ခင်ဗျား ဘယ်လောက်ပေးမလဲ
Vol. 33 Ch. 449
“လူကြီးမင်းအနေနဲ့ အဲဒီကျောက်တုံးကို ကျုပ်တို့ရဲ့ ကောင်းကင်ကမ္ဘာမျိုးနွယ်စုကြီးဆီ ရောင်းမယ်ဆိုရင်၊ ကျုပ်တို့က ရှာမန်သလင်းကျောက် ၃,၀၀၀,၀၀၀ ပေးပါ့မယ်” အခြားခန်းမတစ်ခုဆီမှလည်း လူတစ်ဦး အလျင်အမြန် လျှောက်ထွက်လာပြီး စုမင်အား လက်သီးဆုပ်နှုတ်ဆက်လိုက်သည်။ ထိုလူသည် ထူးခြားသော စိတ်သဘောထား ရှိဟန်တူသည့် သပ်သပ်ရပ်ရပ် ဝတ်စားထားသော သက်လတ်ပိုင်း ပညာရှင်တစ်ဦး ဖြစ်သည်။
“ကျွန်မတို့… ဆောင်းဦးပင်လယ် မျိုးနွယ်စုက အဲဒီကျောက်တုံးကို ရှာမန်သလင်းကျောက် ၄,၀၀၀,၀၀၀ နဲ့ ဝယ်ချင်တယ်” တိုင်မူနှင့် ကောင်းကင်ကမ္ဘာမျိုးနွယ်စုမှလူတို့ ထွက်လာပြီးပြီးချင်းမှာပင် တတိယခန်းမအတွင်းမှ ဝမ်ချိုး၏ ချိုမြိန်သောအသံလေး ပျံ့လွင့်လာခဲ့သည်။
စကားဆုံးသည်နှင့် ခန်းမအတွင်းမှ ဝမ်ချိုး၏ အရပ်မြင့်မြင့်၊ သွယ်လျလျ ပုံရိပ်လေး လျှောက်လှမ်းထွက်ပေါ်လာခဲ့သည်။ လေနှင့်အတူ တဖျတ်ဖျတ်လွင့်မျောနေသော ဆံပင်ရှည်များဖြင့် အလွတ်တရာလှပသော သူမပုံစံက နှလုံးခုန်သံများကို လျင်မြန်သွားစေခဲ့သည်။ သူမသည် ခန်းမထဲမှ ထွက်လာပြီးနောက် စုမင်အား သေချာစိုက်ကြည့်လိုက်သည်။ သူမအကြည့်ထဲတွင် စူးစမ်းလိုသော အရိပ်အယောင်တစ်ခု ပါဝင်နေပြီး မျက်နှာဖုံးအောက်ရှိ စုမင်၏ မျက်နှာအစစ်အမှန်ကို မြင်တွေ့လိုနေသည့် အလားပင်။
“မင်းက တစ္ဆေဝိညာဥ်ပန်းပွင့်ကို ရှာမန်သလင်းကျောက် ၄,၀၀၀,၀၀၀ လောက်နဲ့ ဝယ်ချင်နေတာလား။ အဲဒီပန်းပွင့်က ဆေးဖော်လို့မရဘူးဆိုပေမယ့် သူနဲ့ အောင်အောင်မြင်မြင် ပေါင်းစည်းလိုက်နိုင်ပြီဆိုတာနဲ့ မင်းကို ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အရာနဲ့မှ ရှာဖွေမရနိုင်အောင် ဖုံးကွယ်နေနိုင်တော့မှာလေ။ ကျွန်မတို့က အဲဒီပန်းပွင့်ကို ရှာမန်သလင်းကျောက် ၅,၀၀၀,၀၀၀ နဲ့ဝယ်မယ်”
ဝမ်ချိုး၏ စကားသံဆုံးသည်နှင့် လေထဲသို့ အေးစက်စက် လှောင်ပြောင်သံတစ်ခု ပျံ့လွင့်လာ၏။
ထို့နောက် လှောင်ပြောင်သံနှင့်အတူ အခြားခန်းမတစ်ခုဆီမှ အမျိုးသမီးတစ်ဦး လှမ်းထွက်လာခဲ့သည်။ သူမ၏ အဖြူရောင်ဝတ်ရုံ၊ အေးစက်စက်အကြည့်နှင့် ကျက်သရေရှိသော အရှိန်အဝါတို့က အင်မော်တယ်တို့၏ ပုန်းလျှိုးနဂါးဂိုဏ်းမှ ကြယ်တာရာနတ်သမီးဟူသော သူမ၏အဆင့်အတန်းကို ဖော်ပြနေလေသည်။ (TN-ဖုံးကွယ်နဂါးဂိုဏ်းကို ပုန်းလျှိုးနဂါးဟု ပြန်လည်ပြောင်းလဲထားပါတယ်)
