထံသို့ ကျရောက်နေခြင်းဖြစ်သည်။

“တစ္ဆေဝိညာဥ်ပန်းပွင့်… အဲဒီပန်းပွင့်က ဆေးဖော်လို့မရပေမယ့် တစ္ဆေဝိညာဥ်တစ်ကောင်ကို မွေးဖွားပေးနိုင်တယ်။ အဲဒါက သူ့ရဲ့ အကြီးမားဆုံးအသုံးဝင်ပုံပဲ။ အဲဒီတစ္ဆေဝိညာဥ်က ဘယ်နေရာကိုမဆို စိတ်ရှိတိုင်းသွားလာနိုင်ပြီး လောကမှာရှိတဲ့ ဘယ်ချိပ်စည်းကမှ သူ့ကိုမတားဆီးနိုင်ဘူး။ သူ့ကိုယ်သူသာ ဖုံးကွယ်ထားလိုက်မယ်ဆိုရင် အဲဒီတစ္ဆေဝိညာဥ်ကို ရှာတွေ့ဖို့ဆိုတာလည်း မဖြစ်နိုင်သလောက်ပဲတဲ့… ဒဏ္ဍာရီအရဆိုရင် တစ်စုံတစ်ဦးကသာ ပွင့်ချပ်ငါးခု တစ္ဆေဝိညာဥ်ပန်းပွင့်ကို ရရှိခဲ့မယ်ဆိုရင် တစ္ဆေငါးကောင် အစီအရင်တောင် ပေါ်လာလိမ့်မယ်တဲ့…”

“တစ္ဆေငါးကောင်အစီအရင်က အသုံးပြုသူရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစည်းလို့ရတဲ့အပြင် ပေါင်းစည်းပြီးသွားတာနဲ့ အသုံးပြုသူဟာ ကောင်းကင်ဘုံမျက်လုံး ပွင့်လာရင်တောင် မမြင်နိုင်တဲ့ တစ္ဆေတစ်ကောင်အဖြစ် ပြောင်းလဲသွားလိမ့်မယ်။ အဲဒီ တိုက်ပွဲရှာမန်ရဲ့ ကံကောင်းချက်ကြီးကတော့ ရူးလောက်စရာပဲကွာ။ သူက… တစ်ကယ်ကြီးကို တစ္ဆေဝိညာဥ်ပန်းပွင့် ရှာတွေ့သွားရတယ်လို့။ နေဦး မဟုတ်သေးဘူး… တစ်ခုခုတော့ မှားနေပြီ…” နန်ကုန်းဟန်သည် နေရာမှာပင် ဆွံ့အမင်သက်စွာ တတွတ်တွတ်ရေရွတ်ရင်း သူ့မျက်လုံးများမှာ အလန့်တကြား ပြူးကျယ်သွားခဲ့သည်။

ထိုအချိန်တွင် ကောင်းကင်ထက်ရှိ တိုက်ပွဲရှာမန်မှာ ရူးသွပ်စွာရယ်မောနေပြီး စိတ်လှုပ်ရှားမှုကြောင့် သူ့သွေးကြောများပင် ပေါက်ထွက်တော့မည့်ပုံ ပေါ်နေခဲ့သည်။ ကောင်းကင်သို့မော့ကာ ကြုံးဝါးနေခြင်း မရှိသည်မှအပ သူ့ခန္ဓာကိုယ်ကြီးသည်ပင် စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေလေသည်။ သို့သော် သူ့အမူအယာမှာ မယုံကြည်နိုင်ဟန်အဖြစ် တစ်ဖြည်းဖြည်း ပြောင်းလဲသွားပြီး စုမင်ဘက်သို့ အလျင်အမြန် လှည့်ကြည့်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားသူများသည်လည်း တစ်စုံတစ်ရာ လွဲမှားနေသည်ကို တစ်ဖြည်းဖြည်း စတင်သတိပြုမိလာကြ၏။

“အလိမ်အညာတွေ… အဲဒီတိုက်ပွဲရှာမန်က အရိပ်ကိုရခဲ့တာ မဟုတ်ဘူး။ သူ့နံဘေးက လူကသာ အရိပ်ရလိုက်တာပဲ”

“အဲဒီလူဟာက နှစ်ရောင်ခြယ်အလင်းပဲ ရှိသေးတယ်။ အခုပေါ်လာတဲ့ တစ္ဆေဝိညာဥ်ပန်းပွင့်အရိပ်က သူ့နံဘေးမှာရှိတဲ့ မော့စုဆိုတဲ့လူဆီကပဲ”

ဆူညံသံများမှာ ပိုမိုကျယ်လောင်လာပြီး မျက်လုံးပေါင်းများစွာသည် သက်လတ်ပိုင်းလူအား လျစ်လျူရှုလျက် စုမင်အပေါ် ရောက်ရှိလာကြသည်။ သူတို့၏ ဆွေးနွေးသံများက ကောင်းကင်နှင့်မြေပြင်ကိုပင် တုန်ခါသွားစေခဲ့သည်။

ထိုသို့အရိပ်မျိုး ပေါ်လာလိမ့်မည်ဟု ထင်မထားမိသဖြင့် စုမင်၏ အပေါ်ယံအမူအယာမှာ တည်ငြိမ်နေသော်လည်း စိတ်ထဲတွင်တော့ အနည်းငယ် စိတ်လှုပ်ရှားမိနေလေသည်။

“ကောင်လေး မော့စု၊ အဲဒီသွေးကျောက်တုံးကို ငါ့ဆီရောင်းလိုက်ပါလား။ ဟဲဟဲ… ဈေးနှုန်းကိုတော့ ငါတို့ချင်း ညှိနှိုင်းကြတာပေါ့” တိုင်မူ၏အသံက ခန်းမရှစ်ခုဘက်မှ ပျံ့လွင့်လာသည်။ ထိုအသံနှင့်အတူ တိုင်မူကိုယ်တိုင် သူ့ခန်းမထဲမှ လျှောက်ထွက်လာပြီး မျက်နှာချိုသွေးရင်း စုမင်အား လက်သီးဆုပ် နှုတ်ဆက်လိုက်၏။

All Chapters