သူမကိုယ်တိုင်ပင် မသိလိုက်ပါဘဲနှင့် ဆောင်းဦးပင်လယ်မျိုးနွယ်စုမှ ထိုမြင့်မြတ်သောမိန်းမပျို၏ စုမင်အပေါ် စူးစမ်းသောမျက်ဝန်းများကို မြင်လိုက်ချိန်တွင် စိတ်ထဲ၌ အလိုမကျဖြစ်သွားခဲ့ရခြင်း ဖြစ်သည်။ သူမ တစ်ကယ်ပင် ထိုအကြည့်တို့ကို မကြိုက်ပါချေ။
ဝမ်ချိုးသည် မျက်မှောင်ကြုတ်လိုက်ပြီး အဖြူရောင်ဝတ်စုံနှင့် ကြယ်တာရာနတ်သမီးအား လှည့်ကြည့်လိုက်၏။ ထက်မြက်သော မိန်းမလှနှစ်ဦးသည် လေထဲမှာပင် အကြည့်ချင်းဆုံသွားခဲ့သည်။
“ကျွန်မ ၆,၀၀၀,၀၀၀ ပေးပါမယ်” သူတို့နှစ်ဦး အကြည့်ချင်းပြိုင်နေစဥ်မှာပင် နံဘေးရှိ ခန်းမတစ်ခုထံမှ နူးညံ့သိမ်မွေ့သောအသံတစ်ခု ပျံ့လွင့်လာသည်။ ထိုအသံမှာ အလွန်သိမ်မွေ့လွန်းသဖြင့် အနည်းငယ်ပင် အားနည်းထိခိုက်လွယ်ဟန် ပေါ်နေခဲ့သည်။ အသံပိုင်ရှင်မှာမူ ရှည်လျားသော ဆံပင်ရှည်တို့ဖြင့် အသက်ရှူမှားလောက်အောင် လှပသော သိမ်မွေ့နူးညံ့သည့် အလှလေးတစ်ဦးဖြစ်သည်။
ထို အသက်ရှူမှားလောက်သော အလှလေးဆိုသည်က… ထျန်းလန်မုန်ပင် ဖြစ်သည်။
သူမသည် ခန်းမထဲမှ အပြုံးလေးတစ်ခုဖြင့် လှမ်းထွက်လာခဲ့သည်။ ထို့နောက် သူမအား လှည့်ကြည့်နေသည့် ဝမ်ချိုးနှင့် ကြယ်တာရာနတ်သမီးတို့ကို လျစ်လျူရှုထားပြီး စုမင်ကိုသာ လှမ်းကြည့်၍ ချိုသာစွာပြောဆိုလိုက်သည်။
စုမင်တစ်ယောက် ဆွံ့အမင်သက်သွားခဲ့ရသည်။ သူသည် ဝမ်ချိုး၊ ဝတ်စုံဖြူ ကြယ်တာရာနတ်သမီးနှင့် ထျန်းလန်မုန်တို့အား တစ်လှည့်စီကြည့်လိုက်ပြီး အနည်းငယ်ပင် ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။
“အစ်မကို ကြည့်ရတာ သိပ်မရင်းနှီးသလိုပဲ။ ဘယ်က လာတာများပါလိမ့်” ဝတ်စုံဖြူကြယ်တာရာ နတ်သမီးသည် ထျန်းလန်မုန်ကိုကြည့်ကာ လှမ်းမေးလိုက်၏။ ထိုအမျိုးသမီး နူးညံ့သိမ်မွေ့လွန်းသော ဟန်ပန်ကိုလည်း သူမသဘောမကျပါချေ။
“အစ်မက နောက်နေတာပဲဖြစ်ရမယ်။ အစ်မနဲ့ယှဥ်လိုက်ရင်၊ ကျွန်မကိုယ်ကျွန်မ ပိုအသက်ကြီးတယ်လို့ မခံယူဝံ့ပါဘူး။ ကျွန်မ ဘယ်ကလာတယ်ဆိုတာကိုတော့ အစ်မကို ပြောပြစရာမလိုဘူးလို့ ထင်ပါတယ်။ ဒါပေမယ့်… ကျွန်မတို့နဲ့ယှဥ်ရင်၊ ဆောင်းဦးပင်လယ်မျိုးနွယ်စုရဲ့ မြင့်မြတ်သောမိန်းမပျိုကပဲ နောက်ခံအရှင်းဆုံး ဖြစ်လိမ့်မယ်ထင်တယ်နော်” ထျန်းလန်မုန်တစ်ယောက် ညင်ညင်သာသာ ရယ်မောလိုက်သည်။ သူမ၏ အသံမှာ သိမ်မွေ့နူးညံ့သော်လည်း စကားလုံးများကတော့ ထက်မြက်လှ၏။
ဝမ်ချိုးသည် မျက်မှောင်ကြုတ်သွားပြီး ကြယ်တာရာနတ်သမီးနှင့် ထျန်းလန်မုန်တို့အား တစ်လှည့်စီကြည့်လိုက်ပြီးနောက် စုမင်အား လှည့်ကြည့်လိုက်၏။
ဝတ်စုံဖြူကြယ်တာရာနတ်သမီးသည်လည်း ဝမ်ချိုးနည်းတူပြုမူလိုက်ပြီး ချက်ချင်းဆိုသလို စုမင်အား လှမ်းကြည့်လိုက်သည်။ ထျန်းလန်မုန်သည်ပင် ၎င်းတို့နည်းတူ စုမင်ဘက်သို့ သိမ်မွေ့နူးညံ့သော အကြည့်ဖြင့် လှမ်းကြည့်လိုက်လေသည်။
ရုတ်တရက်ပေါ်လာသော အမျိုးသမီးသုံးဦးကြောင့် စုမင်တစ်ဦးတည်းသာ ဆွံ့အမင်သက်သွားခြင်းမဟုတ်ပဲ တိုင်မူသည်ပင် ခဏတာမျှ အံ့ဩသွားရလေသည်။ ထို့နောက်သူသည် စုမင်နှင့် အမျိုးသမီးသုံးဦးအား ထူးထူးဆန်းဆန်းအကြည့်ဖြင့် ကြည့်လိုက်ပြီး ရုတ်တရက် ထရယ်လိုက်မိတော့၏။
“ဒီပစ္စည်းကို ရှာမန်နတ်ဘုရားကျောင်းတော်က ယူမယ်”
ထိုအခိုက်အတန့်မှာပင် ရှာမန်နတ်ဘုရားကျောင်းတော် မဟာအကြီးအကဲ၏အသံက ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။ သူ့အသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း လေထုကို လှိုင်းထသွားစေကာ ကြားလိုက်ရသူတိုင်း၏ နားထဲတွင် မိုးခြိမ်းသံသဖွယ် မြည်ဟည်းသွားခဲ့ပြီး ထိုနေရာရှိ ကျယ်လောင်သော ဆွေးနွေးသံများကိုပင် ချက်ချင်းငြိမ်ကျသွားစေခဲ့သည်။
ထိုအသံထဲရှိ လွှမ်းမိုးနိုင်စွမ်းရှိသော အရှိန်အဝါက စုမင်သာ မနာခံလျှင် ရလဒ်မှာ သေခြင်းတရားသာဖြစ်လိမ့်မည်ဟု ဖော်ပြနေ၏။ ဤသည်က စုမင်အား လုံးလုံးလျားလျားပင် စိတ်ထဲမထည့်ထားခြင်း ဖြစ်သည်။
စုမင် မျက်နှာဖုံးအောက်မှ မျက်မှောင်ကြုတ်လိုက်မိသည်။
“ရှာမန်နတ်ဘုရားကျောင်းတော်က ဘယ်လောက်များပေးနိုင်မလဲ သိချင်မိတယ်” ရှာမန်နတ်ဘုရားကျောင်းတော်၏ အကြီးအကဲအား စုမင် တည့်တည့်ပင် စိုက်ကြည့်လိုက်သည်။
“အရိပ်တစ်ခု ပေါ်လာပေမယ့် ကျောက်တုံးထဲမှာ ပစ္စည်းတစ်ကယ် ရှိရဲ့လားဆိုတာ မသေချာတဲ့အတွက် ရှာမန်သလင်းကျောက် ၁,၀၀၀,၀၀၀” မဟာအကြီးအကဲ၏အသံက အေးအေးဆေးဆေးပင် ထွက်ပေါ်လာသည်။
အခြားအချိန်တွင်သာဆိုလျှင် စုမင်နံဘေးရှိ နှစ်ရောင်ခြယ်အလင်း ရရှိခဲ့သူမှာ အာရုံစိုက်ခံရဆုံး ဖြစ်လာနိုင်သော်လည်း ယခုအခါတွင်တော့ အလှဆင်ပစ္စည်းတစ်ခုသဖွယ်ပင် နံဘေး၌ စိတ်ပျက်လက်ပျက် ရပ်နေရလေသည်။
ပုံမှန်မဟုတ်သော အလင်းမှာ ရှားပါးသည်ဆိုသော်လည်း ကျောက်တုံးတစ်ရာထဲတွင် ပါလာတတ်သေး၏။ အမှန်စင်စစ် နှစ်ကြိမ်ပင် ပေါ်သွားခဲ့ပြီဖြစ်သော်လည်း အရိပ်တစ်ခု ပေါ်လာသည်ကတော့ ယခုမှသာ ပထမဆုံးအကြိမ်ဖြစ်သည်။
စုမင်၏ နှုတ်ခမ်းများက အေးစက်စက် အပြုံးတစ်ခုအဖြစ် ကွေးတက်သွားသည်။ ထိုသူက သူ၏ သွေးကျောက်တုံးကို သလင်းကျောက် ၁,၀၀၀,၀၀၀ တည်းဖြင့် ဝယ်ချင်သည်တဲ့လား… ထိုအရာကို ဈေးနှုန်းဟုပင် သတ်မှတ်လို့မရပါချေ။ စကားတစ်ခွန်းပင်မဆိုပဲ စုမင် ညာလက်ကိုမြှောက်ကာ အလင်းကွင်းအား ညွှန်ပြလိုက်သည်။ အလင်းကွင်းသည် အလျင်အမြန် လည်ပတ်လာပြီး သွေးကျောက်တုံးအား ပိုင်းချလိုက်၏။ စုမင်၏ ပြတ်သားသော အပြုအမူသည် မြင်လိုက်ရသူတိုင်းအား အထိတ်တလန့် ဖြစ်သွားစေသည်။
မည်သို့ပင်ဖြစ်စေ၊ သူသာ ကျောက်တုံးကို ဂရုတစိုက် မဖြတ်လျှင် အထဲရှိ ရတနာကို ဖျက်ဆီးလိုက်မိသွားပေလိမ့်မည်။
သို့သော်လည်း စုမင်၏ ထိုခုတ်ချက်သည် ကျောက်တုံးကို မဖျက်ဆီးလိုက်မိရုံသာမက အောက်ဘက်ရှိ လူအုပ်ကြီးထံမှ အံ့ဩတကြီး အော်ဟစ်သံများပင် ထွက်ပေါ်လာစေခဲ့၏။
“အလင်း… အလင်း ပေါ်လာပြီ”
စုမင် ဖြတ်လိုက်သောနေရာမှ အနီရောင်အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ မကြာသေးခင်ကမှ ထွက်ပေါ်ထားသော အရိပ်နှင့် ပေါင်းစပ်လိုက်သောအခါ ကျောက်တုံးအတွင်း ဆေးပင်ရှိနိုင်ချေမှာ ပိုတိုးသွားတော့သည်။
အောက်ဘက်ရှိ နန်ကုန်းဟန်မှာ မယုံနိုင်လောက်အောင်ပင် စိတ်လှုပ်ရှားနေခဲ့၏။ သူသည် လေထဲရှိ စုမင်၏လုပ်ရပ်ကို မြင်သောအခါ ကြောက်ရွံ့ထိတ်လန့်မှုကြောင့် နှလုံးခုန်ပင်ရပ်တန့်သွားတော့မလို ခံစားလိုက်ရလေသည်။ နန်ကုန်းဟန်နှင့် အခြားသူများသည် စုမင်ရပ်တန့်တော့မည်ဟု တွေးလိုက်ချိန်မှာပင် စုမင်သည် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲအား လှမ်းကြည့်လိုက်ပြန်သည်။
“အခုရော ဘယ်လောက်ပေးမလဲ”
စကားဆုံးသည်နှင့် စုမင်သည် အလင်းကွင်းအား ညွှန်ပြလိုက်၏။ အလင်းကွင်းမှာ တဝှီးဝှီးမြည်လာပြီး ကျောက်တုံးအား ပိုင်းချလိုက်ပြန်သည်။ သွေးကျောက်တုံး၏ အခြားထောင့်စွန်းတစ်ခု ပဲ့ကျသွားပြီး ဒုတိယမြောက်အလင်းတန်း ထွက်ပေါ်လာခဲ့ချေပြီ။
တောက်ပနေသော အလင်းတန်းနှစ်ခုသည် အောက်ဘက်ရှိ လူအုပ်ကြီးအား ဆူညံပွက်လောရိုက်သွားစေသည်။
“နှစ်ရောင်ခြယ်အလင်းနဲ့ အရိပ်တစ်ခု။ အဲဒီကျောက်တုံးထဲမှာ တစ္ဆေဝိညာဥ်ပန်းပွင့် ရှိကိုရှိလိမ့်မယ်”
“အဲဒီမော့စုက အရမ်းပြတ်သားတာပဲ။ သူက ကျောက်တုံးကိုတောင်မကြည့်ပဲ နှစ်ကြိမ်တောင် ပိုင်းချလိုက်တယ်။ အဲဒါ… အဲဒါက အရမ်း စွန့်စားရာကျလွန်းတယ်”
စုမင်သည် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲအားကြည့်ကာ အေးစက်စက်ထပ်မေးလိုက်သည်။ “အခုရော ဘယ်လောက်ပေးမလဲ”
“၃,၀၀၀,၀၀၀” မဟာအကြီးအကဲသည် စုမင်အား စူးရှစွာစိုက်ကြည့်နေပြီး မျက်နှာထားမှာ တစ်ဖြည်းဖြည်း အေးစက်လာခဲ့ချေပြီ။
စုမင်သည် အသာပြုံးလိုက်ပြီး အလင်းကွင်းအား ဆက်မသုံးတော့ရန် ဆုံးဖြတ်လိုက်၏။ ထို့နောက် ညာလက်ဖြင့် လေထုကို ကုတ်ဆွဲလိုက်ရာ ယခုအခါ သာမန်လူတစ်ဦး၏ ခါးဝက်ခန့်သာရှိတော့သော သွေးကျောက်တုံးသည် သူ့ထံ ချက်ချင်းလွင့်မျောလာလေသည်။
စုမင်လက်ထဲတွင် အစိမ်းရောင်အလင်းနှင့်အတူ ကျောက်စိမ်းဓားရှည်ပေါ်လာကာ သွေးကျောက်တုံးကို ထိုးဖောက်သွားသည်။ ကျောက်စိမ်းဓားရှည်ဖြင့် အပေါက်များစွာ ဖောက်ပြီးနောက် စုမင်သည် ကျောက်တုံးအား လက်ဖြင့်ရိုက်ချလိုက်သည်။ သေသပ်သော အက်ကြောင်းများပေါ်လာပြီး ပေါက်ကွဲသံနှင့်အတူ အပိုင်းငယ်တစ်ခု ပဲ့ထွက်သွားသည်။
ထိုအပိုင်းငယ် ပဲ့ထွက်သွားသည်နှင့် ကျောက်တုံး၏ အထက်လေထုမှာ ပုံပျက်သွားပြီး ဒုတိယမြောက် အရိပ်တစ်ခု တစ်ဖြည်းဖြည်း ပေါ်လာခဲ့လေသည်။
ထိုပုံရိပ်သည်လည်း တစ္ဆေဝိညာဥ်ပန်းပွင့်ပင် ဖြစ်သော်ငြား ယခင်ပုံရိပ်ကဲ့သို့ ဝေဝါးမနေတော့ပဲ များစွာပိုမိုရှင်းလင်းသွားခဲ့ချေပြီ။
“နှစ်ရောင်ခြယ်အလင်းနဲ့ အရိပ်နှစ်ခု”
“အဲဒီကျောက်တုံးထဲမှာ တစ္ဆေဝိညာဥ်ပန်းပွင့် ရှိနေတယ်ဆိုတာ ငါတော့ လုံးဝကို သေချာနေပြီ။ သူ့ရဲ့ ကျောက်ဖြစ်နှုန်းကလည်း ပန်းပွင့်တစ်ခုလုံးရဲ့ ဆယ်ပုံပုံ ခုနစ်ပုံထက် မပိုလောက်ဘူး”
“ကျင်းပခဲ့ဖူးတဲ့ ရတနာလောင်းကစားပွဲတွေ အများကြီးထဲမှာ နှစ်ရောင်ခြယ်အလင်းနဲ့ အရိပ်နှစ်ခုဆိုတာ ဆယ့်ငါးကြိမ်ပဲ ပေါ်ခဲ့ဖူးတယ်။ ဒီနေ့ အဲဒီမြင်ကွင်းကို မျက်မြင်တွေ့ရလိမ့်မယ်လို့ ထင်မထားမိခဲ့ဘူး”
အောက်ဘက်ရှိလူအုပ်မှာ ဆူညံပွက်လောရိုက်နေစဥ် စုမင်သည် ရှာမန်နတ်ဘုရားကျောင်းတော်၏ မဟာအကြီးအကဲကိုကြည့်ကာ ထပ်မေးလိုက်ပြန်၏။
“အခုရော ခင်ဗျားဘယ်လောက်ပေးဦးမလဲ သိချင်မိတယ်”